ဆရာကြီးတွေ လက်ရည်ဖလှယ်ရင် စိတ်ပိုင်းဆိုင်ရာကို တိုက်ခိုက်ကြတယ်
Vol. 63 Ch. 931
“ အစ်ကိုကြီး….”
ဝေ့ရှောင်ချီ လင်းရီ၏ ခြေကန်ချက်ကြောင့် လွင့်ထွက်သွားသည်ကို မြင်တော့ ဝေ့ကျင်းလိန်နှင့် ကျန်သူများ ပြေး၍ ကူညီပေးလိုက်ကြရင်း လင်းရီကို ထိတ်လန့်သည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်ကြသည်။
'အစ်ကိုကြီးတောင် သူ့ပြိုင်ဘက် မဟုတ်သေးဘူးတဲ့လား… ဒါဆို ဒီကောင် တကယ်ကြီး ဘယ်အဆင့်မှာ ရှိနေတာလဲ..'
“ ဒီကား တော်တော်လေး မဆိုးဘူး… သော့ ဘယ်သူ့ဆီမှာလဲ..” လင်းရီ BMW 7 စီးရီးကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
“ ငါ့…ငါ့ဆီမှာ …..” စွေ့ကွမ်းတဲ့ ပြောလိုက်၏။
“ ဒါဆို ခဏငှားပေးလိုက်…”
“ မင်း ဓားပြလာတိုက်နေတာလားကွ…”
“ အဲ့တော့ ပြဿနာ ရှိလို့လား..” လင်းရီ ပြောလိုက်ပြီး “ ပေးမှာလား မပေးဘူးလား… မပေးရင် ငါမင်းကို သေအောင် ရိုက်နှက်ပစ်လိုက်မယ်..”
“ မ.. မလုပ်ပါနဲ့.. ရော့ ရော့… ပေးပါတယ်… ယူလိုက်ပါ…”
စွေ့ကွမ်းတဲ့ စကားများများ မပြောရဲပဲ လင်းရီကို ခပ်လှမ်းလှမ်းမှ နေ၍ သော့လှမ်းပေးလိုက်သည်။
လင်းရီ ကားထဲဝင်၍ ပန်ဂုဟိုတယ်ထံ ဆက်လက် မောင်းထွက်သွားလိုက်လေသည်။
သူ ၎င်းတို့၏ ကားကို ယူလာခဲ့ရခြင်း အကြောင်းပြချက်ကတော့ မီးနီများကို စိတ်ကြိုက် ဖြတ်မောင်းနိုင်ပြီး အချိန်ကုန် သက်သာစေသောကြောင့်ဖြစ်၏။
သို့သော်လည်း လမ်းတွင်တော့ လင်းရီ အချိန်အတန်ကြာအောင် တိတ်ဆိတ်နေမိသည်။
ရန်ကျင်းဆိုသည်က ပုန်းကွယ်နေသည့် နဂါးများနှင့် ဝပ်နေသည့် ကျားတို့ ကျက်စားရာနေရာပင်။
ယခုတော့ သူ ရောက်သည်မှာ တစ်ရက်ကျော်မျှသာ ရှိသေးသော်လည်း မိသားစု နှစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံနေရချသည်။
ပြဿနာကား အဘယ်ကြောင့်နည်း။
သူ တောင်ထိပ်၌ တွေ့ဆုံခဲ့သည့် အနက်ဝတ်နှင့်လူက ရန်ကျင်းမှ ဖြစ်နေသောကြောင့်လော။
သို့သော်လည်း ထိုအခြင်းအရာကို အတည်ပြုနိုင်သည့် နည်းလမ်း သူ့တွင် မရှိပေ။ ရန်ကျင်းရှိ ရေပြင်က နက်ရှိုင်းလှပြီး သူ ဝင်စွက်ဖက်နိုင်ခြင်း ရှိမရှိလည်း မသေချာသေးပေ။
ကလင် ကလင် ကလင်…
အဆိုပါ မေးခွန်းများ၏ အဖြေကို စဉ်းစားနေတခိုက် အိတ်ကပ်ထဲရှိ ဖုန်းက အသံမြည်လာလေသည်။ ဝူဖေးယွဲ့ ဖြစ်မည်ဟု ထင်မှတ်ထားသော်လည်း ရှန်းရှူးရီ ဖြစ်နေခဲ့၏။
“ ဟဲလို အန်တီရှန်း.. ကျွန်တော် ရန်ကျင်းရောက်နေတာ သိတော့ ထမင်းဖိတ်ကျွေးချင်နေလို့လား…” လင်းရီ ရယ်မောရင်းဖြင့် ပြောလိုက်လေသည်။
“ အင်း…. ငါ တကယ်ကြီး အဲ့လို စဉ်းစားထားတာ… လာတာမလာတာကတော့ နင့်အပေါ်ပဲ မူတည်တယ်… အန်တီရှန်းက နင့်အတွက် ကိုယ်တိုင် ချက်ကျွေးမှာနော်…”
‘ နင့်အပေါ် မူတည်တယ် ‘ စကားလုံးက သာမန်ဆန်နေသော်လည်း ယခု အခြေအနေတွင်တော့ ကွဲပြားသည့် ဆိုလိုရင်းအနက်ကို သယ်ဆောင်ထားသည်။
လင်းရီကလည်း မတုံးအလေရာ သူမ ဆိုလိုချင်နေသည်ကို သဘာဝအလျောက် နားလည်လေသည်။
“ ကျွန်တော်လည်း အန်တီရှန်းရဲ့ လက်ရာကို မြည်းစမ်းကြည့်ချင်တဲ့ ပြင်းပြတဲ့ အာသီသတစ်ချို့တော့ ရှိပါတယ်… ဒါပေမယ့် ပြန်စဉ်းစားကြည့်လိုက်တော့ …. အန်တီရှန်းလို ပုဂ္ဂိုလ်မျိုးက ကျွန်တော့်အတွက် ကိုယ်တိုင် ချက်ပြုတ်ပေးမယ်ဆိုတော့ ကျွန်တော့်အဖို့ မထိုက်တန်သလိုပဲ… ကျွန်တော်ကပဲ ဒကာခံပြီး အပြင်မှာ စားကြရင်ကော…. “
“ နှစ်သစ်ကူးရောက်တော့မယ်ဆိုတော့ ငါ့အတွက် အပြင်ထွက်စားဖို့ကြတော့လည်း အဆင်မပြေပြန်ဘူး.. တကယ်လို့ နင်က အလုပ်ရှုပ်နေတယ်ဆိုရင်လည်း နင်နောက်တစ်ခေါက် လာတဲ့အချိန် စားပေါ့… အဲ့ခါကျ အန်တီ နင့်ဖို့ ချက်ပြုတ်ပေးမယ်လေ…”
ဝတ္တရားအရ ပြောကြ ၊ ဆိုနေကြသော်လည်း ထမင်းအတူစားဖို့ မဖြစ်နိုင်ကြောင်း လင်းရီတို့နှစ်ဦးလုံး နားလည်ပေသည်။
လင်းရီနှင့် လျန်ရူရွှယ်တို့၏ ဆက်ဆံရေးမှာ သိုသိုသိပ်သိပ် အခြေအနေ၌သာ ရှိနေပြီး အကယ်၍ မိသားစု စုံလင်စွာဖြင့် ပွင့်ပွင့်လင်းလင်း တွေ့ကြ ပြုကြမည်ဆိုပါက နောက်ပိုင်း ပြဿနာတစ်ချို့ ဖြစ်ပွားလာနိုင်ပြီး ရှန်းရှူးရီလည်း လူလှောင်ရယ်စရာ ဖြစ်လာပေမည်။
ထို့ပြင် ရှန်းရှူးရီကလည်း လင်းရီ၏ အနေအထားကို ကောင်းစွာ နားလည်ထားသည်။
သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ အလုံးစုံ မကိုင်တွယ်ပြီးသေးခင်အထိ အိမ်ထဲ အဝင်ခံသေးလိမ့်မည် မဟုတ်ပေ။
ယခုလို စကားပြောနေသည်ကလည်း သူမ ဒီတိုင်း လျန်ရူရွှယ် ရှေ့မှောက်၌ မိခင်တစ်ယောက်၏ ဧည့်ဝတ်ကျေပွန်မှုကို ပြသရန်သာ ဖြစ်၏။
“ ကျေးဇူးပါ အန်တီရှန်း..”
“အင်းပါ... နင်ခုထိ မပြန်ရသေးဘူးမလား…”ရှန်းရှူးရီ ခေါင်းစဉ်ပြောင်းလိုက်သည်။
“ မပြန်ရသေးဘူး..”
“ ဒါဆို နင်လည်း ဒီရောက်နေတာနဲ့ အန်တီ့ မိတ်ဆွေတစ်ချို့နဲ့ မိတ်ဆက်ပေးမယ်ဆိုရင်ကော……. နင် အချိန်ရလောက်လား…”
ယခု ဖိတ်ကြားချက်ကတော့ စီးပွားရေး ဆန်ဆန် ဖိတ်ခေါ်မှုမျိုးပင်။ ရှန်းရှူးရီအတွက်လည်း နှစ်ဦးနှစ်ဖက် အကျိုးရှိသောကြောင့် ဤတစ်ကြိမ်တွင်တော့ လင်းရီကို ကြိုဆိုရန် အင်မတန် လိုလားနေသည်။
“ နေပါဗျာ… ကျွန်တော် ဘယ်သူနဲ့မှ လက်တွဲမလုပ်ချင်သေးဘူး… တကယ်လို့ တစ်ခုခု ရှိလာခဲ့ရင် အန်တီရှန်းကိုပဲ တိုက်ရိုက်လာရှာလိုက်မယ်…” လင်းရီ ပြုံးလိုက်ပြီး “ ဟွာရှမှာ အန်တီရှန်းထက် ပိုပြီး ဩဇာကြီးတဲ့ အမျိုးသမီး ရှိမယ် မထင်ဘူး.. ဒီတော့ သူတို့နဲ့ တွေ့ခြင်း မတွေ့ခြင်းက အရေးမကြီးတော့ဘူးလေ…”
“ ကောင်စုတ်လေး… အချိုတွေ အရမ်းပြောတတ်နေတယ်ပေါ့..” ရှန်းရှူးရီပြောလိုက်ပြီး “ ငါ့ကို နင်စီးနေတဲ့ သင်္ဘောပေါ် အတင်းတွန်းတင်ပြီး အန္တရာယ်တွေ နည်းပါးအောင် လုပ်ချင်နေတယ်… နင့်အကြံ အဲ့တာမလား..”
“ အာ… အန်တီရှန်းကလဲ… အဲ့လိုမပြောစမ်းပါနဲ့.. ကျွန်တော်တို့က မိသားစုတွေလေ… အပြင်လူတွေကို အကျိုးအမြတ် ပေးလိုက်လို့ ဘယ်ဖြစ်မှာ.. မဟုတ်ဘူးလား..”
“ အရူးလာလုပ်မနေနဲ့… နင် စဉ်းစားနေတာကို မရိပ်မိရလောက်အောင့် ငါ့ကို တုံးအတယ်များ နင်ထင်နေတာလား..” ရှန်းရှူးရီ ပြောလိုက်ပြီးမှ “ ပြီးတာပဲလေ… နင် မလာချင်ဘူးဆိုမှတော့ အန်တီလည်း အတင်းတိုက်တွန်းမနေတော့ဘူး.. ဒါပေမယ့် နှစ်သစ်ကူးပြီးရင်တော့ semiconductor ထိပ်သီးအစည်းအဝေးပွဲတစ်ခုရှိတယ်….. တော်တော်လေးလည်း အရေးပါတယ်… အချိန်ကျလာရင် နင်လည်း လာခဲ့.. အပေါ်က မာခရို အစီစဉ်တွေ နားထောင်ပြီး နင့်ကုမ္ပဏီ တိုးတက်မှု အလားအလာတွေအတွက် ကောင်းကောင်းကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်….”
“ နားလည်ပါပြီ… ကျေးဇူးပါ အန်တီရှန်း..”
“ ဒါဆို နင့်အလုပ် ဆက်လုပ်လိုက်ဦး… အန်တီ မနှောင့်ယှက်တော့ဘူး..”
“ ကောင်းပါပြီ အန်တီ… နောက်တစ်ခေါက်ကျရင်တော့ ကျွန်တော် ဆက်ဆက် လာလည်ပါ့မယ်..”
“ စကားနဲ့ပဲ လာလည်မနေနဲ့… နောက်တစ်ခေါက်ကျရင် လူကိုယ်တိုင် ရောက်လာနိုင်အောင်လုပ်…”
“ ဟားဟား… ဒါပေါ့ဗျ…”
ရှန်းရှူးရီနှင့် ဖုန်းပြောပြီးနောက် လင်းရီ သက်ပြင်း အရှည်ကြီး ချလိုက်သည်။
သူမနှင့် စကားပြောရသည်က လင်းရီအဖို့ ခွန်အားတော်တော် ကုန်ခမ်းစေလေသည်။
ဘယ်လို ဦးနှောက်မျိုးမှန်းကို မသိဘူး.. အရမ်း စူးရှထက်မြက်လွန်းတယ်..
အမှန်တော့ လင်းရီ ပစ္စည်းတစ်ချို့ ဝယ်ယူ၍ ရှန်းရှူးရီအိမ် အလည်သွားရန် စိတ်ကူးရှိထားသည်။ သို့သော်လည်း သူ အမှန် မြင်တွေ့လိုသည်က လျန်ရူရွှယ်နှင့် ရှန်းရှူးရီ နှစ်ဦးတည်းကိုသာ။ ကျန်သည့် မိသားစုဝင်များနှင့် တွေ့ဆုံရမည်အား လင်းရီ စိတ်မဝင်စားချေ။ ထို့ကြောင့် သူ ထိုစိတ်ကူးကို ဘေးချိတ်ထားလိုက်တော့၏။
ထို့ပြင် သူနှင့် ရှန်းရှူးရီတို့၏ ရင်းနှီးမှုအရ အပေါ်ယံ တခမ်းတနားကြီး ပြုလုပ်နေရန် မလိုဟုလည်း လင်းရီ ခံစားနေရသည်။ ထို့ကြောင့် ရိုးသားစွာ ပြုမူသည်က ပိုမိုကောင်းမွန်လေသည်။
ဖုန်းချပြီး မကြာမီ ပန်ဂုဟိုတယ်သို့ ရောက်လာခဲ့ပြီး ဝူဖေးယွဲ့နှင့် တွေ့ဆုံကာ ရန်ကျင်းလေဆိပ်သို့ ဦးတည်လိုက်သည်။
လင်းရီ၏ ကိုယ်ပိုင် လေယာဉ်ကို မြင်တော့ ဝူဖေးယွဲ့ တစ်ဖန် တိတ်တဆိတ် ရှော့ခ်ရသွားခဲ့ပြန်သည်။
ဒီကောင် ဘာတွေများလုပ်လို့ ကိုယ်ပိုင်လေယာဉ်တွေတောင် ဝယ်နေနိုင်ရတာ… မသမာသာတွေများ လုပ်နေသလားပဲ…
သို့သော်လည်း ဝူဖေးယွဲ့ အပြင်ထုတ်၍ မမေးလိုက်ချေ။
စကားမတော်ပါက ညီကိုရင်းချာကြီးများပင် ရန်သူဖြစ်သွားနိုင်လေသည်။
လင်းရီစိတ်ဓာတ်ကို သူသိထားရသလောက်တော့ ထိုသို့ ပြုလုပ်မည့် ကလေး တစ်ယောက် မဟုတ်ကြောင်း ဝူဖေးယွဲ့ သေချာသလောက် ရှိ၏။
နှစ်နာရီကျော်ကြာအောင် လေယာဉ်စီးပြီးနောက် နှစ်ယောက်မှာ ရန်ချိန်သို့ ရောက်လာခဲ့ကြသည်။ ထို့နောက် လင်းရီ တက္ကစီငှားပြီး လန်ထျန်းမိဘမဲ့ဂေဟာသို့ ဦးတည်လိုက်လေသည်။
“ ဘာလို့ တောင့်တောင့်ကြီး ဖြစ်နေတာ.. စိတ်လှုပ်ရှားနေတာလား..” လင်းရီ ဝူဖေးယွဲ့ကို ကြည့်၍ မေးမြန်းလိုက်သည်။
“ ငါ တကယ်ကြီး အမေတို့နဲ့ ပြန်တွေ့ဖို့ မျက်နှာမရှိတော့တာ…” ဝူဖေးယွဲ့ သက်ပြင်းချလိုက်ရင်း “ သူမကို အများကြီး စိတ်ပူပန်ရအောင် လုပ်မိတဲ့ အပြစ်တွေ ငါ့မှာ မကင်းဘူး..”
“ အမှန်အတိုင်း ဝန်ခံရရင် အစ်ကို ထောင်ထဲရောက်သွားတာကို ကျွန်တော် အပြစ်မတင်ပါဘူး… ဘာပဲဆိုဆို အစ်ကို့ အပြစ်မှ မဟုတ်တာ..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် အမေ ထောင်ဝန်စာ လာတွေ့တုန်းကတော့ အစ်ကို ထွက်ပြီး တွေ့ခဲ့သင့်တယ်…. မတွေ့စရာ ဘာအကြောင်း ရှိလို့လဲ .. ဟုတ်တယ်မလား…”
“ ပထမ တစ်ချက်... ငါ အပြစ်ရှိသလို ခံစားရလို့.. ဒုတိယတစ်ချက်... ငါနဲ့ ငြှိထားတဲ့လူတွေက ရန်ချိန်မှာ အာဏာနဲ့ လွှမ်းမိုးမှု တစ်ချို့ရှိတယ်… ငါ့ကြောင့်နဲ့ ဂေဟာကပါ ဒုက္ခရောက်သွားမှာကို ငါ စိုးရိမ်တယ်….” ဝူဖေးယွဲ့ ပြောလိုက်ပြီး “ အထဲရောက်တာ ငါးနှစ် ရှိနေပြီ ဆိုပေမယ့် သူတို့ ခုထိ ငါ့ကို အလွှတ်မပေးသေးဘူး…”
လင်းရီ အမူအရာ ရုတ်ချည်း အေးစက်လာခဲ့သည်။
“ ကျွန်တော် မှတ်မိပါတယ်… အစ်ကိုပြောတာ အထဲ လွတ်လာတုန်းက သူတို့ လာရှာသေးတယ်လို့ ပြောခဲ့တယ်နော်..”
“ အင်း…” ဝူဖေးယွဲ့ ခါးသက်စွာ ပြုံးလိုက်ပြီး “ ကံကောင်းလို့ ငါ အပြေးမြန်လိုက်လို့ပေါ့.. မဟုတ်ရင် ငါ့ ခြေထောက်နှစ်ချောင်း အချိုးခံလိုက်ရပြီ…”
လင်းရီ ခေါင်းညိမ့်ရုံမျှ ညိမ့်ပြီး ဘာမျှဆက်မပြောပေ။
ဤအရေးသည်လည်း သူ သေချာပေါက် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စဖြစ်၏။ မဟုတ်ပါက မကြာမီ ပြဿနာတို့မှာ မဖိတ်ခေါ်ပဲနှင့် ရောက်ရှိလာနိုင်လေသည်။
မကြာမီ ကားမှာ ဂေဟာဝင်ပေါက်ဝ၌ ထိုးရပ်သွားခဲ့ပြီး လင်းရီတို့ နှစ်ဦးလည်း ပစ္စည်းကိုယ်စီနှင့် ကားပေါ်မှ ဆင်းလိုက်ကြသည်။
ဝူဖေးယွဲ့ တံခါးပေါက်ကို အတန်ကြာအောင် ငေးမောကြည့်နေရင်း ရင်ထဲ ခံစားချက်တို့ ရောနှောက်နေခဲ့၏။
“ သွားမယ်လေ… ဒီအထိ ရောက်လာပြီးမှတော့ တစ်သက်လုံး မတ်တပ်ရပ်နေတော့မလို့လားဟ…”
“ အင်း....… သွားကြမယ်…”
ဝူဖေးယွဲ့ လင်းရီ နောက်မှနေ၍ ဂေဟာထဲ လိုက်ပါလာခဲ့သည်။
ဝန်းထဲ ကစားနေကြသည့် ကလေးများမှ လင်းရီနှင့် ဝူဖေးယွဲ့တို့ကို မြင်တော့ ချက်ချင်း ပြေးလွှား ရောက်လာကြလေသည်။ သို့သော်လည်း သူတို့ ဝူဖေးယွဲ့ကို ကြည့်သည့် အခါ၌ ၎င်းတို့၏ အမူအရာမှာ သူစိမ်းဆန်နေပြီး ကြောက်ရွံ့နေသည့် အငွေ့အသက် အနည်းငယ်တို့ပင် ပါဝင်နေကြသည်။
အဆိုပါ ကလေးအများစုမှာ အသစ်ရောက်ရှိလာကြသူများ ဖြစ်ပြီး ဝူဖေးယွဲ့ကို တစ်ခါမှ မမြင်ဖူးကြပေ။ အကယ်၍ မြင်ဖူးခဲ့လျှင်တောင် ငါးနှစ်တာ ကြာပြီးနောက် မေ့မေ့ပျောက်ပျောက် ဖြစ်နေလောက်ချေပြီ။
“ သွား သွား… တစ်နေရာ သွားဆော့နေကြ…”
လင်းရီ သူတို့လေးများကို ခြောက်လန့်ထုတ်လိုက်သည်။ ထို့နောက် ဝူဖေးယွဲ့ကို သုံးထပ် အဆောက်အဦးထံ ခေါ်သွားလိုက်၏။ သုံးထပ်မြောက်ကို ရောက်တော့ လင်းရီ ကျယ်လောင်စွာဖြင့် လှမ်းအော်လိုက်ပြီး
“ အမေ… ဘယ်သူပြန်လာလဲ ထွက်ကြည့်လိုက်ဦး…”