← Chapters

နောက်ဆုံးဝှက်ဖဲ ထုတ်သုံးခြင်း

Vol. 71 Ch. 929

နောက်ဆုံးဝှက်ဖဲ ထုတ်သုံးခြင်း

Vol. 71 Ch. 929

“နင့်ဆီက လက်ဆောင်ဟုတ်လား”

ချင်မူ စိတ်တိုသွားသည်။ သူ့ခန္ဓာကိုယ် ရိပ်ခနဲ လှုပ်ရှားလိုက်သည့်အခါ ကောင်းကင်ထဲတွင် ကြယ်ရောင်များ တောက်ပလင်းလက်သွားပြီး သူ၏ရုပ်ခန္ဓာသည် ဖြေးဖြေးမှန်မှန် ကြီးထွားလာ၏။

သူ့မျက်ခုံးများ၊ မျက်လုံးများက အဖြူရောင်ဖြစ်ပြီး အဆုံးမရှိသော ကြယ်ရောင်တို့ ဖြန့်ကျက်နေသဖြင့် ကောင်းကင်နယ်စားမင်းအသေးစားနှင့် တူနေသည်။ သူက လက်မြှောက်၍ ကောင်းကင်ထဲရှိ ကြယ်တာရာများကို ရွှေ့ပြောင်းနေရင်း မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံကြီးဖြင့် ပြော၏။ “နင်ပြောတဲ့ ချီးထုပ်တိုင်းက ငါ့အစွမ်းအစနဲ့ငါ ရထားတာချည်းပဲ… နင် ငါ့ကို ဘာမှ လာပေးနေစရာမလိုဘူး”

ကောင်းကင်နယ်စားမင်းအစစ် အမှန်တကယ် ရောက်ရှိလာသည့်အလား ထင်ရသည်။ ချင်မူ လက်သီးနှင့် ခြေထောက်များကို ဝှေ့ယမ်းဝိုက်ကန်လိုက်သည့်အခါ သူ၏ဦးခေါင်းအထက်ရှိ ကြယ်ရောင်သည် ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားပြီးနောက် သတ္တမကောင်းကင်တာအို၊ ကောင်းကင်ပေါင်းမိုး ဖြစ်လာ၏။

ကောင်းကင်ပေါင်းမိုးကား ကျယ်ဝန်းကြီးမားပြီး မိုင်တစ်ရာပတ်ပတ်လည်တွင် မိုးပြာရောင်ဖြင့် ခြုံလွှမ်းထားသည်။ ဤနေရာအတွင်းရှိ ကောင်းကင်တာအိုကို ထိန်းချုပ်‌နေသော ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုက ချင်မူဖြစ်ကြောင်း ပြသနေချေသည်။

ချင်မူ၏လက်ဝါးအတွင်း၌မူ စတုတ္ထကောင်းကင်တာအို၊ ကောင်းကင်မုဒြာ ရှိသည်။

သူ၏သိုင်းကွက်တိုင်းက ကောင်းကင်နယ်စားမင်းကိုယ်တိုင် အမှောင်ခွင်း၍ အလင်းဆောင်နေသည့်အလား ထင်ရစေသည်။ သူက ယွင်ချွီးရှိ့၏ တာအိုနှလုံးသားဆီသို့ တိုက်ခိုက်ရင်း သူမ၏နှလုံးသားအတွင်းရှိ မကောင်းမှုများ၊ အားနည်းချက်များနှင့် အားသာချက်များကို ဖော်ထုတ်ချင်နေသည်။ သူမ၏ နတ်ဘုရားသဘာဝကို ဖျက်စီး၍ လူသားဖြစ်စေချင်၏။ ထို့နောက်တွင် မျက်ရည်ကြီးငယ် ပေါက်ပေါက်ကျသည့်တိုင်အောင် ရိုက်နှက်ပစ်ချင်နေသည်။

သူ၏အနောက်တွင် ကောင်းကင်ဘုံဥပဒေသည် ခုနစ်စဉ်ကြယ်သဖွယ် ထင်မှတ်ရ၏။ ကောင်းကင်အသိအမြင်က ထီးသဖွယ် ဖွဲ့တည်လျက်ရှိပြီး ‌ကောင်းကင်ယန်သည် ဧရာမနေလုံးကြီးအဖြစ်လည်းကောင်း၊ ကောင်းကင်ယင်သည် ဧရာမလမင်းကြီးအဖြစ်လည်းကောင်း ပေါ်လွင်နေသည်။

သူ့ခြေထောက်အောက်တွင်တော့ ကောင်းကင်စင်မြင့် ရှိသည်။ သူ့ခေါင်းအထက်ရှိ ချီစွမ်းအင်က ပေါင်းမိုးအသွင် ဖွဲ့တည်ထားပြီး သူ၏မျက်လုံးနှစ်လုံးစလုံးက ကောင်းကင်တာအို၏ အမျက်ဒေါသကို ထုတ်လွှတ်လျက်ရှိသော ကောင်းကင်မျက်လုံးများ ဖြစ်ကြသည်။

ချီကျုံရီက ယွင်ကျန်းလီဘက်သို့ တအံ့တဩ လှည့်ကြည့်ပြီးနောက် ခပ်တိုးတိုး ကပ်ပြောသည်။ “ဂိုဏ်းသခင်ချင်ရဲ့ ‌ကောင်းကင်နတ်သိုင်းတွေက ယွင်မိသားစုရဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့ အတော်လေး တူတာပဲ... ကောင်းကင်နတ်သိုင်းတွေက အမြဲပြောင်းလဲနေပြီး ထပ်နေတာ မရှိဘူး”

ယွင်ကျန်းလီလည်း အံ့အားသင့်နေသည်။ “မတူတာတော့ ရှိသေးတယ်... ကောင်းကင်နတ်အရှင်မူကြည့်ရတာ ဒီသိုင်းကွက်တွေကို အခုမှ တတ်မြောက်သွားလို့ သိပ်မကျွမ်းသေးတဲ့ ပုံပေါ်တယ်... ဒါတွေက ငါ့မိသားစုရဲ့ ကျင့်စဉ်သိုင်းကွက်တွေ မဟုတ်ဘူး... အာ ငါ သိပြီ”

သူက အသံကို နှိမ့်၍ ပြော၏။ “ကောင်းကင်နတ်အရှင်မူက ဖန်ဆင်းပညာမှာ ကျွမ်းကျင်ပြီး ကောင်းကင်တာအိုနဲ့ အင်မတန် ရင်းနှီးတယ်... ဒါကြောင့် ငါ့မိသားစုရဲ့ သိုင်းကွက်တွေနဲ့ ဆင်တူတဲ့ သိုင်းကွက်တွေကို ထုတ်လွှတ်နိုင်တာပဲ”

ယွင်ချွီးရှို့မှာ ခြေတစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်နေရသဖြင့် ဒေါသမထွက်ဘဲ မနေတော့ပေ။

သူမ၏အမြင်အရ ချင်မူသည် နောက်ဆုတ်ပေးရကောင်းမှန်း မသိပေ။ သူက သူမအပေါ်တွင် အသက်ကြွေးတင်နေသူမဟုတ်ပါလော။ သူမသာ နဂါးသွဲ့ရေကန်တွင် ကောင်းကင်နတ်အရှင်ရုံကို မကူညီဘဲ ထိုကောင်းကင်နတ်အရှင်နှစ်ယောက်အား တိုက်ခိုက်စေခဲ့လျှင် ချင်မူ ယခုအချိန်တွင် သေနေလောက်ပြီဖြစ်သည်။

သို့ဖြစ်၍ သူမ သူ့ကို ချီးထုပ်ပေးလိုက်၍လည်း ဘာအရေးနည်း။

သို့သော် ချင်မူ၏သိုင်းကွက်များသည် ကြမ်းသထက် ကြမ်းလာ၏။ ကောင်းကင်တာအို ကောင်းကင်နတ်သိုင်းတိုင်းက သူ့လက်ချောင်းထိပ်ဖျားမှ လွယ်ကူသွက်လက်စွာ ထွက်လာနေသည်။ သိုင်းကွက်တစ်ကွက်စီ၏ စွမ်းအားကား ကြောက်စရာကောင်းလောက်အောင် အားကောင်းပြင်းထန်ပြီး မှော်စွမ်းအင် မည်မျှသိပ်သည်းကြောင်း၊ သူက ရွယ်တူများထက် မည်မျှသာလွန်ကြောင်း ပြသနေသည်။

ယွင်ချွီးရှို့မှာ ဒေါသအမျက်ထွက်နေသော်လည်း အင်အားပိုမိုပြသရန် တွန့်ဆုတ်နေမိသည်။

ဤနေရာတွင် ဖြစ်ပျက်နေသော အရာအပေါ် အာရုံစိုက်နေသော မျက်လုံးများစွာ ရှိနေကြောင်း သူမ ခံစားရလေသည်။ ချင်မူသည် အခြေအနေနှင့် အချိန်အခါကို နားမလည်သော တဇွတ်ထိုးသမား ဖြစ်သော်လည်း သူမကတော့ ဤမျက်လုံးများသည် ကောင်းကင်နတ်အရှင်များ ဖြစ်ကြောင်း သိထား၏။

သူမ ချင်မူ့ကို သတ်လိုက်လျှင် သို့မဟုတ် သူမ၏ ပြိုင်ဘက်ကင်းသိုင်းကွက် ထုတ်ပြလိုက်လျှင် သူမကို အနိုင်ယူနိုင်မည့် အခွင့်အရေးအား ကျန်ကောင်းကင်နတ်အရှင်များ ရရှိသွားလိမ့်မည်။

လောလောဆယ်တွင် လက်ရှိကောင်းကင်နတ်အရှင်ဆယ်ယောက်သည် ကောင်းကင်နတ်ဘုံအဆင့်ကျင့်စဉ် ပြည့်စုံအောင် ကြိုးစားနေကြ၏။ သို့သော် ကောင်းကင်နတ်အရှင်ဆယ်ယောက်ကား အတိတ်တုန်းကလို မဟုတ်တော့ပေ။ သူတို့အကြား ကတောက်ကဆများ ရှိ၍ တစ်ယောက်နှင့်တစ်ယောက် မယုံကြရာ တစ်ယောက်တည်းသာ အလုပ်လုပ်တတ်ကြသည်။

ကောင်းကင်နတ်အရှင်ဆယ်ယောက်မှာ ကောင်းကင်နတ်ဘုံအဆင့်သို့ ရာနှုန်းပြည့် မရောက်ကြသေးပေ။ အရင်ဆုံးရောက်သူက ဤကမ္ဘာ၏ အရှင်ဘုရင် ဖြစ်လာလိမ့်မည်။

သူမသာ ကျန်ကောင်းကင်နတ်အရှင်များ၏ ပြည့်စုံသော ကျင့်စဉ်များကို ရယူနိုင်လျှင် သူမအတွက် များစွာအကျိုးရှိလိမ့်မည်။ ပထမအချက်၊ ကောင်းကင်နတ်ဘုံအဆင့် ကျင့်စဉ်အပြည့်အစုံ ဖော်ဆောင်ရာတွင် အကူအညီဖြစ်မည်။ ဒုတိယအချက်၊ ၎င်းကို အသုံးချ၍ ကျန်ကောင်းကင်နတ်အရှင်များ၏ ကျင့်စဉ်များ၌ အားနည်းချက်များ ရှာဖွေနိုင်မည်။

ကောင်းကင်နတ်အရှင်များသည် တစ်ယောက်အကြောင်း တစ်ယောက်သိရရန် သူလျှိုများပင် စေလွှတ်ရင်း အကောက်ကြံစည်တတ်ကြ၏။ ထို့ကြောင့် ကောင်းကင်နတ်အရှင်များက တပည့်လက်ခံပြီးနောက် သူတို့၏ ကျင့်စဉ်အစစ်များကို မသင်ကြားပေးလိုတော့ခြင်း ဖြစ်သည်။

‘ဒီကောင်လေးက တော်တော် ဇွဲရှိတာပဲ... ငါ့ရဲ့ တကယ့် ကောင်းကင်နတ်သိုင်းကွက်ကို မထုတ်လွှတ်နိုင်ရင် သူ့ကို ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်... ဒါပေမဲ့ ဒီခန္ဓာကိုယ်က တစ္ဆေသင်္ဘောအပေါ်က ရုပ်ခန္ဓာမဟုတ်ဘူး... ဖန်ဆင်း‌ကောင်းကင်လက်နက်နဲ့ ဖန်ဆင်းထားတဲ့ ရုပ်ခန္ဓာဆိုတော့ လောလောဆယ် မှော်စွမ်းအင်အများကြီး လက်မခံနိုင်သေးဘူး’

ယွင်ချွီးရှို့မှာ ဒဏ်ရာရနေသည့် နေရာများ တစတစ များလာ၍ ဒေါသထွက်လာတော့သည်။

သူမ၏လက်ရှိ ခန္ဓာကိုယ်မှာ ကောင်းကင်တံတားအဆင့်၌သာ ဖြစ်ပြီး ကောင်းကင်နန်းဆောင်အဆင့်သို့ မတက်ရသေးပေ။ စောစောက မူလသစ်ပင်၏ အူတိုင်ဆီမှ စွမ်းအား ပေါ်ထွက်လာမှုမှာ သူမ၏ခန္ဓာကိုယ်အစစ်မှ ကူးပြောင်းပေးပို့လိုက်သော မှော်စွမ်းအင်ဖြင့် လှုံ့ဆော်ခံလိုက်ရခြင်းကြောင့် ဖြစ်သည်။

သို့သော် ဤခန္ဓာကိုယ်၏ အစွမ်းအစများကိုသာ အားကိုးနေလျှင် ပြိုင်ဘက်ကင်းသိုင်းကွက်ကို ထုတ်မသုံးသရွေ့ ချင်မူ့အား ရင်ဆိုင်ရန် အလွန်ခက်လိမ့်မည်။

နှစ်ယောက်သား မြန်သထက် မြန်လာ၏။ ချင်မူက သူမကောင်းကင်နတ်သိုင်းအစစ် ထုတ်ဖော်ရအောင် ဖိအားပေးချင်သော်လည်း ယွီချွီးရှို့ကား အကင်းပါလှသည်။ သူ့သိုင်းကွက်များ မည်မျှကြမ်းတမ်းစေကာမူ ၊ ကောင်းစွာ ကိုယ်တွယ်နိုင်၏။

ဤအခိုက်အတန့်တွင် ဧရာမလက်ကြီးတစ်ဖက်က ကောင်းကင်ထက်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး လန်ရွှမ်နတ်နန်းတော်၏ မိုးပျံနန်းဆောင်များကို ထိုးဖောက်ရင်း ချင်မူ့ဆီ ကျလာနေသည်။

ချင်မူ၏ခန္ဓာကိုယ်က နွားခေါင်း၊ လူကိုယ်၊ ကျားမျက်နှာရှိသော မြေအောက်ဘုံအရှင်သခင်အသွင် ပြောင်းလဲသွား၏။ ရှည်လျားလှသော သူ၏ဦးချိုကြီးများကား ကောင်းကင်ထဲသို့ ထောင်မတ်နေသည်။ ဦးချိုကြီးဆီမှ မိစ္ဆာနတ်ဆိုးမီးလျှံ ချော်ရည်ပူများက အဝါရောင်စမ်းချောင်းနှစ်စင်းသဖွယ် စီးကျနေသည်။ ချင်မူက လက်မြှောက်၍ မျက်ခုံးနှစ်ဖက်ကြားကို ပွတ်ဆွဲကာ ဒေါင်လိုက်မျက်လုံးအား ဖွင့်လိုက်သည်။

ရွှစ်

ဓားအလင်းတန်းတစ်တန်းက ကျဆင်းလာနေသည့် လက်ကြီးအား နှစ်ခြမ်းခွဲပစ်လိုက်သည်။ အင့်ခနဲ ညည်းသံတစ်ချက် ကြားလိုက်ရသည့်အချိန်တွင် နတ်ဘုရားသွေးက လက်ပြတ်ကြီးနှစ်ခုနှင့်အတူ ဝေဟင်ထက်မှ ပြုတ်ကျလာသည်။

မိစ္ဆာနတ်ဘုရားတစ်ပါးက အဝေးတွင် တိတ်ဆိတ်စွာ ပုန်းအောင်းရင်း ချင်မူ ယွင်ချွီးရှို့နှင့် တိုက်ခိက်နေစဉ် အငိုက်ဖမ်းသတ်ဖြတ်ရန် ကြိုးစားခဲ့၏။ သို့သော် ချင်မူ မြေအောက်ဘုံအရှင်သခင်အသွင် ပြောင်းလဲပြီး ‌မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးကို အသုံးချကာ သူ့လက်အား ဖြတ်တောက်နိုင်လိမ့်မည်ဟု သူ မထင်ထာခဲ့ပေ။

ချင်မူ၏ ဒေါင်လိုက်မျက်လုံးတမျှ အားကောင်းသော မျက်လုံးမျိုး တွေ့ရခဲလေသည်။ မိစ္ဆာနတ်ဘုရားသည်လည်း နယ်နယ်ရရမဟုတ်။ ချင်မူ့ကြောင့် လက်ပြတ်သွားသည်နှင့် သဲလွန်စပင် မကျန် ပျောက်ကွယ်သွားတော့သည်။

ယွင်ချွီးရှို့က ထိုအခြေအနေကို အခွင့်အကောင်းယူကာ တိုက်ခိုက်သည်။ သူမသည် ချင်မူ့အနောက်၌ ပေါ်လာပြီး နောက်ကျောပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်၏။

ဘန်း

လက်ဝါးချက် ကျရောက်သွားသည့်အချိန်တွင် လက်ဝါး၏အလယ်နေရာမှာ အဆုံးသတ်မြို့ပျက်၏ အသူရာချောက်နက်ဖြစ်လာသည့်အလား ထင်ရသည်။ လက်ဝါးသည် ချင်မူ၏ ရုပ်ခန္ဓာကို အလယ်ဗဟိုဆီသို့ ချက်ချင်း ဆွဲငင်လိုက်၏။

ရုတ်တရက် ယွင်ချွီးရှို့၏ လက်ဖမိုး ကွဲထွက်သွားသည်။ ဓားအလင်းတန်းတစ်တန်းက သူမ၏လက်ဖမိုးမှ ဖောက်ထွက်လာပြီး မျက်ခုံးနှစ်ဖက်ကြားသို့ စိုက်ဝင်လာလေသည်။

ယွင်ချွီးရှို့မှာ ကြောက်လန့်တကြားဖြင့် ကပျာကယာ နောက်ဆုတ်သည်။ သို့သော် ချင်မူသည် သူမလက်ဝါးအသားမှ ထွက်နေသလို ဖြစ်နေ၏။ သူက တစ်ပေသာ မြင့်မားပြီး သူမ၏အသားနှင့် တစ်သားတည်း ပေါင်းစည်းနေသည်။ သူမမည်မျှ နောက်ဆုတ်စေကာမူ ၊ သူ့ကို‌သော်လည်းကောင်း၊ ဓားကိုသော်လည်းကောင်း ခါထုတ်မရပေ။

ယွင်ချွီးရှို့က ကျန်လက်တစ်ဖက်ကို တင်းတင်းဆုပ်၍ ပျက်စီးနေသော ပလ္လင်ခန်းမတစ်ခုအား အစိတ်စိတ်အမြွှာမြွှာ ရိုက်ခွဲလိုက်သည်။ ထိုအခါ ဓားမရောင်တစ်လက်က ပလ္လင်ခန်းမထဲမှ ထွက်‌ပေါ်လာပြီး ချင်မူ့ဆီသို့ ခုတ်ချလိုက်သည်။ နတ်ဘုရားနောက်တစ်ပါးက ချင်မူ့ကို လုပ်ကြံရန် ပလ္လင်ခန်းမအတွင်း၌ ပုန်းနေခဲ့ခြင်း ဖြစ်သည်။ ယွင်ချွီးရှို့သည် သူ ပုန်းနေသည်ကို မြင်လိုက်၍ ထွက်လာပြီး သူမ၏အခြေအနေကို ဖြေရှင်းပေးနိုင်အောင် ထိုခန်းမဆီသို့ လက်သီးဖြင့် ရိုက်ခွဲပစ်ခဲ့၏။

ရုတ်တရက် ချင်မူက သူမလက်ဝါးထဲမှ ပျောက်ကွယ်သွားသည်။ ယခုတွင် နတ်ဘုရား၏သိုင်းကွက်က ယွင်ချွီးရှို့ဆီသို့သာ ခုတ်ချလိုက်ချေပြီ။

ယွင်ချွီးရှို့ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး လက်ညှိုးထိုးလိုက်သည်။ ထိုနတ်ဘုရားမှာ အတွင်းကလီစာများ အပိုင်းပိုင်း ပြတ်တောက်ဆွေးမြည့်သွားပြီးနောက် အသားလုံးကြီးသဖွယ် ဘန်းခနဲ ပေါက်ကွဲသွားတော့သည်။

ဤအချိန်တွင် ချင်မူက ယွင်ချွီးရှို့၏ အနောက်သို့ ရောက်ခဲ့ချေပြီ။ ချင်မူ့ခန္ဓာကိုယ်မှ‌ ကြောက်မက်ဖွယ်ရာအငွေ့အသက်များသည် ကောင်းကင်ထက်သို့ ထောင်တက်သွားပြီး အငွေ့အသက်များအရ တာအိုကျင့်စဉ်အားလုံး၏ ဘိုးဘေးကြီးတစ်ပါး ကြွမြန်းလာသည့်အလား ထင်ရ၏။

မျက်လုံးပိတ်၍ ဤအငွေ့အသက်ကိုသာ ခံစားကြည့်လျှင် ခမ်းနားကြီးမြတ်လှပေသော ကောင်းကင်နတ်ဘုံ ရောက်ရှိလာပြီး ချင်မူက ကောင်းကင်နတ်ဘုံ၏ အရှင်သခင် ဖြစ်နေသည့်အလား ခံစားမိလိမ့်မည်။

“ကောင်းကင်နတ်ဧကရာဇ်”

ယွင်ချွီးရှို့ အံတင်းတင်းကြိတ်လိုက်၏။ “နင်က အဲဒီတဏှာနှာဘူးရဲ့ ကောင်းကင်နတ်သိုင်းနဲ့ ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့”

ယွင်ချွီးရှို့၏အရှိန်အဝါ ပြောင်းလဲသွားပြီး သူမ၏ဆံပင်များ၊ အဝတ်စများ လှုပ်ခတ်လာသည်။ လုံးဝ မတူညီတော့သော အရှိန်အဝါတစ်ခုသည် ချင်မူ၏ တာအိုတစ်သောင်းအရှိန်အဝါကို ဖိနှိပ်ရင်း ပေါ်ထွက်လာ၏။

နောက်ဆုံးတော့ ယွင်ချွီးရှို့ မီးပုံယမ်းကျ ပေါက်ကွဲချေပြီ။ ချင်မူသာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ကောင်းကင်နတ်သိုင်းကို မထုတ်လွှတ်ခဲ့လျှင် သူမအနေဖြင့် စိတ်ထိန်းနိုင်ကောင်း ထိန်းနိုင်ခဲ့လိမ့်မည်။

သို့သော် ချင်မူက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ မဟာတာအိုကောင်းကင်နတ်သိုင်းဖြင့် သူမကို တိုက်ခိုက်နေရာ ယွင်ချွီးရှို့ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပေ။

သူမ ထိုလူ့အား အသည်းထဲအမြုတေထဲမှ လှိုက်၍ မုန်းသည်။ ချင်မူ့ကို နှလုံးသားမရှိသော ထိုလူအဖြစ် မြင်လိုက်သည့်အခါ သူမ၏သိုင်းကွက်အားလုံး ထွက်ပေါ်လာတော့သည်။

နတ်ဘုရားတစ်သန်းက တာအိုဘာသာစကားဖြင့် ပြိုင်တူ ရွတ်ဖတ်နေသကဲ့သို့ မဟာတာအိုသည် နားကွဲလုအောင် ဟိန်းဟောက်လိုက်၏။

ယွီချွီးရှို့၏ ခန္ဓာကိုယ်ထဲတွင် မတူညီသည့် အရှိန်အဝါ နှစ်ဆယ်ကျော် ရှိပြီး ထပ်ဆင့်ကဲ ပေါ်ထွက်လာနေကြောင်း ချင်မူ ခံစားနေရသည်။ ဤအရှိန်အဝါများက မတူညီသော ကျင့်စဉ်များ ကျင့်ကြံထားသည့် မဟာဧကရာဇ် အယောက်နှစ်ဆယ်ကျော်ဆီမှ လာသည့်အလား ထင်ရသည်

ထိုခံစားချက်သည် ထူးဆန်းနေ၏။ ယွင်ချွီးရှို့မှာ သိသိသာသာပင် တစ်ယောက်တည်း ဖြစ်ပါသော်လည်း မဟာဧကရာဇ် အယောက်နှစ်ဆယ်ကျော် ပေါင်းစည်းထားသကဲ့သို့ မတူညီသော အရှိန်အဝါအမျိုးနှစ်ဆယ်ကို ပိုင်ဆိုင်ထား၏။ ဆိုလိုသည်က သူမသည် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် အမျိုးနှစ်ဆယ်ကျော်အား ကျင့်ကြံ၍ အတူတကွ ပေါင်းစည်းထားခြင်း ဖြစ်လိမ့်မည်။

ဤသည်မှာလည်း မဖြစ်နိုင်ပေ။ ချင်မူသည် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် ဖန်တီးရန် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်များကို ရောနှောခဲ့ဖူး၏။ ဤလုပ်ငန်းစဉ်မှာ အတိုင်းထက်အလွန် ခက်ခဲသလို၊ အကျိုးအမြတ်လည်း များစွာရရှိလေသည်။

သို့သော် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် အမျိုးနှစ်ဆယ်ကျော်ကို ပေါင်းစည်းရန်မှာ ချင်မူအနေဖြင့် ကျင့်စဉ်များစွာ ရှာတွေ့ခဲ့လျှင်ပင် အောင်မြင်စွာ ပေါင်းစည်းနိုင်ရင် လွန်စွာခက်ခဲလိမ့်မည်။

ယွင်ချွီးရှို့ကမူ လုပ်ဆောင်နိုင်ခဲ့သည်။ သို့တည်းမဟုတ်၊ ကောင်းကင်နတ်ဧကရီက စွမ်းဆောင်နိုင်ခဲ့သည်ဟု ဆိုလျှင် ပိုသင့်တော်လိမ့်မည်။

ကြောက်မက်ဖွယ်ရာ ကောင်းကင်နတ်သိုင်းနှစ်မျိုး ထွက်ပေါ်လာသည့်အခါ ချင်မူမှာ သူ၏ကောင်းကင်နတ်ဧကရာဇ် ကောင်းကင်နတ်သိုင်းအား လေးပင်လှသည့် အားတစ်ရပ်ဖြင့် ဖိနှိပ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ တာအိုတစ်သောင်း၏ အထွတ်အမြတ်စွမ်းအားမှာ လှိုင်းလေးတစ်ချက်ပင် တောင်ံ့မခံနိုင်ပေ။

ဘုန်း

လေအဟုန်ကြောင့် နန်းဆောင်အပျက်အစီးများ လွင့်ထွက်ကုန်သဖြင့် လန်ရွှမ်နတ်နန်းဆောင်မှာ တမုဟုတ်ချင်း ရှင်းလင်းသွားတော့သည်။

ချင်မူလည်း တွန်းထုတ်ခံလိုက်ရ၍ နံရံတစ်ဖက်ပြီးတစ်ဖက် ဖောက်ထွက်သွားသည်။ ယွင်ချွီးရှို့၏ ကြောက်မက်ဖွယ်ရာ အင်အားက စိတ်ကူးဖြင့် မှန်းဆကြည့်၍ပင် မရပေ။

ယခင်တုန်းက ချင်မူသည် ယန်ချီလင်း၏ ကောင်းကင်နတ်ဧကရာဇ်ကောင်းကင်နတ်သိုင်း - တာအိုတစ်ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့ဖူး၏။ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ မဟာတာအိုနှင့် ရင်းနှီးလာခဲ့ပြီး ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းကင်နတ်သိုင်းများအား နားလည်လာသည့်အခါ ချင်မူမှာ ကောင်းကင်နတ်ဧကရာဇ်ကောင်းကင်နတ်သိုင်းသည် ကောင်းကင်နတ်ဘုံအဆင့်ကျင့်စဉ်မှ သိုင်းကွက်လေးတစ်ကွက် မခံနိုင်ဘဲ နေမည်မထင်ထားခဲ့ပေ။

ယွင်ချွီးရှို့ ဒေါသတြီး အော်ဟစ်လိုက်သည့်အခါ ပထမ‌ကောင်းကင်နတ်သိုင်း၏အနောက်၌ ဒုတိယသိုင်းကွက် လိုက်ပါလာသည်။ ဤသိုင်းကွက်က ပို၍ပင် ကြောက်စရာကောင်းသေး၏။ သူမက အော်ဟစ်လိုက်သည်။ “သစ္စာမရှိတဲ့ ယောက်ျားမှန်သမျှ သေစေရမယ်”

အုန်း

ချင်မူ့ကို အပေါ်မှ ဖိနှိပ်နေသော နန်းဆောင်များ၊ ကျောက်ဆောင်များမှာ တစ်ခုပြီးတစ်ခု မှုန့်မှုန့်ညက်ညက် ကြေသွားသဖြင့် ဖုန်ငွေ့များသာ ကျန်ရှိခဲ့သည်။

ထိန်းမနိုင်သိမ်းမရ သောင်းကျန်းနေသည့် ဤအမျိုးသမီးကား အမှန်တကယ် ကြောက်စရာကောင်းလှပေသည်။

ဤအခိုက်အတန့်တွင် ဓားအလင်းတန်းတစ်တန်းသည် ဖုန်လုံးများကြားမှ ထွက်လာကာ သူမ၏ကောင်းကင်နတ်သိုင်းအတွင်းသို့ စိုက်ဝင်သွား၏။ ထို့နောက် သူ့ဆီသို့ ရိုက်ချလိုက်သည့် သူမ၏လက်ဝါးအတွင်းသို့ ထိုးဖောက်သွားလေသည်။

ဖောင်း ဖောင်း

ဆူညံသံနှစ်သံ ထွက်ပေါ်လာသည်။ ပထမအသံက တစ်ကိုယ်လုံး ပေါက်ကွဲသွားသော ချင်မူ့ဆီမှ ဖြစ်သည်။ ဒုတိယအသံက မျက်ခုံးနှစ်ဖက်ကြားသို့ ဓားရောင် ဖောက်ဝင်လာသခြင့် တစ်ခေါင်းလုံး ပေါက်ကွဲသွားပြီး ဦးနှောက်စများ ပြန့်ကြဲသွားသည့် ယွင်ချွီးရှို့ဆီမှ ဖြစ်၏။

နဂါးချီလင်၊ ချီကျုံရီနှင့် ကျန်ရှိသူများ အပြေးလာနေကြသည်။ သူတို့ရောက်မလာခင် သွေးမှုန်များက ချင်မူ့ခန္ဓာကိုယ်အဖြစ် ပြန်လည်ဖွဲ့စည်းရင်း စုဝေးနေသည်ကို မြင်တွေ့လိုက်ရလေသည်။

စိစိညက်ညက် ကြေသွားခဲ့သော ယွင်ချွီးရှို့၏ ခေါင်းကလည်း ပြန်လည်ဖွဲ့တည်လာပြီး ပြစ်မျိုးမှဲ့မထင် လှပ‌သော မျက်နှာလေးအား ပြန်လည်ဖော်ဆောင်ပေးလိုက်၏။

နဂါးချီလင်၊ ချီကျုံရီနှင့် ကျန်ရှိသူများမှာ အလျင်အမြန် ရပ်လိုက်ကြပြီး မှင်သက်နေကြသည်။

ချင်မူက ဓားပြန်ရုတ်၍ တဟားဟား ရယ်လိုက်ပြီး စိတ်ကျေနပ်နေသည်။ “ကောင်းကင်နတ်ဧကရီ၊ သိုင်းကွက်နှစ်ကွက် ထုတ်ပြမိခဲ့ပြီဆိုတော့ ကျွန်တော့်ချီးထုပ် ခင်ဗျားခေါင်းပေါ် ရောက်သွားတာ ဘယ်လိုခံစားရလဲ”

ယွင်ချီးရှို့၏မျက်နှာ မည်းမှောင်သွားသည်။ ထို့နောက် သူမက နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်ရင်း တုံ့ပြန်သည်။ “ကောင်းကင်နတ်အရှင်လည်း ဝိညာဉ် ပြန်မွေးဖွားလာတာမလို့ ဝိညာဉ်မရှိတဲ့လူ မဟုတ်မှန်း ဖော်ပြမိသွားပြီမဟုတ်လား.. ဒါက သေးသေးမွှားမွှား ချီးထုပ်တော့ မဟုတ်ဘူးနော်”

နှစ်ယောက်သား တစ်ယောက်ကိုတစ်‌ယောက် စိုက်ကြည့်နေကြ၏။ ချင်မူက ကျယ်လောင်စွာ ရယ်လိုက်ပြီးနောက် ပြောသည်။ “လန်ရွှမ်နတ်နန်းတော်တော့ ပြီးပြီ... နောက် ဘယ်ကို သွားသင့်လဲ”

ယွီချွီးရှို့က ပျော်ရွှင်တက်ကြွသွားပြီး သူ့လက်မောင်းကို လာတွဲသည်။ ထို့နောက် သူ့မျက်နှာကို မော့ကြည့်ကာ ချစ်စဖွယ်လေး ပြန်ဖြေသည်။ “ရှေးဟောင်းနတ်ဘုရားဘုရင်ဆီ သွားကြမယ်လေ... အဲဒီမှာ ပျော်စရာကောင်းတယ်”

All Chapters