← Chapters

ကောင်းကင်နတ်အရှင်မူ အတုနှင့်အစစ်

Vol. 71 Ch. 933

ကောင်းကင်နတ်အရှင်မူ အတုနှင့်အစစ်

Vol. 71 Ch. 933

ကောင်းကင်မဟာမိတ်အဖွဲ့၏ ရည်ရွယ်ချက်သည် ရှေးဟောင်းနတ်ဘုရားတို့၏ အချုပ်အခြာအာဏာကို တွန်းလှန်ရန်၊ ‘ကောင်းကင်နတ်ဘုံ’ကို ပုန်ကန်ရန် ဖြစ်သည်။ ကောင်းကင်နတ်ဘုံကို ပုန်ကန်ရန် ဆိုသည်က ရှေးဟောင်းနတ်ဘုရားများအား ရည်ညွှန်း၏။

ထိုစဉ် ကောင်းကင်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့်အလျောက် ကောင်းကင်နတ်အရှင်ယွင်သည် နတ်ဘုရားတစ်ပိုင်းများဖြစ်စေ၊ ကမ္ဘာဦးအစဖြစ်တည်ပြီးနောက်မှ မွေးဖွားလာသည့် သက်ရှိသတ္တဝါများဖြစ်စေ မည်သည့်အင်အားစုကိုမဆို တစ်စည်းတစ်လုံးတည်း စုဝေးခဲ့၏။ ရှေးဟောင်းနတ်ဘုရားများကို တွန်းလှန်ချင်သည့်စိတ် ရှိသရွေ့ ကောင်းကင်မဟာမိတ်အဖွဲ့၌ လာရောက်ပူးပေါင်းပိုင်ခွင့် ရှိသည်။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို ဖယ်ရှားသုတ်သင်ပြီးသည့်အချိန်တွင် ကောင်းကင်မဟာမိတ်အဖွဲ့၏ အင်အားသည် ကြောက်ခမန်းလိလိ တိုးပွားလာခဲ့ပြီး တစ်နေ့ရောက်သည့်အခါ ကောင်းကင်နတ်အရှင်ယွင်မှာ သူတို့တည်ထောင်ခဲ့သော ကောင်းကင်နတ်ဘုံက သူတို့တွန်းလှန်ခဲ့သော ကောင်းကင်နတ်ဘုံနှင့် မခြားတော့ကြောင်း သဘောပေါက်လိုက်၏။

သူက သေရတော့မည်ကို တထစ်ချ သိထားသောကြောင့် အနာဂတ်အတွက် အစီအစဉ်တစ်ခု ရေးဆွဲကာ သူ၏ကိုယ်စား တာအိုဘိုးဘေးကြီးအား ဆောင်ရွက်စေခဲ့သည်။

“ကောင်းကင်နတ်အရှင်ယွင်က ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို အသုံးချပြီး ကောင်းကင်မဟာမိတ်အဖွဲ့ကို ဖြိုခွဲချင်နေတာပါ.... လိုအပ်လာရင် ရှေးဟောင်းနတ်ဧကရာဇ်ကိုလည်း ဖော်ထုတ်နိုင်တယ်.... အဲ့ဒါဆို ကောင်းကင်မဟာမိတ်အဖွဲ့အနေနဲ့ အောက်ဘုံအပေါ် ဖိနှိပ်‌နေတာကို ခဏလက်လျှော့ပြီး ရှေးဟောင်းကောင်းကင်ဧကရာဇ်ကို တိုက်ခိုက်ဖို့ပဲ အာရုံရောက်သွားကြလိမ့်မယ်”

တာအိုဘိုးဘေးကြီးက ဆက်ပြောသည်။ “အဲ့ဒီလိုလုပ်ရင် အောက်ဘုံအတွက် တိုးတက်လာနိုင်ဖို့ အခွင့်အရေးရှိလာလိမ့်မယ်”

ချင်မူ၏ရင်ထဲတွင် လှုပ်ခတ်သွားသည်။

ကောင်းကင်နတ်အရှင်ယွင်က အမှန်တကယ် အမျှော်အမြင်ကြီးလှပေသည်။

ကောင်းကင်မဟာမိတ်အဖွဲ့သည် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် အသက်ပြန်ရှင်လာမည်ကို မည်သည့်နည်းနှင့်မှ ခွင့်ပြုမည်မဟုတ်ပေ။ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် သေဆုံးနေသည့်အချိန်မှသာ သူတို့၏အာဏာအင်အားသည် ပြိုင်ဘက်ကင်း၏။ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် အသက်ပြန်ရှင်လာပါက သူတို့၏ ကြိုးစားအားထုတ်မှုအားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် မည်သည့်ရှေးဟောင်းနတ်ဘုရားမဆို အားနည်းချက်၊ အားသာချက် ရှိကြပြီး မဟာတာအိုအတိုင်း လိုက်နာကြရသော်လည်း ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကတော့ ထိုသို့မဟုတ်။

သူ့ကို ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုက ချုပ်နှောင်ထားခြင်း မရှိပေ။

ဤကဲ့သို့ ကောင်းကင်နတ်ဧကရာဇ်မျိုးသည် အမှန်တကယ် ကြောက်မက်ဖွယ်ရာအကောင်းဆုံး ဖြစ်၏။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် မသေဆုံးခဲ့ဘဲ ဝိညာဉ်ပြန်လည်‌မွေးဖွားလာက ကောင်းကင်နတ်အရှင်ဆယ်ယောက်အတွင်း၌ ရှိနေသည့်အကြောင်း သိသွားကြလျှင် ကောင်းကင်မဟာမိတ်အဖွဲ့သည် သေချာပေါက် စိတ်ဝမ်းကွဲပြီး ပျက်စီးသွားလိမ့်မည်။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က မည်သူမှန်း သိသည်နှင့် သူတို့အားလုံး တစ်ယောက်နှင့်တစ်ယောက် ရန်ငြိုးများ မထားတော့ဘဲ သူ့ကိုသာ အတူတူ ဝိုင်းသုတ်သင်ကြလိမ့်မည်။

“ဒါဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကပ်ဆိုက်တုန်းက ဘာလို့ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ သရုပ်မှန်ကို မဖော်ထုတ်ခဲ့တာလဲ” ချင်မူ မေးခွန်းထုတ်မိသည်။

သူ့ရင်ထဲ နာကျင်စွာ ဆို့နင့်လာသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကပ်ဘေးအတွင်း လူပေါင်းများစွာ သေကြေပျက်စီးခဲ့ကြသည့်အပြင် သူ့အတွက်လည်း အားကိုးရာအမဲ့ဆုံးအချိန် ဖြစ်နေခဲ့သည်။ ရိုက်ချက်ပြင်းလှသော ထိုးနှက်မှုများကြောင့် သူ ပြန်မထနိုင်လောက်အောင် ဖြစ်ခဲ့သော်လည်း အသက်ရှင်ကျန်ခဲ့သူများအတွက် စိတ်ကို နိုင်နိုင်ထိန်းကာ လမ်းအသစ်သို့ လျှောက်လှမ်းခဲ့ရ၏။

တာအိုဘိုးဘေးကြီးသာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ သရုပ်မှန်ကို ဖော်ထုတ်လိုက်လျှင် အာရုံအားလုံး ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ဆီသို့သာ ရောက်သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ ကပ်ဆိုက်ခဲ့မည်မဟုတ်ပေ။

တာအိုဘိုးဘေးကြီးက ခေါင်းယမ်းသည်။ “အချိန်မကျသေးဘူး”

ချင်မူ့အသံသည် အက်ကွဲနေ၏။ “အချိန်မကျသေးဘူး ဟုတ်လား... ဘယ်တော့မှ အချိန်ကျမှာလဲ... အချိန်ကျဖို့ အသက်ပေါင်းဘယ်လောက် ပေးဆပ်ရဦးမလဲ”

တာအိုဘိုးဘေးကြီး၏ မျက်ဝန်းများက လေးနက်နေသည်။ “ခိုင်ဧကရာဇ်ကပ်ဘေးတုန်းက ကျုပ် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ သရုပ်မှန်ကို မဖော်ထုတ်ခဲ့သလို၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက်လည်း အချိန်မကျသေးဘူး ... အရေးအကြီးဆုံးက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ အစွမ်းအစတွေက ကောင်းကင်မဟာမိတ်အဖွဲ့ကို တွန်းလှန်ဖို့ မလုံလောက်သေးလို့ပဲ... သူတစ်ယောက်တည်း ကျန်ကိုးယောက်ကို ရင်ဆိုင်ရမယ်ဆို ခံနိုင်မှာမဟုတ်ဘူး... သူ သေသွားရင် အောက်ဘုံအနေနဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ကို ခုခံဖို့ ဘယ်လိုအခွင့်အရေးမှ ရှိမလာနိုင်တော့ဘူး...

“သက်ရှိသတ္တဝါတွေအနေနဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ကို တွန်းလှန်ဖို့ အင်အားလုံလုံလောက်လောက် လိုအပ်ပြီး ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်မှာလည်း ကောင်းကင်မဟာမိတ်အဖွဲ့ကို ဖြိုခွဲနိုင်မယ့် အစွမ်းအစ ရှိနေရမယ်... ဒါမှ အချိန်ကျမှာ”

သူက တောင်းပန်နေသော အမူအရာဖြင့် ပြော၏။ “ကောင်းကင်နတ်အရှင်ယွင်ရဲ့ အစီအစဉ်ကို အကောင်အထည်‌ဖော်နေရသူအနေနဲ့ ကျုပ် ယုတ္တိကျကျ တွေးပြီး အချိန်ကောင်း စောင့်ဖို့ လိုတယ်.... အဲ့မတိုင်ခင် သေကြေပျက်စီးမှုတွေ ဘယ်လောက်များများ၊ ကျုပ်ကတော့ စောင့်နေရဦးမှာပဲ”

ချင်မူ တိတ်ဆိတ်သွားသည်။ “ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က ဘယ်ကောင်းကင်နတ်အရှင်လဲ”

“ကောင်းကင်နတ်အရှင်မူ ၊ ကျုပ် ထုတ်မပြောချင်ဘူး”

တာအိုဘိုးဘေးကြီးက တည်ငြိမ်‌အေးဆေးစွာ ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ယွင်ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်သင့်တဲ့သူ မဟုတ်ဘူး... ကောင်းကင်နတ်အရှင်မူက စိတ်လောလွန်းတယ်... ကိုယ့်ရဲ့အားသာချက်တွေကို ထုတ်ပြတတ်လွန်းတယ်... ကျုပ်ကတော့ အဲဒီလိုမဟုတ်ဘူး... လူသန်းပေါင်းများစွာ သေလည်း လျစ်လျူရှုထားနိုင်တယ်... ကောင်းကင်နတ်အရှင်က အားလုံးရဲ့ လေးစားတာ ခံရတဲ့ ကောင်းကင်နတ်အရှင်တစ်ပါးပါ.... အခုလို မကောင်းမှုတွေ လုပ်စရာမလိုပါဘူး... ဒီလိုမကောင်းမှုနဲ့ ဒီလိုနာမည်ဆိုးတွေက ကောင်းကင်နတ်အရှင်ယွင်ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်နေတဲ့သူအတွက် ရှောင်လွှဲလို့မရတာတွေပဲ”

သူ၏အိုစာနေသော မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလာ၏။ “ကျုပ် ဒီအတွက် ပြင်ဆင်နေခဲ့တာ နှစ်ပေါင်းငါးသိန်းကျော်ပါပြီ... ကောင်းကင်နတ်အရှင်မူ၊ ကျုပ်ရဲ့ကြိုးစားအားထုတ်မှုကို ဖြတ်မလုပါနဲ့နော်”

ချင်မူက လက်သီးဆုပ်၍ ဒူးထောက်အရိုအသေပေးသည်။ တာအိုဘိုးဘေးကြီးမှာ ကပျာကယာ အရိုအသေပြန်ပေး၏။

“ကျွန်တော်က ရှေ့နောက် မစဉ်းစားတတ်တဲ့ သာမညကောင်တစ်ကောင်ပါ... ကံတိုက်ဆိုင်လို့သာ နဂါးဟန်ခေတ်ရဲ့ ပထမနှစ်ကို ရောက်လာပြီး အဲဒီခေတ်ရဲ့ အစ်ကိုတော်၊ အစ်မတော်တွေ၊ ပါရမီရှင်တွေနဲ့ ဆုံတွေ့ရင်းနဲ့ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာခဲ့ပါတယ်... ပစ္စုပ္ပန်ကို ပြန်မသွားခင် ထွေထွေထူးထူး လုပ်ဆောင်‌ပေးခဲ့တာလည်း မရှိပါဘူး”

ချင်မူ သက်ပြင်းချမိသည်။ “ခင်ဗျားကတော့ ကိုယ့်ကိုယ်ကို စတေးပြီး ကြိုးစားနေခဲ့တယ်... ကျွန်တော်က ကောင်းကင်နတ်အရှင်ဘွဲ့နဲ့ မထိုက်တန်ပါဘူး... ခင်ဗျားတို့ကသာ ထိုက်တန်တာပါဗျာ”

တာအိုဘိုးဘေးကြီးက တုံပြန်၏။ “နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို တစ်လောကလုံး သိအောင် ဖြန့်ဝေပေးခဲ့ပြီး ကောင်းကင်နတ်ဘုံအဆင့် ရှိသေးတဲ့အကြောင်းလည်း သဘောပေါက်စေခဲ့ရုံနဲ့တင် ကောင်းကင်နတ်အရှင်ဘွဲ့နဲ့ ထိုက်တန်နေပါပြီ... ဒါ့အပြင် ကောင်းကင်နတ်အရှင် လုပ်‌ဆောင်ပေးခဲ့တာတွေက ဒါတွေတင် မဟုတ်ပါဘူး..

“ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်ဘုံကနေ မကြာခင် ထွက်သွားသင့်ပြီ”

ချင်မူမှာ ရုတ်တရက် တောင့်တင်းသွားပြီး သူဆိုလိုသည်ကို နားမလည်ပေ။

တာအိုဘိုးဘေးကြီးက ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်ဟောင်က ကျုပ်ဆီ လာပြီး တစ်ခုစုံစမ်းတယ်.... ဖန်ဆင်းဂိုဏ်းချုပ်နန်းဆောင်မှာ ဖန်ဆင်းကောင်းကင်လက်နက်နဲ့ ကောင်းကင်နတ်အရှင်မူတစ်ယောက် တည်ဆောက်ဖို့ ဖြစ်နိုင်မလားတဲ့... သူက ကျုပ်ကို ကောင်းကင်နတ်အရှင်မူတစ်ယောက် ဖန်ဆင်းစေချင်ခဲ့တယ်.. နဂါးသွဲ့ရေကန်မှာ တိုက်ပွဲဖြစ်တုန်းက ကျုပ်လည်း ကောင်းကင်နတ်အရှင်ကို တစ်ချိန်လုံး စောင့်ကြည့်ရင်း ရှိနေခဲ့တာပါ... ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ကောင်းကင်နတ်အရှင်မူရဲ့ ပုံကြမ်းကို သူ့ဆီ ပေးလိုက်ပြီးပြီ”

ချင်မူမှာ လျှာကိုက်မိတော့မလို ဖြစ်သွားသည်။ “တာအိုဘိုးဘေးကြီး၊ ခင်ဗျားဗျာ.. ခင်ဗျား...”

တာအိုဘိုးဘေးကြီးက အေးဆေးလျက်သာ ရှိသည်။ “ကျုပ် သူ့ကို ကောင်းကင်နတ်အရှင်မူရဲ့ ပုံကြမ်းမပေးရင်တောင် လုပ်ပေးနိုင်တဲ့ တခြားသူတွေ အများကြီး ရှိပါတယ်... ဒါကြောင့် ကျုပ်လည်း သူ့ဆီ ပေးခဲ့တာ... ကောင်းကင်နတ်အရှင်ဟောင် ဖန်ဆင်းလက်နက်နဲ့ ကောင်းကင်နတ်အရှင်မူအသစ်တစ်ယောက် တည်ဆောက်ပြီးရင် ကောင်းကင်နတ်အရှင်မူကို သတ်ပြီး အစားထိုးဖို့ ကြိုးစားလိမ့်မယ်... အဲဒါဆို သူ ကလဲ့စားလည်း ချေနိုင်မယ်.... ကောင်းကင်နတ်အရှင်ရဲ့ မျက်နှာနဲ့ သူလုပ်ချင်တာတွေ လုပ်နိုင်သွားလိမ့်မယ်”

ချင်မူ့မျက်လုံးများ ဝိုင်းစက်သွားပြီး အသက်ပင်မရှူနိုင်တော့ပေ။

တာအိုဘိုးဘေးကြီးသည် ဆက်ပြော၏။ “ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်အရှင်မူကို ကိုင်တွယ်နိုင်တဲ့ ပရိယာယ်တွေ တစ်ပုံကြီး ရှိတယ်... ကောင်းကင်နတ်အရှင်ဟောင်က တဇွတ်ထိုးဆန်သယောင် ထင်ရပေမယ့် အင်မတန်မှ ဉာဏ်များတယ်.... နဂါးသွဲ့ရေကန်တိုက်ပွဲတုန်းက သူလည်း ရှိနေခဲ့ပေမယ့် ကောင်းကင်နတ်အရှင်ကို သတ်ဖို့မဟုတ်ဘဲ ကောင်းကင်နတ်ဘုံမှ သူ့ကို ဆန့်ကျင်နေတဲ့သူ ဘယ်နှယောက်ရှိလဲ လာကြည့်ရုံအတွက်ပဲ... သူ့ရည်ရွယ်ချက်က ပြည့်သွားပြီ... ကျုပ်လည်း အမိန့်နာခံမယ့် ကောင်းကင်နတ်အရှင်မူတစ်ယောက် ဖန်ဆင်းဖို့ ကောင်းကင်နတ်အရှင်မူရဲ့ ရုပ်ခန္ဓာနဲ့ ပတ်သက်ပြီး အချက်အလက်တွေ မှတ်တမ်းတင်ထားပြီးပြီ”

ချင်မူ တုန်လှုပ်လာသည်။ တာအိုဘိုးဘေးကြီး ပြောနေသော ကောင်းကင်နတ်အရှင်ဟောင်နှင့် အများသိထားသည့် ကောင်းကင်နတ်အရှင်ဟောင်မှာ လူနှစ်ယောက်ပမာ ထင်ရပေသည်။

“ဒါကြောင့် ကောင်းကင်နတ်အရှင် ကောင်းကင်နတ်ဘုံက ထွက်သွားဖို့ အချိန်ကျပြီ”

တာအိုဘိုးဘေးကြီးက ပြောသည်။ “ကျုပ် ကောင်းကင်နတ်အရှင်ကို အောက်ဘုံဆီ ပြန်လိုက်ပို့ပေးပါ့မယ်”

ချင်မူ ဣန္ဒြေဆည်ပြီး ခေါင်းယမ်းလိုက်၏။ “ကောင်းကင်နတ်ဘုံကို ဖရိုဖရဲဖြစ်အောင် မလုပ်ရသေးဘဲ ဘာလို့ပြန်ရမှာလဲ... ခင်ဗျားဆီ လာပြီးနောက်ပိုင်း ပျောက်သွားရင် ဦးနှောက်ပါတဲ့လူတိုင်း ခင်ဗျား ကျွန်တော့်ကို ပြန်လွှတ်လိုက်မှန်း သိလိမ့်မယ်... ကျွန်တာ် တာအိုဘိုးဘေးကြီးကို ဒုက္ခမပေးချင်ပါဘူး”

သူက ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟောင်အနေနဲ့ ကျွန်တော့်ကို သတ်ဖို့လည်း မလွယ်ပါဘူး... ကျွန်တော် တာအိုဘိုးဘေးကြီးဆီက အကူအညီတောင်းစရာ ရှိတယ်.... မဟာလေဟာနယ်ဆီ ဘယ်လိုသွားရမလဲ သိလား”

တာအိုဘိုးဘေးကြီးသည် ခေါင်းယမ်းပြ၏။ “ပြဿနာမရှာပါနဲ့ ကောင်းကင်နတ်ဘုံကနေ မြန်မြန်သာ ပြန်ပါ”

လောလောဆယ်တွင် ယန်အာနှင့် နဂါးချီလင်သည် ကျောင်းဆောင်၏အပြင်ရှိ ဖားပြုပ်နှစ်ကောင်ဖြင့် စကားပြောနေ၏။ ဖားပြုပ်နှစ်ကောင်က ပျင်းရိနေကြ၍ မျက်လုံးပိတ်လျက်သာ စကားပြောနေသည်။ ယန်အာ စွမ်းအင်ဆေးလုံးများဖြင့် သွေးဆောင်မှသာ သူတို့မျက်လုံးများက ပြူးထွက်လာတတ်သည်။

“ဒီဖားပြုတ်နှစ်ကောင်က တော်တော် စားကောင်းမှာပဲ” ချီကျုံရီက ရယ်လိုက်သည်။

ရုတ်ခြည်းဆိုသလို ဖားပြုပ်နှစ်ယောက်သည် မျက်လုံးကြီးပြူး၍ သူ့ဆီသို့ လှမ်းကြည့်၏။ ချီကျုံရီမှာ ရေခဲရေဖြင့် လောင်းချခံလိုက်ရသကဲ့သို့ အေးစိမ့်သွားပြီး သူ့ကို ကြည့်နေသည့် ဧရာမမျက်လုံးကြီးလေးလုံးမှအပ မည်သည်ကိုမျှ မမြင်ရတော့ပေ။

ချင်မူ တာအိုကျောင်းဆောင်ထဲမှ ထွက်လာသည့်အခါ တောင့်တင်းနေသော ချီကျုံရီအား ကြောင်တောင်တောင် ကြည့်မိလေသည်။ ထိုအခါမှ ချီကျုံရီ၏အရှေ့တွင် ပုံရိပ်များ ပျောက်ကွယ်သွားသည်။

သူ့မှာ ကြက်သီးတဖြန်းဖြန်း ထလာပြီး ကြောက်လန့်သွား၏။ ဤဖားပြုပ်နှစ်ကောင်၏ အစွမ်းအစက သူ့ထက်များစွာ မြင့်မားနေသည်။

ကောင်းကင်နတ်ဘုံ၏ တာအိုသခင်က သူတို့ကို ယွီချွမ်ကောင်းကင်နန်းတော်၏အပြင်သို့ လိုက်ပို့ပေးသည်။

ချင်မူက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ယွင်ချွီးရှို့ကို မေးလေသည်။ “ကောင်းကင်နတ်ဘုံမှာ ဖန်ဆင်းဂိုဏ်းချုပ်နန်းဆောင် ရှိပြီး ဖန်ဆင်းလက်နက်တစ်ခုလည်း ရှိတယ် ကြားတယ်... လိမ္မာတဲ့ညီမလေးကပဲ အစ်ကို့ကို ခေါ်သွားပေးလို့ ရမလား.. ကောင်းကင်နတ်ဘုံနဲ့ အောက်ဘုံအကြား သွားရလာရ လွယ်ကူအောင် ဖန်ဆင်းဂိုဏ်းချုပ်နန်းဆောင်ဆီ သွားပြီး စွမ်းအင်အကူးအပြောင်းတံတားတွေ ဆောက်ကြည့်မလို့”

ယွီချွီးရှို့သည် သူ့ကို ကြည့်၍ တခစ်ခစ် ရယ်၏။ “လိမ္မာတဲ့ ညီမလေးတဲ့”

ချီကျုံရီနှင့် ယွင်ကျန်းလီမှာ သူတို့နှစ်ယောက်ကို ကြောက်လန့်နေသော အမူအရာများဖြင့် ကြည့်ပြီး ခေါင်းမွှေးများထောင်ကုန်ကြသည်။ ဤအမျိုးသမီးသည် ကောင်းကင်နတ်ဧကရီမဟုတ်လျှင် အရှင်မယွမ်မု ဖြစ်သော်လည်း ချင်မူက သူမကို လိမ္မာတဲ့ညီမလေးဟု ရဲတင်းစွာ ခေါ်လိုက်လေသည်။

‘အောက်ဘုံက တက်လာတဲ့ ဒီကောင်းကင်နတ်အရှင်မူကတော့ ဘယ်လိုသေရမှန်း မသိတာလား’

ယွင်ကျန်းလီမှာ သူ့ဘာသာသူ တွေးလိုက်မိ၍ ရင်တဒိန်းဒိန်း ခုန်လာသည်။ ‘ဟုတ်သား ငါလည်း သူ့ကို ညီမလေးလို့ ခေါ်ခဲ့မိတာပဲ... ငါလည်း ဘာထူးတုန်း... မဖြစ်တော့ဘူး အောက်ဘုံကို မကြာခင် ဆင်းမှ’

“စွမ်းအင်အကူးအပြောင်းတံတားတဲ့လား”

ယွင်ချွီးရှို့က စပ်စပ်စုစု မေးသည်။ “အောက်ဘုံနဲ့ ကောင်းကင်နတ်ဘုံအကြား သွားရလာရ လွယ်ကူအောင်တဲ့လား... ကောင်းကင်နတ်အရှင်က ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရား၊ မိစ္ဆာတွေ အောက်ဘုံဆီ ဆင်းပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် ဖိနှိပ်မှာ မကြောက်ဘူးလား”

ချင်မူက အလေးအနက်အမူအရာဖြင့် ဖြေသည်။ “ထာဝရငြိမ်းချမ်းရေးင်ပါယာက ကောင်းကင်နတ်ဘုံလက်အောက်မှာ အညံ့ခံထားပြီးပြီပဲ... ငါတို့က ကောင်းကင်နတ်ဘုံရဲ့ လက်အောက်ငယ်သားတွေဆို‌တော့ ကောင်းကင်နတ်ဘုံအပေါ် သစ္စာရှိရမယ်လေ... ညီမလေးရယ် ကောင်းကင်နတ်ဘုံက ဘယ်တော့မှ မရိုးသားလုပ်မှာ မဟုတ်ပါဘူး”

“နင့်ကို ယုံရင် ငါဘဝပျက်သွားလိမ့်မယ်”

ယွင်ချွီးရှို့သည် စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလေးလှန်ပြီး ရယ်လိုက်၏။ “စွမ်းအင်အကူးအပြောင်းတံတားရဲ့ ပုံကြမ်း ငါ့ဆီ ပေး... နင် သွန်းလုပ်နိုင်အောင် ငါ ကူညီပေးမယ်... ကောင်းကင်နတ်ဘုံရဲ့ အောက်ဘုံအကြားက ကမ္ဘာလောကစည်းကို ဖွင့်ဖို့က အတော်လေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ.. နင်က ကောင်းကင်နတ်ဘုံမှာ ဘာအာဏာမှ မရှိသေးတော့ ဆုံးဖြတ်ချက်ချလို့မရဘူး.. ဒီကိစ္စကို ကောင်းကင်နတ်အရှင်တစ်ယောက် အသိအမှတ်ပြုဖို့ လိုတယ်”

ချင်မူက စွမ်းအင်အကူးအပြောင်းတံတား၏ ပုံကြမ်းများ ထုတ်၍ သူမဆီ ပေးသည်။ ပုံကြမ်းများမှာ များပြားလှပီး ပုံအောတိုက်နေသည်။ ယွင်ချွီးရှို့သည် စာရွက်တစ်ရွက်နှစ်ရွက် ထုတ်ကြည့်ပြီးနောက် သင်္ချာသင်္ကေတများ မြင်လျှင် မျက်မှောင်ကြုတ်သွား၏။ ဤသင်္ကေတများကို ကြည့်ရင်း စိတ်ရှုပ်လာသဖြင့် သူမက ပြောလိုက်သည်။ “ဒါကို တာအိုဂိုဏ်းဆီ ပို့ရဦးမှာပဲ... ငါ တာအိုဂိုဏ်းကို ဒါတွေ ယူပြီး ဖန်ဆင်းဂိုဏ်းချုပ်နန်းဆောင်မှာ စွမ်းအင်အကူးအပြောင်းတံတား တည်ဆောက်ခိုင်းလိုက်မယ်... အစ်ကိုတော်၊ ကောင်းကင်နတ်အရှင်၊ အစ်ကိုကျုံ... ကျွန်မ အရင် သွားနှင့်မယ်နော်”

သူမက ပုံကြမ်းများ သယ်လျက် ခပ်သွက်သွက် ထွက်သွားပြီး ယွီချွမ်ကောင်းကင်နန်းဆောင်ဆီ ဦးတည်ရင်း တွေးနေသည်။ ‘ဒီစွမ်းအင်အကူးအပြောင်းတံတားက အတော်လေး အသုံးဝင်တယ်... ကောင်းကင်နတ်ဘုံကို ကမ္ဘာဘုံတင်မကဘူး ကျန်ကောင်းကင်ဘုံတွေနဲ့လည်း ဆက်ပေးနိုင်တယ်... ဒီတံတားတွေ တည်‌ဆောက်ပြီးရင် ငါ့အာဏာက အခြားကောင်းကင်ဘုံတွေ၊ အခြားကမ္ဘာတွေအပေါ် သက်ရောက်နိုင်သွားမယ်’

ချင်မူ၊ ချီကျုံရီ၊ ယွီကျန်းလီနှင့် ကျန်ရှိသူများက နဂါးသွဲ့ရေကန်သို့ ပြန်ကြသည်။ ယွင်ကျန်းလီမှာ ရင်ထဲ သံသယများ ဖြစ်ပေါ်လာပြီး အတန်ကြာ မြိုသိပ်ထားပြီးနောက်၌ မေး‌တော့သည်။ “ကောင်းကင်နတ်အရှင်က စွမ်းအင်အကူးအပြောင်းတံတား ပုံကြမ်းတွေကို ယွင်ချွီးရှို့ဆီ ဘာလို့ပေးလိုက်တာလဲ.... စွမ်းအင်အကူးအပြောင်းတံတားက အင်မတန် အသုံးတည့်တယ်... ကောင်းကင်နတ်ဘုံနဲ့ ကမ္ဘာဦးဘုံ ဆက်သွားရင် ကောင်းကင်နတ်ဘုံက နတ်ဘုရားတွေ အောက်ဘုံဆီ တန်းသွားနိုင်မှာမဟုတ်လား... ကမ္ဘာဦးဘုံ ဘာမှတောင် ပြန်လုပ်နိုင်မှာမဟုတ်ဘူး... ကောင်းကင်နတ်ဘုံရဲ့ အာဏာက ပိုလို့တောင် တည်မြဲလာလိမ့်မယ်”

ချင်မူက ခေါင်းညိတ်၍ ပြုံးလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်နတ်ဘုံလက်အောက်က ပြည်နယ်သေးသေးလေးတစ်ခုပါ.... ကျွန်တော်တို့က ပုန်ကန်နေတာမှမဟုတ်တာ ဘာကြောက်စရာရှိလဲ”

ယွင်ကျန်းလီ၏ သံသယများ ပို၍သာ ကြီးထွားလာ၏။ “ကောင်းကင်နတ်အရှင်၊ စွမ်းအင်အကူးအပြောင်းတံတားကို ဘယ်လိုသုံးရမလဲ မသိတာတော့ မဟုတ်ပါဘူး... ဘာတွေကြံနေတာလဲ”

ချင်မူ သူ့ကို တိုက်ရိုက်ပြန်မဖြေဘဲ ပြုံးကာ ပြောသည်။ “စွမ်းအင်အကူးအပြောင်းတံတားနဲ့ဆို နောင်တော်ယွင်လည်း အောက်ဘုံဆီ ဆင်းနိုင်ပြီ... ကောင်းကင်နတ်ဘုံမှာ နေစရာမလိုတော့ဘူး”

ချင်မူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အနာဂတ်အတွက် ဗျူဟာဆွဲထားပြီးဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုများကို ပိတ်ပင်ထားသည့် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ချထားသော စည်းကမ်းရှစ်ချက်ကို လက်တစ်လုံးခြားနိုင်ရန် အရေးအကြီးဆုံးအစီအစဉ်တစ်ခုက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကုန်ထုတ်လုပ်ငန်းများ မရပ်တန့်စေရေး ဖြစ်သည်။ ထိုအခါမှ ကောင်းကင်နတ်ဘုံအတွက် နတ်လက်နက်များ သွန်းလုပ်နိုင်မည်။

သည့်အတွက် ကုန်သွယ်ရေးလမ်းကြောင်းများ ဖွင့်လှစ်ပေးရမည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ကုန်စည်များကို ကောင်းကင်နတ်ဘုံသို့ တင်သွင်းရန်အတွက် အမြန်ဆုံးသော ဇာမဏီသင်္ဘောဖြင့်ပင် အသွားအပြန်တစ်နှစ် ကြာသည်။ သာမန်သင်္ဘောများဆိုလျှင် အသွားအပြန်နှစ်တစ်ရာ ကြာလိမ့်မည်။

စွမ်းအင်အကူးအပြောင်းတံတားက ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ကောင်းကင်နတ်ဘုံအကြား ကုန်သွယ်လမ်းကြောင်းများ ဖောက်လုပ်ကာ ကူးသန်းရောင်းဝယ်ရသည့် အချိန်ကို လျှော့ချပေးနိုင်သည်။ ဤသို့ဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ကုန်ထုတ်လုပ်ရေးလုပ်ငန်းကို အသုံးချ၍ တိုင်းပြည်ကို လျင်မြန်စွာ ပြန်လည်ထူထောင်နိုင်၏။

စွမ်းအင်အကူးအပြောင်းတံတားဖြင့် ကျန်ကောင်းကင်ဘုံများနှင့် ကမ္ဘာခြားများကို ဆက်သွယ်ရင်း ကုန်သွယ်လမ်းများ ဖွင့်လာလျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် ထိုကောင်းကင်ဘုံများနှင့် ကမ္ဘာခြားများတွင်လည်း ကုန်ထုတ်စက်ရုံများ တည်ထောင်နိုင်ပြီး ကောင်းကင်ဘုံများ၊ ကမ္ဘာခြားများ ပုန်ကန်အောင် တွန်းအားပေးနိုင်မည်။

သို့သော် စွမ်းအင်အကူးအပြောင်းတံတားကို သူ တည်ဆောက်၍မရပေ။ သူက ဆောက်သည်ဆိုလျှင် ကျန်ကောင်းကင်နတ်အရှင်များ သံသယဝင်လာကြလိမ့်မည်။ အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းသည် ကောင်းကင်နတ်ဧကရီ၏ လက်ထဲ ထည့်ပြီး သူမဘာသာ တည်ဆောက်စေခြင်း ဖြစ်၏။

ကောင်းကင်နတ်ဧကရီ တံတားဆောက်ပြီးလျှင် အကျိုးအမြတ်ရရန်အတွက် ကျန်ကောင်းကင်နတ်အရှင်များလည်း တံတား လိုက်ဆောက်ကြလိမ့်မည်။။ ထိုအခါ ဘုံများ၊ ကမ္ဘာများ ချိတ်ဆက်သွားပြီး ချင်မူ၏ပန်းတိုင် အောင်မြင်သွားမည်။

သူတို့ နဂါးသွဲ့ရေကန်သို့ မရောက်ခင် နတ်ဘုရားတစ်ပါးက သူတို့လမ်းတွင် ရုတ်တရက် ပေါ်လာပြီး ဦးညွှတ်အရိုသေပေး၏။ “ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ဟောင်က ဟောင်နန်းတော်မှာ စားသောက်ပွဲတက်ရောက်ဖို့ ဖိတ်ခိုင်းလိုက်ပါတယ်”

ချင်မူ ရင်ထဲ ထိတ်သွားပြီး သရော်တော်တော် ပြောလိုက်သည်။ “ငါတို့ကြားမှာ ရန်ငြိုးရှိတယ်.. စေတနာပါလို့ ငါဖိတ်နေတာ ဟုတ်မနေဘူး.. မတက်ဘူး ပြောလိုက်”

ထိုနတ်ဘုရား အံ့အားသင့်သွားသည်။

ချင်မူက ခပ်သွက်သွက် လျှောက်သွား၏။ သူ့ပခုံးအပေါ်တွင် နားနေသော ယန်အာက သူ့လည်ဂုတ်ဆီ လှမ်းကြည့်ရာ ကြက်သီးမွေးညင်းများ ထနေကြောင်း မြင်လိုက်ရလေသည်။

‘ဒီကလိမ်ကကျစ် ကောင်းကင်နတ်အရှင်ဟောင်က ဖန်ဆင်းကောင်းကင်လက်နက်နဲ့ ငါနောက်တစ်ယောက် ဖန်ဆင်းထားပြီးလောက်ပြီ... စားသောက်ပွဲတက်ဖို့ ဖိတ်တာက ငါ့ကို သတ်ဖို့ ခေါ်တာသက်သက်ပဲ”

သူတို့ နဂါးသွဲ့ရေကန်ဆီ ဆက်လျှောက်နေကြစဉ် အမျိုးသမီးတစ်ယောက် ရောက်လာသည်။ “သခင်လေးယွင်၊ အရှင်မယွင်ရှောင်က သခင်လေးကို ပြန်လာခိုင်းပါတယ်”

ယွင်ကျန်းလီမှာ ဤအမျိုးသမီးကို တစ်ခါမှမမြင်ဖူးသဖြင့် ဇဝေဇဝါ ဖြစ်နေသော်လည်း သူမနောက်မှ လိုက်သွားသေး၏။

တခဏကြာသော် တောင်ကောင်းကင်၏ ဇာမဏီနတ်မင်းလက်အောက်ရှိ နတ်ဘုရားတစ်ပါးက သူတို့လမ်းကို ပိတ်ပြီး အရိုအသေပေးသည်။ “ဇာမဏီနတ်မင်းက သခင်လေးကို လွမ်းလို့ သူ့ဆီ ပြန်လာတွေ့ခိုင်းပါတယ်”

ချီကျုံရီ အံ့အားသင့်သွားသည်။ “ဆရာမ ရောက်နေတာလား.... အောက်ဘုံမှာ မဟုတ်ဘူးလား... ဒုတိယအစ်ကို၊ ငါနဲ့ လိုက်ခဲ့”

နဂါးချီလင်က ချင်မူ့ထံ လှမ်းကြည့်၍ ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားသည်။ “လိုက်သွားချည်”

ချီကျုံရီနှင့် နဂါးချီလင်က ထိုနတ်ဘုရားနောက်မှ လိုက်သွားပြီး အတူတူထွက်သွားကြ၏။

ချင်မူ ပြုံးလိုက်သည်။ “ခဏနေရင် တောင်နတ်မင်းကျူချွဲရဲ့ လူတစ်ယောက် ရောက်လာပြီး မမကြီးယန်အာကို တောင်နတ်မင်းနဲ့ လိုက်တွေ့ခိုင်းလိမ့်မယ်”

ယန်အာမှာ အူတူတူ ဖြစ်သွားပြီး ရယ်လိုက်သည်။ “ဘယ်လိုသိလဲ”

ချင်မူက မဖြေပေ။

တခဏကြာသော် နတ်ဘုရားမတစ်ပါးက ပြုံးလျက် ရောက်လာသည်။ “မင်းသမီးလေးယန်၊ တောင်နတ်မင်းက မင်းသမီးလေးကို သတိရနေပါတယ်... မင်းသမီးကို သူ့ဆီ ခေါ်လာဖို့ ကျွန်မကို လွှတ်လိုက်တာပါ”

ယန်အာက ချင်မူ့ဆီသို့ ကြည့်၍ ချင်မူက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ “သားအမိနှစ်ယောက် ကြုံတုန်းတွေ့ရတာပဲ အချိန်ဆွဲမနေနဲ့”

ယန်အာလည်း နတ်ဘုရားနောက်မှ လိုက်သွား၏။

ချင်မူတစ်ယောက်တည်း နဂါးသွဲ့ရေကန်၏ မန့်လန်အဆောင်သို့ ပြန်လာသည်။ သူ့ကို စောင့်ကြိုနေသည်မှာ လက်နှစ်ဖက် ကျောနောက်ပစ်လျက် အဆောင်ထဲ၌ ရပ်နေသည့် ချင်မူနောက်တစ်ယောက် ဖြစ်လေသည်။

All Chapters