အရေးပေါ်အခြေအနေ
Vol. 10 Ch. 17
မက်၊ လယ်ရီ၊ မိုးတို့က သူတို့ထိုင်ခုံတွေကနေထပြီး ဂိတ်တံခါးရှေ့မှာ ပိတ်ရပ်လိုက်တယ်။ ဂိတ်တံခါးရဲ့တခြားတစ်ဖက်မှာတော့ မျက်နှာတစ်ခြမ်းမီးလောင်ထားတဲ့ ရွှေအိုရောင်ဆံပင်နဲ့လူရှိနေတယ်။ အဲဒီလူက အနက်ရောင်ကောင်းဘွိုင်ဦးထုပ်ဝိုင်းကိုဆောင်းထားပြီး အညိုရောင်ဂျာကင်ရှည်ကို ကြယ်သီးမစေ့ဘဲဝတ်ထားတယ်။ သူ့ဆီကနေ ထွက်ပေါ်နေတဲ့ ဖိအားက ပြင်းထန်လွန်းတဲ့အတွက်ကြောင့် ဘဏ္ဍာစိုးသုံးယောက်လည်း မတ်တပ်ရပ်ဖို့တောင် ခက်ခဲနေပါတယ်။
“မင်းက ဘယ်သူလဲ၊ ငါတို့ကျောင်းကို ဘာလာလုပ်တာလဲ။”
လယ်ရီက အရဲစွန့်ပြီးမေးလိုက်ပေမဲ့ ဦးထုပ်ဝိုင်းနဲ့လူက သူ့ကိုစေ့စေ့ကြည့်လိုက်တာနဲ့ နောက်ကိုအလိုလိုခြေတစ်လှမ်းဆုတ်မိလိုက်တယ်။ လူကြီးကတော့ ဦးထုပ်ဝိုင်းကို ချွတ်ပြီး ဂျာကင်အတွင်းအိတ်ထဲထည့်ကာ မေးပေါ်ကိုလက်တင်လိုက်ကာ ပြောပါတော့တယ်။
“မင်းတို့က ကိုယ့်အဖေမျက်နှာကိုယ်တောင် မမှတ်မိတော့ဘူးလား။ Chain Breakersလေးတွေ...”
Chain Breakers ဆိုတာကြားတာနဲ့ ဘဏ္ဍာစိုးသုံးယောက်လုံး မျက်လုံးပြူးကုန်တယ်။ သူတို့တွေက ချက်ချင်းဆိုသလို တိုက်ပွဲဝင်ပုံစံကို ပြောင်းလိုက်ရပေမဲ့ ဦးထုပ်ဝိုင်းနဲ့လူက လက်တစ်ဖက်ကိုသာ ဝေ့ယမ်းလိုက်တယ်။
“အား....” ဘဏ္ဍာစိုးသုံးယောက်က ပြိုင်တူလဲကျသွားပြီး အော်ဟစ်လိုက်ကြတယ်။ သူတို့ကိုယ်သူတို့ပြန်ကြည့်တော့ ဦးထုပ်ဝိုင်းနဲ့လူကို တိုက်ခိုက်ဖို့ရွယ်ခဲ့ကြတဲ့ လက်တွေက သူတို့လက်မောင်းနဲ့တွဲမနေတော့ဘူး။
“ဒီလောက်နှစ်တွေကြာခဲ့တာတောင် မင်းတို့က ဒီလောက်အထိပဲ တိုးတက်ခဲ့တာလား။ တကယ်ပဲ ဒီကမ္ဘာမြေက မင်းတို့အတွက် အေးချမ်းလွန်းတယ်။”
ဦးထုပ်ဝိုင်းနဲ့လူက ကျောင်းဝင်းထဲကို ခြေချလိုက်ပါတယ်။ ကျောင်းဂိတ်တံခါးက ရှိသင့်တဲ့နေရာမှာ ရှိမနေတော့ဘူး။ မက်၊ လယ်ရီ၊ မိုးတို့ရဲ့မျက်နှာတွေမှာ ဇောချွေးတွေနဲ့ ပြည့်နှက်လာနေပြီ။ အဲဒီအချိန်မှာပဲ တစ်ယောက်ယောက်ရဲ့ခြေသံကို သူတို့ကြားလိုက်ရတယ်။
“ခေါင်းဆောင်၊ ဒီကိုမလာနဲ့။” မိုးက အော်ပြောလိုက်တယ်။ ဒဏ်ရာကနေရတဲ့ နာကျင်မှုက ကြီးမားလွန်းတဲ့အတွက် သူ့အသံက ပြာနေပေမဲ့ အနီးအနားကလူတွေကြားဖို့တော့ လုံလောက်ပါရဲ့။ ပြဿနာက လာနေတဲ့သူက သူတို့ကိုကျော်ပြီး သူတို့ရှေ့မှာရပ်လိုက်တာပါပဲ။
“ဘယ်ကမှန်းမသိတဲ့သူ၊ နင် ငါ့ငယ်သားတွေကို ဘာလုပ်လိုက်တာလဲ။”
ဆံပင်အဖြူနဲ့အနက်နဲ့ရောနေတဲ့ မိန်းကလေးက သူ့ရဲ့ကင်းမြီးကောက်လက်တွေကို ဖော်ထုတ်လိုက်ရင်းနဲ့ မေးလိုက်တယ်။ ဆုံးရှုံးသွားတဲ့ ဒီအမ်အေတွေကို ပြန်ရစပြုလာနေပြီဖြစ်တဲ့ စကော်ပီယိုပါ။ ပြီးတော့ ဒီကာလအတွင်း သူ့စွမ်းအားက ပိုတိုးတက်လာသေးတယ်။ ဒါပေမဲ့ ဦးထုပ်ဝိုင်းနဲ့လူက တစ်ချက်ပြုံးရုံပဲ ပြုံးလိုက်ပါတယ်။
“မင်းက... ခေါင်းဆောင်တစ်ယောက်လောက်တော့ စွမ်းတာပဲ။”
မက်၊ လယ်ရီ၊ မိုးတို့ကတော့ အဲဒီအပြုံးကိုမြင်တာနဲ့တင် စကော်ပီယိုအတွက်စိုးရိမ်သွားပြီး အော်ဟစ်ကာပြောလိုက်ပါတယ်။
“ခေါင်းဆောင်၊ ကျွန်တော်တို့ကို ဂရုမစိုက်နဲ့တော့။ အခုချက်ချင်းပြေးတော့၊ သူက ခင်ဗျားနိုင်နိုင်တဲ့သူမဟုတ်ဘူး။”
“နားထောင်စရာလား...”
စကော်ပီယိုက ပြန်တုံ့ပြန်လိုက်တယ်။ သူက ထင်မထားပေမဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ ဒီအတိုင်းအပျင်းကြီးပြီး သခင်မကြီးတစ်ယောက်လိုနေတတ်ပေမဲ့ သူ့ငယ်သားတွေလိုအပ်လာချိန်မှာ သတ္တိကို ထုတ်ပြတတ်တဲ့သူမျိုး။ စကော်ပီယိုက လက်မနှစ်ဖက်ကိုဟပြီး အသံမြန်နှုန်းကို ချိုးဖျက်ကာ ဦးထုပ်ဝိုင်းနဲ့လူကို စတိုက်တယ်။
တစ်ဖက်မှာလည်း ဦးထုပ်ဝိုင်းနဲ့လူက သူ့လက်သီးကိုဆုပ်လိုက်ပြီး စကော်ပီယိုတုံ့ပြန်နိုင်တာထက် ပိုသာတဲ့နှုန်းနဲ့ ထိုးချလိုက်ပါပြီ။
ဘုန်း....
လေထုပေါက်ကွဲသံနဲ့အတူ စကော်ပီယိုရဲ့ဝမ်းဗိုက်ထဲကို လက်သီးကဖောက်ဝင်သွားတယ်။ စကော်ပီယိုက သွေးတွေကို အန်ထုတ်ပြီးတဲ့နောက် ပထမနှစ်ကျောင်းဆောင်အထိလွင့်သွားပြီး နံရံကိုဖောက်ဝင်ကာ အဆောက်အဦးအတွင်းထဲအထိရောက်သွားတယ်။
“ရန်သူ့ဌာနချုပ်လို့ပြောတော့ လုံခြုံရေးကောင်းမယ်ထင်နေတာ။ ဒီအဆင့်လောက်က ငါပိုးကောင်အဖြစ်ပြောင်းဖို့တောင် မလိုဘူးပဲ။”
ဦးထုပ်ဝိုင်းနဲ့လူက လေကြီးလေကျယ်ပြောနေတဲ့အချိန်မှာပဲ ရုတ်တရက်သူ့အကြည့်တွေက ပြောင်းသွားပြီး ခန္ဓာကိုယ်ကို တစ်ဖက်ကိုတိမ်းစောင်းရှောင်ရင်း နောက်ကိုလှည့်ကြည့်လိုက်တယ်။ ငွေရောင်အလင်းတစ်ခုက သူ့ဘေးနားကနေ ဖြတ်သွားပါတယ်။ ထိခိုက်ဒဏ်ရာတော့ ရမသွားပေမဲ့ သူဝတ်ထားတဲ့ သားရေအင်္ကျီလက်က အစိတ်အပိုင်းတချို့ပဲ့ပါသွားတယ်။
“အိုဟို့... ကောင်းလိုက်တဲ့ဓား၊ နတ်သူငယ်တွေရဲ့ဓားထက်တောင် အရည်အသွေးကောင်းသေးတာပဲ။”
ဦးထုပ်ဝိုင်းနဲ့လူက ခပ်ဝေးဝေးအထိ ခုန်ဆုတ်လိုက်ရင်း တိုက်ကွက်ရဲ့ပိုင်ရှင်ကို ကြည့်လိုက်တယ်။ ငွေရောင်နည်းပညာချပ်ဝတ်ကိုဝတ်ထားတဲ့ စစ်သည်တစ်ယောက်ဖြစ်ပြီး ကျောမှာအတောင်ပံတစ်စုံရှိနေပါတယ်။
“ငါ့ကျောင်းက မင်းလိုလူမျိုးလာဖို့အတွက်တောင် ထိုက်တန်တဲ့နေရာဖြစ်နေပြီလား၊ အရင်မျိုးဆက် ပိုးကောင်ဗိုလ်ချုပ် ပိုးဟပ်။”
ဦးထုပ်ဝိုင်းနဲ့လူက သူ့ရဲ့ဂုဏ်ပုဒ်ကို ကြားလိုက်ရတဲ့အတွက် အတော်လေးကျေနပ်သွားဟန်နဲ့ နှုတ်ခမ်းကိုကွေးညွှတ်လိုက်တယ်။ အဲဒီနောက် သိမ်းထားတဲ့ဦးထုပ်ကို ပြန်ထုတ်ပြီး ပြန်ပေါ်ပြန်စောင်းကာ ယဥ်ကျေးမှုထုံးတမ်းအတိုင်း ဦးထုပ်ကိုမြှောက်ပြီး နှုတ်ဆက်ပါတယ်။
“မျှော်လင့်ထားတဲ့အတိုင်း လူသားတွေရဲ့မဟာမိတ်မစ်ရှင်အဖွဲ့ခေါင်းဆောင်က ကျုပ်ဘယ်သူမှန်း တန်းပြောနိုင်တာကိုး။”
“ငါမမြင်ဖူးတဲ့ ပိုးကောင်ဗိုလ်ချုပ်ဆိုတာမှမရှိတာ။ မမြင်ဖူးတဲ့လူဆိုလို့ မင်းတစ်ယောက်ပဲရှိသေးတာလေ။”
ငွေရောင်စစ်သည်က သွားကြားထဲက ထွက်နေတဲ့လေသံနဲ့ ပြောလိုက်တယ်။ ငွေရောင်စစ်သည်က ပုံမှန်ထက် ယောက်ျားဆန်ပြီးတည်ကြည်တဲ့ လေသံနဲ့ပြောနေခဲ့တာဖြစ်ပြီး နောက်ပိုင်းပုံမှန်မစ်ရှင်ချိန်တွေမှာတောင် မက်ဒါနာသိပ်မလုပ်တော့တဲ့အရာပါ။ ဒါပေမဲ့ သူ့ရှေ့ကလူရဲ့ဖိအားက ကြီးမားလွန်းတာကြောင့် သတိမထားဘဲ မနေနိုင်ဘူး။
‘ဖြစ်နိုင်ရင် Booster Formတစ်ခုခုနဲ့ စတိုက်ချင်ပေမဲ့ စေဘာစတိန်းက အေမီနဲ့ပါသွားတာပဲ။ ဒီတော့ Cerberus Armour ကိုသုံးလို့မရဘူး။ ဒဏ္ဍာရီလာပုံစံတွေကို သုံးလို့ရပေမဲ့ ဆိုးကျိုးတွေကြောင့် စွန့်စားရာကျလွန်းတယ်။’ စိတ်ထဲမှာတော့ မက်ဒါနာမှာ စိုးရိမ်မှုအပြည့်နဲ့ဖြစ်နေတယ်။
“ကျုပ်ကိုကျုပ် အသေးစိတ်ပြန်မိတ်ဆက်ပါရစေ။
ကျုပ်ကိုယ်ကျုပ်ပေးထားတဲ့နာမည်က ဆာဂီဖစ်၊ ရူးသွပ်နေတဲ့ ဆာဂီဖစ်လို့ နာမည်ပြောင်ရထားပါတယ်။ လက်ရှိဘာရွန်ကို အကျဥ်းချထားပြီး ပိုးကောင်စစ်တပ်ကို ဘုရင်မကိုယ်စားအုပ်ချုပ်နေတဲ့ ယာယီဘာရွန်ပါ။”
မက်ဒါနာက ဆာဂီဖစ်သူ့ကိုယ်သူမိတ်ဆက်နေတုန်း အချိန်ကိုအလကားမထားဘဲ လက်ညိုးထောင်လိုက်တယ်။ သူ့လက်ထဲမှာတော့ ဒရုန်းတစ်ခုရှိနေပြီးတော့ တိတ်တဆိတ် အမိန့်ပေးလိုက်တယ်။ ‘ကျောင်းသားတွေကို လုံခြုံရာခေါ်ထုတ်ဖို့ပြင်၊ မြို့ကိုလည်း တိုက်ပွဲဝင်ပုံစံဝင်ရောက်ခိုင်းလိုက်တော့။’ တစ်ချိန်တည်းမှာပဲ ဇွန်ဘီလေးက ဒဏ်ရာရနေတဲ့ ကျောင်းလုံခြုံရေးအဖွဲ့ကို ပေါ်တယ်နဲ့ဘေးလွတ်ရာ ရွှေ့ပေးလိုက်တယ်။
အဲဒီနောက်မှ သူက ဆာဂီဖစ်ကို ဓားနဲ့ရွယ်လိုက်ပြီး သူ့ကိုယ်သူပြန်မိတ်ဆက်ပါတယ်။ “ငါ့ကိုယ်ငါတော့ မိတ်ဆက်စရာမလိုလောက်ဘူးထင်ပေမဲ့ ဟီးရိုးနာမည်က ငွေရောင်စစ်သည်၊ ကမ္ဘာ့နံပါတ်တစ် အယ်ဖာအဆင့်ဟီးရိုး၊ မစ်ရှင်အဖွဲ့ခေါင်းဆောင်ပဲ။ ဒါပေမဲ့ မင်းက ဒီကိုဘာလာလုပ်တာလဲ။”
ဆာဂီဖစ်က သူ့ဂျာကင်အင်္ကျီကို ချွတ်ချတယ်။ သူ့အရေပြားအောက်မှာ တိုးထွက်နေတဲ့ စာနဲ့ဖော်ပြရခက်ခဲတဲ့အရာတွေရှိနေပြီးတော့ အချိန်မရွေးထွက်လာတော့မလိုပဲ။
“ဒီနေရာက မင်းတို့လူသားတွေရဲ့စစ်သည်တွေကို လေ့ကျင့်ပေးတဲ့နေရာလို့ကြားတယ်။ ငါကလည်း ငါလေ့ကျင့်ပေးထားတဲ့ စစ်သည်သစ်တွေနဲ့ မင်းတို့စစ်သည်သစ်တွေကို လက်ရည်စမ်းခိုင်းမလို့လေ။ မင်းတို့အခေါ်တော့ ကျောင်းချင်းစိန်ခေါ်တာဆိုလား။”
အဲဒီနောက်တော့ ဆာဖီဂစ်ရဲ့ခန္ဓာကိုယ်ထဲကနေပြီး ပိုးကောင်တွေပေါက်ထွက်လာပြီး ချက်ချင်းကြီးလာကာ နယူးယောက်ကျောင်းအနှံကို ပိုးကောင်တွေက ဖြန့်ခွဲနေရာယူလိုက်တယ်။ အများစုက စာမေးပွဲစစ်တဲ့နေရာကိုသွားပြီး အချို့ကတော့ စာမေးပွဲကထွက်ရပြီး နားနေနေတဲ့ ကျောင်းသားတွေဆီကို သွားကြပါတယ်။
“ပြီးတော့ ဆရာချင်းလည်း လက်ရုံးချင်းယှဥ်ရမှာနော်။”
ဆာဂီဖစ်ကိုယ်တိုင်လည်း လူတစ်ဝက်ပိုးကောင်တစ်ဝက်ဖြစ်သွားပြီ။ မက်ဒါနာကတော့ ဒဏ္ဍာရီလာဓားကိုကိုင်ပြီး အသင့်ပြင်ထားလိုက်တယ်။ ပြီးတဲ့နောက် နှစ်ယောက်လုံးက အသံမြန်နှုန်းကို နောက်ချန်ထားခဲ့ပြီး စတင်တိုက်ခိုက်ကြတယ်။
...
[သတိပေးချက်... သတိပေးချက်... ယခုထုတ်ပြန်ချက်မှာ လေ့ကျင့်နေခြင်းမဟုတ်ပါ... ယခုထုတ်ပြန်ချက်မှာ လေ့ကျင့်နေခြင်းမဟုတ်ပါ... နယူးယောက်ဟိးရိုးသင်တန်းကျောင်း တိုက်ခိုက်ခံနေရပါပြီ။ နယူးယောက်ဟီးရိုးသင်တန်းကျောင်း တိုက်ခိုက်ခံနေရပါပြီ။ သင်တန်းသားအားလုံးကို စွမ်းအားကုန်သုံးပြီး မိမိကိုယ်ကိုယ်ခုခံပိုင်ခွင့် ပေးအပ်ပါမည်။]
ဒုတိယနှစ်ပင်မစခန်းကို တိုက်ဖို့လုပ်နေတဲ့ ပထမနှစ်ကျောင်းသားတွေရော ခုခံဖို့ပြင်ထားကြတဲ့ ဂရေဟမ်နဲ့ယုဆရော ထုတ်ပြန်ချက်ကြောင့် ကြောင်အကုန်ပါတယ်။ ဒါပေမဲ့ သူတို့ဘာမှမလုပ်ရသေးခင်မှာပဲ မိုးပေါ်ကနေပြီး ပိုးကောင်မျိုးစုံ ဒါဇင်နဲ့ချီဆင်း ကျဆင်းလာနေပါပြီ။
“ချီးထဲမှ... ဒီအချိန်မျိုးဆိုရင် ကျောင်းက ပေါ်တယ်တွေ ဖွင့်ပေးသင့်ပြီမဟုတ်လား။” တာလီယာက ကျိန်ဆဲလိုက်တယ်။ ဒါပေမဲ့ ယုတိုက ခေါင်းခါပြလိုက်တယ်။
“မဟုတ်ဘူး၊ သူတို့လုပ်ချင်ရင်တောင် လုပ်လို့မရဘူး။ ငါတို့ကျောင်းမှာ ကျောင်းသားလေးရာနီးပါးရှိတယ်။ စာမေးပွဲဖြေဖို့ကျန်နေတာက တစ်ရာကျော်ပဲဆိုပေမဲ့ ကျန်တဲ့ကျောင်းနေရာတွေလည်း တိုက်ခိုက်ခံနေရမှာပဲ။ နေရာပြောင်းစွမ်းအားကိုပိုင်တဲ့မြူတန့်က အဲဒီကလေးမတစ်ယောက်တည်း။ ပေါ်တယ်တွေအများကြီးကို တစ်ပြိုင်နက်တည်း ဖွင့်နိုင်ပုံမပေါ်တော့ အားလုံးကို ရွေ့ပြောင်းပေးဖို့ ကြာလိမ့်မယ်။”
ဒါပေမဲ့ သူတို့စကားပြောနေတဲ့အချိန်မှာပဲ ပေါ်တယ်တစ်ခုက သူတို့ရှေ့မှာပွင့်လာပြီး ဒရုန်းတစ်ခုပါပေါ်လာတယ်။ “ဒုတိယနှစ်ပင်မစခန်းမှာရှိနေတဲ့သူတွေ အရင်ရွေ့ပြောင်းမယ်။ သန်မာတဲ့ကျောင်းသားတွေက ပိုးကောင်တွေကို ခုခံထားပြီး ကျန်တဲ့သူတွေက ပေါ်တယ်ထဲဝင်ပါ။”
ဒရုန်းကနေ မက်ဒါနာရဲ့အသံထွက်လာတယ်။ ယုတို၊တာလီယာ၊ ဂရေဟမ်နဲ့ ယုဆတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။ သူတို့လှုပ်ရှားရမယ့်အချိန်ရောက်လာပြီ။
“ကံကောင်းတာက ဒီကောင်တွေ ငါ့ထောင်ချောက်နယ်မြေထဲကို ရောက်နေတာပဲ။ ဒီကကျောင်းသားတွေကို ရွေ့ပြောင်းပေးနိုင်ဖို့ ကူညီပေးကြရအောင်။”
ဂရေဟမ်က သူ့ထောင်ချောက်တွေကို အသက်သွင်းရင်း ပြန်ဖြေတယ်။ ယုဆကလည်း သူ့ရဲ့သားရဲလေးကောင်ကို စတင်လှုပ်ရှားစေပြီး ပိုးကောင်တွေနဲ့ယှဥ်ချခိုင်းလိုက်ပြီ။ ပိုအားနည်းတဲ့ တာလီယာနဲ့ယုတိုက ပေါ်တယ်ကို ကာကွယ်ဖို့တာဝန်ယူတယ်။
...
လီဆာနဲ့မိရိုင်ကတော့ သစ်တောတစ်နေရာမှာပြန်ဆုံရင်းကနေ သတင်းပေးချက်ကို ရပါတယ်။ သူတို့နားမှာလည်း ဒရုန်းတစ်ခုပျံဝဲနေပါတယ်။
“နယူးယောက်ကျောင်းက ထပ်တိုက်ခိုက်ခံရပြန်ပြီလား။” လီဆာက ဒေါသနဲ့မာန်ဖီလိုက်ရင်း ဖမ်းမိထားတဲ့ ပိုးကောင်တစ်ကောင်ကို အဆုံးသတ်ပေးလိုက်တယ်။ မိရိုင်ကလည်း ပျံသန်းလာနေတဲ့ ပိုးကောင်တစ်ကောင်ကို ကြယ်ပုံမီးတောက်တွေနဲ့ ပြာချပေးလိုက်ပါတယ်။
“ဟုတ်သားပဲ၊ နင်က ပထမတစ်ကြိမ် တိုက်ခိုက်ခံရကတည်းက ဒီမှာရှိနေတာလား။” မိရိုင်က မေးတော့ လီဆာက ခေါင်းညိတ်ပြပါတယ်။
“ပထမတစ်ကြိမ်ကတော့ ငါဘာမှမလုပ်လိုက်ရဘူး။ ဒါပေမဲ့ အခုစွမ်းအားကြီးလာပြီမလို့ ကျူးကျော်သူမှန်သမျှကို မျိုးဖြုတ်ပစ်မယ်။”
ခဏနေတော့ ဒရုန်းကနေမက်ဒါနာရဲ့အသံထွက်လာတယ်။ “ဒုတိယနှစ်ပင်မစခန်းကို A အဆင့် ပိုးကောင်ရှစ်ကောင်တိုက်နေတယ်။ ယုဆက ခုခံနေပေမဲ့ သိပ်ကြာကြာမခံလောက်ဘူး။ နင်တို့သွားကူရမယ်။”
“ဟုတ်ကဲ့...” လီဆာက ခေါင်းညိတ်လိုက်ပြီး မိရိုင်နဲ့အတူ ဒုတိယနှစ် ပင်မစခန်းဆီကို ပြန်ဆုတ်ပါတယ်။
...
ပထမနှစ်ပင်မစခန်းမှာလည်း အလားတူဖြစ်ရပ်မျိုးတစ်ခုဖြစ်နေတယ်။ နျူရေ၊ အီဗန်နဲ့လီဆာက ပင်မစခန်းကို သိမ်းပိုက်ဖို့အတွက် နောက်ဆုံးစက္ကန့်အလိုမှာဖြစ်ပြီး ရုတ်တရက်ပိုးကောင်တွေတိုက်လာတာကြောင့် ခုခံနေရတာပါ။ သူတို့ကတော့ နဂိုတည်းက သန်မာတဲ့ကျောင်းသားတွေ ပင်မစခန်းနားမှာရှိနေပြီးဖြစ်လို့ ပေါ်တယ်ကိုကာကွယ်ဖို့ အခက်အခဲမရှိခဲ့ဘူး။
“ဒီကောင်တွေအကုန်လုံးက A rank တွေချည်းပဲ။ ငါ့မှာ စွမ်းအားအများကြီးမကျန်တော့ဘူး။”
အီဗန်က ကွဲအက်နေပြီး အချိန်မရွေးပျက်စီးသွားနိုင်တဲ့ဓားကို ကိုင်ထားရင်းနဲ့ ပြောလိုက်တယ်။ သူ့ပုံစံက ပင်ပန်းနေမှန်း သိသာပြီးတော့ မျက်လုံးတွေလည်း အရောင်ဖျော့လာပြီ။ ရေငတ်နေတဲ့ပုံစံနဲ့ အသက်ကိုလုရှုနေရသေးတယ်။ ဒါပေမဲ့ ဓားကိုလွှဲယမ်းနေရင်းနဲ့ ပိုးကောင်နှစ်ကောင်ကို နောက်ဆုတ်သွားအောင် တိုက်နေရတုန်းပဲ။
“သွေးအပိုကုန်သွားပြီလား။”
“အေး...” နျူရေကို အီဗန်က ပြန်ဖြေလိုက်တယ်။ နျူရေက ချက်ချင်းဆိုသလိုပဲ အင်္ကျီကော်လံကို နှိမ့်ပြီးသူ့လည်ပင်းကို ဖော်ပြလိုက်တယ်။
“ဒါဆိုရင် ငါ့သွေးကိုသုံး...”
“ဒါပေမဲ့...” အီဗန်က တုံ့နှေးနေပေမဲ့ နောက်ထပ်ပိုးကောင်တွေ ထပ်ရောက်လာပြန်ပြီ။ နောက်ဆုံးတော့ လီနာက သူတို့ကိုသည်းမခံနိုင်တော့ဘဲ နှလုံးပုံရေကန်ထဲက ရေတွေကို ယူသုံးပြီး ရေဆင်နှာမောင်းကြီးတစ်ခုကိုဖန်တီးကာ အနီးအနားက ပိုးကောင်တွေကို ရေဆင်နှာမောင်းထဲထည့်ပိတ်လိုက်တယ်။
“ငါအချိန်ဆွဲပေးထားမယ်။ ဒါပေမဲ့ နင်တို့မရှိဘဲ သူတို့ကို ဘာမှလုပ်လို့မရဘူး။” တကယ်လည်း လီနာတစ်ယောက်ထဲနဲ့ ဒါဇင်ချီတဲ့ပိုးကောင်တွေကို သတ်ဖို့မစွမ်းဘူး။
“ကောင်းပြီလေ။” အီဗန်က လီနာအချိန်ဆွဲပေးထားတုန်း နျူရေနားရောက်သွားကာ သူ့အစွယ်တွေနဲ့ နျူရေရဲ့လည်တိုင်ကို ထိကပ်လိုက်တယ်။
“နည်းနည်းတော့ စူးမယ်နော်...”
နျူရေက အီဗန်ပြောတာကိုနားထောင်နေရင်းကနေ မျက်နှာရဲတက်လာပြီး “ကိုက်စရာရှိတာ ကိုက်စမ်းပါ၊အရူးသွေးစုပ်ဖုတ်ကောင်ရဲ့။”
...
ရှုံးသွားတဲ့ကျောင်းသားတွေစောင့်နေဖို့ အသုံးပြုတဲ့ တိုက်ပွဲကွင်းပြင်ကလည်း လုံလုံခြုံခြုံရှိမနေပါဘူး။ ပွင့်နေတဲ့ အမိုးပေါ်ကနေ ပိုးကောင်တချို့ပြန်ဝင်လာတဲ့အတွက် အရှုံးကိုမခံမရပ်နိုင်ဖြစ်နေတဲ့ ဖီးလစ်ပါ အနားမနေရဖြစ်နေပါတယ်။
“ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီလောက် သက်လုံစွမ်းအားနည်းရတာလဲ၊ သောက်ရူးဆရာရဲ့။ ခင်ဗျားက လက်တွေ့တိုက်ပွဲသင်တန်းဆရာမဟုတ်ဘူးလား။”
ဖီးလစ်က ကျောင်းသားတွေကိုရန်ပြုဖို့လုပ်နေတဲ့ ပိုးကောင်တစ်ကောင်ကို ရင်ဆိုင်ရင်းနဲ့ ဆရာအီဂိုကို လှမ်းအော်လိုက်တယ်။ နားနေခန်းဆိုတဲ့အတိုင်းပဲ ဒီနေရာက စောင့်ကြည့်နေတဲ့ ဆရာတွေနဲ့ တခြားလူတွေ ရှိနေတဲ့နေရာလေ။
အီဂိုကတော့ ပိုးကောင်တစ်ကောင်ကို သတ်ထားပြီးပြီဖြစ်ပြီး နတ်သူငယ်ဓားနဲ့ကြမ်းပြင်ကိုထောက်ကာ အသက်ကိုလုရှုနေရတယ်။ ဒါပေမဲ့ ဖီးလစ်ပြောတာကြားတော့ ဒေါသနဲ့ပြန်အော်ပါလေရော။
“တိတ်စမ်း... ဖက်ဒရေးရှင်းမှာက မင်းတို့လိုမျိုး အနီးကပ်ယှဥ်ချတာမျိုးမလုပ်ဘူးကွ။ ယာဥ်ပျံပေါ်ကနေ အမြောက်နဲ့ပစ်တာလေ၊ အမြောက်နဲ့ပစ်တာကွ။”
“နင်တို့နှစ်ယောက် ပါးစပ်ပိတ်ပြီးတော့ ပိုးကောင်တွေကို မရှင်းနိုင်ဘူးလား။” တင်းပုတ်ကြီးကိုင်ပြီး ပိုးကောင်တစ်ကောင်ကို တစ်စစီရိုက်ခွဲပစ်လိုက်တဲ့ ပလာဒင်က သူတို့နှစ်ယောက်ကို ကြားဝင်အော်ပြောလိုက်တယ်။
ဒိုင်း... ဒိုင်း...
“ဒါပေမဲ့ ငါတို့အကုန်လုံး ဒီနေရာမှာရှိနေလို့ ဖြစ်ပါ့မလား။ အပြင်မှာလည်း တိုက်ပွဲတွေဖြစ်နေတာလေ။”
သေနတ်နဲ့ ပိုးကောင်နှစ်ကောင်ကို တစ်ချက်စီပစ်ပြီး မျိုးဖြုတ်ပေးလိုက်တဲ့ Sheriffထဲက လင်ဒါကမေးလိုက်တယ်။
“ကျောင်းအုပ်က ငါတို့အားလုံးကို ဒီနေရာမှာရှိတဲ့ ကျောင်းသားတွေကို ကာကွယ်ဖို့အမိန့်ပေးထားတာ။ ဒီမှာရှိနေတဲ့သူတွေက ကျောင်းမှာအားအနည်းဆုံးသူတွေပဲ။ သူတို့ကို ရွှေ့ပြောင်းလို့မပြီးမချင်း ငါတို့ဒီကနေ ခွာလို့မရဘူး။”
ဘရီစာက ဒိုင်းနဲ့ပိုးကောင်တစ်ကောင်ကို ရိုက်ထုတ်ရင်း ရှင်းပြတယ်။ တိုက်ပွဲကွင်းပြင်ထဲမှာက အထုတ်ခံထားရတဲ့ ကျောင်းသားနှစ်ရာနီးပါးရှိနေတာပါ။ ဖီးလစ်လို ကြွက်သားဦးနောက်ကလွဲလို့ ကျန်တဲ့သူတွေက တိုက်ခိုက်တာမတော်တဲ့ သာမန်ကျောင်းသားတွေချည်းပဲ။
“ကျုပ်ကတော့ အားမနည်းဘူးနော်၊ သေတောင်အားမနည်းဘူး။” ဖီးလစ်က သူ့ကို လူတွေအထင်လွဲမှာစိုးရိမ်လို့ ထအော်ပြောတယ်။ ဒါပေမဲ့ တခြားသူတွေက ပိုးကောင်တွေကို ကိုင်တွယ်နေလို့ သူ့ကို စကားပြန်မပြောဖြစ်ကြဘူး။
...
“တခြားကို အာရုံရောက်နေရင် သေလိမ့်မယ်နော်။ မင်းကျောင်းသားတွေကို ကာကွယ်ပေးဖို့လုပ်နေတာလား။ အဲဒီလောက် အကာအကွယ်လွန်နေရင် သူတို့တကယ့်တိုက်ပွဲမှာ သေကုန်လိမ့်မယ်နော်။”
မက်ဒါနာက အားပြင်းတဲ့ ဆာဂီဖစ်ရဲ့လက်သီးချက်ကို ကပ်သီးလေးလွတ်အောင် ရှောင်လိုက်နိုင်ပြီးတဲ့နောက် အံ့ကိုကြိတ်ထားလိုက်တယ်။ ကျောင်းအဝင်ဝတစ်ခုလုံး ရစရာမရှိအောင်ပျက်စီးနေပြီ။ ဒဏ္ဍာရီလာပုံစံတွေကို ထုတ်သုံးဖို့ခက်နေတဲ့အပြင် ကျောင်းသားတွေကို ရွှေ့ပြောင်းဖို့လုပ်နေရသေးတယ်။
‘ဒရုန်းဇုန်ရဲ့ဒရုန်းကွန်ယက်ကို ငါသာ စာမေးပွဲဖို့ပုံတူမပွားဖြစ်လိုက်ရင် အခုဆိုရင် ဒုက္ခရောက်နေလောက်ပြီ။’ ဒါကတော့ မက်ဒါနာအတွေး။ ဒါပေမဲ့ သူ့အတွေးမဆုံးသေးခင်မှာပဲ ဆာဂီဖစ်ရဲ့ကန်ချက်ထွက်လာတဲ့အတွက် ရှောင်လိုက်ရပြန်တယ်။
“ဟမ်... ခုထိမင်းရဲ့အယ်ဖာအဆင့်စွမ်းအားကို ထုတ်မသုံးသေးဘူးပေါ့။ မင်းက ငါ့ကိုအထင်သေးနေတာလား။” ကြာတော့ ဆာဂီဖစ်လည်း ဒေါသထွက်လာပြီး သူ့ကြွက်သားတွေကို ညှစ်ထုတ်လိုက်တယ်။ သူ့သားရေဂျာကင်ပြဲသွားပြီး အရွယ်အစားက နှစ်ဆဖြစ်သွားတယ်။ မက်ဒါနာကတော့ စုပ်တစ်ချက်သက်လိုက်တယ်။
“ရွေးစရာမရှိတော့ဘူး။” သူက ဓားရဲ့အပြာရောင်ကျောက်တုံးကို ထိလိုက်တယ်။ သူ့ဝတ်စုံကို နဂါးကြေးခွံတွေ စတင်ဖုံးလွှမ်းပြီးတဲ့နောက်တော့
[Booster Form: Azure Dragon]