တချို့အရာတွေကို ငွေနှင့်ဝယ်လို့မရ! ၂
Vol. 15 Ch. 224
''ငါဒါတွေဝယ်တယ်လို့ ဘာကြောင့်ထင်တာလဲ?'' ချန်ရှန်းဖေက စိတ်ဆိုးဆိုးနှင့်ပြန်ပြောလိုက်သည်။ ထို့နောက်သူကစိတ်လှုပ်ရှားစွာနှင့် သက်ပြင်းချပြီးမှ_ ''ဒါပေမဲ့ ချင်လင်ရဲ့သစ်မွှေးနံ့သာက ငါဝယ်တာထက်အဆင့်မြင့်တယ်... အနံ့တင်မကဘူး အာနိသင်လည်းရှိတယ်... မင်းလည်းခံစားမိမှာပါ''
ဆရာချန်ဖုန်းဝူလည်း သစ်မွှေးနံ့သာ၏အာနိသင်ကိုခံစားမိသည်။
သူနှင့်ချန်ရှန်းဖေက ကားနှင့်လာသည်ဆိုသော်လည်း အလွန်ပင်ပန်းနေကြ၏။ နံ့သာကိုထွန်းလိုက်သည်နှင့် မောပန်းမှုက ချက်ချင်းပျောက်ကွယ်သွားသည်။
သူ့အသက်အရွယ်မှာ ဗဟုသုတကြွယ်ဝပြီဟုကြွားနိုင်သော်လည်း ဒီလိုမှော်ဆန်တဲ့နံ့သာမျိုးကိုယ်တိုင်မကြုံဖူးသည်ကိုမယုံနိုင်ပေ။
''ချင်လင်... ဒီသစ်မွှေးနံ့သာကိုရနိုင်မယ့်နည်းရှိလား?'' ချန်ရှန်းဖေက မျှော်လင့်တကြီးမေးလိုက်သည်။
''လောင်ချန်... ဒါကလုံးဝကံအပေါ်မူတည်တယ်... ကျွန်တော်တောင် လိုချင်တိုင်းမရနိုင်ဘူး'' ချန်ရှန်းဖေ၏သဘောကို ချင်လင်သိသော်လည်း အမှန်အတိုင်းသာပြောလိုက်ရသည်။
ဒီသစ်မွှေးပင်၏ပြန်ထွက်နှုန်းမှာ အလွန်နည်းသည်။ အရင်တစ်ခါပြန်ထွက်ပြီးကတည်းက ထပ်မပေါ်လာသေး။ သူတို့ကံမကောင်းရင် တစ်လနှစ်လနှင့်ပစ္စည်းပြန်မထွက်နိုင်ဘဲ သူရောကျောက်မိုချင်းပါပစ္စည်းပြတ်နိုင်သည်။
''ဟင်း'' ချန်ရှန်းဖေကသက်ပြင်းချပြီး ဆက်မမေးတော့။ ဒါတကယ်ရှားသည်။
''လက်ဖက်ရည်ရပြီ... ငါစုဆောင်းထားတဲ့အူလုံလက်ဖက်ရည်မြည်းကြည့်'' ထိုအချိန်တွင် မာလဲ့ဝမ်လည်း အားလုံးကိုထိုင်ဖို့ခေါ်လိုက်သည်။ သူက လက်ဖက်ရည်ပဲကြိုက်သည်။ ဒီအူလုံလက်ဖက်ရည်က ယွမ်လေးငါးထောင်တန်သည်။
သူဌေးချင်မှာ ပစ္စည်းကောင်းများစွာရှိသော်လည်း လက်ဖက်ခြောက်ကောင်းကောင်းမရှိချေ။
လက်ဖက်ခြောက်ကောင်းကောင်းက ရဖို့မလွယ်။
ချင်လင်လည်း လက်ဖက်ရည်ကြိုက်သည်။ သို့သော် သာမန်လက်ဖက်ရည်မျိုးသာသောက်ဖူး၏။ အူလုံလက်ဖက်ရည်ကို နှစ်ငုံလောက်သောက်ပြီးလျှင် သာမန်လက်ဖက်ရည်နှင့်မတူကြောင်း ခံစားမိသည်။
ပထမဆုံး လက်ဖက်ရည်၏အနံ့ဖြစ်သည်။ အနံ့က ပါးစပ်ထဲစွဲကျန်ပြီး အရသာက ခါးပြီးချိုသွား၏။ အချိုအရသာက အလွန်ပေါ်သည်။
တကယ်တော့ မြောက်ပိုင်းသားတွေ လက်ဖက်ရည်မကြိုက်ကြခြင်းမှာ လက်ဖက်ရည်၏ခါးသောအရသာကို မခံနိုင်ခြင်းကြောင့်ဖြစ်သည်။ သူတို့စိတ်ကခုခံသောကြောင့် ရင်ထဲမှာကပြောင်းကပြန်ဖြစ်ကြ၏။ ခါးပြီးနောက်ပိုင်းအချိုကို အရသာမခံနိုင်ကြချေ။
လက်ဖက်ရည်အရသာက ခါးပြီးချိုပြီးမှ ဖန်ဖန်မွှေးမွှေးအရသာကို ဖြည်းဖြည်းချင်းပြန်လှည့်လာသည်။
ဆိုရိုးစကားရှိသည်: လက်ဖက်ရည်အရသာခံတဲ့အခါ အခါးကခရီး၊ အမွှေးနံကလက်ဆောင်၊ အဖန်ဘက်လှည့်လာတာက သူ့သဘာဝတဲ့။

ထို့ကြောင့် လက်ဖက်ရည်အရသာခံသည့်အခါ လူအမျိုးမျိုးအမြင်မတူကြပေ။
တချို့လူတွေက စိတ်အရသာခံသလို လက်ဖက်ရည်သောက်ကြသည်။ သောက်ဖို့ဆွဲဆောင်ရန်ခက်ခဲလေ့ရှိပြီး အောင်မြင်သွားလျှင်လည်း ချိုသွားလိမ့်မည်။ သို့သော်လည်း မည်မျှချိုသည်ဖြစ်စေ အချိန်ကုန်သည်နှင့်အမျှ ဖြည်းဖြည်းချင်းပုံမှန်ပြန်ဖြစ်သွားသည်။ အသက်အရွယ်ရသည့်အခါ အတိတ်ကချိုမြိန်မှုတွေကို လက်ဖက်ရည်အနံ့လို တခုတ်တရပြန်လည်တွေးတောနိုင်၏။
တချို့ကပြောကြလိမ့်မည်။ ဒီလိုတင်စားတာမျိုး ဘယ်မှာရှိလို့လဲ? အမျိုးသား၊ အမျိုးသမီးဘယ်လောက်များများက သမီးရည်းစားဘဝကနေ ဆံဖြူသွားကျိုးတဲ့အထိ အတူတူနေနိုင်လို့လဲ?
ဒါကတော့ မှန်ကန်သောလက်ဖက်ခြောက်ကို မရွေးခဲ့ခြင်းကြောင့်သာ။ လက်ဖက်ခြောက်တွေ အားလုံးမှိုတက်ပြီးအောက်နေတာကို လက်ဖက်ရည်ဖျော်သေးသည်။ ဒီလိုလက်ဖက်ရည်မျိုးက မွှေးနိုင်ပါ့မလား? ခါးတာကလွဲပြီး ဘာမှကျန်မည်မဟုတ်။ ပျို့အန်လိမ့်မည်။
မာလဲ့ဝမ်က လက်ဖက်ရည်တစ်အိုးဖျော်ပြီး စကားပြောရင်း အချိန်ကုန်သွားသည်။ လျှပ်တပြတ်အတွင်း ညနေပိုင်းရောက်သွား၏။
''ခန်းမထဲသွားပြီး ညစာဘာရမလဲကြည့်ရအောင်'' ချင်လင်က ချန်ရှန်းဖေတို့ကိုခေါ်လိုက်သည်။
ဒီတစ်ခါ သူတို့သုံးယောက်ကို သူ့ကိုထောက်ပံ့ပေးရန်ဖိတ်ခေါ်ထားခြင်းဖြစ်သည့်အတွက် သူတို့ကိုဧည့်ခံဖို့တာဝန်ယူရပေမည်။
မူလခန်းမထဲရောက်သောအခါ ဆရာလင်းက အလုပ်သင်တစ်ဦးနှင့်အတူ ညစာအတွက်ပါဝင်ပစ္စည်းများယူလာပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။
ဆရာလင်းက ချင်လင်ကိုမြင်လျှင်_ ''သူဌေး... သူဌေးကတော်က ဒီညခင်ဗျား လူကြီးမင်းချန်တို့ကိုဧည့်ခံရမယ်လို့မှာထားတယ်... ကျုပ်က ကြိုလာပြီးပြင်ထားတာ''
ချင်လင်ခေါင်းညိမ့်လိုက်သည်။
ကျောက်မိုချင်းက အမြဲတမ်းသိတတ်သည်။ သူ့အတွက် အတော်များများကိုစီစဉ်ပေးလိမ့်မည်။
ထို့နောက် သူကဆရာလင်းအား_ ''ဆရာလင်း... ပြီးရင် ခင်ဗျားကိုကူမယ်... ငါးနဲ့ငါးရှဉ့်ကို ကျွန်တော်ကိုင်မယ်''
''ဟုတ်ကဲ့ သူဌေး!'' ဆရာလင်းခေါင်းညိမ့်လိုက်သည်။
လီခိုင်ကရုတ်တရက် ခြံဝင်းတံခါးပေါက်ရောက်လာပြီး အံ့သြပုံနှင့်လှမ်းအော်လိုက်သည်_ ''ညီလေးချင်... ဒီညမင်းချက်မှာပေါ့?''
''လူကြီးမင်းလီ... ခင်ဗျားလည်း ဒီရောက်နေတာလား?'' ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က လီခိုင်ကိုသိကြသည်။
သို့ရာတွင် လီရှင်းနှင့်မိတ်ဆွေကောင်းတွေဖြစ်ပြီး လီခိုင်၏အသက်ဝါကြီးမှုမှာ မတူသောကြောင့် သူတို့သိပ်မရင်းနှီးကြ။
လီခိုင်က ချန်ရှန်းဖေကိုခေါင်းညိမ့်ပြပြီး ချင်လင်အား အပြုံးနှင့်ဆိုလိုက်သည်_ ''ညီလေးချင်... စားချိန်ကျရင် ခေါ်ဖို့မမေ့နဲ့''
လီရှင်းပြောခဲ့သလိုပင် ချင်လင်၏ငါးကိုစားပြီးနောက် လီခိုင်က ထိုငါးအကြောင်း တသသဖြစ်နေခဲ့သည်။
သည်လိုနှင့် လီခိုင်က ခြံဝင်းထဲပြန်လျှောက်သွား၏။
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ဒီလူက တကယ်သူများတွေပြောကြသလို ဂနာမငြိမ်ကြောင်တောင်တောင်ပဲ။
တစ်နပ်စာလေးပဲမလား? ဒါနဲ့များ တစ်ခုခုလွတ်သွားမှာကြောက်သလိုလို အသံပေးတယ်ပေါ့။
သူဌေးချင်ရဲ့အစားအသောက်တွေက အရသာရှိပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူကလီမိသားစုကလေ။ ဒါမျိုးလုပ်စရာမလိုဘူးမလား?
''သူဌေးချင်... သူဘာလို့ ဒီရောက်နေတာလဲ?'' ချန်ရှန်းဖေက သိချင်စိတ်နှင့်မေးလိုက်သည်။
ချင်လင်ကရှင်းပြလိုက်သည်_ ''ကျွန်တော့်ခြံဝင်းထဲက ဖရဲမျိုးစေ့တွေပြဿနာတက်နေလို့... လူကြီးမင်းလီကို တစ်ချက်လောက်ကြည့်ပေးခိုင်းတာ''

ချန်ရှန်းဖေ၊ မာလဲ့ဝမ်နှင့် ချန်ဖုန်းဝူတို့ထိုင်ပြီးနောက် ချင်လင်က ကောင်းယောင်ယောင်အား သစ်သီးတချို့နှင့်အဆာပြေစားစရာတချို့ပို့ခိုင်းပြီး ဆရာလင်းနှင့်အတူ စားဖိုဆောင်ဝင်လိုက်သည်။
ချန်ရှန်းဖေကထိုင်လိုက်ပြီး ခန်းမကိုကြည့်ကာ နည်းနည်းစိတ်လှုပ်ရှားသွားသည်_ ''ပထမဆုံး ဒီကိုရောက်လာတော့ ငါ့ကားတာယာပေါက်ပြီး အမှတ်တမဲ့ဝင်လာခဲ့တာ... အဲဒီတုန်းက စံအိမ်မှာသရဲခြောက်မယ့်အတိုင်းပဲ... ခရီးသည်တွေအများကြီးမရှိသေးဘူး... အခုတော့ အချိန်တိုလေးအတွင်းမှာ စံအိမ်ကအရမ်းအသက်ဝင်သွားပြီ''
''ဒီခန်းမထဲဝင်လာတော့ ဒီခန်းမက ဒီလောက်အဆင့်မရှိဘူးလို့ ခံစားရတုန်း... နံ့သာတစ်ရာပွဲကြည့်စင်ထက် အများကြီးညံ့တယ်... ဒါပေမဲ့ အခုကျတော့ နံ့သာတစ်ရာပွဲကြည့်စင်ရဲ့ခန်းမက ဒီထက်အများကြီးညံ့တယ်လို့ ခံစားရပြန်ရော''
မာလဲ့ဝမ်ကပြုံးပြီး_ ''လောင်ချန်... အဲဒီတုန်းက မင်းတာယာပေါက်သွားတာ ခပ်ကောင်းကောင်းပဲ... မဟုတ်ရင် ငါတို့ပစ္စည်းကောင်းတွေအများကြီးလွတ်သွားမှာ... နံ့သာတစ်ရာပွဲကြည့်စင်ကဟာတွေစား လီဖေးရဲ့အလဟဿပစ္စည်းတွေ ဝယ်ရင်ဝယ်နေဦးမှာ''
သူတို့စကားပြောနေစဉ် လီရှင်းလျှောက်ဝင်လာသည်။ သူကရှေ့ဖုံးခါးစည်းဝတ်ထားဆဲဖြစ်ပြီး ဝိုင်လုပ်ငန်းမှအပြေးဆင်းလာပုံရ၏။
ချန်ရှန်းဖေက လီရှင်းကိုမြင်လျှင် ချက်ချင်းဆွဲခေါ်ပြီးထိုင်ခိုင်းကာ သိချင်စိတ်နှင့်မေးလိုက်သည်_ ''လီရှင်း... အရင်တစ်ခါ လောင်မာနဲ့ငါပြန်သွားကတည်းက မင်းမပြန်ရသေးတာမလား? မင်းဒီစံအိမ်မှာ ဘာလုပ်နေတာလဲ?''
''အနံ့မရဘူးလား? ဝိုင်လုပ်နေတာလေ'' လီရှင်းက ဖရဲသီးတစ်စိတ်ကောက်ယူရင်းပြောပြီး စားလိုက်သည်။
''ဝိုင်?'' မာလဲ့ဝမ်မျက်လုံးများ အရောင်တောက်သွားပြီး_ ''ချင်းလင်ဆေးဖက်ဝင်ဝိုင်မလား ဟုတ်လား လီရှင်း? သာမန်ဝိုင်ဆို မင်းကိုယ်တိုင်လုပ်မှာမဟုတ်ဘူး''
''ကျွန်တော်လည်း ချင်းလင်ဆေးဖက်ဝင်ဝိုင်စိမ်ချင်တာပေါ့... ကျွန်တော့်မှာ အခွင့်အရေးရှိတယ်ထင်လား?'' လီရှင်းကသက်ပြင်းချပြီး ဖရဲသီးနှစ်ကိုက်ထပ်ကိုက်ကာ အမှတ်တမဲ့ပြောလိုက်သည်_ ''သူဌေးချင်က ဝိုင်စိမ်ဖို့ ရှန်းရွှေလက်ဆောင်ဆန် ၁၀၀ ကတ်တီပေးတယ်''
''ရှန်းရွှေလက်ဆောင်ဆန်နဲ့ဝိုင်လုပ်တယ်?'' ချန်ရှန်းဖေအံ့သြသွားသည်။
ချန်ဖုန်းဝူလည်း နည်းနည်းလှုပ်လှုပ်ရွရွဖြစ်သွား၏။
အရင်က ချန်ရှန်းဖေဆီမှာ ရှန်းရွှေလက်ဆောင်ဆန်စားဖူးပြီး ဘယ်လောက်ရှားလဲသူသိသည်။ ချန်ရှန်းဖေလိုလူချမ်းသာတွေသာ ရံဖန်ရံခါတချို့တလေရနိုင်၏။
ဒါပေမဲ့ ဒီလိုဆန်မျိုးကိုသုံးပြီး ဝိုင်လုပ်ချင်တဲ့သူတကယ်ရှိသတဲ့လား?
မာလဲ့ဝမ်မှာ ပိုတောင်မယုံသင်္ကာဖြစ်သွားပြီး_ ''အလိုလေး... မင်းတို့ကောင်တွေ ဒီလောက်အကြီးအကျယ်တွေလုပ်နေတာ မယုံနိုင်ဘူး... ဒါရှန်းရွှေလက်ဆောင်ဆန်လေ''
လီရှင်းက အမူအရာနှင့်ပြောလိုက်သည်_ ''ပြောပြမယ်... ဒီရှန်းရွှေလက်ဆောင်ဆန်က တို့အတွက်ဇိမ်ခံပစ္စည်း... ဒါပေမဲ့ သူဌေးချင်အတွက်မဟုတ်ဘူး... ဥပမာ ပိုက်ဆံရှိတယ်ဆိုရင်တောင် ဝယ်လို့မရဘူး... ဒါပေမဲ့ ရှန်းရွှေကတစ်ယောက်က ရှန်းရွှေလက်ဆောင်ဆန်ကို သူဌေးချင်ဆီက ချင်းလင်ဆေးဖက်ဝင်ဝိုင်နဲ့လဲဖို့ စကားစလာတယ်... အဲဒါနဲ့ ရှန်းရွှေလက်ဆောင်ဆန်ကို ဝိုင်စိမ်ဖို့ဖြစ်လာတာ''
''ဒါမျိုးရှိတာလား?'' မာလဲ့ဝမ်က ချက်ချင်းမယုံနိုင်သလိုဖြစ်သွားပြီး တွေးကြည့်သောအခါ ဖြစ်နိုင်သလိုလိုပင်။ ပိုက်ဆံနှင့်မဝယ်နိုင်သောအရာများရှိသည်ဆိုသော်လည်း တန်ဖိုးတူချင်းမလဲနိုင်တာတော့မဟုတ်။
တချို့နိုင်ငံငယ်လေးတွင် လူချင်းတောင်လဲကြသည်။ ယဉ်ကျေးမှုဖလှယ်သကဲ့သို့ပင်။
''လောင်မာ... ဒီတစ်ခါရော ဒီအတိုင်းဖြစ်နိုင်လား?ချင်လင်အလိမ်ခံရတယ်လို့ ငါတို့ကထင်နေတုန်း'' ချန်ရှန်းဖေက ရုတ်တရက် မာလဲ့ဝမ်ကိုပြောလိုက်သည်။
''အဲလိုထင်တာပဲ... အဲတုန်းက ချင်လင်လည်း အဲဒီလူကိုလူလိမ်ထင်ခဲ့တာလေ'' မာလဲ့ဝမ်လည်း သူတို့ရှန်းရွှေလက်ဆောင်ဆန်မျှယူပြီး ပြန်သယ်သွားသည်ကိုအမှတ်ရသည်။ အရင်ဆုံး ချင်လင် ရှန်းရွှေလက်ဆောင်ဆန်ဒီလောက်အများကြီးရတာမဖြစ်နိုင်၍ သူလှည့်စားခံရပြီဟုထင်ခဲ့ကြ၏။
သို့သော် ချင်လင်လှည့်စားခံရတာမဟုတ်ဘဲ လီဖေး၏ရှန်းရွှေလက်ဆောင်ဆန်က သူဌေးချင်၏ဆန်ထက် အများကြီးညံ့နေခြင်းဖြစ်သည်။
အဲဒီတုန်းက ချင်လင်က သူငယ်ချင်းတစ်ယောက်ဆီမှယူခဲ့ခြင်းဖြစ်ကြောင်းပြောပြီး သူအလိမ်ခံရသည်ဟုထင်ခဲ့၏။ ရှန်းရွှေကတစ်ယောက်က သူဌေးချင်ဆီမှာ ဆေးဖက်ဝင်ဝိုင်ရှိမှန်းသိ၍ ဆက်သွယ်လာခြင်းဖြစ်ရမည်။
လီရှင်းက သူတို့နှစ်ဦးပြောသံကြားလျှင် ဘာဖြစ်နေလဲ အကြမ်းဖျင်းသဘောပေါက်သွားသည်။ သူတို့နှစ်ယောက်ပြောနေတဲ့အချိန်က ရှန်းရွှေမှ ဆေးဖက်ဝင်ဝိုင်အကြောင်း ဘယ်ကသိသွားမှန်းမသိသိသွားသည့်အချိန်ဖြစ်မည်။ သူတို့ပထမဆုံးအကြိမ်စံအိမ်လာဆက်သွယ်ပြီး သူဌေးချင်က လူလိမ်ဟုထင်ခဲ့သောအချိန်ပင်။
''ဒါနဲ့... သူဌေးချင်ရော?'' လီရှင်းကမေးလိုက်သည်။
ချန်ရှန်းဖေက ရှင်းပြလိုက်၏_ ''စားဖိုဆောင်ထဲမှာ... သူဆရာလင်းကို ငါးကိုင်ကူမယ်တဲ့''
''သူချက်နေပြန်ပြီလား?'' လီရှင်းက အံ့သြဝမ်းသာသွားပြီး စားဖိုဆောင်ထဲတန်းတန်းလျှောက်သွားလိုက်သည်။ အခုတလော သူဌေးချင်မကြာမကြာချက်နေတာ ကောင်းတဲ့ကိစ္စပဲ။
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
ဘာများအံ့သြစရာရှိလို့လဲ?