← Chapters

ကျီးနတ်မင်းမျိုးနွယ်စုသို့ ပြန်သွားရောက်ခြင်း

Vol. 84 Ch. 1169

ကျီးနတ်မင်းမျိုးနွယ်စုသို့ ပြန်သွားရောက်ခြင်း

Vol. 84 Ch. 1169

မန်ဟိုသည် တောင်ကောင်းကင်ဂြိုဟ်ပေါ်က ရင်းနှီးသောမြင်ကွင်းများကို လှည့်ပတ်ကြည့်ရင်း သူစိမ်းတစ်ယောက်ဖြစ်နေသလို ခံစားလိုက်ရ၏။ သူ့နှလုံးသားထဲတွင် ... ဤနေရာသည် သူ့အိမ် ၊ သူ ကြီးပြင်းလာခဲ့သည့်နေရာ၊ ကျင့်ကြံခြင်းအကြောင်း စတင်သင်ယူခဲ့ရသော နေရာဖြစ်သည်။ ဤနေရာတွင် သူ ရယ်မောခဲ့သည်၊ စိတ်ကူးယဉ်ခဲ့သည်၊ နုနုယ်ပျိုမြစ်သောအားအင်တို့ဖြင့် တက်ကြွခဲ့သည်။ ဤနေရာကား သူ ရှုချင်ကို လက်ထပ်ခဲ့သောနေရာလည်း ဖြစ်၏။

မိုးစဲသွားသည့်အခါ မိုးသောက်ကောင်းကင်ယံထက်တွင် သက်တံ့တစ်စင်း ဖြစ်ပေါ်လာသည်။ မန်ဟိုသည် အရှေ့ဘက်နယ်မြေ၏နေရာအသီးသီးသို့ သွားရောက်ခဲ့၏။ အင်မော်တယ်ရှေးဟောင်းတာအိုဆရာဝတ်ပြုကျောင်း တည်ရှိရာ တောင်တန်းများဆီသို့လည်း သွားကြည့်သည်။ တစ်ချိန်က ထိုတောင်တန်းမှာ သူ့အတွက် အသက်အန္တရာယ်ရှိသော နေရာတစ်နေရာဖြစ်ခဲ့သည်။ ယခုတော့ ထိုနေရာရှိ မည်သည့်အရာကမှ အဖက်လုပ်ဖို့ မတန်တော့ပေ။

တောင်တန်းများကို ဖြတ်၍ ထိုလမ်းကျဉ်းကျဉ်းလေးအတိုင်း သူ လျှောက်လာခဲ့ပြီးနောက်ဆုံး တစ်ခါက ဝတ်ပြုကျောင်းတည်ရှိခဲ့ဖူးသည့် ချောက်ကမ်းပါးစွန်းသို့ ရောက်လာခဲ့သည်။ သူက ထိုနေရာတွင် အတွေးထဲနစ်မြောရင်း အကြာမှအကြာကြီး ရပ်နေမိလေသည်။

သူသည် ဤနေရာတွင် သူ ကြေးမီးအိမ်အား ယူခဲ့ပုံ၊ လူတိုင်း သူ့အား လိုက်ဖမ်းခဲ့ကြပုံ အစရှိသဖြင့် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို တွေးနေမိ၏။ ထို့နောက်ပိုင်း နေ့ညများက သူ့အတွက် ကံကြမ္မာကောင်းတို့ကို ဆောင်ကြဉ်းလာခဲ့သည်။

ယင်းက နဝမတောင်ပင်လယ်၏အရှုပ်အထွေးများတွင် သူ အမှန်တကယ် ပါဝင်လာခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။

ချောက်ကမ်းပါး၏အစွန်းတွင် ရပ်နေစဉ် သူ သက်ပြင်းချလိုက်မိသည်။ အချိန်များ ကြာခဲ့လေပြီ။ တောင်များက ယခင်တောင်များသာဖြစ်ပြီး မြက်များလည်း အရင်တိုင်း ပေါက်ရောက်နေသည်။ သို့သော် သစ်ပင်များနှင့် ကျန်သဘာဝပေါက်ပင်များမှာ ပြောင်းလဲသွားခဲ့၏။ ၎င်းတို့က စစချင်း မပြောင်းလဲသယောင်ထင်ရသော်လည်း ၎င်းတို့၏အရောင်အသွေးများက သူ မှတ်မိသည့်အရာများထက် ပို၍ ရင့်နေခဲ့သည်။

အတော်လေးကြာသော် သူ ထွက်လာ၏။

မြောက်ပိုင်းသဲကန္တာရသို့ သူ သွားပြီး ထိုနေရာမှ နဂါးငွေ့တန်းပင်လယ်သို့ ခရီးဆက်သည်။ ရေပြင်ထက်မှ ဖြတ်သွားနေစဉ် သူသည် လှိုင်းများကို ငုံ့ကြည့်၍ ထိုနေရာတွင် ဖြစ်ခဲ့သည့်အရာများကို ပြန်စဉ်စားမိသွား၏။ မှီခိုရာဂိုဏ်းချုပ်ကို သတိရလိုက်သလို၊ ဒသမဝမ်ခေါင်းဆောင်ကြီးနှင့် ရှင်သန်ခြင်းနှင်းပန်းအကြောင်းလည်း တွေးလိုက်မိသည်။

နဂါးငွေ့တန်းပင်လယ်ကို ဖြတ်ပြီးနောက် အနောက်ပိုင်းသဲကန္တာရသို့ ရောက်လာခဲ့ကြောင်း သူ တွေ့လိုက်ရသည်။ ၎င်းသည် ကြီးမားကျယ်ပြောသော နေရာတစ်နေရာဖြစ်ပြီး အများစုက ခရမ်းရောင်ပင်လယ်ကြီး၏အောက်တွင် နစ်မြုပ်လျက်ရှိဆဲပင်။ ခရမ်းပင်လယ်သည် တိတ်ဆိတ်ငြိမ်သက်၍ အသက်မဲ့နေ၏။

သူသည် ခရမ်းပင်လယ်တစ်လျှောက် ပျံသန်းလာခဲ့ရင်း နောက်ဆုံးတော့ ကျီးနတ်မင်းမျိုးနွယ်စု ‘အိမ်’ဟု တစ်ခါတုန်းက ခေါ်ခဲ့ဖူးသည့် နေရာသို့ ရောက်လာသည်။ သူက ထိုနေရာရှိ ရေထဲ ငုပ်လျှိုးပြီး ရင်းနှီးသောတောင်များ၊ နေရာများကို ကြည့်နေလေသည်။

တောင်ကောင်းကင်ဂြိုဟ်နှင့်ပတ်သက်သည့် အသေးစိတ်အကုန်လုံးကို ဘယ်တော့မှ မမေ့အောင် မှတ်သား၍ နှလုံးသားထဲတွင် သိမ်းဆည်းထားဖို့ သူ့ကိုယ်သူ ပြောရင်း သူသည် ရေအောက်ထဲတွင် ဆက်သွားနေ၏။ ဤသို့ဖြင့် ခရမ်းပင်လယ်၏အောက်တွင် တရိပ်ရိပ်သွားနေခဲ့ရင်းနောက်ဆုံး မျက်စိတစ်ဆုံး သွယ်တန်းလျက်ရှိသည့် တောင်ကျော်တောင်တန်းများဆီသို့ သူ ရောက်လာခဲ့သည်။

သူသည် ဧရာမတံခါးကြီးတစ်ချပ် သို့မဟုတ် မြို့စောင့်ဂိတ်တစ်ခုနှင့်တူသော တစ်စုံတစ်ခုဆီ ရောက်လာ၏။ ၎င်းက ... ခရမ်းပင်လယ်ရေများ အနက်ရောင်နယ်မြေထဲ မဝင်အောင် ထိန်းပေးထားသည်။

အနက်ရောင်နယ်မြေမှာ ယခုတော့ မန်ဟို မှတ်မိသည့်နယ်မြေနှင့် အလွန်တရာကွဲပြားသွားခဲ့လေပြီ။ ၎င်းသည် စည်ကားသိုက်မြိုက်နေသည်သာမက တိုးတက်ဖွံ့ဖြိုးနေ၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုနေရာနှင့် တောင်ပိုင်းဒေသအကြား ကူးလူးသွားလာနေကြလေသည်။ ကြည့်ရသရွေ့ တောင်ပိုင်းဒေသက အနက်ရောင်နယ်မြေကျင့်ကြံသူများကို ကြည်ကြည်ဖြူဖြူ လက်ခံပေးနေပုံရသည်။

နှစ်ပေါင်းများတစ်လျှောက်လုံး ... အနောက်ပိုင်းသဲကန္တာရမှ ရွှေ့ပြောင်းလာခဲ့သော အင်အားကြီးမျိုးနွယ်စုများနှင့်အတူ ဒေသခံအနက်ရောင်နယ်မြေအင်အားစုများအားလုံး အတူတကွ စည်ပင်တိုးတက်၍ အင်အားကြီးထွားလာခဲ့ကြသည်။

မြောက်ပိုင်းသဲကန္တာရသားများစွာလည်း အနက်ရောင်နယ်မြေတွင် အခြေချခဲ့ပြီး ‘အိမ်’ ဟု ခေါ်လာခဲ့ကြသည်။ သူတို့၏ကျင့်စဉ်လမ်းမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက မန်ဟို၏ဖြတ်တောက်ခြင်းခံခဲ့ရသည့်အတွက် သူတို့မည်မျှပင် ကျင့်ကြံအားထုတ်ပါစေ၊ အမြင့်တစ်ခုသို့သာ ရောက်ရှိနိုင်သည်။ သူတို့၏ကံကြမ္မာများသည် ချိတ်ပိတ်ခံခဲ့ရပြီး သူတို့မှာ မြောက်ပိုင်းသဲကန္တာရမှ သူတို့၏ဘိုးဘေးများ တောင်ပိုင်းဒေသကို ကျူးကျော်တိုက်ခိုက်ခဲ့စဉ်က ကျူးလွန်ခဲ့သော အပြစ်ကြွေးများအတွက် မလွှဲမရှောင်သာ ပေးဆပ်နေကြရသည်။

ကျီးနတ်မင်းမျိုးနွယ်စုကား ယခုတွင် အနက်ရောင်နယ်မြေ၌ အကြီးဆုံးမျိုးနွယ်စု ဖြစ်သည့်အပြင် လက်အောက်ခံဂိုဏ်းများနှင့် လူရိုင်းစုများစွာဖြင့် နံပါတ်တစ်အင်အားစုလည်း ဖြစ်သည်။

မန်ဟိုသည် ရောက်လာလျှင်ချင်း ရုပ်တုများ နေရာအနှံ့ တည်ရှိနေကြောင်း သတိထားမိလိုက်၏။ တချို့က ကြီးသည်၊ တချို့က သေးသည်၊ သို့သော် အနက်ရောင်နယ်မြေရှိ အရေးပါသောအင်အားစုတိုင်းတွင် ရုပ်တုများ ရှိနေကြသည်။

ထိုရုပ်တုများသည် ... မန်ဟို့အသွင်ကို ဖော်ဆောင်ကြ၏။

ရုပ်တုများအနက် အကြီးဆုံးမှာ ဝိညာဉ်ကျောက်တုံးများဖြင့် ဖုံးနေလေသည်။ နေရောင်ခြည်သို့ ၎င်းအပေါ် ဖြာကျလျှင် မျက်စိကျိန်းလုအောင် ပြိုးပြိုးပြက်ပြက် လက်နေတတ်သည်။ ထိုရုပ်တုသည် ကျီးနတ်မင်းမျိုးနွယ်စုအပိုင် အနက်ရောင်နယ်မြေ၏ အမြင့်ဆုံးတောင်ပေါ်တွင် တည်ရှိ၏။

ထိုရုပ်တုကား အနက်ရောင်နယ်မြေ၏ ပြယုဂ်လည်းဖြစ်ကာ ထိုနေရာရှိ ကျင့်ကြံသူများ၏ အားမာန်ကို ကိုယ်စားပြုသည်။

မကြာခဏဆိုသလို ... ကျီးနတ်မင်းမျိုးနွယ်ဝင်များသည် ကိုးကွယ်ရှိခိုးရန်၊ ပူဇော်ပသရန် ထိုရုပ်တုကြီး၏ပတ်ပတ်လည်တွင် စုရုံးလေ့ရှိ၏။ ယခု မန်ဟို ရောက်လာသည့်အချိန်တွင်လည်း သူတို့က ထိုအတိုင်း ပူဇော်ပသကိုးကွယ်နေကြလေသည်။

မန်ဟိုက ရုပ်တုကြီး၏အပေါ်တွင် ပျံဝဲရင်း တောင်ပတ်လည်တွင် စုရုံးနေသော ကျီးနတ်မင်းမျိုးနွယ်များကို ငုံ့ကြည့်လိုက်သည်။ ဝပ်တွားရှိခိုးနေကြသောအရေအတွက်ကား ထောင်သောင်းချီချေသည်။

ဘယ်သူမှ မန်ဟို၏တည်ရှိမှုကို အာရုံမရကြပေ။ သူကား မတူညီသောကမ္ဘာတစ်ကမ္ဘာတွင် တည်ရှိနေသည့်အလားပင်။

ဝတ်ကောင်းစားလှများဖြင့် အဘိုးကြီးဆယ်ယောက်က စိတ်အားထက်သန်မှုတို့ မျက်ဝန်းများတွင် တောက်လောင်နေလျက် မျိုးနွယ်ဝင်ထောင်ပေါင်းများစွာထံမှ ခပ်ခွာခွာရပ်နေကြသည်။ သူတို့က လက်များကို လေပေါ်မြှောက်ရင်း တိုင်တည်လိုက်ကြသည်။ "ကျီးနတ်မင်းမျိုးနွယ်စု ကိုးကွယ်ရာဘိုးဘေးကြီးကို အရိုအသေပြုပါတယ်”

သူတို့၏တိုင်တည်သံကို တုံ့ပြန်သည့်အနေဖြင့် ထောင်ချီသောမျိုးနွယ်ဝင်များလည်း ခေါင်းများကို ငုံ့၍ တစ်ညီတစ်ညာတည်း အရိုအသေပြုတိုင်တည်ကြသည်။ အသံများ ပဲ့တင်ထပ်နေစဉ် ကျီးနတ်မင်းမျိုးနွယ်များသည် ရုပ်တုအား လေးစားရိုသေနေသောအကြည့်များဖြင့် မော်ဖူးလိုက်ကြ၏။ ဤရုပ်တုကြီးသာ အသက်ဝင်လာပြီး သူတို့ကို အမိန့်ပေးလျှင် သူတို့ကား မြေဝယ်မကျ လိုက်နာမည့်အလားပင်။

မန်ဟို၏ရုပ်တုသည် အနက်ရောင်နယ်မြေသားများ၏ အမှတ်သညာအဖြစ် အရုပ်များ၏ နေရာတွင် အစားထိုးနေရာယူခဲ့၏။

မန်ဟိုက အောက်ရှိ မြင်ကွင်းကို ငုံ့ကြည့်ရင်း လေလယ်တွင် ပျံဝဲနေသည်။ သူသည် လူအုပ်ကြီး၏အသံများကို ကြားနေရပြီး သူတို့၏ပူဇော်ပသမှုအထဲတွင် စေတိယမီးစွမ်းအားပါရှိနေကြောင်း ခံစားရသည်ဆိုရုံကလေး ခံစားလိုက်ရ၏။ ၎င်းက မှိန်ပျသော်လည်း ရှိနေသေးသည်။

အဘိုးကြီးဆယ်ယောက်က ထပ်မံ၍ အသံကျယ်ကြီးများဖြင့် တိုင်တည်ပြန်သည်။ "ကျီးနတ်မင်းမျိုးနွယ်စု၊ ခေါင်းဆောင်ကြီးငါးနဲ့ ခေါင်းဆောင်ကြီးသုံးကို အရိုအသေပြုပါတယ်”

လူအုပ်ကြီးက နောက်တစ်ကြိမ် ရှိခိုးလိုက်သည်။ မန်ဟို့မျက်နှာမှာ တစ်မျိုးတစ်မည်ဖြစ်သွား၏။ သူ ယခု သေချာကြည့်လိုက်သည့်အခါ ကျီးနတ်မင်းမျိုးနွယ်စုနှင့် သက်ဆိုင်သော ဤရုပ်တု၏ပခုံးပေါ်တွင် ခြေကျင်းဝတ်၌ ခေါင်းလောင်းသေးသေးချိတ်နေသော ကြက်တူရွေးရုပ်တုနားနေကြောင်း သတိထားမိလိုက်သည်။

ပူဇော်ခြင်းအခမ်းအနားက ဆက်လက်ကျင်းပနေသည်။

မန်ဟိုက သက်ပြင်းချ၍ ထွက်သွားတော့မည့်အချိန် ရုတ်တရက် ရေရွတ်လိုက်မိသည်။ “ဟင်”

သူက မျက်လုံးများ တောက်ပနေလျက် ပျံဝဲနေပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။

သူ မြင်လိုက်ရသည်မှာ ထက်သန်သော ပူဇော်ကိုးကွယ်လိုစိတ်တို့ကြောင့် လူတိုင်းထံမှ ပျံ့လွင့်လာသည့် စေတိယစွမ်းအားများ ရုပ်တု၏ပတ်ပတ်လည်တွင် စုဝေးနေကြသည်ကိုပင်။ ထို့နောက် ၎င်းတို့က ကောင်းကင်ထက်သို့ မြင့်တက်လာသည့်အခါ ဝဲတစ်ဝဲ ပေါ်ပေါ်လာသည်။

အောက်ရှိကျင့်ကြံသူများအနေဖြင့် ဝဲကို မမြင်ရသော်လည်း မန်ဟိုကတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။

၎င်း တိတ်ဆိတ်စွာ လည်နေစဉ် အရိပ်တစ်ခုသည် ၎င်းအတွင်း၌ ဖြည်းဖြည်းချင်း ပေါ်လာ၏။ ၎င်းက မန်ဟိုနှင့် ချွတ်စွပ်တူသော ... အနက်ရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်ပင်။

ထင်ရှားသည့်ကွဲပြားမှုမှာ ထိုလူငယ်၏ကျောတွင် အနက်ရောင်တောင်ပံတစ်စုံ ထွက်နေခြင်းဖြစ်သည်။ သူကား အလွန်မောက်မာသောမျက်နှာထားဖြင့် ဝေဟင်ထက်မှ ရုပ်တုကြီး၏ခေါင်းပေါ်သို့ ဆင်းသက်လိုက်သည်။ ထိုနေရာတွင် သူသည် တင်ပျဉ်ခွေထိုင်ကာ စေတိယမီးတောက်စွမ်းအားကို စတင်ရှူရှိုက်တော့၏။

သူက မန်ဟို့ကို မမြင်ရသော်လည်း မန်ဟိုကတော့ သူ့ကို မြင်ရသလို သူ ဘယ်သူလဲ သိသည်။ ဤသည်ကား အချိန်တစ်ခုအထိ သူ့နောက်လိုက်ဖြစ်ခဲ့ဖူးသော လင်းနို့နက်ပင်။

လင်းနို့နက်သည် လူအသွင်ဖန်ဆင်းထားသော်လည်း ယခင်နှင့်သိပ်မကွာပေ။ သိသိသာသာပင် သူက အနက်ရောင်နယ်မြေမှ စေတိယမီးတောက်စွမ်းအားကို ခိုးယူဖို့ ဤနေရာသို့ ရောက်လာခဲ့လေပြီ။

မန်ဟိုက လင်းနို့သတ္တဝါကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့သိုလှောင်အိတ်ထဲရှိ သွေးခွေးကြီးလည်း ရုတ်တရက် လှုပ်ရွလာပြီး မျက်လုံးများ ဖွင့်လိုက်သည်။ သွေးအလင်းရောင်နှင့်အတူ ရေခဲတမျှ အေးစက်သောအရှိန်အဝါတစ်ခု ပေါ်လာ၏။

“မင်း သူ့ကို စိတ်ဝင်စားတယ်ပေါ့လေ ဟမ်” မန်ဟိုက တွေးလိုက်သည်။ ထို့နောက် သူသည် လေဟုန်ခွင်းလောကမှာတုန်းက သွေးခွေးကြီး စုပ်ယူခဲ့သော ဖောက်ပြန်စိတ်ဝိညာဉ်ဆိုသည့်အရာမှာလည်း လင်းနို့ဖြစ်ခဲ့ကြောင်း သတိရလိုက်၏။

တောင်ပံနက်တစ်စုံနှင့် လူငယ်မှာ စေတိယမီးတောက်စွမ်းအားကို စုပ်ယူရင်း တရားထိုင်နေစဉ် ရုတ်တရက် ကျောချမ်းသွားသည်။ သူက မျက်လုံးဖွင့်၍ ဘေးဘီဝဲယာကို သံသယများဖြင့် ကြည့်လိုက်သည်။ သူ့မှာ မည်သည့်အရာကိုမှ မမြင်ရသော်လည်း မန်ဟို့တည်ရှိမှုက သူ့ကို ရင်တဒိန်းဒိန်းခုန်လာစေသည့်အလား ကြောက်ဒူးတုန်နေသေး၏။

သူက ရုပ်တရက် အော်လိုက်ကာ အသံလှိုင်းများအား အရပ်မျက်နှာတစ်ခွင် ဖြန့်ကျက်လိုက်သည်။ ၎င်းတို့အနားရောက်လာလျှင် မန်ဟိုက လက်ချောင်းကို လှုပ်ရှားလိုက်ရာ လှိုင်းများသည် မည်သည့်တုံ့ပြန်မှုမှ မပြဘဲ သူ့ကို ဖြတ်သွားတော့သည်။

အနက်ရောင်ဝတ်ရုံနှင့်လူငယ်မှာ မျက်မှောင်ကြုတ်သွားသည်။ နတ်ဘုရားစွမ်းရည်တစ်ခုဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးပြီးသည့်တိုင် သံသယဝင်စရာ မတွေ့သေးပေ။ သူ့အနေဖြင့် ထိုကိစ္စကို လျစ်လျူရှုထားချင်သော်လည်း သူခံစားနေရသည့် အန္တရာယ်အာရုံမှာ ပိုပို၍ပြင်းထန်လာခဲ့၏။

ဤနေရာတွင် စေတိယမီးတောက်ကို သူ စုပ်ယူနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ယခုလိုတစ်ခါမှ မခံစားခဲ့ရဖူးပေ။ နောက်ဆုံးတော့ သူက အံတင်းတင်းကြိတ်၍ ထွက်ခွာရန် လေပေါ်ပျံတက်လိုက်သည်။ အသက်အန္တရာယ်ကျရောက်ခံမည့်အစား စေတိယမီးတောက်ကိုသာ သူ စွန့်လွှတ်လိုက်မည်။

သို့သော် သူ ပျံတက်လိုက်သော အခိုက်အတန့်တွင် မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး သူက နှာမှုတ်လိုက်သည်။

နှာမှုတ်သံကား လူငယ်ကို ဖုံးလွှမ်းထားသည့် ပုံရိပ်ယောင်ကို ဖြတ်၍ မိုးကောင်းကင်ထက်တွင် ထစ်ချုန်းသွားသည်။ တစ်ကမ္ဘာလုံး တုန်ရီသွား၍ အနက်ရောင်ဝတ်ရုံနှင့်လူငယ်က ကြောက်လန့်တကြား အော်လိုက်ရ၏။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မှာ အောက်ရှိလူများ မမြင်အောင် သူ့ကိုယ်သူ ဖုံးကွယ်မထားနိုင်တော့ပေ။ ချက်ချင်းဆိုသလို လူတိုင်း လေတွင် ပျံဝဲနေသော သူ့ကို မြင်သွားကြတော့သည်။

အကုန်လုံး အံ့အားသင့်ကုန်ကြသည်။ အထူးသဖြင့် အဘိုးကြီးဆယ်ယောက်မှာ သူ့မျက်နှာကို မြင်လျှင် မယုံနိုင်ဖြစ်သွားကြ၏။

“ဘယ်သူလဲ” အနက်ရောင်ဝတ်ရုံနှင့်လူငယ်က သွေးထပ်အန်ရင်း အော်မေးသည်။ “ဘယ်သူ ငါ့ကို ချုံခိုတိုက်ခိုက်လိုက်တာလဲ” သူ့မှာ လုံးလုံးလျားလျား တုန်လှုပ်နေသော်လည်း သူ ကြားလိုက်ရသမျှမှာ မန်ဟို၏နှာမှုတ်သံကိုမဟုတ်ဘဲ မိုးခြိမ်းသံသာ ဖြစ်သည်။

မန်ဟို့အသံသာ ကြားခဲ့လျှင် သူ့အနေဖြင့် စကားပြောရန်ပင် သတ္တိရှိမည်မဟုတ်ပေ။

“ကိုးကွယ်ရာဘိုးဘေးကြီး”

“အဲဒါ ကြီးမြတ်တဲ့ ကိုးကွယ်ရာဘိုးဘေးကြီးပဲ။ ဘုရားရေ ကိုးကွယ်ဘိုးဘေးကြီး ကိုယ်ယောင်ပြနေတာများလား”

“ဂါဝရပြုပါတယ် ကိုးကွယ်ရာဘိုးဘေးကြီး” ကျီးနတ်မင်းမျိုးနွယ်ကျင့်ကြံသူထောင်ချီမှာ အံ့ဩလွန်း၍ တုန်ရီနေကြသည်။ အဘိုးကြီးဆယ်ယောက်မှာ အကျယ်ကြီး ဘုရားတမိလိုက်ကြ၏။

“ငါက ဒီနေရာရဲ့ ကိုးကွယ်ရာဘိုးဘေးကြီး မန်ဟိုပဲ” အနက်ရောင်ဝတ်ရုံနှင့်လူငယ်က အော်သည်။ “ငါ့ကို ချုံခိုတိုက်ခိုက်တဲ့ကောင် အခုချက်ချင်း မျက်နှာပြစမ်း” သူက အသက်ပြင်းပြင်းရှူရင်း စေတိယမီးစွမ်းအားကို စုပ်ယူလိုက်ကာ သူ့ထံမှ အလင်းရောင်များတောက်ပလာစေပြီး သူ့ကိုယ်သူ အင်အားကြီးမားသောအင်မော်တယ်တစ်ဦးနှင့် တူသွားစေသည်။

“ရယ်စရာတော့ အကောင်းသားကွ” မန်ဟိုက ဘွားခနဲ ထွက်လာရင်း အေးတိအေးစက် ဆိုသည်။ “မင်းက မန်ဟို ဆိုတော့ .... ငါက ဘယ်သူဘဲ” အောက်ရှိလူတိုင်း သူ့ကို မြင်လိုက်ကြရလေပြီ။

ကျီးနတ်မင်းမျိုးနွယ်ကျင့်ကြံသူများမှာ တုန်လှုပ်အံ့ဩ၍ ဇဝေဇဝါဖြစ်ကာ မယုံနိုင်ကြတော့ပေ။ သူတို့သည် မန်ဟို့ကို တစ်လှည့်၊ အနက်ရောင်ဝတ်ရုံနှင့်လူငယ်ကို တစ်လှည့်ကြည့်ရင်း မည်သူက အစစ်လဲ၊ မည်သူက အတုလဲ မခွဲတတ်တော့ပေ။

တကယ်တော့ သူတို့အတွက် ခန့်မှန်းကြည့်ရန်ပင် မလိုအပ်။ အနက်ရောင်အဝတ်အစားနှင့်လူငယ်မှာ မန်ဟို့ကို မြင်သည်နှင့် မျက်စိမျက်နှာပျက်သွားပြီး မျက်လုံးပြူးသွားသည်။ သူ့မှာ မယုံနိုင်လွန်း၍ အသက်ပင်မရှူနိုင်တော့ဘဲ အထိတ်တလန့် အော်တော့သည်။

“မန်ဟို ... မင်း ... ဘယ်တုန်းက ပြန်ရောက်လာတာလဲ” အနက်ရောင်အဝတ်အစားများနှင့်လူငယ်မှာ ခေါင်းနပန်းကြီးသွားသည်။ စောစောက မိုးခြိမ်းသံမှာ မိုးခြိမ်းသံမဟုတ်ခဲ့ဘဲ မန်ဟို့အသံဖြစ်နေခဲ့ကြောင်း သဘောပေါက်လိုက်သည်နှင့် သူ့မှာ ကြောက်ဒူးတုန်လာပြီး နောက်ဆုတ်ကာ အသားကုန်ပြေးတော့သည်။

မန်ဟိုက အေးအေးဆေးဆေး ခြေတစ်လှမ်းလှမ်း၍ ထွက်ပြေးနေသော လူငယ်၏အရှေ့တည့်တည့်တွင် ပေါ်လာသည်။

အောက်ရှိ ကျီးနတ်မင်းမျိုးနွယ်ကျင့်ကြံသူများမှာ ဒုတိယမန်ဟိုက သူတို့၏ကိုးကွယ်ရာဘိုးဘေးကြီးအစစ်ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် တုန်ရီလာကြ၏။

“ဂါဝရပြုပါတယ် ကိုးကွယ်ရာဘိုးဘေးကြီး”

“ကျီနတ်မင်းမျိုးနွယ်စု ကိုးကွယ်ရာဘိုးဘေးကြီးကို ဂါဝရပြုပါတယ်”

သူတို့အသံများ ဟိန်းထွက်လာသည့်အခါ အနက်ရောင်နယ်မြေတစ်မြေလုံး သိမ့်ခါသွားတော့သည်။

All Chapters