← Chapters

ဒီနေရာက ငါ့အိမ်

Vol. 84 Ch. 1170

ဒီနေရာက ငါ့အိမ်

Vol. 84 Ch. 1170

အသံလှိုင်းများ ရိုက်ခတ်လာသဖြင့် အနက်ရောင်နယ်မြေများ သိမ့်သိမ့်ခါ တုန်ရီသွားသည်။ ကျီးနတ်မင်းမျိုးနွယ်စုထဲရှိ နောက်တစ်နေရာတွင် စစ်အင်အားအလုံးအရင်းဖြင့် အချိန်ပြည့်စောင့်ကြပ်ပေးထားသော ဧရာမ ပလ္လင်ကြီးတစ်ဆူ ရှိသည်။ သူတို့၏အထွတ်အမြတ်တောင်ပြီးလျှင် ကျီးနတ်မင်းမျိုးနွယ်စု၌ ဤနေရာက ဒုတိယအလေးထားခံရဆုံးနေရာဖြစ်သည်။

ထိုပလ္လင်အား မည်သည့်အတွက်ကြောင့် တည်ဆောက်ထားသလဲ ဆိုသော မေးခွန်းကို မဖြေနိုင်သူ မရှိပေ။ ကျီးနတ်မင်းမျိုးနွယ်စု၏ မျိုးနွယ်ဥပဒေက ‘မျိုးနွယ်စု၏ နောင်လာနောက်သားမျိုးဆက်များသည် အထွတ်အမြတ်တောင်နှင့် ထိုပလ္လင်ကို ကိုးကွယ်ရမည်’ ထုတ်ပြန်ထားခဲ့လေသည်။

ပလ္လင်၏ဘေးတွင် အလွန်သာမန်သာ ထင်ရပြီး နည်းနည်းလေးမှ မခမ်းနားသော အိမ်၀န်းရှိသည်။ သို့သော် ကျီးနတ်မင်းမျိုးနွယ်စုအတွက်တော့ ထိုနေအိမ်က အထွတ်အမြတ်‌တောင်နည်းတူ အရေးပါ၏။

ထိုအိမ်၀န်းထဲတွင် အသိပညာကြွယ်၀ပြီး ကျီးနတ်မင်းမျိုးနွယ်စုတစ်စုလုံး၏ ပင်မကျောရိုးဖြစ်သော အဘိုးကြီးတစ်ဦး‌ နေထိုင်သည်။ သူ့ကြောင့် ကျီးနတ်မင်းမျိုးနွယ်စုသည် အမြင့်မားဆုံးအချုပ်အခြာအာဏာကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး အနက်ရောင်နယ်မြေရှိ မည်သည့်အင်အားစုမှ သူတို့ကို အတိုက်အခံ မလုပ်ရဲခဲ့ပေ။

ထိုအဘိုးကြီးကား ကျီးနတ်မင်းမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ဟောင်းဖြစ်ပြီး အငြိမ်းစားယူခဲ့သည်မှာ ကြာခဲ့ပြီ‌ဖြစ်သော်လည်း လက်ရှိမျိုးနွယ်စုခေါင်းဆောင်မှာ အခက်အခဲတစ်ခုကြုံတိုင်း ထိုအဘိုးအိုဆီ အခစားဝင်ခွင့်ရဖို့ အမြဲ‌တောင်းဆိုတတ်လေသည်။

အမှန်တွင် အဘိုးအို၏အာဏာစက်က မည်သည့်မျိုးနွယ်စုခေါင်းဆောင်မဆိုထက် ကြီးမား၏။ သူ့အာဏာက ကျီးနတ်မင်းမျိုးနွယ်စု၏ အာဏာစစ်စစ်ဟုပင် ပြောနိုင်သည်။

ကျီးနတ်မင်းမျိုးနွယ်စု၏ ဟစ်ကြွေးတိုင်တည်သံများ ပဲ့တင်ထပ်လာသည့်အချိန်တွင် ထိုအဘိုးအိုသည် သူ့အိမ်၀န်းထဲက အခန်းထဲတွင် တရားထိုင်လျက်ရှိ၏။ ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့မျက်လုံးများ ပွင့်လာသည်။ ၎င်းတို့မှာ အတန်ငယ်မှုန်ဝါးနေသော်လည်း လျင်မြန်စွာ စူးရှတောက်ပလာပြီး သူက အသက်ပြင်းပြင်း ရှုသွင်းလိုက်၏။ သူသည် အခန်း၏အပြင် အိမ်၀န်းထဲသို့ လမ်းလျှောက်ထွက်လာပြီး အပေါ်သို့ မော့ကြည့်လိုက်ရာ အထွတ်မြတ်တောင်အပေါ်တွင် ပျံဝဲနေသော လူရိပ်ကို မြင်သွားသည်။

တစ်ချိန်တည်းမှာပင် အိမ်ဝန်းဘေးရှိ ဧရာမပလ္လင်ကြီးမှာ အထဲရှိ တစ်စုံတစ်ခု နိုးလာပြီး ထွက်လာဖို့ ပြင်နေသည့်အလား ပြင်းပြင်းထန်ထန် တုန်ရီလာသည်။

လေထဲတွင် မန်ဟိုက နောက်တစ်ကြိမ် ထွက်ပြေးဖို့ ကြိုးစားလိုက်‌သော အနက်ရောင်အ၀တ်အစားများနှင့် လူငယ်ကို အေးတိအေးစက် ကြည့်လိုက်သည်။ သူက အင်္ကျီလက်စကို ခါလိုက်ကာ ကောင်းကင်ထက်တွင် အရောင်အဝါများ ပြိုးပြိုးပျက်ပျက် လက်သွားစေပြီး လေပြင်းတစ်ချက် တိုက်ခတ်သွား‌‌စေ၏။ စွမ်းအားတစ်ရပ်က အနက်ရောင်အ၀တ်အစားနှင့် လူငယ်ကို ရစ်သိုင်းချုပ်နှောင်လိုက်သည်။ ထိုစွမ်းအားက သူ့အပေါ် ဖိနှိပ်လိုက်သဖြင့် သူ့မှာ သွေးပျက်မတတ် အကြောက်အကန် အော်တော့သည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်မှာ‌ ဖောက်ခနဲ ပေါက်ကွဲသွားပြီး ရုန်းကန်နေသော လင်းနို့နက်တစ်ကောင်အား ဖော်ပြလိုက်၏။

"မင်း ပြေးလို့မရဘူး" မန်ဟိုက ဖမ်းဆုပ်သည့်လက်ဟန်လုပ်ရင်း အေးစက်စက် ပြောလိုက်သည်။ သူ၏ လက်ချောင်းများက တောင်ငါးလုံးသဖွယ် လေကိုခွင်း၍ ‌လင်းနို့နက်ဆီ ထွက်သွားသည်။

လင်းနို့နက် စူးစူးဝါးဝါး အော်နေစဉ် နေရာရွှေ့ပြောင်းခြင်းအစွမ်းကဲ့သို့ အနီနှင့်အနက်ရောင်အလင်းက ၎င်းပတ်ပတ်လည်တွင် တောက်ပလာသည်။ ၎င်းမှာ ထွက်ပြေးဖို့ မည်မျှ အသည်းအသန်ကြိုးစားပါစေ အလင်းတန်းငါးတန်းက ၎င်းနား အမြဲရောက်လာသည်ကို တွေ့လိုက်ရသည်။ နောက်ဆုံးတော့ လင်းနို့နက်မှာ မချိတင်ကဲ အော်ရယ်လိုက်၏။ ၎င်းအနေဖြင့် ပြန်တိုက်ခိုက်နိုင်စွမ်း ကုန်ခမ်းသွား၍ အလင်းတန်းများ ၎င်းအပေါ် ဖိချလိုက်တော့သည်။

အလင်းတန်းများက မန်ဟို့လက်ထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားခဲ့ကာ ယခု သူ့လက်ထဲ၌ လင်းနို့ကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထားလေပြီ။ ထို့နောက် မန်ဟိုသည် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် အောက်ရှိလူအုပ်ကြီးကို ငုံ့ကြည့်လိုက်၏။

ပလ္လင်ဘေးရှိ အိမ်၀န်းထဲမှ စိတ်လှုပ်ရှားမှုများပြည့်သျှံ့နေသည့် အိုအိုမင်းမင်းအသံတစ်သံ ပဲ့တင်ထပ်လာသည်။ "မန်ဟို ..... လူကြီးမင်း တကယ်ပဲ လူကြီးမင်းလား"

တစ်ချိန်တည်းမှာပင် ပလ္လင်တစ်ဆူလုံး ဝုန်းခနဲ ပေါက်ကွဲကာ လေပေါ်ပျံတက်သွားသော အဖြူရောင်မြေခွေးတစ်ကောင်ကို ဖော်ပြလိုက်သည်။ ၎င်းက ခေါင်းနောက်လှန်၍ ဟိန်းလိုက်ပြီး မန်ဟို့ကို မြင်လျှင် မျက်ရည်များ ဖြိုင်ဖြိုင်စီးကျလာ၏။ ၎င်းသည် ၀မ်းသာပျော်ရွှင်နေသော တအီအီအသံများ ပြုရင်း သူ့ဆီ မြန်မြန်ပျံသန်းလာသည်။

"မောင်မွှေးထူ..." သူက ဧရာမမြေခွေးဖြူဖြူကြီးကို ကြည့်၍ ခပ်ဖွဖွ ခေါ်လိုက်သည်။ ထို့နောက် အိမ်ဝန်းထဲရှိ အဘိုးအိုကို ငုံ့ကြည့်လိုက်၏။ ထိုအဘိုးအိုမှာ ဝူချိန်မှတစ်ပါး အခြားမဟုတ်ပေ။

"ဝူချိန်..." သူက ခေါ်လိုက်သည်။ သူ့စိတ်ထဲတွင် အနောက်ပိုင်းသဲကန္တာရ၏ ပြောင်းရွှေ့ခြင်းကာလတစ်‌လျှောက် သူ့နောက် တကောက်ကောက် လိုက်ခဲ့သော ကောင်လေး၏ ပုံရိပ်ကို မြင်ယောင်လာ၏။ ယခုတော့ ကောင်လေးကား အဘိုးကြီးဖြစ်နေခဲ့လေပြီ။ ထိုအချိန်တုန်းက အဖြစ်အပျက်များကို ပြန်တွေးရင်း မန်ဟို့မျက်မှာအမူအရာမှာ နူးညံ့ပျော့ပျောင်းသွားပြီး သူက ကျီးနတ်မင်းမျိုးနွယ်စုထံ ပျံဆင်းလိုက်သည်။

"ဝူချိန် ကိုးကွယ်ရာဘိုးဘေးကြီးကို အရိုအသေပြုပါတယ်" ဝူချိန်က ဒူးထောက်ရင်း စိတ်လှုပ်တရှား ဆိုသည်။ ကျန်ကျီးနတ်မင်းမျိုးနွယ်ဝင်များမှာတော့ မန်ဟို့ကို ကြောင်၍ ငေးကြည့်နေကြ၏။ သူတို့အတွက် မန်ဟိုမှာ သူစိမ်းမဟုတ်ပေ။ သူတို့တစ်ဘ၀လုံး သူ၏ ရုပ်တုကို ကိုးကွယ်ရှိခိုးနေခဲ့ကြသည် မဟုတ်ပါလော။

"အခုချက်ချင်း ကိုးကွယ်ရာဘိုးဘေးကြီးကို အရိုအသေပြုကြစမ်း" ဝူချိန်က ကြိမ်းမောင်းလိုက်သည်။ ချက်ချင်းပင် မျိုးနွယ်ဝင်အားလုံး ဒူးထောက်၍ အရိုအသေပေးကြသည်။

ကျီးနတ်မင်းမျိုးနွယ်စုမှာ လုံးလုံးလျားလျား တုန်လှုပ်နေကြပြီး မကြာခင် မန်ဟို ပြန်ရောက်လာသော သတင်းက တောမီးသဖွယ် ပျံ့နှံ့လာခဲ့ရာ အနက်ရောင်နယ်မြေအကုန်လုံး ဆူညံပွက်လောရိုက်ကုန်တော့သည်။ မရေမတွက်နိုင်သောမျိုးနွယ်စုများမှ အကြီးအကဲများနှင့် မျိုးနွယ်စုခေါင်းဆောင်များသည် အရိုအသေပေးရန် ကျီးနတ်မင်းမျိုးနွယ်စုသို့ အလုံးအရင်းဖြင့် ခရီးနှင်လာကြ၏။

ကျီးနတ်မင်းမျိုးနွယ်စုက စားပွဲသောက်ပွဲကြီးကို သုံးရက်သုံးညတိုင်တိုင် ကျင်းပ၏။ မန်ဟိုက ထွက်ခွာမည့်အချိန်ရောက်လျှင် ဆေးလုံးများနှင့် မှော်ပစ္စည်းအများအပြား ဝူချိန့်ကို ပေးခဲ့သည်။ သူသည် မောင်မွေးထူကို သူနှင့်အတူ ခေါ်သွားချင်သော်လည်း အတန်ကြာချင့်ချိန်ပြီးနောက် ခေါ်မသွားရန် ဆုံးဖြတ်လိုက်၏။

ကျီးနတ်မင်းမျိုးနွယ်စုသည် မောင်မွေးထူကို ကိုးကွယ်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၍ နက်ရှိုင်းသောခံစားချက်များကား အမြစ်တွယ်နေခဲ့လေပြီ။ မောင်မွှေးထူ၏ ဆန္ဒကလည်း သူတို့ကို စောင့်ရှောက်ဖို့ ဤနေရာတွင် နေရစ်ခဲ့ချင်၏။ မန်ဟို လုပ်နိုင်သမျှမှာတော့ မောင်မွှေးထူ၏ ကျင့်ကြံခြင်းအခြေခံကို အဆင့်မြှင့်ပေးပြီး အသက်ရှည်ရှည်နေရအောင် ကူညီပေးရုံသာ ‌ဖြစ်သည်။

ထို့နောက် မန်ဟိုသည် အနက်ရောင်‌နယ်မြေမှ ထွက်လာခဲ့ကာ တောင်ပိုင်းဒေသသို့ ၀င်ရောက်လိုက်၏။

အရှေ့ဘက်နယ်မြေပေါ်က နေရာအားလုံးထဲတွင် တောင်ပိုင်းဒေသမှာ မန်ဟို့အတွက် မမေ့နိုင်ဆုံးသောအမှတ်တရများ ပေါက်ဖွားခဲ့ရာ နေရာဖြစ်သည်။ ဤနေရာတွင် သူ ကြီးပြင်းလာခဲ့သည်။ တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။ သူနှင့်ရှုချင် ပါရမီဖြည့်ဖက်များ ဖြစ်လာခဲ့သည်။ ၎င်းကား အမှန်ပင် ... အရာအားလုံး ဖြစ်ပွားခဲ့သော နေရာဖြစ်ချေ၏။

၎င်းအတွက် သူသည် စစ်ပင် တိုက်ခဲ့သေးသည်။

မန်ဟို အနက်ရောင်နယ်မြေမှ ထွက်၍ တောင်ပိုင်းဒေသသို့ ဝင်ရောက်လိုက်သည့်အခါ အမှတ်တရများသည် ရင်တွင် ပလုံစီထ ဗြောင်းဆန်လာခဲ့၏။ တောင်များ ၊ မြစ်များ ... အကုန်လုံး အရင်အတိုင်းရှိနေသည်။ ရနံ့များပင်လျှင် ရင်းနှီးနေသည်။

အိမ်၏ ရနံ့......

“တောင်ပိုင်းဒေသ ....” သူက တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ထို့နောက် သူသည် အခြားကျင့်ကြံသူများနည်းတူ ဟိုဟိုသည်သည် လျှောက်သွားကြ၏။ ပြန်လည်မွေးဖွားခြင်းဂူ၊ ရှေးကံကြမ္မာဆိုးဘုရားကျောင်း အစရှိသဖြင့် သူ တစ်ခါက ရောက်ခဲ့ဖူးသော နေရာများ ....။ ဂိုဏ်းများနှင့် စုန့်မျိုးနွယ်စုပင် ပါဝင်သည်။

သူသည် ထိုနေရာများသို့ သွားသော်လည်း ခပ်လျင်လျင်သာ ကြည့်၍ ကြာကြာမနေပေ။

နောက်ဆုံးတော့ .... ကျိုးပြည်ရှိခဲ့ဖူးသည့် နေရာသို့ သူ ရောက်လာခဲ့သည်။ ထိုနေရာရှိ ကန်ကြီးမှာ ယခုတော့ မရေမတွက်နိုင်သော အိမ်များ၊ အဆောက်အအုံများဖြင့် ခြံရံလျက် ရှိချေပြီ။ ဤနေရာသည် အထွတ်မြတ်မြေတစ်မြေ ဖြစ်လာခဲ့ရာ ကျင့်ကြံသူများစွာ အစဉ်အမြဲ စောင့်ကြပ်နေကြ၏။ အပြင်လူများ မဝင်ရောက်လာအောင် တားထားသော တားမြစ်မန္တန်ဝင်္ကပါများပင် ခင်းကျင်းထားကြသည်။

မှန်ပါသည်၊ ထိုမန္တန်များက မန်ဟို ဝင်မလာအောင် မလုပ်နိုင်ပေ။ သူသည် ကန်လယ်ရှိ ကျွန်းငယ်လေးအပေါ်တွင် ပေါ်လာကာ စိမ်းစိုနေသောမြက်များနှင့် လှိုင်းကြက်ခွပ်များ ထနေသော ကန်ရေပြာကို ငေးကြည့်လိုက်၏။ ဤကျွန်းပေါ်တွင် ကျင်းပခဲ့သော လက်ထပ်ပွဲအကြောင်း ပြန်တွေးလိုက်သည့်အခါ ရှုချင်၏ပုံရိပ်လေးများသည် သူ့စိတ်ထဲတွင် မျောလွင့်လာ၏။

ဆေးလုံးမိစ္ဆာက သဘာပတိအဖြစ် ကြီးမှူးခဲ့ပြီး ချူယွီယန်ပင်လျှင် တက်ရောက်ခဲ့သည်။ မြောက်များစွာသော ဂိုဏ်းများ၊ မျိုးနွယ်စုများ ဂုဏ်ပြုစကားလာရောက်ဆိုခဲ့ကြသည့်အပြင် သင်းကွဲကျင့်ကြံသူများဖြင့်ပင် တစ်နေရာလုံးကြိတ်ကြိတ်တိုးခဲ့သည်။ ၎င်းကား အတိုင်းထက်အလွန် စည်ကားပြီး စိတ်လှုပ်ရှားရင်ခုန်ဖွယ်အခါသမယတစ်ခု ဖြစ်ခဲ့၏။

ထိုစဉ်က ကျွန်းအား မီးအိမ်များ ၊ အောင်လံတံခွန်များဖြင့် လှပစွာ တန်ဆာဆင်ထားခဲ့သည်။ ဝမ်းသာမှု၊ ကြည်နူးမှု၊ ပီတိဖြစ်မှုတို့မှာ သိသာထင်ရှားမြင်သာခဲ့သည်....

မန်ဟိုသည် လမ်းလျှောက်ရင်း ထိုအရာများကို တွေးနေမိ၏။ အမှတ်တရများက တစ်ခုပေါ်တစ်ခုထပ်၍ စုဝေးလာခဲ့ရာ ... သူ့မှာ ထိုမင်္ဂလာပွဲနေ့ကို ပြန်ရောက်သွားသလို ခံစားလာရသည်။

“ချင်းအာ.....” သူ့နှလုံးသားသည် လွမ်းဆွတ်မှုတို့ ဆို့ကြပ်လျက် စူး၍အောင့်ကာ နာကျင်နေ၏။ သူ့မျက်လုံးများ ဝါးလာပြီး ရုတ်တရက် နီစွေးသောသတို့သမီးဝတ်ရုံလေးနှင့် မိန်းကလေးတစ်ယောက်ကို မြင်လိုက်သည်။ သူမသည် သူ့အရှေ့တွင် ရှက်ရွံ့စွာ ရပ်နေသော်လည်း မျက်ဝန်းလေးများမှာ ဆောင်းဦးမိုးစက်လေးများသဖွယ် ရွှန်းလဲ့လျက်ရှိ၏။ သူမက သူ့မျက်ဝန်းများကို နူးညံ့ကြင်နာစွာ စိုက်ကြည့်နေသည်။

မန်ဟိုသည် သူမကို ပြန်ပြုံးပြီးနောက် ကျွန်းပေါ်တွင် ဆက်လျှောက်နေသည်။ သူ သွားသည့်နေရာတိုင်းမှာ ရင်းနှီးနေပြီး ဤနေရာမှာ သူနှင့်ရှုချင် လက်ထပ်ပြီးလျှင် အတူနေဖို့တိုင်ပင်ထားခဲ့သည့်နေရာဖြစ်ကြောင်း သူ့ကို သတိရနေစေသည်။

အချိန်များ ကုန်လွန်သွားပြီး မကြာမီ ညနေစောင်းလာ၏။ အနောက်ယွန်းယွန်း၌ မေးတင်နေသော နေမင်းကြီးသည် ကန်ရေပြင်ထက်၌ ရောင်ပြန်ဟပ်ကာ ကျွန်းကို ရွှေရောင်သမ်းလျက် လှပနေစေသည်။ မန်ဟိုသည် လွမ်းဆွေးနေသောအမူအရာဖြင့် ရေပြင်ကို ငေးရင်း ကမ်းစပ်၌ ရပ်နေ၏။

ရုတ်တရက် သူ့အနောက်မှ အသံတစ်သံ ကြားလိုက်ရသည်။

“တစ်ဆိတ်လောက် မင်းက ဘယ်ကလဲ။ ဒီမှာ ဘာလုပ်နေတာလဲ” အသံမှာ အံ့အားသင့်နေသလို့ မသင်္ကာဖြစ်နေသံပေါက်သည်။ မန်ဟိုက လှည့်ကြည့်လိုက်ရာ သူ့အနား ချဉ်းကပ်လာနေသော ကျင့်ကြံသူသုံးယောက်ကို မျက်နှာမူနေရကြောင်း တွေ့လိုက်သည်။

နှစ်ယောက်က အမျိုးသား၊ တစ်ယောက်က အမျိုးသမီးဖြစ်ပြီး မန်ဟိုသည် သူတို့ ကျွန်းတွင် သန့်ရှင်းထိန်းသိမ်းမှုများ လုပ်ဆောင်နေသည်ကို အစောကတည်းက မြင်ခဲ့ပြီးသားဖြစ်၏။ သူတို့၏တာဝန်သိရိုသေနေသောဟန်ပန်များကြောင့် သူတို့ကို မနှောင့်ယှက်ဘဲ တစ်ယောက်တည်း ကျွန်းဆီ သွားဖို့ သူ ရွေးချယ်ခဲ့လေသည်။

“ဒါက အထွတ်မြတ်မြေ” မိန်းကလေးက သူမလေသံ၏ခက်ထန်နေမှုကို မဖုံးကွယ်ဘဲ ပြောသည်။ “ခွင့်ပြုချက်မရှိဘဲ ဒီနေရာကို လာခွင့်မရှိဘူး။ ကျူးကျော်တာဆိုရင် ရှင် အပြစ်ကြီးကြီးလေးလေးပေးခံရလိမ့်မယ်။ အခုချက်ချင်း ရှင့်သက်သေခံတံဆိပ်ပြားကို ပြစမ်း” သူမစကားပြောနေစဉ် အမျိုးသားနှစ်ယောက်က ခက်ထန်သောမျက်ဝန်းများဖြင့် မန်ဟို့ကို ဝိုင်းလိုက်ကြသည်။

ရုတ်တရက် နေမင်း၏အလင်းရောင်က သူ့မျက်နှာကို ဖြာကျသွားရာ နှစ်ယောက်ထဲမှ တစ်ယောက်မှာ မှင်သက်သွားတော့သည်။ သူသည် မန်ဟို့ကို တစ်နေရာရာတွင် မြင်ဖူးသလို ခံစားလိုက်ရသော်လည်း ဘယ်နေရာမှန်း မသိပေ။ ကျန်နှစ်ယောက်တွင်လည်း တူညီသောအမူအရာများ ရှိကြသည်။ သို့သော် ဤအခိုက်အတန့်တွင် မန်ဟိုက ခေါင်းခါ၍ ပြော၏။ “ငါ့မှာ သက်သေခံတံဆိပ်ပြား မရှိဘူး”

ကျင့်ကြံသူသုံးယောက်၏မျက်နှာများ ချက်ချင်း မည်းမှောင်သွားသည်။

“ရာရာစစ” မိန်းကလေးက ပြောသည်။ “ဒါက ဘိုးဘေးကြီးရဲ့ အိမ်ဟောင်းပဲ။ တောင်ပိုင်းဒေသက ကျင့်ကြံသူတိုင်း ကျွန်းပေါ် ခြေလှမ်းတစ်ဝက်တောင် ချခွင့်မရှိမှန်း သိတယ်။ ဒီနေရာက ပေါက်ပန်းလေးဆယ်နေရာလို့ ထင်သလား။ ဒီထဲ ခိုးဝင်တာက စော်ကားရိုင်းပျမှုပဲရှင့်” မိန်းကလေးက မှော်သိုင်းကွက်တစ်ကွက် ထုတ်လွှတ်ရန် ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်သည်။ တစ်ဆက်တည်းမှာပင် သူမသည် ကမ်းစပ်ရှိ ဂိုဏ်းတူများကို အသိပေးဖို့ ကျောက်စိမ်းပြားတစ်ပြားကို ချိုးလိုက်၏။

“ငါ ဒါကို ပေါက်ပန်းလေးဆယ်နေရာလို့ ဘယ်တော့မှ မမှတ်ခဲ့ပါဘူး” မန်ဟိုက နူးညံ့ညင်သာစွာ ပြန်ဖြေသည်။ “ဒါက ... ငါ့အိမ်ပဲလေ”

“မင်းအိမ်တဲ့လား” အမျိုးသားတစ်ယောက်က အေးစက်စက် ရယ်ရင်း မုဒြာလက်ကွက်ဖော်ကာ ပြောသည်။ “ဟာသပြောနေတာလား။ ဒါက ဘိုးဘေးကြီးရဲ့အိမ်ကွ ဒါ.....”

မန်ဟိုသည် ဖြေရှင်းချက်ပေးဖို့ စိတ်မဝင်စားပေ။ သူက ခေါင်းတခါခါနှင့် မျက်ဝန်းများ၌ အမှတ်တရများဖြင့် ပြည့်သျှံနေလျက် သက်ပြင်းချပြီးနောက် ရှေ့တစ်လှမ်းလှမ်းကာ ဖျတ်ခနဲ ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် မှော်သိုင်းကွက်သုံးကွက်က ပြေးဝင်လာခဲ့သော်လည်း လေကိုသာ ထိခဲ့၏။ ကျင့်ကြံသူသုံးယောက်မှာ မန်ဟို ပျောက်သွားခဲ့သည့်နေရာကို မျက်လုံးအပြူးသားနှင့်ကြည့်၍ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

“သူ့ကို ရင်းနှီးနေတယ်မထင်ဘူးလားဟင်” မိန်းကလေးက မေးလိုက်သည်။

သူမဘေးတွင် ရပ်နေသော အမျိုးသားက ပြောသည်။ “ဒီနေရာက သူ့အိမ်လို့ ပြောခဲ့တာမလား။ ဒါပေမဲ့ ဒါက ဘိုးဘေးကြီးရဲ့အိမ်ဟောင်းလေ။ သူ့ကိုယ်သူ ဘာထင်နေလဲ ဘိုးဘေးကြီးလား” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း သူ့မှာ မျက်လုံးပြူးသွားတော့၏။

နောက်အမျိုးသားလည်း မျက်နှာပျက်၍ ဘုရားတလိုက်သည်။ သူက အသံဩဩကြီးဖြင့် ပြောလေသည်။ “ဘိုးဘေးကြီး ... သူက ဘိုးဘေးကြီးနဲ့ ချွတ်စွပ်ပဲ”

သူတို့ တစ်ယောက်ကိုတစ်ယောက် တအံ့တဩ ကြည့်နေကြစဉ် အလင်းတန်းဒါဇင်ပေါင်းများစွာသည် သူတို့ရှိရာသို့ ပျံသန်းလာနေကြ၏။ ဩဇာညောင်းပုံရသောအဘိုးကြီးတစ်ဦးက ရှေ့မှ ဦးဆောင်လာပြီး သူ့မျက်လုံးများကား မီးဝင်းဝင်းတောက်လျက်ရှိသည်။

“ဘယ်သူက ဘိုးဘေးကြီးရဲ့အိမ်ဟောင်းထဲ ရာရာစစ ခိုးဝင်ခဲ့တာလဲ”

All Chapters