ဒီတစ်ကြိမ်အကျိုးပေးခြင်း! အံ့သြနေသော ချန်ရှန်းဖေနှင့်မာလဲ့ဝမ်! ၁
Vol. 15 Ch. 220
လူငယ်တွေအတွက် ရုံချန်းစီရင်စုလိုမြို့ငယ်လေး၏ညပိုင်းမှာ မြို့ကြီးထက်တော့ စိတ်လှုပ်ရှားစရာမလျော့ပေ။
သို့သော် တတိယနှစ်ကျောင်းသူများအတွက် ညပိုင်းလုံးဝမပျော်နိုင်။ အေးလာပြီး နှစ်သစ်ရောက်လုပြီဖြစ်သော်လည်း ညနေပိုင်းကိုယ်ပိုင်လေ့လာရေးအတန်းတက်ရပြီး ၉ နာရီထိုးသည်အထိ အိမ်မပြန်နိုင်ချေ။
တတိယနှစ်မှာ တာတိုပြေးပွဲနောက်ဆုံးအဆင့်ဖြစ်ပြီး နှစ် ၁၂ နှစ်တာ၏နောက်ဆုံးပြေးပွဲလည်းဖြစ်သည်။
ချင်လင်က ကျောက်ရှန်ဟုန်ဆီ နံ့သာဖြူမှုန့်ပို့ရန် ရုံချန်းစီရင်စုပထမအလယ်တန်းကျောင်းသို့ မောင်းလာခဲ့၏။ ညနေပိုင်းကိုယ်ပိုင်လေ့လာရေးအတန်းပြီးသောကျောင်းသားများမှာ တက်ကြွမှုမရှိတော့ပြီ။
သူ့ယောက္ခထီးမှာလည်း အိပ်ပျော်ရခက်သူတစ်ယောက်ဖြစ်သည်။
အထက်တန်းကျောင်းဆရာဖြစ်ရတာမလွယ်။ တတိယနှစ်ဆရာဖြစ်တာ ပိုတောင်ခက်သေးသည်။ တတိယနှစ်ဌာနမှူးဖြစ်လျှင် အခက်ဆုံးပင်။
တတိယနှစ်မှာ ဆယ်ကျော်သက်တို့၏အပြင်းထန်ဆုံးပုန်ကန်သည့်အရွယ်နှင့်ရင်ဆိုင်ရသလို ကျောင်းသားတို့၏အချစ်ဇာတ်လမ်းဖြစ်ရပ်တွေများသော နှစ်တစ်နှစ်လည်းဖြစ်သည်။
ထို့အပြင် တတိယနှစ်ဌာနမှူးမှာ အမည်စာရင်းသွင်းနှုန်းပြဿနာကို သည်းခံရသည်လည်းရှိ၏။
ထို့ကြောင့် တတိယနှစ်ဌာနမှူးအတော်များများက ပူပန်ခြင်း၊ မအိပ်နိုင်ခြင်းကြောင့် ဆံပင်ကျွတ်ရသည်။ အချိန်ကုန်သည်နှင့်အမျှ တတိယနှစ်ဌာနမှူးများမှာ သူတို့ကျောင်းသားများအတွက်ပူပန်ရခြင်းကြောင့် ထိပ်ပြောင်လာကြပြီး တချို့ပုန်ကန်တတ်သောကျောင်းသားတချို့ကို ဂျစ်ပစီနာမည်ပြောင်များတောင်ပေးရ၏။

သူ့ယောက္ခထီးမှာ အိပ်ရေးပျက်လာပြီဖြစ်သည်။ မကြာခင် ဆံပင်ကျွတ်သည့်အဆင့်ရောက်လာတော့မည်။ ထို့ကြောင့် ဒီနံ့သာဖြူမှုန့်က အချိန်ကောင်းရောက်လာခြင်းပင်။ သူ့ကိုထိပ်ပြောင်မည့်အန္တရာယ်မှကာကွယ်နိုင်လိမ့်မည်။
ရုံချန်းစီရင်စုပထမအလယ်တန်းကျောင်းတတိယနှစ်ရုံးခန်းထဲတွင် သူကအထဲမှဆရာများကို အပြုံးနှင့်ပြောလိုက်သည်_ ''အားလုံးပဲ အလုပ်ပြီးရင် စောစောပြန်ကြပါ... အရင်သွားနှင့်ပြီနော်''
ဆရာမတစ်ယောက်က ပြုံးပြီးမေးလိုက်၏_ ''ဌာနမှူးကျောက်... ဒီနေ့အရမ်းပျော်နေပုံပဲ... ဝမ်းသာစရာရှိတယ်ထင်တယ်''
''သိသာနေလား? ငါ့သားမက်နဲ့သမီးက အပြင်မှာစောင့်နေတယ်လေ'' ကျောက်ရှန်ဟုန်မှာပြုံးရွှင်နေပြီး ရုံးခန်းအပြင် ခပ်သုတ်သုတ်ထွက်သွားသည်။
ရုံးခန်းထဲရှိဆရာများက ထိုအကြောင်းနားလည်ပုံနှင့်ပြုံးလိုက်ကြ၏။
အားလုံးက ဌာနမှူးကျောက်၏သမီးအကြောင်းသိကြသည်။ သူမက ရုံချန်းစီရင်စုပထမအထက်တန်းကျောင်းတွင်တက်ခဲ့ပြီး ရုံးခန်းထဲကအတော်များများ သူမကိုသင်ဖူးကြ၏။
သူတို့စိတ်ဝင်စားနေတာက ဌာနမှူးကျောက်၏သားမက်ပင်။ အခုတလော ဌာနမှူးကျောက်က ဒီသားမက်အကြောင်း အပြောများနေသည်။ ပြောတိုင်းလည်း ပြုံးရွှင်နေ၏။ ထိုသားမက်ကို သူအလွန်စိတ်ကျေနပ်ကြောင်းသိသာသည်။
သို့သော် ဌာနမှူးကျောက်က အလွန်နှုတ်လုံသည်။ အားလုံးက သူ့သားမက်ကို ပထမအလယ်တန်းကျောင်းသားဖြစ်ဖူးမှန်းသာသိကြ၏။
ကျောက်ရှန်ဟုန်က သူ့သားမက်ချင်လင်ကို စိတ်ကျေနပ်သည်ပေါ့။ ဘာပဲဖြစ်ဖြစ် သူကလုပ်ရည်ကိုင်ရည်ရှိတယ်လေ။ သူ့မှာဒီလိုလုပ်ငန်းကြီးရှိပြီး သဘောကောင်းမနောကောင်း။ သူ့သမီးအပေါ်လည်းကောင်းပြီး သူတို့ဇနီးမောင်နှံအပေါ်အလွန်သိတတ်သည်။
ဒါလုံးဝ မိဘတွေအားလုံးလိုချင်တဲ့ စံပြသားမက်မျိုးပဲ။
ကျောက်ရှန်ဟုန်က ကျောင်းဂိတ်ပေါက်အပြင်လမ်းလျှောက်ပြီး ချင်လင်၏ကားကိုမြင်လျှင် ချက်ချင်းလျှောက်သွားလိုက်သည်။
ချင်လင်နှင့်ကျောက်မိုချင်းလည်း အလျင်စလိုဆင်းပြီး ကျောက်ရှန်ဟုန်ကိုနှုတ်ဆက်လိုက်၏။
“အဖေ!”
“အဖေ!”
ကျောက်ရှန်ဟုန်က သူတို့နှစ်ဦးကိုခေါင်းညိမ့်ပြပြီး မေးလိုက်သည်_ ''ဒီနေ့ဘာလို့ ကျောင်းကိုလာကြိုဖို့ ရုတ်တရက်စိတ်ကူးပေါက်လာကြတာလဲ?''
''အဖေ... ချင်လင်က အဖေအိပ်မပျော်နိုင်မှန်းသိလို့ အိပ်ကောင်းအောင် နံ့သာမှုန့်သက်သက်လာပို့တာ'' ကျောက်မိုချင်းက ဝမ်းသာသာနှင့်ပြောပြလိုက်သည်။
ယောက်ျားရပြီးတဲ့ အမျိုးသမီးတွေအကြောက်ဆုံးက သူတို့ယောက္ခမတွေနဲ့သူတို့မိသားစုခွဲခြားပြီး အဆက်အသွယ်လျော့သွားမှာကိုပင်။

သို့သော် သူမမှာ ဒီလိုစိုးရိမ်စရာမျိုးလုံးဝမရှိ။
သူမအမေနှင့်ယောက္ခမမှာ အခင်ဆုံးမိတ်ဆွေများဖြစ်လာကြသည်။ မကြာမကြာဆိုသလို စျေးဝယ်ထွက်ကြ၏။
ချင်လင်ကလည်း သူမမိဘတွေအပေါ်သိတတ်သည်။ မိသားစုနှစ်ခုက လိုက်လျောညီထွေရှိပြီး သာယာသည်။ ဘယ်လောက်ကောင်းလိုက်လဲ။
တစ်ခါတလေ ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးအမျိုးသမီးလို ခံစားရသည်။
ကျောက်ရှန်ဟုန်က သူ့သမီးစကားကြားလျှင် ပိုပျော်သွားသလိုပင်။ ဒီသားမက်က တော်လိုက်တာ။ သို့သော်လည်း သူကပြောလိုက်သေးသည်_ ''ချင်လင်... အခုမင်းမှာ ကိုယ်ပိုင်စီးပွားရေးနဲ့ အလုပ်ရှုပ်နေတာ... ငါ့အတွက်နဲ့ လာစရာမလိုပါဘူးကွာ''
ချင်လင်ကပြုံးလိုက်ပြီး_ ''အဖေ... ဒီလိုလည်း ဘယ်ဟုတ်မလဲ...အပြင်မှာအေးတယ်... အရင်ဆုံးအိမ်ပြန်ပို့ပေးမယ်''
“အင်း'' ကျောက်ရှန်ဟုန်ခေါင်းညိမ့်လိုက်သည်။
သူတို့ကအထဲဝင်ပြီး ကားတံခါးပိတ်ကာ စက်နှိုးလိုက်၏။
ချင်လင်က ကျောက်ရှန်ဟုန်ကို အရှေ့ပိုင်းမြို့တော်မှမင်းယွမ်နယ်ထဲ မောင်းပို့လိုက်သည်။ ထို့နောက် နံ့သာဖြူနံ့သာနှစ်ဘူးနှင့်နံ့သာထွန်းခွက်ကို ကျောက်ရှန်ဟုန်ဆီပေးလိုက်ပြီး_ ''အဖေ ဒါနံ့သာဖြူမှုန့်... အိပ်ပျော်စေတယ်... ညတိုင်း နည်းနည်းနည်းနည်းထွန်းပေး''
ကျောက်ရှန်ဟုန်က နံ့သာကိုသူ့လက်ထဲပိုက်ပြီး ပြုံးနေသည်။
နံ့သာက အိပ်ပျော်ပျော်မပျော်ပျော် သူ့အတွက်အရေးမကြီး။ သူ့သားမက်၏စေတနာကသာ အရေးအကြီးဆုံးဖြစ်သည်။
ချင်လင်နှင့်ကျောက်မိုချင်းထွက်သွားသောအခါ သူကသီချင်းတအေးအေးနှင့် အဆောက်အဦးထဲဝင်သွားလိုက်၏။ အိမ်ပြန်ရောက်သောအခါ သူ့မိန်းမက ဧည့်ခန်းထဲတီဗွီကြည့်နေသည်။
တီဗွီရုပ်သံတွင် ဘတ်စ်ကားတစ်စီးပေါ်၌ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးက 'ဗုံးရှိတယ်!' ဟုအော်နေရင်း ဘတ်စ်ကားပေါက်ကွဲသွား၏။
သို့သော် နောက်တစ်ကွက်တွင် အမျိုးသားနှင့်အမျိုးသမီးမှာမသေဘဲ ဘတ်စ်ကားထိုင်ခုံပေါ်၌ ကြောက်လန့်သောမျက်နှာထားများနှင့် ရုတ်တရက်လန့်နိုးလာကြသည်။
''ရှင်ပြန်လာပြီလား?'' ချန်ရှောက်က သူ့ယောက်ျားပြန်လာသည်ကိုမြင်လျှင် မတ်တပ်ထရပ်လိုက်၏။
''ဒါဘာဇာတ်လမ်းမျိုးလဲ??'' ကျောက်ရှန်ဟုန်က နံ့သာခွက်ကိုချရင်း မေးလိုက်သည်။
''အခုမှထွက်တဲ့ဇာတ်လမ်းအသစ်လေ... ဘတ်စ်ကားပေါ်မှာ ဗုံးရှိတယ်... ခေါင်းဆောင်မင်းသားနဲ့မင်းသမီးက ခဏခဏဖောက်ခွဲခံရပြီး အကြိမ်တိုင်းပြန်ရှင်နိုင်တယ်'' ချန်ရှောက်ကစကားပြောရင်း ကျောက်ရှန်ဟုန်အတွက် ရေတစ်ခွက်ခပ်ပေးသည်။ ပြီးနောက် အိပ်မပျော်ခြင်းအတွက် ညွှန်ထားသောဆေးထုပ်ကိုယူကာ_ ''အရင်ဆုံး ဆေးသောက်လိုက်ဦး... ပြီးရင် ရေမိုးချိုးပြီး လှဲလိုက်''
သူ့ယောက်ျားမှာ နှစ်နှစ်ခြိုက်ခြိုက်မအိပ်နိုင်တော့။ သူလှည့်လိုက်စောင်းလိုက်လုပ်တိုင်း သူမစိတ်မကောင်းဖြစ်ရသည်။
အခုတော့ သက်သာဖို့ ဆေးအားကိုးနေရပြီး ရေချိုးပြီးသည်နှင့်လှဲအိပ်ကာ နောက်တစ်နေ့ကျောင်းသွားဖို့အားမွေးနေရ၏။
ကျောက်ရှန်ဟုန်က လက်ကာပြပြီး ချင်လင်ပေးသောနံ့သာကိုကောက်ယူလိုက်သည်_ ''ကိုယ်ဒီနေ့ ဘာဆေးမှမသောက်ဘူး... ချင်လင်က အိပ်ပျော်စေတဲ့နံ့သာပေးလိုက်တယ်... အရင်ဆုံးရေချိုးလိုက်ဦးမယ်... အခန်းထဲမှာ နံ့သာထွန်းထားလိုက်ဦး''
သည်လိုနှင့် သူကအိပ်ခန်းထဲသွားပြီး သူ့အဝတ်အစားများကို ရေချိုးခန်းထဲယူသွားလိုက်တော့သည်။