တော်ဝင်နန်းသုံး! သစ်မွှေး! ၂
Vol. 15 Ch. 215
ထိုအချက်များကြောင့် ဘာလို့လူချမ်းသာတွေက ရုံးခန်းထဲမှာ သစ်မွှေးအမွှေးတိုင်ထွန်းရတာကြိုက်လဲ သူအကြမ်းဖျင်းသဘောပေါက်သွားသည်။
ဂျက်မားသုံးတဲ့သစ်မွှေးအမွှေးတိုင်က ဒီလ်ိုအာနိသင်မျိုးရှိမရှိသူမသိသော်လည်း ဤသစ်မွှေးနံ့သာ၏အရည်အသွေးမှာ ရုံးခန်းထဲတွင် လုံးဝအဖိုးတန်မည့်ပစ္စည်းဖြစ်သည်။
ရနံ့မွှေးပျံ့ခြင်း +၂ မှာ ပြောစရာလိုမည်မထင်။
စိတ်ငြိမ်စေခြင်း +၂ က ရုံးကိစ္စများဖြေရှင်းရာတွင် ပိုကောင်းလာစေသည်။ စိတ်ရှည်သည်းခံလျှင် နှစ်ဆပိုထိရောက်သည်။
ချီလှည့်ပတ်မှုကောင်းခြင်း +၂ မှာမူ နောက်ကျသည်အထိအလုပ်လုပ်နိုင်ခြင်းအတွက် အစွမ်းထက်လက်နက်ဖြစ်သည်။
ဆေးသိပ္ပံပညာတွင် ချီလှည့်ပတ်မှုမကောင်းခြင်းမှာ အသဲလုပ်ငန်းအားနည်းခြင်း၊ ပိတ်ဆို့ခြင်းကြောင့်ဖြစ်ပြီး အသဲနှင့်ပတ်သက်သောတစ်ခုခုဖြစ်နေသည့်သဘောပင်။ ညဉ့်နက်သည်ထိအလုပ်လုပ်ခြင်းမှာ အသဲကိုထိခိုက်စေသည်။
ဤတွင်လမ်းကြောင်းပွင့်စေခြင်းမှာ နှလုံးသွေးလှည့်ပတ်မှုအပ်စိုက်အမှတ်များပိတ်ဆို့ခြင်းကို ရည်ရွယ်ခြင်းဖြစ်ပြီး ညဉ့်နက်သည်ထိလုပ်ခြင်းကြောင့် အလွယ်တကူဖြစ်တတ်သောပြဿနာတစ်ခုလည်းဖြစ်သည်။
ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကောင်းစေခြင်း +၂ အကြောင်းကိုမူ ပြောစရာမလိုတော့ချေ။ ကျန်းမာသောသူ၏ခန္ဓာကိုယ်သွေးလှည့်ပတ်မှုလုပ်ငန်းမှာ သေချာပေါက်အလွန်ကောင်းသည်။
မူးဝေမောပန်းခြင်းကိုသက်သာစေခြင်း +၂ မှာ ရုံးလုပ်သားများ ကြာရှည်ဦးနှောက်အလုပ်လုပ်ရသောကြောင့်ဖြစ်တတ်ခြင်းအတွက်ရည်ရွယ်သည်။

သီးသန့်လူတစ်စုအတွက် ထိုပစ္စည်းမှာ အကြောင်းကြောင်းကြောင့် တန်ဖိုးကြီးသည်။
သူ့ရုံးခန်းထဲမှာ ဒီပစ္စည်းများကိုထားရမည်။ သူကိုယ်တိုင်အတွက်တစ်ဘူး။ ကျောက်မိုချင်းအတွက်တစ်ဘူး။
လောလောဆယ် ကျောက်မိုချင်းက သူ့ထက်ပိုပြီး အလုပ်လုပ်နေရသည်။ ဘဏ္ဍာရေးပိုင်းကို စီမံရရုံသာမက ငြီးငွေ့ဖွယ်ကိစ္စတချို့ကိုလည်း သေချာဂရုစိုက်ရပြီး ဝန်ထမ်းများ၏အခြေအနေကိုလည်း အာရုံစိုက်ထားရ၏။
ဒီလိုပါရမီရှိသောဇနီးသည်ကိုပိုင်ဆိုင်ထားခြင်းမှာ သူလိုသူဌေးတစ်ဦးအတွက် ကောင်းချီးမင်္ဂလာပင်။
သို့ရာတွင် ဒီပစ္စည်းများက နည်းပါးလွန်းသည်။ ဂိမ်းထဲတွင်ခုတ်သောသစ်မွှေးပင်မှာ နံ့သာဘူးလေးနှစ်ဘူးသာလုပ်နိုင်သည်။ စုစုပေါင်းအလေးချိန်က ကတ်တီ ၂၀၀ မပြည့်။
သို့သော် ကတ်တီ ၂၀၀ ပဲရှိသည်ဆိုဦးတော့ တန်ဖိုးဖြတ်မရပေ။ ဂျက်မားလာပြီး တစ်ကတ်တီယွမ် ၂၀၀၀၀ နှင့်ဝယ်မည်ဆိုရင်တောင် သူရောင်းမည်မဟုတ်။
သူနှင့်ကျောက်မိုချင်းတောင် သူတို့ဘာသာမလောက်။
သူနှင့်ကျောက်မိုချင်း၏ရုံးခန်းအရွယ်အစားအရရုံးခန်းထဲအမွှေးနံ့စွဲဖို့ဆို နံ့သာ ၃ ကတ်တီမှ ၄ ကတ်တီလောက်ကုန်လိမ့်မည်။
ဒီဘူးနှစ်ဘူးက သူနှင့်ကျောက်မိုချင်းကြာရှည်သုံးဖို့မလောက်ပေ။
ချင်လင်က သစ်မွှေးနံ့သာမှုန့်ဘူးနှစ်ဘူးကို သေသေချာချာသိမ်းထားလိုက်သည်။ ထို့နောက် အရည်အသွေး ၁ သစ်မွှေးခုံကိုထိပြီး ဂိမ်းထဲမှထုတ်ကာ ကားပေါ်တင်လိုက်၏။
တဖန် ဂိမ်းထဲထပ်ဝင်ပြီး နံ့သာနီလက်ဖက်ရည်စားပွဲနှင့် 'ဝီရိယရှိသူကို ကောင်းကင်ဘုံကကောင်းချီးပေးသည်'ဟူသော သစ်မွှေးကမ္ဗည်းချပ်ကိုထုတ်လိုက်သည်။
ဒီကမ္ဗည်းချပ်ကို ရုံးခန်းထဲချိတ်ထားလို့ရသည်။
အားလုံးထုတ်ပြီးနောက် ချင်လင်က ကားစက်ပြန်နှိုးကာ စံအိမ်ကိုအားလုံးသယ်သွားလိုက်သည်။
ကားပါကင်ရောက်သောအခါ ခါတိုင်းလိုပင် ချန်တပေကိုခေါ်ပြီး လူခေါ်ကာပစ္စည်းများရွှေ့ဖို့ခိုင်းလိုက်သည်။
ချန်တပေမှာ ပစ္စည်းရွှေ့လည်း အလွန်တော်သည်။ သူဌေးက လူထပ်ခေါ်ခိုင်းသောအခါ လုံခြုံရေးအစောင့်အဖွဲ့ကို တန်းခေါ်လာခဲ့သည်။
ချင်လင်ကချက်ချင်းညွှန်ကြားလိုက်၏_ ''ဒီပစ္စည်းတွေအားလုံး ရုံးခန်းဘက်ရွှေ့လိုက်ပါ... ပြီးတော့ ဒီကမ္ဗည်းကို ကျွန်တော့်ရုံးခန်းထဲမှာချိတ်ဖို့ ဆရာမာကိုခေါ်လိုက်ပါ''
ဆရာမာမှာ စံအိမ်အတွက်သီးသန့်ခန့်ထားသော လက်သမားဆရာဖြစ်သည်။ တစ်ခါတရံ ဖြည့်စွက်ချက်တချို့လုပ်ရန် ဌာနအသီးသီးကိုအကူအညီပေးနိုင်သည်။

ချန်တပေက အရင်ဆုံးကားပေါ်တက်လိုက်၏။ အထက်တန်းကျသောခုံနှင့်လက်ဖက်ရည်စားပွဲကိုတွေ့သောအခါ သူကအမှတ်တမဲ့မေးလိုက်သည်_ ''သူဌေး... ဒီခုံနဲ့လက်ဖက်ရည်စားပွဲက တန်ဖိုးမနည်းဘူးထင်တယ်... ဘာသားနဲ့လုပ်ထားတာလဲ?''
ချင်လင်က ဖုံးကွယ်ထားစရာအကြောင်းမရှိ_ ''အကုန်သစ်မွှေးနဲ့လုပ်ထားတာ''
''သစ်မွှေး? အဲဒါစျေးကြီးတယ်မလား?'' ချန်တပေအရင်ကကြားဖူးသည်။ တိတိကျကျမသိသော်လည်း တန်ဖိုးကြီးမှန်းတော့ သူသိသည်။
သူ့လုံခြုံရေးအစောင့်များက ကားပေါ်တက်ပြီး ပစ္စည်းစရွှေ့နေသည်ကိုမြင်လျှင် သူကပြာပြာသလဲနှင့်_ ''သတိထားနော်... စျေးကြီးတယ်... မတိုက်စေနဲ့''
ထိုလုံခြုံရေးအစောင့်များမှာ စစ်တပ်ထဲလေ့ကျင့်ထားသော စစ်ထွက်များဖြစ်ကြသည်။ ဒီလိုပစ္စည်းနည်းနည်းလေးကိုသယ်ရင်း တစ်ယောက်နှင့်တစ်ယောက်တိုက်မိရအောင် အားပျော့လွန်းသူများမဟုတ်ကြ။ သူတို့က ပစ္စည်းအားလုံးကို ကားထဲမှမြန်မြန်ဆန်ဆန်ထုတ်လိုက်ကြ၏။
စံအိမ်ထဲဝင်ပြီးနောက် ချန်တပေက သူ့လူများကို ရုံးခန်းဘက်ဦးဆောင်ခေါ်သွားလိုက်သည်။
ထိုလူစုလှုပ်ရှားမှုကြောင့် ရုံးခန်းထဲမှ ကျောက်မိုချင်းနှင့်စာရင်းကိုင်တချို့စိတ်ဝင်စားသွားကြ၏။
အားလုံးက စပ်စပ်စုစုထွက်ကြည့်ကြသည်။
''ချင်လင်... ဒီခုံနဲ့လက်ဖက်ရည်စားပွဲက?'' ကျောက်မိုချင်းက သိချင်စိတ်နှင့်မေးလိုက်သည်_ ''ရှင့်ရုံးခန်းထဲမှာ ခုံနဲ့လက်ဖက်ရည်စားပွဲရှိပြီးသားမလား?''
ချင်လင်က ရှင်းပြလိုက်၏_ ''အရင်တစ်ခါ ဆိုင်းဘုတ်အပ်ရင်းနဲ့ သူတို့ဆီမှာ သက်တမ်းရင့်သစ်မွှေးနဲ့နံ့သာနီရှိတယ်ဆိုလို့ ဒီခုံရယ် လက်ဖက်ရည်စားပွဲရယ် ကမ္ဗည်းချပ်ရယ် လုပ်ခိုင်းလိုက်တာ''
ကျောက်မိုချင်းက အံ့သြသွားပြီး_ ''နံ့သာနီနဲ့သစ်မွှေး? ဒါအများကြီးကုန်မှာပေါ့ ဟုတ်တယ်မလား? ဒီသစ်နှစ်မျိုးက အရမ်းစျေးကြီးတယ်လို့ ကြားဖူးတယ်''
ချင်လင်က ခေါင်းညိမ့်လိုက်ကာ_ ''နည်းနည်းစျေးကြီးတယ်... အရင်ဆုံး စံအိမ်ကငွေကို ကိုယ့်အကောင့်ထဲ လွှဲရလိမ့်မယ်''
''နှစ်သန်းကျော်?'' ကျောက်မိုချင်းမှာ တန်ဖိုးကြောင့် လန့်ဖျပ်သွားသည်။ ခုံရယ်၊ လက်ဖက်ရည်စားပွဲရယ်၊ ကမ္ဗည်းချပ်သုံးချပ်နဲ့ ဒီယွမ်နှစ်သန်းက ပြောင်ပြီပေါ့?
သူမကချက်ချင်း ထေ့ငေါ့လိုက်၏_ ''ဒါတွေကို ယွမ်နှစ်သန်းကျော်နဲ့ဝယ်ဖို့ ဆန္ဒရှိတယ်ပေါ့... အသုံးအဖြုန်းကလည်း ကြီးလိုက်တာ''
သို့သော် ထိုသို့ပြောပြီး ဘာစကားမှမဆိုတော့။ ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်ဖွံ့ဖြိုးလာမှုက အလွန်နာမည်ကျော်ပြီး 4A ရှုခင်းနေရာအတွက်လျှောက်ထားပြီးဖြစ်သည်။
ထို့အပြင် အစားအသောက်ကုမ္ပဏီနှင့် ဝိုင်လုပ်ငန်းကိုလက်လွှဲယူထားသည်။ ဥက္ကဌတစ်ဦးအနေနှင့် ချင်လင်၏ရုံးခန်းမှာ ပိုပြီးအထက်တန်းကျရမည်။ ဘာပဲဖြစ်ဖြစ် သူကပြယုဂ်လေ။ နောင်မှာ လူကြီးမင်းချန်နဲ့လူကြီးမင်းမာတို့လို လူချမ်းသာတွေကို သေချာပေါက်လက်ခံရဦးမည်။
''ဒါကဆိုင်းဘုတ်လား?'' ကျောက်မိုချင်းက လုံခြုံရေးအစောင့်သုံးယောက်ကိုင်ထားသော ဆိုင်းဘုတ်ကိုကြည့်လိုက်သည်။ ဆိုင်းဘုတ်ပုံစံနှင့် ထိုပေါ်မှ'ချင်းလင်စံအိမ်'ဟူသောစကားလုံးကိုမြင်သောအခါ သူမချက်ချင်းအံ့သြသွားပြီး_ ''ဒီလက်ရေးက ကောင်းလိုက်တာ... အနုပညာကိုရှုစားရသလိုလို ခံစားရတယ်''
သူမငယ်ငယ်ကတည်းက မရေမတွက်နိုင်သောဆိုင်းဘုတ်များမြင်ခဲ့ဖူးသည်။ လမ်းပေါ်ကဆိုင်တွေ၊ မြို့ကြီးပြကြီးက ကုမ္ပဏီဆိုင်းဘုတ်တွေ၊ သို့သော် ဆိုင်းဘုတ်တစ်ခုက အနုပညာလက်ရာမြောက်သလိုခမ်းနားလွန်းသည်ဟု တစ်ခါမှမတွေးခဲ့ဖူး။
ချင်လင်ကပြုံး၍_ ''ဒါလူကြီးမင်းချန်ကူပြီးရှာပေးတဲ့ လက်ရေးလှဆရာရဲ့စာလုံးတွေလေ... သူက မင်စီရင်စုလက်ရေးလှအဖွဲ့အစည်းရဲ့ဒုဥက္ကဌတဲ့''
''ဒါကြောင့် ဒီလောက်အသက်ဝင်နေတာကိုး'' ကျောက်မိုချင်းခေါင်းညိမ့်လိုက်သည်။ သူမက ရုတ်တရက်တစ်ခုခုသတိရသွားပြီး မေးလိုက်၏_ ''ဒီဆိုင်းဘုတ်ကရော အရမ်းစျေးကြီးတာပဲလား?''