← Chapters

မိမိကိုယ်ကို ဒုက္ခရှာခြင်း

Vol. 008 Ch. 779

မိမိကိုယ်ကို ဒုက္ခရှာခြင်း

Vol. 008 Ch. 779

ကျောက်ရန်က အော်ဟစ်လိုက်သည်နှင့် အနက်ရောင် အငွေ့အသက်များ အားလုံး ပြယ်လွင့်သွားကြ၏။ သူက ကောင်းကင်ထက်မှ ကျဆင်းကာ ထိတ်လန့်သော ဟန်ပင်အား မြင်ကြရသည်။

“ဝေါ့…” ကျောက်ရန်က သွေးတစ်ပွက် အန်သည်။ သူက ခေါင်းမော့ကာ မြေပြင်ပေါ်ကို ဆင်းသက် လာသောသူအား ကြည့်သည်။

စုချွဲကား မူလကဲ့သို့ ပျင်းရိကာ ထီမထင်သော အမူအရာရှိနေကာ တိုက်ပွဲ ဖြစ်ခဲ့သည်ဟုပင် မထင်ရပေ။

“ကျောက်ရန်က အားကောင်းတယ် ဆိုပေမဲ့ သူက တိုက်ပွဲမှာ လုံးဝ အပြတ်အသတ် ရှုံးနိမ့်ခဲ့တယ် … သူက ပြန်ပြီးတောင် မတိုက်နိုင်ဘူး…” လူအများအပြားက မှတ်ချက် ချကြသည်။ ဤကား အမှောင်လောကဓာတ်၏ စွမ်းရည်ပင် ဖြစ်သည်။ စုချွဲက ထိုဓာတ်အား အလွန် ကျင်လည်စွာ အသုံးချနိုင်၏။

ကောင်းကင်ရှန့်ထိုက ပြုံးလျက် ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်အား ကြည့်သည်။ ထိုအခိုက်တွင် ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကလည်း စုချွဲကို စိုက်ကြည့်နေ၏။

ကျောက်ပြည်ထောင်၏ တော်ဝင်မျိုးဆက် တစ်ယောက်ကား တိုက်ပွဲတွင် အရှက်တကွဲ ရှုံးနိမ့်ခဲ့သည်။

တစ်ဖက်တွင် ကျောက်ယိုက ဖီးနစ်အား အနိုင်ယူ နိုင်ခဲ့သော်လည်း အလွယ်တကူ အနိုင်ရခဲ့သည်တော့ မဟုတ်ပေ။ သူကား ဖီးနစ်ကြောင့် ဒဏ်ရာရခဲ့သည်။ သို့သော် ကျောက်ရန်ကား စုချွဲကို လက်ဖျားဖြင့်ပင် မထိနိုင်ခဲ့ပေ။

ထို့အပြင် ကျောက်ယိုကား ကျောက်ပြည်ထောင်၏ အတော်ဆုံး ပြိုင်ပွဲဝင်ဖြစ်သည်။ နှိုင်းယှဉ် ကြည့်မိသည်တွင် ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က မသက်မသာ ခံစားရ၏။

စုချွဲက သူ၏နေရာကို ပြန်သွားကာ ရီဖူရှင်း၏ ဘေးနားမှ ဖီးနစ်အား လှမ်းကြည့်၍​ ပြုံးပြသည်။ သူ့အပြုံးတွင် ကျေနပ်အားရသော ဟန်ပင်အား ဖုံးဖိ၍​ မရနိုင်ပေ။ ဖီးနစ်ကလည်း ပါးစပ်ကိုပိတ်၍​တစ်ခစ်ခစ် ရယ်၏။

“ဟန်ရေးပြတယ်… ” ရီဖူရှင်းကလည်း ရယ်မောသည်။ မည်သို့ဆိုစေ စုချွဲကား ဖီးနစ်အတွက် အမှန်ပင် လက်စားချေ နိုင်ခဲ့သည်။

“ဆက်မယ်…” အကြီးအကဲ၏ အသံကို ကြားသည်တွင် နောက်တစ်ယောက် ရှေ့ကို တက်လာ၏။ လူအများအပြားက သူ့အား စိတ်ဝင်စားစွာ ကြည့်ကြသည်။ နောက်ထပ် ထွက်လာသူကလည်း ကျောက်ပြည်ထောင်မှ ဖြစ်၏။

သူ၏မျက်လုံးများက မြေရိုင်း ပြည်နယ်ထံတွင် ရှိနေသည်။

“ဒါ…” လူအများအပြားက နားမလည်စွာ ကြည့်ကြသည်။ နှစ်ဖက်လုံးကား အပြင်းအထန် ပြိုင်ဆိုင်လိုနေကြဟန် ရသည်။ သို့သော် ဤသို့သော အခြေအနေကား ပုံမှန်ပင်။ ပြည်နယ်ကိုးခု ညီလာခံက တော်ဝင်မြေများ အချင်းချင်း ရင်ဆိုင် တိုက်ခိုက်ရာတွင် ဂုဏ်သိက္ခာနှင့် မာနတရားတို့ကြောင့် အနိုင်မခံ အရှုံးမပေးဘဲ အပြင်းအထန် တိုက်ကြသည်သာ။ တော်ဝင်မြေများ အားလုံးက မာနနှင့် ဂုဏ်သိက္ခာ မြင့်မားသူများ ဖြစ်ကြသည်။

“ကျုပ်က မြေရိုင်းပြည်နယ် ဟွာဂျီယူကို စိန်ခေါ်တယ်… ” အသံတစ်သံအား ကြားကြရသည်။ သည်တစ်ခေါက် ကျောက်မဟာပြည်ထောင်မှ စိန်ခေါ်လိုက်သူကား တော်ဝင်ကျဲ နန်းတော်သခင်၏ ဇနီးဖြစ်သည်။

ဟွာဂျီယူက တည်ငြိမ်စွာ ရှေ့ကို ထွက်လာသည်။ တခြားသော ငါးယောက်က သူမ၏ ပြိုင်ဘက်ကို အေးစက်စွာ ကြည့်ကြ၏။ လာမည့် စိန်ခေါ်ပွဲများက ကျောက်မဟာ ပြည်ထောင်နှင့် မြေရိုင်းပြည်နယ်တို့ အကြား အားပြိုင်မှု ဖြစ်လာတော့မည်မှာ သေချာသလောက် ဖြစ်ပေသည်။ ထို့အပြင် ယူချင်း အလှည့်တွင်ကား ကျောက်မဟာ ပြည်ထောင်က သေချာပေါက် ရှုံးနိမ့်ပေမည်။

ထို့ကြောင့် သည်တိုက်ပွဲတွင် ကျောက်မဟာ ပြည်ထောင်က သေချာပေါက် အနိုင်ရရန် လိုအပ်ပေသည်။ မဟုတ်လျှင် သူတို့က လေးပွဲ၌​သုံးပွဲ ရှုံးနိမ့်ခြင်း ဖြစ်လာပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက ကျောက်မဟာ ပြည်ထောင်ကား ကြီးစွာ အရှက်ရရပေမည်။

စင်ပေါ်တွင် ကျောက်လို့ရန်၏ မျက်လုံးများက ဟွာဂျီယူထံကို ရောက်လာသည်။

ဟွာဂျီယူကား ပြိုင်ပွဲ စတင်သည်နှင့် ကျောက်မဟာ ပြည်ထောင်၏ မင်းသမီး ကျောက်စီရီအား အနိုင်ယူခဲ့သည်။ သူမကား စိတ်စွမ်းအား အလွန်မြင့်မားသော တန်ခိုးရှင်ဖြစ်၏။ ထိုသို့သော ပြိုင်ဘက်များကား ပုံမှန်အားဖြင့် အလွန် အန္တရာယ် များပေသည်။

သို့သော် ယခုက ကျောက်မဟာ ပြည်ထောင်နှင့် မြေရိုင်းပြည်နယ်တို့ အားပြိုင်နေချိန် ဖြစ်သည်။ နှစ်ဘက်လုံးက တစ်ပွဲနိုင်ကာ တစ်ပွဲရှုံးထားပေသည်။ လာမည့် တိုက်ပွဲများတွင် ကျောက်မဟာ ပြည်ထောင်က သေချာပေါက် အနိုင်ရရန် လိုအပ်၏။ ကျောက်လို့ရန်ကား ကျောက်မဟာ ပြည်ထောင်မှ အတော်ဆုံး တစ်ယောက်လည်း ဖြစ်သည်။

အကောင်းဆုံး နည်းလမ်းကား ယူချင်းကို အနိုင်ယူရန် ဖြစ်သည်။ သို့သော်လည်း သူကား ယူချင်းကို အနိုင်ယူရန် ယုံကြည်ချက် မရှိပေ။ ထို့ကြောင့် သူက အလွန်လှပ ချောမွေ့သော မိန်းကလေး တစ်ယောက်ကို ရွေးလိုက်သည်။ သူရွေးလိုက်သူက မြေရိုင်းပြည်နယ် ခေါင်းဆောင်၏ ဇနီးလည်းဖြစ်သည်။ ယူချင်းကိုမူ နောက်တစ်ဆင့်၌ ကျောက်ယိုက စိန်ခေါ်ပေလိမ့်မည်။

“စပါ…” ကျောက်လို့ရန်က အထက်တန်းဆန်သော အမူအရာဖြင့် ပြောသည်။ သူကား မိန်းကလေး တစ်ယောက်ကို စိန်ခေါ်ခြင်း၌​ ယဉ်ကျေး သိမ်မွေ့သော ဟန်ပင်အား ထိန်းသိမ်း ထားပေသည်။

ဟွာဂျီယူက သူမ၏ ပြိုင်ဘက်အား တည်ငြိမ်စွာ ကြည့်သည်။ သူမ၏ သက်စောင့်ဝိညာဉ် ထွက်လာသည်တွင် သရဖူထံမှ စိတ်ဝိညာဉ် အားလှိုင်းက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြန့်ကြက်သွားသည်။ ချက်ချင်းပင် ကျောက်လို့ရန်က အလွန်အမင်း အားကောင်းသော စိတ်စွမ်းအားကြောင့် မသက်မသာ ခံစား လာရသည်။

သူ့ထံမှ လောကဓာတ်များ ဖြာထွက်လာသည်။ သူ၏စိတ်ဝိညာဉ်က ရွှေရောင်ဖီးနစ်အဖြစ် ပြောင်းလဲသွားကာ သူ၏ စိတ်အသိကို ကာကွယ်သည်။

“မင်းရဲ့ စိတ်စွမ်းအားနဲ့ ငါ့ကို အနိုင်ယူမယ် စဉ်းစားရင်တော့ မင်းက မှားနေပြီလို့ ပြောရမှာပဲ…” ကျောက်လို့ရန်က ပြောသည်။

ဟွာဂျီယူ၏ နက်မှောင်ကာ နက်ရှိုင်းသော မျက်လုံးများက အရောင်တစ်ချက် လက်သွားသည်။ ထိုအခိုက်တွင် သူမ၏ဆံပင်များက လေထဲ လွင့်လာကာ မမြင်ရသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခုက ပတ်ဝန်းကျင်ကို ပျံ့နှံ့လာ၏။

“ဟင်…” သူ့ထံကို လွင့်ပျံ့လာသော စိတ်စွမ်းအားက အလွန်အမင်း အားကောင်း သွားသည်ကို ကျောက်လို့ရန်က ခံစားမိကာ မျက်မှောင်ကြုတ် လိုက်သည်။ သူ၏စိတ်အသိကို ကာကွယ်ထားသော ဖီးနစ်ကား သီးသန့် ခွဲထုတ်ခြင်း ခံရကာ တိုက်ခိုက်မှုများအား အတားအဆီး မဲ့စေသည်။

ဘုန်း… ဖီးနစ် အတောင်ပံများ ပြန့်ကားသွားကာ ပတ်ဝန်းကျင်ကို ရွှေရောင် အလင်းတန်းများ ဖြာထွက်လာသည်။ ကျောက်လို့ရန်က ရှေ့ကို တစ်ဟုန်ထိုး ပြေးထွက်သွားကာ အလင်းအတန်း အလား ဟွာဂျီယူထံသို့ ဦးတည် လိုက်သည်။ တစ်ဖက်လူက စိတ်စွမ်းအားဖြင့် သူ့ကို တိုက်ခိုက်နေခြင်းအား သည်အတိုင်း ရပ်စောင့်နေ၍ မရပေ။

သူ့ပတ်ဝန်းကျင်မှ စိတ်စွမ်းအားများက သူ့ရှေ့ကို တက်လာသည်တွင်ပင် လောကဓာတ်များဖြင့် ပေါင်းစပ်သွားဟန် ရသည်။ အကောင်အထည်မဲ့သော လျှပ်စီးတန်းများက လောကဓာတ်များဖြင့် ပေါင်းစပ်ကာ ဆင်းသက် လာကြသည်။ သူ၏စိတ်ကို ကာကွယ်ထားသော ဖီးနစ်ကား လျှပ်စီးမုန်တိုင်းထဲတွင်ပင် အပိုင်းပိုင်း အစစ ဖြစ်ရ၏။

“သူမရဲ့ စိတ်စွမ်းအားက ဘယ်လိုလုပ် ဒီလောက် အားကောင်း ရတာလဲ…” ပရိသတ်များက အံ့အားသင့်ခြင်း ကြီးစွာဖြင့် ရေရွတ်မိကြသည်။

“လျှပ်စီး … ကျဆင်းစမ်း..” ဟွာဂျီယူက တီးတိုး ရေရွတ်လိုက်သည်။ ထိုအခိုက်တွင်ပင် ကောင်းကင်မှ အဆုံးအစမဲ့သော လျှပ်စီးများ အဆက်မပြတ် ဆင်းသက် လာကြတော့သည်။ ထို့အပြင် ထိုလျှပ်စီးများကား စိတ်စွမ်းအားများဖြင့် ဖြစ်တည်လာခြင်း ဖြစ်ရာ အကောင်အထည် မဲ့သည်။

ထိုအခိုက်တွင် လေထဲရှိ ကျောက်လို့ရန်ကား စိတ်က ဟာလာဟင်းလင်း ဖြစ်သွားပြီး လူက ကြီးစွာ တုန်ယင်သွား၏။ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်က ပြင်းစွာ ဒဏ်ရာရကာ အတွေးများကပင် ရပ်တန့်သွားဟန် ရသည်။

ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ မျက်လုံးက အေးခဲသွားသည်။ သူက စင်မြင့်ထက်ကို ကြည့်နေရာ သူ၏တန်ခိုးအဆင့်ဖြင့် တိုက်ပွဲ အခြေအနေကို ကောင်းကောင်း သိမြင်နိုင်ပေသည်။ ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်များကား အမှန်ပင် ထူးခြားကြပေသည်။

ပြောကြသည်မှာ ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်များကား မှော်ပညာရှင်များ၏ အဆင့်အမြင့်ဆုံး ဖြစ်တည်မှု ဖြစ်ကာ မည်သည့် တန်ခိုးရှင်များ အတွက်မဆို အိပ်မက်ဆိုးလည်း ဖြစ်သည်။ သို့သော်လည်း ပြည်နယ်ကိုးခု ရှန့်ထို၇၂ပါးတွင် ကောင်းကင် စိတ်ဝိညာဉ် ပညာရှင် တစ်ယောက်မှ မရှိပေ။ ထို့ကြောင့် သူတို့က ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်များ၏ စွမ်းရည်များနှင့် ရင်းနှီးခြင်း မရှိကြပေ။

စက္ကန့်ပိုင်းမျှသော အချိန်အတွင်း ကျောက်လို့ရန်၏ စွမ်းရည်များ အားလုံး ပျက်စီး သွားခဲ့ရသည်။ အကယ်၍ ဟွာဂျီယူကသာ သည့်ထက် အနည်းငယ် ဖိအားပေးခဲ့ပါက သူသား သေဆုံး သွားနိုင်ပေသည်။

ထိုအခိုက်တွင် ဟွာဂျီယူ၏ ကိုယ်ရောင်ကိုယ်ဝါက မူလတည်ငြိမ်သော အခြေအနေသို့ ပြန်ရောက် သွားသည်။ လေထုထဲမှ ဖိအားများလည်း ပျောက်ကွယ်သွားကာ ဘာမှ မဖြစ်ခဲ့သလို အေးချမ်းသွားသည်။

ကျောက်လို့ရန်ကား မှင်တက်ငေးမော နေသည်။ သူက ခေါင်းမော့ကာ လေထဲမှ အလွန်တရာ လှပချောမွေ့သော မိန်းကလေးအား ကြည့်ကာ ဘာဖြစ်သွားသည်ကိုပင် ကောင်းကောင်း နားမလည်လိုက်ပေ။

သူကား တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရသည်။

သူတစ်ယောက်တည်း မဟုတ်ဘဲ တခြားလူများကလည်း ဤသို့ ရလဒ် ထွက်လာမည်ကို မထင်ထားခဲ့ကြပေ။ တိုက်ပွဲကား မြန်ဆန်လွန်းစွာ ပြီးဆုံးခဲ့၏။

ကျောက်မဟာ ပြည်ထောင်၏ တပည့်တစ်ယောက်ကား မည်သို့မည်ပုံ ရှုံးနိမ့်ခဲ့သည်ကို မသိလိုက်ပေ။

တခြားလူများ၏ မျက်လုံးများကလည်း ဟွာဂျီယူထံကို ရောက်လာသည်။ သည်တိုက်ပွဲက မြေရိုင်းပြည်နယ်၌ ယူချင်းတစ်ယောက်သာ အားကောင်းသည် မဟုတ်ကြောင်း ကောင်းကောင်း သက်သေပြခဲ့သည်။

“ဟွာဂျီယူ နိုင်တယ်…” အသံတစ်သံအား ကြားကြရသည်။ အားလုံးက ထိုအသံအား ကြားသည်တွင် သတိဝင်လာကြသည်။

“ဒီစွမ်းအား…” လူအများအပြားက ရေရွတ်မိကြသည်။

ဟွာဂျီယူက နောက်လှည့်ကာ မြေရိုင်းပြည်နယ်မှ လူများ ထိုင်နေရာသို့ ပြန်သွားသည်။

ကောင်းကင်ရှန့်ထိုက သူမအား ကြည့်ကာ ပြောသည်… “ကျောက်မဟာ ပြည်ထောင်က တပည့်တွေက သူတို့ ဒုက္ခကို သူတို့ ရှာကြတာပဲ…” သူက ဘုရင်မြင်းမြတ်အား စနောက်လိုက်သည်။

တိုက်ပွဲ စတင်ကတည်းက မြေရိုင်းပြည်နယ်အား အလွန် အထင်သေးခဲ့ကြ သော်လည်း ယခု သူတို့၏အမြင်များ ပြောင်းလဲလာပြီ ဖြစ်သည်။

“ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်နာမည်နဲ့ လိုက်ဖက် ပါပေတယ်…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ် ကလည်း ပြောသည်။ သူ၏လေသံက တည်ငြိမ်၏။

“အမှန်ပဲ… သူမရဲ့ ဆရာက ဘယ်သူဖြစ်မလဲ မသိဘူး…” မှန်နန်းတော် သခင်မကလည်း ပြောသည်။ သည်မိန်းကလေးကား ရုပ်ရည်နှင့် အရည်အချင်း နှစ်ခုလုံး ပြည့်စုံကာ ဤသို့သော ပါရမီမျိုးကား ပြည်နယ်ကိုးခု၌​ အလွန်တရာ ရှားပါးပေသည်။ သူမက ဘေးမှ နတ်မိမယ်ချိန်နီအား ကြည့်ကာ ပြောသည်.. “ချိန်နီ… မင်းက ဒီထက် ကြိုးစားရတော့မယ်… ”

“နားလည်ပါပြီ… ” နတ်မိမယ် ချိန်နီက ခေါင်းညိတ်သည်။

***

All Chapters