← Chapters

ဖားပြုပ်ဆီက တာအိုအကြောင်း‌ မေးခဲ့ဖူးရင် လူသားတွေဆီကလည်း မေးကြည့်ရမယ်

Vol. 71 Ch. 931

ဖားပြုပ်ဆီက တာအိုအကြောင်း‌ မေးခဲ့ဖူးရင် လူသားတွေဆီကလည်း မေးကြည့်ရမယ်

Vol. 71 Ch. 931

တန့်ဖုန်းလိုင်မှာ ခြေလက်များအေးစက်သွားပြီး ရင်ခေါင်းထဲမှ အော်ဟစ်ပစ်လိုက်ချင်စိတ် ပေါက်လာသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်သည် ကောင်းကင်နတ်အရှင်ဆယ်ပါးအနက်မှ ကောင်းကင်နတ်အရှင်ဇူဖြစ်ပြီး ဤအလောင်းများမှာ သူ့လက်အောက်ရှိ တပည့်များဖြစ်သည်။ သူ့တွင် ကမ္ဘာအရပ်ရပ်မှ တပည့်များစွာ ရှိသော်လည်း ရှေးဟောင်းနတ်ဘုရားဘုရင်အနေဖြင့် တပည့်တစ်ယောက်ချင်းစီအား အပင်ပန်းခံ လိုက်သင်ပေးနေစရာ မလိုချေ။

သို့ဖြစ်၍ ဤဆရာတူညီမများ၊ ညီများအား သင်ပေးရသူမှာ အမှန်တကယ်တွင် တန့်ဖုန်းလိုင်သာ ဖြစ်သည်။

သူတို့သည် တန့်ဖုန်းလိုင်ကို ဆရာတစ်ဦးအဖြစ် ကျေးဇူးတင်ကြသလို၊ လေးစားကြ၏။ သူတို့အကြားရှိ သံယောဇဉ်မှာ အပြင်သူများ နားလည်နိုင်သော အရာမဟုတ်ပေ။

ယခုတွင် ရှေးဟောင်းဘုရင်နန်းတော်ထဲ၌ အလဲလဲအပြိုပြို သေဆုံးနေကြသော ညီငယ်၊ ညီမငယ်တို့၏ အလောင်းများကို ကြည့်ရင်း တန့်ဖုန်းလိုင်မှာ အသည်းနှလုံးအား ဓားဖြင့် ပါးပါးလှီးဖြတ်နေသကဲ့သို့ တဆစ်ဆစ် နာကျင်နေသည်။ သို့သော် ရင်ခေါင်းထဲမှ အော်ဟစ်နေချင်သောအသံကို ပြန်လည်မြိုချလိုက်၏။

ရှေးဟောင်းနတ်ဘုရားဘုရင်က သူ့ကို ကြည့်၍ သွေးအေးအေး ပြောသည်။ “ကောင်းကင်နတ်အရှင်မူက မကောင်းမှုဒုစရိုက်မှန်သမျှ ကျူးကျော်ခဲ့တယ်... သူက နန်းတော်ထဲမှာ ငါမရှိတဲ့အချိန် အခွင့်အကောင်းယူပြီး ငါ့တပည့်အယောက်နှစ်ရာကျော်ကို သတ်ဖြတ်ခဲ့တယ်... ငါ့တပည့်ဖုန်းလိုင်ကိုယ်တိုင် ဒီဖြတ်ရပ်ကို မြင်တွေ့ခဲ့ရတယ်... အဲဒီလိုဖြစ်ခဲ့တာမလား ဖုန်းလိုင်”

တန့်ဖုန်းလိုင်က ဦးညွှတ်အရိုအသေပေး၍ ဆို့နင့်ကြွေကွဲစွာ ပြန်ဖြေသည်။ “အဲဒီအတိုင်း ဖြစ်ခဲ့တာ ဟုတ်ပါတယ်.... ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ရတာပါ”

ရှေးဟောင်းနတ်ဘုရားဘုရင်က ကျေနပ်စွာဖြင့် ခေါင်းညိတ်သည်။ သူက အသူရာချောက်စင်မြင့်ထက်မှ လမ်းလျှောက်ဆင်းလာကာ သူ့ပခုံးအား ပုတ်သည်။ “ပြုပြင်ပြောင်းလဲမှုလို အရာတွေဟာ အင်မတန်မှ အန္တရာယ်များတယ်... မင်းလည်း ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာနဲ့ ကြားခဲ့လောက်ပေမယ့် မင့်သိုင်းအဆင့်က သိပ်မြင့်မားနေပြီ...ဘာက မင်းအတွက်ကောင်းတယ်၊ ဘာက မင်းအတွက် မကောင်းဘူး မင်း သိမယ်လို့ ငါ ယုံကြည်ပါတယ်”

တန့်ဖုန်းလိုင်သည် သဘောတူ၍ ခံစားချက်မဲ့စွာ ပြော၏။ “တပည့်နားလည်ပါတယ်... ပြုပြင်ပြောင်းလဲမှုက ဘိုးဘေးတွေရဲ့ လမ်းနဲ့ သွေဖီနေတဲ့အတွက် အင်မတန်မှ အန္တရာယ်များပါတယ်.... ကျွန်တော့်အနေနဲ့ အဲဒီလိုအရှက်မရှိတဲ့ အပြုအမူတွေကို ရွံရှာစက်ဆုပ်မိတာကြောင့် ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်တာမှန်သမျှ ဖျက်စီးပစ်ချင်တဲ့စိတ်အပြင် တခြားမရှိပါဘူး”

ရှေးဟောင်းနတ်ဘုရားဘုရင်က သူ့ဘေးမှ ဖြတ်သွားပြီး အေးအေးလူလူ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ အဲဒီငမိုက်သားက နတ်ဧကရာဇ်လန်ရွှမ်ဆီမှာ ဂြိုဟ်သွားမွှေပြီး ငါ့ဆီ ပြဿနာလာရှာခဲ့တယ်... ဘယ်ကောင်းကင်နတ်အရှင်ဆီ ပြဿနာသွားရှာဦးမလဲ မသိဘူး... ဒီငမိုက်သား ကောင်းကင်နတ်ဘုံကို လာတော့ အတော်များများက သူ သေသွားမယ်ထင်ခဲ့ကြတယ်... ဒါပေမဲ့ သူ ပိုပိုပြီး သောင်းကျန်းလာမလဲ ဘယ်သူသိမလဲ... ဖုန်းလိုင်၊ မင်းရဲ့ ညီ၊ ညီမတွေကိစ္စ ရှင်းလိုက်... သူတို့မိသားစုတွေကို ရက်ရက်ရောရော ထောက်ပံ့ပေးလိုက်”

“အမိန့်တော်အတိုင်းပါ”

တန့်ဖုန်းလိုင်က ခေါင်းမော့၍ သူ ထွက်သွားသည်ကို ကြည့်ရင်း တွေးနေသည်။ “ငါ့ညီ၊ ညီမတွေ သေတာက ကောင်းကင်နတ်အရှင်မူကြောင့်ပဲ.... သူသာ သူ့ကျင့်စဉ်ကို မဖြန့်ဝေခဲ့ရင် ဆရာ သူတို့ကို သတ်မှာမဟုတ်ဘူး... ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းကို မုန်းတယ်... မင်းနဲ့ ငါ တစ်မိုးအောက်မှာ အတူမရှိနိုင်ဘူး”

သူ့မှာ ရှေးဟောင်းနတ်ဘုရားဘုရင်အပေါ် ရန်ငြိုးမထားဝံ့သဖြင့် ချင်မူ့အပေါ်သာ ပုံချရလေသည်။

“ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ဟုန်က တံခါးပိတ်ကျင့်ကြံနေပါတယ်... ဟုန်ကောင်းကင်နန်းတော်ကနေ အပြင်သူတွေ လက်မခံပါဘူး”

ယွင်ချွီးရှို့သည် ချင်မူနှင့် ကျန်ရှိသူများကို ဟုန်ကောင်းကင်နန်းတော်ဆီသို့ ခေါ်သွား၏။ နန်းတော်မုခ်တံခါး စောင့်နေသော နတ်ဘုရားက အားနာစွာ ပြောသည်။ “ကောင်းကင်နတ်အရှင် လာလည်တဲ့ကိစ္စကိုတော့... ကောင်းကင်နတ်အရှင်ဟုန် တံခါးပိတ်ကျင့်ရာက ထွက်လာရင် ကျွန်တော် တင်ပြပေးပါ့မယ်... သူ သေချာပေါက် ကောင်းကင်နတ်အရှင်ကို လက်ခံတွေ့မှာပါ... အခုတော့ ကျေးဇူးပြုပြီး ပြန်လိုက်ပါဦး”

ချင်မူတို့ ထွက်သွားရုံသာ တတ်နိုင်တော့သည်။

ယွင်ချွီးရှို့ သူတို့ကို ကောင်းကင်နတ်အရှင်ရှောင်၏ အိမ်တော်သို့ ခေါ်ဆောင်သွားသည့်အခါတွင်လည်း အလားတူသာ တုံ့ပြန်ခံရသည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ ကောင်းကင်နန်းတော်သို့ သူတို့ ရောက်လာသည့်အခါ တံခါးစောင့်နတ်ဘုရားက ပြောသည်။ “မဟာလေဟာနယ်မှာ ထူးဆန်းတဲ့ကိစ္စ ပေါ်လာလို့ ကောင်းကင်နတ်အရှင်ဟွေ့က သူ့တပည့်တွေအကုန် ခေါ်သွားပြီး စုံးစမ်းနေပါတယ်.. ဘယ်ချိန်ပြန်ရောက်လာမလဲ မသေချာဘူး”

ကောင်းကင်နတ်အရှင်ရှု၏ နေရာ၌ နတ်ဘုရားတစ်ပါးက ပြောသည်။ “ကောင်းကင်နတ်အရှင်ရှုနဲ့ ကောင်းကင်နတ်အရှင်ဟွေ့နှစ်ယောက်စလုံး သူတို့တပည့်တွေကို ခေါ်သွားပြီး မဟာလေဟာနယ်ဆီ ထွက်သွားကြတယ်... သူ နန်းတော်ထဲမှာ မရှိပါဘူး... ကောင်းကင်နတ်အရှင်မူ ကျေးဇူးပြုပြီး ပြန်လိုက်ပါ”

ယွင်ချွီးရှို့သည် သက်ပြင်းချပြီးနောက် ဇဝေဇဝါ မေး၏။ “ကောင်းကင်နတ်အရှင်အားလုံး ထွက်ပြေးသွားကြတာများလား”

ယွင်ကျန်းလီ၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး သူက ပြုံး၍ ပြောသည်။ “ကောင်းကင်နတ်အရှင်ယန်နဲ့ ကောင်းကင်နတ်အရှင်ချန်းဆီ သွားကြည့်ကြမလား”

ယွင်ချွီးရှို့က သူ့ဆီသို့ လှမ်းကြည့်ကာ ချိုသာစွာ ပြုံးပြသည်။ “အစ်ကိုတော်ကလည်း မေ့နေပြီလား... ဒီကောင်းကင်နတ်အရှင်နှစ်ယောက်က ကောင်းကင်နတ်မယ်တွေဆိုတော့ မိဖုရားဆောင်မှာ စံမြန်းနေကြတာလေ... ကျွန်မတို့ သူတို့ကို ဘယ်လိုလုပ် သွားတွေ့လို့ရမှာလဲ... ကောင်းကင်နတ်အရှင်ဟောင်ဆီ သွားကြတာ မကောင်းဘူးလား.... ကောင်းကင်နတ်အရှင်ဟောင်လည်း ထွက်သွားတာတော့ မဖြစ်နိုင်လောက်ဘူးမလား”

ယွင်ကျန်းလီက ပြုံးလိုက်သော်လည်း ဆိတ်ဆိတ်သာ နေရင်း တွေးနေသည်။ ‘သူက ဘယ်ကောင်းကင်နတ်အရှင်များလဲ.... ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်တွေကြားမှာ ကောင်းကင်နတ်အရှင်ချန်းနဲ့ ကောင်းကင်နတ်အရှင်ယန်ကလွဲလို့ ကောင်းကင်နတ်အရှင်ကုန်းနဲ့ ကောင်းကင်နတ်အရှင်ရှုကလည်း မိန်းကလေးတွေပဲ.. ဒါပေမဲ့ ဒီကောင်းကင်နတ်အရှင်နှစ်ယောက်ကလည်း တွေ့ဖို့ ရှောင်နေကြတယ်... ဘယ်တစ်ယောက်က ယွင်ချွီးရှို့ရဲ့ ကိုယ်အစစ် ဖြစ်နေမလဲ မသိဘူး... ဒါမှမဟုတ် ညီမနှစ်ယောက်ထဲက တစ်ယောက်က ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲထားလောက်မလား”’

ချင်မူက ပြောသည်။ “ကောင်းကင်နတ်အရှင်ဟောင်ကိုတော့ မတွေ့တော့ဘူး... ငါတို့ကြားမှာ ကတောက်ကဆလေး ဖြစ်ထား‌တော့ မတည့်ကြဘူး... သွားရင်တောင် သူ ငါတို့ကို အပေါက်ဝမှာတင် မောင်းထုတ်လိမ့်မယ်... တာအိုဘိုးဘေးကြီးလည်း ကောင်းကင်နတ်ဘုံဆီ ပြန်လာတယ်ကြားတယ်.... ကောင်းကင်နတ်ဘုံရဲ့ တာအိုဂိုဏ်းဆီ သွားစို့”

ယွင်ချွီးရှို့သည် တစ်ကမ္ဘာလုံး ဇောက်ထိုးမိုးမျှော် လုပ်ချင်နေပုံရသော်လည်း တာအိုဘိုးဘေးကြီးဆီသို့ သွားမည်ဟု ချင်မူ ပြောလိုက်သည့်အခါ အနည်းငယ် ပျင်းရိသွားပုံရ၏။

ချင်မူ၏ အဓိကရည်ရွယ်ချက်က တာအိုဘိုးဘေးကြီးထံ သွားတွေ့ရန်သာ ဖြစ်သည်။ ထိုသို့မသွားခင်အတွင်း လန်ရွှမ်နတ်နန်းတော်နှင့် ရှေးဟောင်းဘုရင်နန်းတော်၌ ဂြိုဟ်မွှေခဲ့သောကြောင့် ကျန်ကောင်းကင်နတ်အရှင်များသည် သူနှင့်တွေ့ရန် ရှောင်နေမည်ဟု မထင်ထားခဲ့ပေ။

သို့သော် သူ တာအိုဘိုးဘေးကြီးနှင့် တွေ့ရန် ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်းသို့ သွားခြင်းမှာလည်း သံသယဝင်စရာမဟုတ်တော့ဟန် တူသည်။

ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်း

တာအိုဂိုဏ်းမှာ ချင်မူ သူတို့ဆီ လာလိမ့်မည် မထင်ထားချေ။ တောင်ကို စောင့်ရှောက်နေသော တာအိုရသေ့အိုကြီးနှင့် နတ်သားရဲမှာ သူတို့ချဉ်းကပ်လာသည်ကို ကြောင်၍ ကြည့်နေကြသည်။ သူတို့အုပ်စု တံခါးဝဆီ ရောက်သည့်အခါမှ စိတ်နှင့်ကိုယ်ပြန်ကပ်သွားကြပြီး သတင်းပို့ရန် တာအိုဂိုဏ်းထံ အပြေးအလွှား ထွက်သွားကြ၏။

များစွာမကြာလိုက်ဘဲ တာအိုရသေ့တစ်ပါးက တာအိုရသေ့များကို ဦးဆောင်လျက် လာကြိုသည်။ သူက အားနာနေသောလေသံဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်က အဝေးကြီးက လာရတာပဲ... ကျွန်တော်တို့ ဧည့်ဝတ်မကြေမိဘူး... ခွင့်လွှတ်ပါ”

ချင်မူက တာအိုရသေ့အိုကြီးကို ခေါင်းအစ ခြေအဆုံး ကြည့်သည်။ ဤလူသည် သူ နဂါးဟန်ခေတ်တွင် ဆုံတွေ့ခဲ့သော တာအိုဘိုးဘေးကြီးမဟုတ်ဘဲ အသံကို နားထောင်ရသလောက်၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့်အတူ အ‌စောင့်အရှောက်ဆောင်ထဲ ဝင်လာခဲ့သည့် တာအိုရသေ့အိုကြီး ဖြစ်ဟန်တူ၏။

“ကောင်းကင်နတ်အရှင်၊ ဒါက တာအိုဂိုဏ်းရဲ့ တာအိုသခင်ပါ” ယွင်ကျန်းလီက သူ့ကို အသိပေးသည်။

“တာအိုဘိုးဘေးကြီး ရှိလား” ချင်မူ မေးလိုက်သည်။

ကောင်းကင်နတ်ဘုံ၏ တာအိုသခင်က ကပျာကယာ ပြန်ဖြေ၏ “ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တာအိုဘိုးဘေးကြီး တာအိုဂိုဏ်းဆီ ပြန်ရောက်လာပါတယ်... လောလောဆယ်တော့ တံခါးပိတ်ကျင့်ကြံနေတာမလို့... နောက်ရက်မှ ကောင်းကင်နတ်အရှင် ပြန်လာလို့ရမလား”

ချင်မူ ပြုံးလိုက်သည်။ “ကိစ္စမရှိဘူး... သူ ပြန်ထွက်လာတဲ့အထိ စောင့်နိုင်တယ်”

ကောင်းကင်နတ်ဘုံ၏ တာအိုသခင်က သူ့ကို တောင်ပေါ် ဖိတ်ခေါ်သည်။

ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်းသည် အတိုင်းထက်အလွန် ကျယ်ဝန်းသော နယ်မြေကို ယူထားသည့်အလျောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တာအိုဂိုဏ်းထက် အဆမများစွာ ခမ်းနား၏။ တာအိုဂိုဏ်းက ယွီချွမ်ကောင်းကင်နန်းဆောင်၏ အတွင်းရှိ နန်းတော်တစ်ခု၌ တည်ရှိသည်။ (ယွီချွမ်- စင်ကြယ်သော ကျောက်စိမ်း)

ခွန်လွန်နယ်စပ်က တာအိုဂိုဏ်း၏ နယ်နိမိတ်ဖြစ်ပါသော်လည်း တာအိုသခင်လင်းရွှမ် တာဝန်ယူထား‌သော တာအိုဂိုဏ်းမှာ တောင်လေးတစ်လုံး၌သာ ကျောင်းဆောင်များ ဟိုတစ်စု၊ သည်တစ်စု တည်ဆောက်ထားခြင်း ဖြစ်သည်။

ဆန့်ကျင်ဘက်တွင် ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်းက အတိုင်းထက်အလွန် ခမ်းနားတင့်တယ်နေသည်။ နန်းတော်များက တင့်တယ်လှပပြီး အဆောက်အဦများ၊ စံအိမ်များ ပြွတ်သိပ်ကြပ်နေ၏။ ဤနေရာရှိ တာအိုရသေ့များကလည်း ဖျင်ကြမ်းအထည်များကို မဝတ်ဘဲ ခေါင်းအစ ခြေအဆုံး တောက်တောက်ပြောင်ပြောင် ဝတ်စားထားကြသောကြောင့် တာအိုရသေ့တို့၏ ခြိုးခြံချွေတာတတ်သော အမူအရာမျိုး မရှိကြပေ။ သူတို့တွင် သူတို့၏ဝေယျာဝစ္စများ လုပ်ဆောင်ပေးရန် အစေခံများ၊ အခြွေအရံများပင် ရှိကြသည်။

အမှန်တွင် ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်းသို့ ဝင်လာခဲ့သူတိုင်း တာအိုရသေ့အစစ်များ မဟုတ်ကြပေ။ တာအိုရသေ့များသည် တာအိုကိုသာ တစိုက်မတ်မတ် ကျင့်ကြံအားထုတ်၍ အလိုရမ္မက်နည်းပါးသူတို့ ဖြစ်ကြ၏။

ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်းသားများက တာအိုဂိုဏ်းဆီမှ ကျင့်စဉ်များနှင် အက္ခရာသင်္ချာ လေ့လာလို၍သာ ဤနေရာသို့ ရောက်လာခဲ့ကြပြီး ကျင့်စဉ်၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများ သင်ယူရာနေရာအဖြစ်သာ သတ်မှတ်ထားကြသည်။ တာအိုဂိုဏ်း၏ အယူအဆအဆုံးအမများကိုတော့ လုံးဝစိတ်မဝင်စားကြပေ။

ထိုသူတို့သည် တာအိုရသေ့အစစ်များမဟုတ်ဘဲ ကောင်းကင်နတ်ဘုံ၏ မင်းမျိုးမင်းနွယ်၊ အင်အားကြီးမားသော လူကုံထံမျိုးနွယ်တို့မှ မျိုးဆက်များ ဖြစ်ကြ၏။ အမျိုးနွယ်အတွက် ဂုဏ်ဆောင်ပေးရန်အတွက်သာ ဤနေရာဆီ ပို့ထားကြခြင်းလည်း ဖြစ်သည်။

ဆန့်ကျင်ဘက်၌ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တာအိုဂိုဏ်းသည် တာအိုဘိုးဘေးကြီး တာအိုဂိုဏ်း စတင်ထူထောင်ခဲ့ကတည်းက အယူအဆ၊ အဆုံးအမများကို အလေးအနက်ထားကာ လက်ကိုင်ကျင့်သုံးကြသည်။ ယခင် တာအိုသခင်‌ဟောင်းဖြစ်စေ၊ ယခု တာအိုသခင်လင်းရွှမ်ဖြစ်စေ အဆုံးအမများအား ကောင်းမွန်စွာ ဆက်လက်ဖြန့်ဝေပေးခဲ့ကြသည်။

မှန်သည်၊ ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်းတွင်လည်း သူတော်စင်ပမာ ဝတ်စားထားသော တာအိုရသေ့တချို့ ရှိကြသေးသည်။ သိပ်တော့ မများပေ။

ကမ္ဘာပေါ်တွင် ဘုန်းကြီးအစစ်များ ရှိသလို၊ အတုများကလည်း ဒုနှင့် ဒေးပင်။ အလားတူစွာပဲ တာအိုရသေ့တို့တွင်လည်း ရသေ့အတု၊ ရ‌သေ့အစစ် ဟူ၍ရှိသည်။ သင်္ကန်းဝတ်ရုံကြီး တကားကားဖြင့်သာ ဟန်ထုတ်ပြီး အမှန်တကယ် တရားအားမထုတ်လျှင် ပုံပန်းသွင်ပြင်အသုံးချ၍ လိပ်စားနေခြင်းနှင့် မခြားပေ။

‘တာအိုဂိုဏ်းရဲ့ အယူအဆအစစ်၊ အဆုံးအစစ်တွေက ကောင်းကင်နတ်ဘုံမှာ မရှိပါလား’

ချင်မူက တောက်ပြောင်စွာ ဝတ်စားထားသော လူငယ်တချို့ကို ကြည့်၍ သူ့ဘာသာသူ တွေးနေသည်။ ‘တာအိုဘိုးဘေးကြီး တာအိုဂိုဏ်းဆီ ပြန်မလာတတ်တာလည်း အံ့ဩစရာမရှိဘူး’

ဤအခိုက်အတန့်တွင် တာအိုရသေ့တစ်ပါးက ခပ်သွက်သွက် ပြေးလာပြီး ကောင်းကင်နတ်ဘုံ၏ တာအိုသခင်အနား ကပ်ပြောသည်။

ကောင်းကင်နတ်ဘုံ၏ တာအိုသခင်က အသာအယာ ခေါင်းညိတ်၍ ပြုံးသည်။ “ကောင်းကင်နတ်အရှင်မူ၊ အားလုံးပဲ.. တာအိုဘိုးဘေးကြီး တံခါးပိတ်ကျင့်ကြံတာက ထွက်လာပါပြီ.. ကောင်းကင်နတ်အရှင် ဒီကို ရောက်လာတယ် ကြားတာနဲ့ အားလုံးကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်... နောက်က လိုက်ခဲ့ပါ”

ချင်မူ ဝမ်းသာသွားပြီး သူ့နောက်မှ လိုက်သွားသည်။

ယွင်ချွီးရှို့က ပြုံး၏။ “ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်တွေဆီ သွားတွေ့ခဲ့ပေမယ့် တစ်ယောက်မှ လက်ခံမတွေ့ရဲခဲ့ဘူး... တာအိုဘိုးဘေးကြီးက ကောင်းကင်နတ်အရှင်နဲ့ တကယ် တွေ့ရဲတယ်ဆိုတော့ တ်ေတော်သတ္တိကောင်းတာပဲ”

ကောင်းကင်နတ်ဘုံ၏ တာအိုသခင်သည် အားနာနေသည့်အလား ပြန်လည်ပြုံးပြ၏။ “တာအိုဘိုးဘေးကြီးက ကျွန်တော်တို့ တာအိုဂိုဏ်းရဲ့ တာအိုဘိုးဘေးကြီးပါ... ကျန်တဲ့ကောင်းကင်နတ်အရှင်တွေနဲ့ ဘယ်ယှဉ်ရဲပါ့မလဲ.... ကောင်းကင်နတ်အရှင်မူကိုယ်တိုင် ရောက်လာမှတော့ တာအိုဘိုးဘေးကြီးအနေနဲ့ ဆုံတွေ့ဖို့ ငြင်းဆန်ဝံ့မှာ မဟုတ်ပါဘူး”

သူတို့ တာအိုဂိုဏ်း၏ ပင်မခန်းမဆီ ရောက်လာသည်။ ဤပင်မခန်းမသည် ယွီချွမ်ကောင်းကင်နန်းဆောင်အတွင်း၌ ရှိသင့်သည့် နတ်ကောင်းကင်ခန်းမနေရာ၌ ရပ်တည်နေသော်လည်း ဖွဲ့စည်းတည်ဆောက်ထားပုံက နတ်ကောင်းကင်ခန်းမနှင့် မတူပေ။

ဤပင်မခန်းမမှာ အတော်လေး စုတ်စုတ်ပြတ်ပြတ် နိုင်လှသည်။ ၎င်းက ကောက်ရိုးတဲတစ်လုံးဖြင့် ခြောက်ကိုက်၊ ခုနစ်ကိုက်ပတ်လည်မျှသာ ရှိသော တာအိုကျောင်းဆောင်တစ်ခု ဖြစ်လေသည်။ နတ်သားရဲများလည်း စောင့်ရှောက်မနေ။ ဖားပြုပ်နှစ်ကောင်ကိုသာ တံခါးလှေထားထစ်၏ ဘယ်နှင့် ညာတွင် တွေ့မြင်ရသည်။

ဖားပြုပ်နှစ်ကောင်က အသိဉာဏ်တချို့ ရှိပုံရသည်။ ခြေသံများကြားလျှင် သူတို့၏မျက်လုံးက ပြူးထွက်လာပြီး ဖြည်းဖြည်းချင်း ဖွင့်ကာ သူတို့ကို ကြည့်ပြီးနောက် အုံးအွမ် အော်ကြ၏။

ထို့နောက် ဖားပြုပ်နှစ်ကောင်၏ မျက်လုံးနှစ်လုံးက ခေါင်းထဲ ပြန်ဝင်သွားပြီး ပြားကပ်သွားသည်။

ယန်အာက ချင်မူ၏ပခုံးအပေါ်မှ ခုန်ဆင်း၍ နှုတ်သီးဖြင့် ဖားပြုပ်တစ်ကောင်၏ ခေါင်းအပေါ် ခေါက်လိုက်သည်။

ဖားပြုပ်က ဖြည်းဖြည်းချင်း မျက်လုံးပြန်ပြူးကာ အေးအေးလူလူ မေးသည်။ “ဘာကိစ္စလဲ”

“စကားပြောနိုင်တယ်ဟ”

ယန်အာမှာ အံ့အားသင့်သွားပြီး နောက်နှစ်လမ်း ခုန်ဆုတ်လိုက်မိသည်။ သူမက သတိအနေအထားဖြင့် မေးလေသည်။ “နင်က မကောင်းဆိုးဝါးလား”

ဖားပြုပ်က စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်လိုက်သည်။ “နင်လည်း စကားမပြောတတ်ဘူးလား”

“ငါက မတူဘူးလေ... ငါက နတ်ဘုရားတစ်ပိုင်း၊ နင်က ဖားပြုပ်”

ယန်အာက ရှေ့သို့ ပြန်ခုန်ကာ ရယ်သည်။ “နင်က သေမျိုးသတ္တဝါတစ်ကောင်ဆိုတော့ စကားမပြောနိုင်သင့်ဘူး.... မိစ္ဆာဖြစ်တဲ့အထိ မကျင့်ကြံထားသရွေ့ပေါ့”

ဖားပြုပ်သည် ပြန်ဖြေ၏။ “ငါက တာအို၊ ဖားပြုပ်မဟုတ်ဘူး... ဒါကြောင့် ငါ စကားပြောနိုင်တယ်”

ယန်အာမှာ မယုံနိုင်လောက်အောင် အံ့အားသင့်သွားတော့သည်။ နဂါးချီလင်ကလည်း ခေါင်းကြီးဖြင့် ရှေ့တိုးလာပြီး မေးသည်။ “မင်းက တာအိုဟုတ်လား... ဘယ်သူပြောတာလဲ”

“တာအိုရသေ့အိုကြီးက ငါ့ကို ပြောတာ”

ဖားပြုပ်သည် လေးနက်သောအမူအရာဖြင့် ဆက်ပြော၏။ “တာအိုက ဖားပြုပ်တွေမလို့ တာအိုကို ရှာတွေ့နိုင်ဖို့ ငါတို့ဆီက အကူအညီလိုတယ်ပြောတယ်... အဲဒါနဲ့ ငါတို့ကို ဒီခေါ်လာပြီး တံခါးစောင့်လုပ်ခိုင်းတာပဲ.. မင်းတို့ နားမလည်ပါဘူး ပြန်လိုက်တော့”

နဂါးချီလင်နှင့် ယန်အာမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

ချင်မူက တာအိုသခင်၏နောက်မှ လိုက်၍ မွဲတဲတဲ ကျောင်းဆောင်ထဲသို့ ဝင်လာသည်။ တာအိုသခင်က ယွင်ကျန်းလီ၊ ချီကျုံရီနှင့် ကျန်ရှိသူများဘက် လှည့်၍ ပြုံးပြပြီးနောက် အားတုံ့အားနာ ပြောသည်။ “တာအိုဘေးကြီးက ကောင်းကင်နတ်အရှင်နဲ့ပဲ တွေ့မှာပါ... အားလုံး ဒီမှာ ခဏနားနေပါဦး”

ယွင်ကျန်းလီနှင့် ချီကျုံရီနှစ်ယောက်စလုံး အလျင်အမြန် ပြန်ဖြေကြသည်။ “ကိစ္စမရှိပါဘူး တာအိုသခင်.. ဆက်သွားလိုက်ပါ”

ကောင်းကင်နတ်ဘုံ၊ တာအိုဂိုဏ်း၏ တာအိုသခင်သည် ခေါင်းငုံ့ငြိမ်ခံတတ်သော ရသေ့အိုကြီးနှင့် တူသော်လည်း တာအိုဘိုးဘေးကြီးပြီးလျှင် အစွမ်းအထက်ဆုံးဖြစ်ကြောင်း သူတို့အားလုံး သိကြ၏။

ယွင်ချွီးရှို့က အထဲဝင်ပြီး ချင်မူနှင့် တာအိုဘိုးဘေးကြီး၏ စကားဝိုင်းတွင် နားထောင်ချင်သောကြောင့် အနည်းငယ် မကျေနပ်ပေ။ သို့သော် တာအိုသခင်က ပြုံးလျက် တံခါး၌ စောင့်နေသည်။ ချင်မူမှလွဲ၍ မည်သူ့ကိုမှ ဝင်ခွင့်ပေးမည်မဟုတ်ကြောင်း ထင်ရှား၏။

‘ဒီပေတီးပေစုတ် တာအိုရသေ့ကြီးကတော့ ခိုးကြောင်ခိုးဝှက်နဲ့ ပဟေဠိလာဆန်နေတယ်... သူ ဘာဖြစ်ချင်နေတာပါလိမ့်’ ယွင်ချွီးရှို့က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

ချင်မူ ကောက်ရိုးတဲထဲ ဝင်လိုက်သည့်အခါ အစိမ်းရောင်မီးအိမ်တစ်လုံး ဘေးတွင် ထိုင်နေ‌သော ပေတီးပေစုတ် ရသေ့အိုကြီးအား မြင်လိုက်ရ၏။ သူ့ကို မြင်သည်နှင့် ရသေ့အိုကြီးက ထရပ်ကာ ပြုံးပြသည်။ “ကောင်းကင်နတ်အရှင်မူ၊ အရင်တစ်ခေါက်ကတည်းက မတွေ့ရတာ ကြာပြီ”

ချင်မူလည်း ပြုံးလိုက်သည်။ “မတွေ့ရတာ ကြာပါပြီ”

တာအိုရသေ့အိုကြီးက သစ်သားဆံထိုးကို ဆံထုံးထဲမှ ထုတ်၍ မီးအိမ်၏ မီးတောက်ဆီ တို့ထိကာ ပြုံးလိုက်သည်။ “နေရာတိုင်းမှာ နားတွေ ရှိတယ်... ကောင်းကင်နတ်အရှင်၊ မီးအိမ်ထဲမှာ စကားပြောကြတာပေါ့”

အစိမ်းရောင်မီးအိမ်အတွင်းမှ တောက်ပလင်းထိန်နေသော အလင်းပန်းတစ်ပွင့် ပွင့်အာကျလာသည်။ အလင်းရောင် မူလအခြေအနေသို့ ပြန်ရောက်သွားသည့်အခါ ချင်မူနှင့် တာအိုရသေ့ကြီးကား ပျောက်ချင်းမလှ ပျောက်သွားချေပြီ။

ချင်မူ့မျက်လုံးများ ပြန်မြင်ရသည့်အခါ မီးတောက်အတွင်းရှိ ကောင်းကင်ဘုံတစ်ဘုံထဲ ရောက်လာခဲ့ကြောင်း သတိထားမိလိုက်သည်။ ဤကောင်းကင်ဘုံသို့ ဝင်ပေါက်က ဖယောင်းတိုင်မီးသဏ္ဍာန် မီးတောက်တစ်ခု ဖြစ်သည်။ မီးတောက်သည် ကိုက်‌ပေါင်းထောင်ချီ မြင့်မားနေရာ အလွန်အံ့အားသင့်ဖွယ်ကောင်း၏။

တာအိုဘိုးဘေးကြီးက သူ့ဘေးတွင် ဖြစ်ပြီး စကားပြောနေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကပ်ဘေး ပေါ်ထွက်လာတဲ့အကြောင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှု ဖိနှပ်ခံလိုက်ရတဲ့အကြောင်း... ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်ဘုံဆီ ရောက်လာတဲ့အကြောင်း... အားလုံး ကြားထားပြီးပါပြီ... ကျုပ်က ကောင်းကင်နတ်အရှင် ကျုပ်ကို တစ်ခါကူညီပေးခဲ့တဲ့အတွက် ပြန်ကျေးဇူးဆပ်ဖို့ ဒီကို အပြေးအလွှားလာခဲ့တာပါ... ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူက အင်မတန်မှ အစွမ်းထက်ပြီး အနားက အန္တရာယ်တွေကို လွယ်လွယ်ကူကူ ရှင်းနိုင်ခဲ့မယ် မထင်ထားခဲ့ဘူး...

“ကောင်းကင်နတ်အရှင်ရဲ့ လုပ်ရပ်တွေက ကောင်းကင်နတ်ဘုံမှာ ကမောက်ကမ ဖြစ်စေခဲ့တာ တစ်ခုပါပဲ.... ကောင်းကင်နတ်အရှင်ရဲ့ လုပ်ရပ်တွေကြောင့် ကောင်းကင်နတ်ဘုံမှာ နတ်ဘုရား၊ မိစ္ဆာ ဘယ်နှယောက် သေဆုံးရမလဲ သိလား”

ချင်မူက အေးစက်စက် ရယ်လိုက်၏။ “တာအိုဘိုးဘေးကြီးက သဘောထားကြီးပါပေတယ်.... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကပ်ဘေး ပေါ်ထွက်လာတုန်းက လူဘယ်‌လောက် သေခဲ့ရလဲ သိလား... ဆယ်ယောက်မှာ တစ်ယောက်တောင် အသက်မရှင်ခဲ့ဘူး... လူသန်းပေါင်းများစွာရဲ့ အသက်တွေက ပြာမှုန်တွေလို ပျောက်ကွယ်သွားခဲ့ကြတာ.... တာအိုဘိုးဘေးကြီး သူတို့အတွက် ကရုဏာသက်ခဲ့ဖူးလား”

တာအိုဘိုးဘေးကြီးက သက်ပြင်းချ၏။ “ကျုပ်လည်း အဲဒီကိစ္စမှာ ဘာမှမတတ်နိုင်လို့ပါ”

ချင်မူ ပြန်တုံ့ပြန်သည်။ “တာအိုဂိုဏ်း တသီးတသန့် နေတတ်တာကို အပြစ်မဆို လိုပေမယ့် ဒီနေ့ခေတ်ရဲ့ ကမ္ဘာလောကကြီးက ဘယ်လိုဖြစ်နေတယ်ထင်လဲ... တာအိုဂိုဏ်း လက်ရှောင်ခဲ့တဲ့ လုပ်ရပ်က အသက်ပေါင်းများစွာ သေကြေစေခဲ့တယ်... ခင်ဗျားက ဒီကမ္ဘာရဲ့ သက်ရှိသတ္တဝါတွေကိုတောင် မကယ်တင်ပေးခဲ့ဘဲ... ကောင်းကင်နတ်ဘုံမှာ ကမောက်ကမဖြစ်အောင် လုပ်လို့၊ ကောင်းကင်နတ်အရှင်တွေရဲ့ တပည့်တချို့ကို သတ်လိုက်လို့ ကျုပ်ကို လာအပြစ်တင်နေတယ်လား”

“မတင်ရဲပါဘူး”

တာအိုဘိုးဘေးကြီးက ပြောသည်။ “ပန်းပွင့်တွေ၊ မြက်ပင်တွေ၊ သစ်ပင်တွေနဲ့ သစ်သားအားလုံးကလည်း သက်ရှိ...”

“ကြောင်သူတော် ကြွက်သူခိုး”

ချင်မူက ခေါင်းယမ်းနေ၏။ “တာအိုဘိုးဘေးကြီး၊ ခင်ဗျားက ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုသင်္ကေတအမှတ်အသားတွေကို ကောင်းကင်နတ်ဘုံ သုတေသန လုပ်နိုင်အောင် ကူညီပေးခဲ့တယ်.... ခင်ဗျားကြောင့် လူဘယ်လောက် သေခဲ့ရလဲ သိလား... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးတုန်းကဆို လူသေတွေ မမြင်ချင်မှ အဆုံးပဲ... ဒီလူတွေရဲ့ အသက်တွေက ခင်ဗျားပြောတဲ့ ပန်းတွေ၊ မြက်ပင်တွေ၊ သစ်ပင်တွေအောက် နိမ့်ကျနေတာလား.... ကျုပ် လန်ရွှမ်နတ်နန်းဆောင်နဲ့ ရှေးဟောင်းဘုရင်နန်းတော်မှာပဲ ပြဿနာရှာရသေးတာတောင် ခင်ဗျားက မှတ်ထားနေပြီပေါ့လေ... ခင်ဗျားက တာအိုက ဖားပြုပ်တစ်ကောင်လို့ ပြောခဲ့ပေမယ့် ဖားပြုပ်တွေက တာအိုကို နားမလည်ဘူး.. လူတွေကတော့ နားလည်ရုံတင်သာမက တာအိုလည်း ဖန်တီးနိုင်တယ်”

“တာအိုဘိုးဘေးကြီး၊ ခင်ဗျားက တာအို‌နောက် လိုက်ရင်း စုံလုံးကန်းနေပြီ... ခင်ဗျား တာအိုရချင်ရင် လေ့လာနေရုံနဲ့ မပြီးဘူး... တာအိုအကြောင်း လိုက်မေးနေရုံနဲ့ မပြီးဘူး... ခင်ဗျားနဲ့ ဆိုင်တဲ့ တာအိုတစ်ခု ဖန်တီးရတယ်... အဲဒါကမှ တကယ့်တာအိုအစစ်ပဲ”

သူက အော်ဟစ်လိုက်၏။ “ဖားပြုပ်တစ်ကောင်ဆီကတောင် တာအိုအကြောင်း မေးခဲ့ဖူးရင် လူသားတွေဆီကလည်း တာအိုအကြောင်း မေးကြည့်သင့်တယ်”

တာအိုဘိုးဘေးကြီးမှာ ရင်ထဲတွင် လှုပ်ခတ်သွားပြီး အလေးအနက် တုံ့ပြန်သည်။ “ဟိုတုန်းက ကောင်းကင်နတ်အရှင်ကြောင့် ကျုပ် ဉာဏ်ပွင့်ခဲ့ရတယ်.... ဒီနေ့လည်း ကောင်းကင်နတ်အရှင်ကြောင့်ပဲ ဉာဏ်အလင်းရသွားပါပြီ... ကျုပ်အတွက် အကျိုးကျေးဇူးအတော်များများ ရလိုက်ပါတယ်”

..................................................................

All Chapters