မှော်ဆန်တဲ့နံ့သာ! အစီအစဉ်စာရင်းထဲက ဘယ်ဆုကိုသုံးချင်လဲ?
Vol. 15 Ch. 217
သစ်မွှေးနံ့သာကိုထွန်းလိုက်လျှင် ကြည်နူးစရာအနံ့တစ်ခုက ရုံးခန်းထဲပျံ့နှံ့သွားသည်။
ကျောက်မိုချင်းက ထိုအနံ့ကြောင့် ဖြည်းဖြည်းချင်းစိတ်သက်သာလာသလိုခံစားရသည်။
သူမတစ်နေကုန်အလုပ်ရှုပ်ပြီး စိတ်ပင်ပန်းနေခဲ့၏။ စိတ်လေးလံနေခဲ့သော်လည်း ထိုပင်ပန်းမှုမှာ ချက်ချင်းပျောက်ကွယ်သွားသည်။ ဖြည်းဖြည်းလန်းဆန်းလာသလိုခံစားရသည်။
ထိုခံစားချက်မှာ အမှန်ပင်အလွန်အံ့သြဖို့ကောင်းသည်။
နံ့သာကြောင့်မှန်း သူမချက်ချင်းသဘောပေါက်သွားပြီး_ ''ဘာနံ့သာလဲ?'' သူမကအံ့သြပုံနှင့်မေးလိုက်သည်။
ချင်လင်ကရှင်းပြလိုက်၏_ ''ဒါသစ်မွှေးနံ့သာမှုန့်လေ.... ပြီးတော့ ထိပ်တန်းရတနာတစ်မျိုးပဲ... ဟိုးအရင်က တော်ဝင်မိသားစုတွေပဲသုံးခွင့်ရှိတာ... အခုတော့ မာယွင်လိုလူတွေပဲ သုံးနိုင်တယ်''
မာယွင်ကတော့ သုံးနိုင်တာပေါ့။ သူ့အတွက် ဒီအဆင့်အထိဝယ်သုံးနိုင်ဖို့က တစ်မျိုးပင်။ ဘာပဲဖြစ်ဖြစ် မာယွင်တောင် ဒီလိုထိပ်တန်းရတနာမျိုးပြတ်လပ်နိုင်သေးသည်။
ကျောက်မိုယွင်က ပိုပြီးအံ့သြသွားကာ_ ''ဒီနံ့သာကို ကျွန်မရုံးခန်းထဲမှာသုံးလို့ရလား? ဒါ မာယွင်လိုမျိုးစည်းစိမ်ရတယ်ဆိုတဲ့သဘောမလား?''
ချင်လင်ကပြုံးပြီး_ ''မင်းရဲ့စည်းစိမ်က မာယွင်ထက်သာတာပေါ့... မာယွင်က ဒါမျိုးမဝယ်နိုင်ဘူး''
သူသာ ဂိမ်းထုတ်ကုန်ဘာမှမရောင်းဘူးဆိုရင် ဘယ်သူမှဒါမျိုးသုံးနိုင်မှာမဟုတ်။
ဘဏ္ဍာရေးတာဝန်ခံတစ်ဦးအနေနှင့် ကျောက်မိုချင်းစိတ်ထဲအရှိဆုံးမှာ စျေးနှုန်းပင်။ သူမကမေးကြည့်သည်_ ''ဒါဆို ဒီသစ်မွှေးနံ့သာမှုန့်က အရမ်းစျေးကြီးမှာပေါ့ ဟုတ်လား?''
ချင်လင်က ဘာမှကွယ်ဝှက်မထား_ ''စျေးကွက်ထဲမှာ ထိပ်တန်းရတနာတွေက တစ်ကတ်တီယွမ် ၂၀၀၀၀ ရှိတယ်... တခြားအဆင့်တွေက အရည်အသွေးပေါ်မူတည်ပြီး တန်ဖိုးကွာတယ်... တစ်ကတ်တီယွမ် ၁၃၀၀၀ တော့ရှိတတ်တယ်''

ကျောက်မိုချင်းမှာ အံ့အားသင့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွား၏_ ''တစ်ကတ်တီယွမ် ၂၀၀၀၀? ဒီသေတ္တာကဘယ်လောက်ပေးရလဲ? ကျွန်မက မာယွင်မှမဟုတ်တာ... ဒီလောက်စျေးကြီးတာ ဘာလို့လိုမှာလဲ?''
ချင်လင်က ကျောက်မိုချင်း၏နူးညံ့သောလက်လေးကိုဆွဲယူပြီး_ ''ဒါပေမဲ့ ကိုယ့်ရင်ထဲမှာ မင်းကအဖိုးအတန်ဆုံးပဲ... ဒီနံ့သာကအသုံးဝင်တယ်ဆိုရင် ဘယ်လောက်ပဲစျေးကြီးကြီး ကိုယ်ဝယ်ပေးမယ်''
''ဟွန့်!'' ကျောက်မိုချင်းက ဂုဏ်ယူပုံနှင့်ချေလိုက်သည်။ ဘယ်မိန်းကလေးမဆို ဒီလိုစကားချိုချိုလေးတွေကို ကြွေကြမှာပဲလေ။
သူမကမနေနိုင်ဘဲ ချင်လင်၏ပါးကိုနမ်းလိုက်သည်။
ချင်လင်၏သဘောထားနှင့်စာလျှင် သူမအတွက်တန်ဖိုးကိုစိတ်ထဲထားရန်မလိုတော့။
သူမယောက်ျားက သူမအတွက်ငွေသုံးချင်တာ။ အမျိုးသမီးတစ်ယောက်အနေနဲ့ သူမဝမ်းသာသင့်သည်။
''ကိုယ့်ကိုအလစ်ဖမ်းလုပ်တာလား?'' ချင်လင်ပြုံးလိုက်သည်။ သူက ကျောက်မိုချင်းကိုဖက်ပြီး သူမ၏အလစ်ဖမ်းတိုက်ခိုက်မှုကိုလက်စားချေရန်ပြင်လိုက်၏။ မထင်မှတ်ဘဲ ကျောက်မိုချင်းကိုဖက်ပြီးရုံရှိသေး တံခါးခေါက်သံကြားလိုက်ရသည်။
ကျောက်မိုချင်းက ချက်ချင်းလွှတ်ရန် ချင်လင်ကိုအချက်ပြလိုက်၏။
ချင်လင်က သူလက်ညိုးနှင့် သူမနှုတ်ခမ်းကိုပိတ်လိုက်သည်။
ကျောက်မိုချင်းသဘောပေါက်သည်။ သူမကလက်လှမ်းကာ သူ့ခါးကိုဆိတ်လိုက်ပြီးမှ နှုတ်ခမ်းကိုနမ်းလိုက်သည်။
ဒီတော့မှ ချင်လင်ကစိတ်ကျေနပ်ပြီး ကျောက်မိုချင်းကိုလွှတ်လိုက်၏။ သူမကထိုင်ပြီးပြီးချင်း အပြင်ကိုအော်လိုက်သည်_ ''ဝင်ခဲ့ပါ''
ခဏအကြာ ဘဏ္ဍာရေးရုံးစာရေးတစ်ဦး စာဖိုင်နှင့်ဝင်လာ၏။
ကျောက်မိုချင်းကမေးလိုက်သည်_ ''ရှောင်ရှင်း... အစားအသောက်ကုမ္ပဏီက အရင်လစာရင်းတွေ စစ်ပြီးသွားပြီလား?''
''ဟုတ်ကဲ့... သူဌေးကတော်'' ရှောင်ရှင်းဝင်လာသည်။ သူမက ချင်လင်ကိုမြင်လျှင် ချက်ချင်းရိုရိုသေသေနှုတ်ဆက်လိုက်၏_ ''သူဌေး!''
ချင်လင်လည်း ခေါင်းညိမ့်ပြလိုက်သည်။
ကျောက်မိုချင်းအလုပ်ရှုပ်လာတော့မည်မှန်းသိ၍ သူကအလိုက်တသိ ကျောက်မိုချင်းရုံးခန်းထဲမှထွက်လာပြီး တံခါးပိတ်ခဲ့လိုက်၏။
''သူဌေးကတော်... ရုံးခန်းထဲ ဘာလုပ်ထားတာလဲ? အနံ့အရမ်းမွှေးတာပဲ... စိတ်လည်းအရမ်းသက်သာတယ်'' ရှောင်ရှင်းက စပ်စပ်စုစုမေးလိုက်သည်။
''သစ်မွှေးနံ့သာလေ... ငါ့အတွက် ချင်လင်ဝယ်ပေးတာ'' ကျောက်မိုချင်းက ဘာမှဖုံးကွယ်မထားဘဲ ရှင်းပြလိုက်ပြီး ရှောင်ရှင်းယူလာသောစာဖိုင်ကိုဖတ်ကြည့်သည်။
ရှောင်ရှင်းက စိတ်ထဲမှတ်ထားလိုက်၏။
အမွှေးနံ့က စိတ်သက်သာရုံမက အမောအပန်းပါပြေစေသလိုရှိသည်။ သူမသိသိသာသာခံစားမိသည်။
နံ့သာထွန်းလိုက်ရင် ဒီလိုအာနိသင်မျိုးရှိမည်မှန်း သူမ မသိခဲ့ပေ။ နောက်မှဝယ်ထားဦးမည်ဟု တွေးလိုက်သည်။

ခဏအကြာ ကျောက်မိုချင်းလည်း စာဖိုင်ကိုလက်မှတ်ထိုးပြီး_ ''ရှောင်ရှင်း... အရမ်းကြိုးစားတဲ့အတွက် ကျေးဇူးပါပဲ... အချက်အလက်တွေက အဆင်ပြေတယ်''
ရှောင်ရှင်းက ကျောက်မိုချင်းရုံးခန်းထဲမှထွက်ပြီး သူမတို့ဘဏ္ဍာရေးရုံးခန်းထဲ ပြန်လာခဲ့သည်။
သူမက ကွန်ပျူတာရှေ့ထိုင်ပြီး သစ်မွှေးနံ့သာကိုရှာလိုက်၏။
နည်းနည်းစျေးကြီးတယ်ဆိုရင်တောင် ဒီလိုအမွှေးနံ့သာမျိုးတချို့တလေဝယ်ထားရမည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်လစာက အလွန်မြင့်ပြီး အပိုဆုကြေး၊ အကျိုးအမြတ်တွေလည်းရသေးသည်။ အရင်ကမဆောင်ထားနိုင်သောပစ္စည်းတချို့တောင်ဝယ်ရဲလာ၏။
သစ်မွှေးဆိုသောစာလုံးရိုက်ထည့်လိုက်သည်နှင့် ပစ္စည်းများပေါ်လာသည်။
ပထမနှင့်ဒုတိယပစ္စည်းမှာ နံ့သာမှုန့်မဟုတ်သော်လည်း အမွှေးတိုင်များဖြစ်သည်။ ပစ္စည်းနှစ်မျိုးကို ယွမ် ၈၀ နှင့် ၄၅ ယွမ်အသီးသီးအမှတ်အသားပြုထားပြီး ဘောင်ခတ်ထား၏။
စျေးနှုန်းကိုမယုံနိုင်အောင်ဖြစ်သွားသည်။
သူဌေးကတော်မှာတဲ့နံ့သာက ဒီလောက်စျေးပေါလား? ဒါပေမဲ့ အနံ့က ဒီလောက်ကောင်းတာ။
ကုန်စျေးနှုန်းကြောင့် သူမကြောင်သွားသည်။
တတိယက လက်ပတ်လေး။ တန်ဖိုးက ၁၅၃၂၄၀ ယွမ်။
သစ်မွှေးလက်ပတ်လေးတစ်ခုကို ယွမ် ၁၅၀၀၀၀ ကျော်တဲ့?
သို့သော် ဒါကလန့်စရာမဟုတ်သေး။ စတုတ္ထတစ်ခုကိုမြင်တော့မှ သူမမျက်လုံးကျယ်တော့သည်။ သစ်မွှေးလက်ပတ်က ယွမ် ၁၂၁၅၆၈၀ ကျသည်တဲ့။
ယွမ် ၁.၂ သန်းကျော်တောင်?
သူမများမှားသလားဟု တွေးမိပြီး နောက်တစ်ကြိမ်သေချာပြန်ရေကြည့်လိုက်သေးသည်။
ဆက်ပြီး ဆွဲချကြည့်လိုက်ရာ နောက်ဆုံးသစ်မွှေးနံ့သာမှုန့် Link တချို့တွေ့ရသည်။ ယွမ် ၅၀၊ ယွမ် ၃၀၀ ကျော်ကျော်နှင့် ၅၀ ဂရမ်သေတ္တာလည်းရှိသည်။
ဒါပေမဲ့ နောက်ထပ်ရုတ်တရက်ပေါ်လာတဲ့ ယွမ် ၆၅၇၆၅၀ တန်သေတ္တာက ဘာသဘောလဲ?
စျေးနှုန်းမှားတာလား ဒါမှမဟုတ် အမြတ်ကြီးစားတဲ့လုပ်ငန်းရှင်လား?
ပစ္စည်းချင်းအတူတူ စျေးကဘာလို့ဒီလောက်ကွာရတာလဲ?
ပစ္စည်းနှစ်မျိုးလုံးမှာ ဆိုင်တစ်ဆိုင်တည်းကဖြစ်ပြီး ဘယ်သူမှမဝယ်ထားမှန်းတွေ့လိုက်ရသောအခါ သေချာပေါက်စျေးမှားတာဟု ထင်လိုက်သည်။
ဒီဆိုင်ရဲ့ဝန်ထမ်းက ပေါ့ဆလိုက်တာ။
ထို့ကြောင့် သူမက ယွမ် ၃၀၀ နည်းနည်းကျော်သောသေတ္တာကို ပျော်ပျော်ရွှင်ရွှင်ဝယ်ပစ်လိုက်သည်။ ထို့နောက် စောင့်စားနေလိုက်၏။
သူမရုံးခန်းထဲမှာထွန်းပြီး တခြားမိန်းကလေးတွေနဲ့ မျှဝေခံစားမည်။
သို့သော် စျေးနှုန်းမမှားကြောင်း သူမမသိပေ။ သူမဝယ်လိုက်သောနံ့သာမှာ တုပပြီးစိုက်ပျိုးထားသည့်သစ်မွှေးနှင့်လုပ်ထားခြင်းဖြစ်သည်။
ဘယ်သူမှမဝယ်ထားခြင်းမှာ ယွမ်သိန်းချီသန်းချီတန်သောပစ္စည်းကို အွန်လိုင်းမှငွေပေးချေရန် ဘယ်သူ့အတွက်မှမလွယ်ခြင်းကြောင့်ပင်။ ဤသည်က လူကြည့်နိုင်ရန် မိတ်ဆက်သက်သက်သာ။ အရောင်းအဝယ်အားလုံးကို သီးသန့်လုပ်ဆောင်ခြင်းဖြစ်လေသည်။