ဟော်ယွမ်ယွမ်များ ပူးကပ်ထားလေသလား
Vol. 63 Ch. 932
လင်းရီရဲ့ အသံကို ကြားတော့ ဝမ်ချွေ့ပင်း မီးဖိုချောင်ထဲမှ ချွေးသပ်ရင်း ထွက်လာခဲ့လေသည်။
သို့သော်လည်း သူမ တံခါးဝ အပြင်ဘက်သို့ ရောက်ရောက်ချင်းပဲ ကြက်သေသေသွားခဲ့ကာ အချိန်အတော်ကြာအောင် ဆွံ့အသွားခဲ့တော့၏။
တစ်ချိန်တည်းတွင် အခြားအခန်းထဲမှ ပြေးထွက်လာကြသည့် ကော်နင်ယွဲ့၊ ချိန်ရွှမ်းယွီနှင့် ကျန်သူများလည်း နေရာတွင် ကြက်သေသေသွားခဲ့ကြသည်။
“ အမေ…” ဝူဖေးယွဲ့၏ အသံက တိုးညင်း၏။ သို့သော်လည်း ယခုအချိန်တွင်တော့ လူတိုင်း ကြားရလောက်သည်အထိ ကျယ်လောင်နေခဲ့သည်။
‘အမေ’ ဟု ခေါ်သံကို ကြားတော့ ဝမ်ချွေ့ပင်း မျက်ရည်တို့ စီးကျလာလေသည်။
သူမ ရှေ့သို့ ရောက်လာပြီး ဝူဖေးယွဲ့အား တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်၏။
ဤသည်က အိပ်မက်မဟုတ်ချေ။ သူမ အနှစ်နှစ်လ တမ်းတနေခဲ့သည့် သားဖြစ်သူ အိမ်သို့ ပြန်ရောက်လာခဲ့ချေပြီ။
“ နင် သေသင့်တဲ့ ကောင်စုတ်လေး… နောက်ဆုံးတော့ အိမ်ပြန်လာရကောင်းမှန်း သိပြီပေါ့…”
“ အမေ…..”
အက်ကွဲပြီး ရင်ထဲဆို့နင့်နေသည့် အသံက ထွက်ပေါ်လာခဲ့၏။
“ အစ်ကိုကြီး..”
ကော်နင်ယွဲ့၊ ကျိန်းရာဝန်နှင့် ဝန်ထမ်ထင်းတို့လည်း ဝူဖေးယွဲ့အနား ရောက်လာခဲ့ကာ ပွေ့ဖက်၍ ငိုချင်းချနေကြတော့၏။
ဘေးမှ ရပ်ကြည့်နေသည့် လင်းရီကတော့ ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းကိုက်ချင်သလိုလို ဖြစ်နေလေသည်။
“ ဟေ့… တော်ကြတော့လေ… နှစ်သစ်ကူးရောက်တော့မှာကို ဘာလို့ အသုဘ ချမယ့် ပုံစံကြီးတွေ လုပ်နေကြတာ…”
“ ဘာပေါက်တတ်ကရတွေ လျှောက်ပြောနေတာတုန်း… ငါနင့်ကို ကန်ချိုးပစ်လိုက်မယ်ဆိုတာ ယုံလား…”
လင်းရီ မကြောက်ရွံ့သွားပဲ ခပ်ဟဟ ရယ်မောလိုက်ပြီး “ မြန်မြန် တစ်ခုခု ချက်ပေးဦး… ကျွန်တော်တို့ လမ်းမှာ ဘာမှ မစားခဲ့ကြဘူး..”
“ ခဏ…မေမေ နင်တို့အတွက် ခုချက်ချင်း ပြင်ပေးမယ်..”
ယခု အဖြစ်အပျက်ပြီးနောက် ညစာစားပွဲက ပို၍ ကြည်နူးဖို့ကောင်းလာမည်မှာ မလွဲဧကန်ပင်။
ညစာစားသည့်အချိန်၌ ဆွေးနွေးသည့် စကားဝိုင်းမှာ ဝူဖေးယွဲ့ ဂေဟာ၌ ရှိစဉ်က ရယ်ရွှင်ဖွယ် အဖြစ်အပျက်များနှင့် သာမန် နိစ္စဒူဝများသာ ပြောဆိုခဲ့ကြသည်။ လင်းရီအဖို့ နှစ်သစ်ကူး ညစာစားနေရသလိုတောင် ခံစားမိနေတော့၏။
စိတ်ပျော်ရွှင်ရသည့် အချိန်၌ မပါမဖြစ်ကတော့ အရက်ပင်။လင်းရီ ဝန်ဝမ်ထင်းနှင့် ကျန်မိန်းကလေးများကိုပင် နှစ်ခွက်လောက်တိုက်လိုက်ပြီး သူမတို့၏ ငိုအားကို ပို၍ အရှိန်ကောင်းသွားစေသည်။
ညစာစားပြီးခါနီးကျတော့ ချိန်ရွှမ်းယွီနှင့် ဝန်ဝမ်ထင်းတို့မှာ မူးနှောက်နှောက် ဖြစ်နေကြပြီး စောစီးအိပ်ရာဝင်သွားခဲ့ကြ၏။
ထမင်းစားပွဲဝိုင်း၌ ဝမ်ချွေ့ပင်းနှင့် ကျောက်ချွမ်းဖူအပြင် လင်းရီနှင့် ကော်နင်ယွဲ့တို့သာ ကျန်ရစ်ခဲ့လေသည်။
အခြားတစ်ဖက်တွင်တော့ ကော်နင်ယွဲ့မှာ အစမှအဆုံးထိတိုင်အောင် အငိုမတိတ်သေးချေ။
အကယ်၍ သူမကြောင့်သာ မဟုတ်ပါက သူမ အစ်ကိုကြီးမှာ ယခုလို ဖြစ်သွားလိမ့်မည် မဟုတ်ပေ။ သူမကသာလျှင် သူမအစ်ကိုကြီး၏ ဘဝကို ဖျက်ဆီးလိုက်သူ၊ သူမကသာလျှင် အရွယ်အားဖြင့် အကောင်းဆုံး အချိန်၏ ငါးနှစ်တာ သက်တမ်းကို ပျက်စီးစေခဲ့သူပင်။
သို့သော်လည်း ထမင်းစားစားပွဲ၌ သူတို့ ဝူဖေးယွဲ့၏ ထောင်ထဲရှိ နေ့စဉ်ဘဝအကြောင်း မေးမြန်းခြင်း မပြုသလို ဝူဖေးယွဲ့ တစ်ခါမှ ထောင်ထဲ မရောက်ခဲ့သည့်နှယ် ပြုမူနေကြလေသည်။
စကားဝိုင်းက သူ အထဲမှ လွတ်လာပြီး သုံးလေးလအတွင်း လက်တွေ့ဘဝ၌သာ အဆုံးသတ်သွားခဲ့သည်။
ဝူဖေးယွဲ့မှ ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ဘိလပ်သယ်၊ အုတ်ထမ်း ပြုလုပ်နေကြောင်း ကြားသိလိုက်ရတော့ ဝမ်ချွေ့ပင်း ကြားလို့ ရင်ထဲ နေလို့မကောင်း ဖြစ်သွားခဲ့ပြန်သည်။
ကျောက်ချွမ်းဖူမှ ထိုအလုပ်များလုပ်၍ ပိုက်ဆံရှာရသည်ကို သူမ လက်ခံပေးနိုင်သော်လည်း သူမ၏ သားသမီးဖြစ်သူမှ ယခုလို အလုပ်ကြမ်း လုပ်နေရသည်ကိုတော့ လက်မခံနိုင်ချေ။
ထို့အပြင် ဝမ်ချွေ့ပင်း ဝူဖေးယွဲ့၏ အနာဂတ်အစီအစဉ်နှင့် စပ်လျဉ်း၍လည်း မေးခွန်းပေါင်းများစွာ မေးမြန်းခဲ့ပြီး သူ့အား ရန်ချိန်၌ နေရန်သာ မျှော်လင့်နေခဲ့သည်။
မည်သို့ပင်ဆိုစေ ရန်ချိန်သည်က သူတို့လေး၏ အိမ်ဖြစ်ပြီး မည်သို့သော အကြောင်းကိစ္စပဲရှိရှိ အချင်းချင်း ဖေးမကူညီ၍ရ၏။ ထို့ပြင် သူက အပြင်လောက၌ ခါးသီးမှုပေါင်းမြောက်များစွာကို ခါးစည်းခံခဲ့ရပြီး ယခုအချိန်မှစ၍ ဝူဖေးယွဲ့ကို သူမဘေးနား ခေါ်ထားချင်တော့သည်။
အနာဂတ် အစီအစဉ်နှင့် စပ်လျဉ်း၍ကတော့ ဝူဖေးယွဲ့ထံ၌ တိကျသေချာသည့် အစီအစဉ်များ မရှိသေးချေ။
သို့သော်လည်း သူ၏ အတွေးတို့က ရိုးစင်း၏။
သူ ရန်ကျင်းသို့မဟုတ် ရန်ချိန်၌ နေရန် ဆုံးဖြတ်ထားသည်။ သို့သော်လည်း ရှင်းလင်းသည့် အစီအစဉ်က ယခုထက်ထိ မရှိသေးကာ မည်သည့်နေရာ၌ နေရမလဲ သူ မဆုံးဖြတ်ရသေးချေ။
ည ဆယ့်တစ်နာရီလောက်ရောက်တော့ ဝမ်ချွေ့ပင်းမှ လင်းရီနှင့် ဝူဖေးယွဲ့အတွက် စောင်များ ထုပ်ပေးရင်း အိပ်ရာဝင်သွားခဲ့လေသည်။
လင်းရီတို့နှစ်ဦးကတော့ ဆက်လက် ဝိုင်းထိုင်ရင်း ညသန်းခေါင်ရောက်တော့မှ ရပ်တန့်လိုက်ကြ၏။
အိပ်ရာပေါ်သို့ လှဲခါရှိသေး ၊ လင်းရီ စိတ်ထဲ စနစ်၏ အသိပေးသံကို ကြားလိုက်ရသည်။
[ အလုပ်အကိုင် အသစ် အသက်သွင်းခြင်း ( လုပ်မည် / မလုပ်ပါ ) ]
[ အလုပ်အကိုင် : ရဲ ]
[ အလုပ်ပြီးမြောက်နှုန်း : 0 % ]
[ စနစ်ရှင် ကျေးဇူးပြုပြီး အလုပ်သစ် လက်ဆောင်ထုပ် ယွမ် ၁၀ မီလီယမ်နှင့် မှုခင်း စုံစမ်းစစ်ဆေးခြင်း ( ကျွမ်းကျင်အဆင့်)အား လက်ခံပေးပါ.. ]
စိတ်ထဲ စနစ်၏ အသိပေးသံကို ကြားတော့ လင်းရီ ဤတစ်ခေါက် အလုပ်အကိုင်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းကြောင်း ခံစားလိုက်ရသည်။
သို့သော်လည်း သူ၏ လယ်သမား အလုပ်အကိုင်ပင် စလုံးရေ မစရသေးရာ အလုပ်သစ်အား ဘေးချိတ်ထားရန်သာ ရှိတော့၏။
ထို့ကြောင့် သူ၏ အလုပ်အသစ်အား လင်းရီ များများ ဂရုစိုက်မနေချေ။
‘ မင်းက စနစ်ဆိုရင်တောင် ငါ့စည်းချက်အတိုင်း လိုက်နာဖို့ လိုသေးတယ်ကွ…’
ရှေ့နှစ်ရက် အတွက်ကတော့ လင်းရီ၏ နေ့စဉ်ဘဝမှာ နှစ်သစ်ကူးအတွက် လိုအပ်သည့် ပစ္စည်းများ လိုက်လံဝယ်ခြမ်းရင်း မည်သည့် ထူးခြားသည့် အဖြစ်အပျက် တစ်စုံတစ်ရာတို့မျှ ရောက်ရှိမလာချေ။
ဝူဖေးယွဲ့ ပြန်လာသည်ကလည်း ပင်လယ်ထဲ ရေတစ်ပေါက် ကျသွားသည့်နှယ် ကြီးကြီးမားမား လှုပ်ခတ်မှုတို့ မဖြစ်သွားစေခဲ့ပေ။
ကလေးများကလည်း သူတို့၏ အစ်ကိုကြီးအသစ် ရောက်ရှိလာမှုကို လျှင်မြန်စွာဖြင့် လက်ခံလိုက်ကြသည်။ အကြောသိသည့် ဝူဖေးယွဲ့ကလည်း သူတို့လေးများအတွက် မုန့်နှင့် အရုပ်တစ်ချို့ ဝယ်ပေးလိုက်ရာ ချက်ချင်း ပနံသင့်သွားခဲ့ကြတော့သည်။
နှစ်သစ်ကူး ပစ္စည်းများ လိုက်ဝယ်သည့် လုပ်ငန်းအပြင် လင်းရီ ကျီချင်းရန်နှင့်လည်း အဆက်အသွယ်မပြတ်ခဲ့ပေ။
သူတို့ နေ့စဉ် အတူရှိနေကြတုန်းက လင်းရီရင်ထဲ မည်သို့မျှ ခံစားမနေရသော်လည်း ယခု အချိန်အတော်ကြာအောင် မမြင်တွေ့ရတော့ သူမအား အမှန်ပင် သတိရနေမိတော့သည်။
ဖုန်းထဲ ထိတွေ့ စကားပြောရသည်က ပြင်ပ၌ ထိတွေ့စကားပြောရသည်နှင့် နှိုင်းယှဉ်နိုင်မည်လော။
ကျန်သည့် အားလပ်ချိန်များကိုတော့ သူ လျန်ရူရွှယ် ၊ လီချူးဟန်၊ ဝမ်ရင်းတို့နှင့် တစ်လှည့်စီ စကားပြောရင်း အချိန်ကုန်ဆုံးလိုက်သည်။
ဒီကြားထဲ အချိန်နှစ်နာရီကို ကလေးများနှင့် ဂိမ်းကစားရန်အတွက်ပင် အသုံးပြုလိုက်သေးလေသည်။
လင်းရီကတော့ သူ့ကိုယ်သူ အချိန်စီမံခန့်ခွဲမှု ဆရာတစ်ဆူကဲ့သို့ ခံစားနေရတော့၏။
နှစ်သစ်ကူးမရောက်ခင် တစ်ညအလိုတွင်တော့ ဝမ်ချွေ့ပင်း ကတ်ကြေးများ၊ သစ်သီလှီးဓားများနှင့် အခြား ချွန်ထက်ပြီး အန္တရာယ်များသည့် ပစ္စည်းများကို သိမ်းဆည်းပြီး မီးဖိုချောင်အတွက် မရှိမဖြစ် လိုအပ်သည်များကိုသာ ချန်ထားလိုက်၏။
အကယ်၍ တစ်စုံတစ်ဦး ထိခိုက်၍ သွေးထွက်သံယို ဖြစ်သွားပါက နိမိတ်မကောင်းသည့် နှစ်တစ်နှစ် ဖြစ်သွားနိုင်လေသည်။
ထို့ပြင် သူမ နှစ်သစ်ကူးနေ့၌ ဝတ်မည့် အဝတ်အစားများကိုလည်း ကြိုတင်၍ အသင့်ထုတ်ထားလိုက်၏။
ဤသို့ဖြင့် ပွဲတော် အငွေ့အသက်တို့က လူတန်းစားပေါင်းစုံ၏ နေ့စဉ်ဘဝထဲသို့ ပုန်းလျှိုးကွယ်လျှိုးဖြင့် ရောက်မှန်းမသိ ရောက်ရှိလာခဲ့လေသည်။
နှစ်သစ်ကူးနေ့။
အိမ်တိုင်း အနီရောင်မီးပုံးများ ချိတ်ဆွဲထားကြ၏။ ဂေဟာက ဆင်ခြေဖုံး ရပ်ကွက်လေးတွင် တည်ရှိသောကြောင့် မနက်မိုးလင်းသည့် အချိန်မှစ မီးရှူးမီးပန်းများ တစ်စင်းပြီး တစ်စင်း လွှတ်တင်နေကြကာ ပျော်ရွှင်ဖွယ် ပွဲတော်၏ အတွေ့အကြုံကို ခံစားနေကြလေသည်။
အကယ်၍ သူတို့သာ ကျိုးဟိုင်တွင်ဆိုပါက ယခုလို ပျော်စရာကောင်းသည့် အတွေ့အကြုံမျိုး မရရှိမည်မှာ သေချာသလောက် ရှိ၏။
သူကျီချင်းရန်ကို ဗီဒီယိုကောခေါ်၍ ပြလိုက်တော့ သူမ တော်တော်လေး အားကျမနာလို ဖြစ်သွားခဲ့သည်။
ကျိုးဟိုင်မြို့ထဲတွင်လည်း မီးရှူးမီးပန်းဖောက်ခြင်းကို တားမြစ်ထားလေသည်။
မီးရှူးမီးပန်း ကစားရင်း လင်းရီ၏ တာဝန်ကတော့ မျောက်လောင်းလေးများကို သေချာကြည့်ရှု၍ မည်သူမျှ ထိခိုက်မှု မရှိစေရန်ပင်။
ဝမ်ချွေ့ပင်း၏ လေသံအရတော့ သူက ဤဗျောက်အိုးများ ဝယ်လာခဲ့သူဖြစ်သောကြောင့် တာဝန်ကိုလည်း သဘာဝအလျောက် သူကသာ ယူပေးရပေမည်။
ကလေးများနှင့် ခေတ္တ ကစားပေးပြီးနောက် လင်းရီ အဆိုပါ ခက်ခဲသည့် တာဝန်ကို ကော်နင်ယွဲ့ထံ ပေးခဲ့လိုက်ပြီ မေမေဝမ်အား ကူညီရန် မီးဖိုချောင်ထဲ ဝင်သွာလိုက်သည်။
ဟင်းပွဲ တစ်ဒါဇင်ကျော်လောက်ကို ဝမ်ချွေ့ပင်းတစ်ဦးတည်းနှင့် မည်သို့မျှ မနိုင်ချေ။
မွန်းလွဲပိုင်းတွင်တော့ စုစုပေါင်း စားပွဲခြောက်လုံး ပြင်ဆင်ထားပြီး အကုန်လုံးမှ ဝိုင်းဖွဲ့၍ စတင်စားသောက်ကြတော့၏။
မွေးကင်းစ ကလေးနှစ်ယောက်ကိုတော့ ဝမ်ချွေ့ပင်းနှင့် ကော်နင်ယွဲ့တို့က စားရင်းတစ်လှည့် ဂရုစိုက်ကြလေသည်။
စားသောက်နေစဉ် ကော်နင်ယွဲ့ ပွေ့ထားသည့် ကလေးမှ သူ၏ ကျေးဇူးတင်မှုကို ပြသရန် သေးပေါက်ချပေးလိုက်၏။
“ အား…. သူများ အကြိုက်ဆုံး အင်္ကျီပါဆိုနေ… အစ်ကို… နင် ဒီအတွက် အလျော်ပေးရမယ်…”
“ ဟ.. မင်းအပေါ် သေးပေါက်ချတာ ငါမှမဟုတ်တာ ဘာဆိုင်လို့ ငါက အလျော်ပေးရမှာ…”
“ မသိဘူး… ဒါဆို ယောင်းမနားပဲ သွားတောင်းတော့မယ်…”
လင်းရီ “….”
ဒင်းကို ဟော်ယွမ်ယွမ်များ ပူးကပ်ထားလေသလား…
နေ့လည်စာစားပြီးနောက် ရိုးရာအရ ဟုန်ပေါင်းဝေပေးသည့် ပျော်ရွှင်ဖွယ် အချိန်အခါလေးက ရောက်ရှိလို့လာသည်။
ကံဆိုးစွာနှင့် လင်းရီကဲ့သို့ အရွယ်ရောက်ပြီးသည့် ကလေးကြီးများကတော့ တစ်ပြားတစ်ချပ်လေးပင် မရရှိပေ။
ချိန်ရွှမ်းယွီနှင့် အခြား တက္ကသိုလ်တက်နေကြသည့် ကလေးများအဖို့တော့....
သူတို့လည်း ဟုန်ပေါင်းရသည့် စာရင်းထဲ မပါဝင်ပေ။
သို့တိုင်အောင် ဟုန်ပေါင်းထဲ ပါဝင်သည့် ငွေပဏက အင်မတန်မှကို နည်းပါးလှသည်။ အထက်တန်းနောက်ဆုံးနှစ် တက်ရောက်နေသည့် ကလေးများအတွက် ယွမ် ၅၀၊ ဂျူနီယာ အထက်တန်း တက်ရောက်နေသည့် ကလေးများအတွက် ယွမ် ၃၀၊ မူလတန်း ကလေးများအတွက် ယွမ် ၂၀ ဟုန်ပေါင်းအိတ်လေးများကို မေမေ၀မ်မှ အသီးသီး ဝေပေးလိုက်သည်။ကျောင်းပျော်လေးများအတွက်တော့ ချိုချဉ်အိတ် နှစ်အိတ်စီသာ ပေးလိုက်လေသည်။
ဝမ်ချွေ့ပင်း၏ ကမ္ဘာကြီး အပေါ် အမြင်၌ ယခုလို ငယ်ရွယ်သည့် အချိန်၌ သူမ ပိုက်ဆံ မည်မျှ ပေးစေကာမူ စုဆောင်းသိမ်းဆည်းရန် မကြံဘဲ တခဏအတွင်း အကုန်ကုန်အောင် သုံးဖြုန်းပစ်နိုင်လေသည်။
ထို့ကြောင့် ဟုန်ပေါင်းများကို အသိအမှတ်ပြုသည့် တုံကင် သဘောမျှသာ ပေးအပ်လိုက်တော့၏။ မည်သို့ပင်ဆိုစေ ရိုးရာနှစ်သစ်ကူး ဖြစ်သောကြောင့် ဓလေ့ထုံးတမ်းများကို လိုက်နာရန်တော့ လိုအပ်နေသေးလေသည်။
သို့သော်လည်း အစားနှင့် သောက်စရာများအတွက်တော့ ဝမ်ချွေ့ပင်း ကလေးများအတွက် အလျှံပယ် လုပ်ပေးထားလေသည်။ ကလေးတိုင်းမှ အသားတုံးကြီးများ စိတ်ကြိုက်ဆွဲနိုင်ပြီး ဤနေ့တွင်တော့ သာမန် မိသားစု စားပွဲဝိုင်းပေါ်ရှိ ဟင်းခွက်များပင် ဂေဟာကလောက် ကောင်းမွန်လိမ့်မည် မဟုတ်ချေ။
မကြာမီ ကြည်နူးဖွယ်ကောင်းသည့် ဟုန်ပေါင်း ပေးသည့် အစီအစဉ်က ပြီးဆုံးသွားခဲ့ပြီး လင်းရီလည်း မတ်တပ်ရပ်၍ ထွက်ခွာရန် ဟန်ပြင်လိုက်၏။
“ ရီ…. မင်း ဘယ်လဲ သွားမလို့..”
“ ကျွန်တော် အပြင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ စီးပွားရေးကိစ္စ ချိန်းထားလို့…” လင်းရီ ပြောလိုက်ပြီး “ နောက်ကျမယ်… စောင့်မနေနဲ့တော့… စားစရာရှိတာ စားနှင့်လိုက်ကြ…”
“ နှစ်သစ်ကူး ကာလကြီးကို ဘာစီးပွားရေးတွေ ပြောကြဦးမှာ…” ဝမ်ချွေ့ပင်းမှ မကျေမနပ် စောဒကတက်လိုက်၏။
မိသားစု စုံလင်စုစည်းသည့် နေ့၌ အလုပ်အကြောင်း ပြောသည်အား သူမ သဘောမကျပေ။
“ သူတို့လည်း ရန်ချိန်ကပါပဲ အမေရာ… မာကျောက် ကစားရင်း စီးပွားရေး ကိစ္စ ဆွေးနွေးမလို့ပါ…”
“ ကောင်းပြီလေ..ဒါဆို သွား သွား..”
မာကျောက် ကစားမည်ဆိုသည့် အသံကြားတော့ ဝမ်ချွေ့ပင်း စကားအပို မပြောတော့ချေ။ ဤသည်က နှစ်သစ်ကူးအတွင်း ကစားပေးသင့်သည့် ဂိမ်းတစ်မျိုး ဖြစ်၏။
ဂေဟာမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ကြိုတင်ဝယ်ယူထားသည့် ပစ္စည်းများကို သယ်ဆောင်ပြီး တက္ကစီငှား၍ လေဆိပ်သို့ ဦးတည်လိုက်သည်။
“ ဦးလေး…. လေဆိပ်ကို မြန်မြန်လေးသာမောင်းဗျာ…. "
“ မဖြစ်ဘူး… လမ်းပေါ်မှာ ကားအများကြီး မရှိဘူးဆိုပေ အရှိန်အကန့်အသတ်တော့ ကျော်မောင်းလို့ ဘယ်ဖြစ်မှာ…”
“ နှစ်ရာပိုပေးမယ်…”
“ နာရီဝက်… စိတ်သာချထားလိုက်…”
နှစ်ဆယ့်ရှစ်မိနစ်လောက် ကြာပြီးနောက် လင်းရီ လေဆိပ်သို့ ရောက်ရှိလာပြီး ကြိုတင် စီစဉ်ထားသည့် ကိုယ်ပိုင် လေယာဉ်နှင့် ကျိုးဟိုင်သို့ ပျံသန်းထွက်ခွာလာခဲ့သည်။
နှစ်နာရီကြာပြီး လင်းရီ ကျိုးဟိုင်သို့ ဆိုက်ရောက်လာတော့ ညနေ ငါးနာရီ ထိုးနေချေပြီ။
လင်းရီ တက္ကစီ ခေါ်၍ လီချူးဟန်၏ အိမ်သို့ ဦးတည်လိုက်သည်။
သူနှင့် ရင်းနှီးဆက်နွယ်နေသူ တော်တော်များများ ရှိနေသော်လည်း လင်းရီ မည်သူ့ကိုမျှ စိတ်မပူချေ။
လီချူးဟန်မှလွဲ၍ လူတိုင်းတွင် အိမ်ကိုယ်စီရှိကြ၏။
သို့သော် သူမထံတွင်တော မရှိပေ။