နောက်နှစ်ဆို အတူ နှစ်သစ်ကူးလို့ရပြီ
Vol. 63 Ch. 934
“ အစ်ကို နင်.. ဒီလောက်ချစ်ဖို့ကောင်းတဲ့ ညီမလေးတစ်ယောက်ကို ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ.. ညီမက အဲ့လို အကြွားသန်တဲ့ လူစားမျိုးလား…”
“ အဲ့တာဆို မင်းမဟုတ်တော့ ငါလား…”
“ အစ်ကိုကတော့ ဟုတ်မယ်ထင်တယ်…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ မဟုတ်ရင် ယောင်းမလေးလို အရမ်းလှတဲ့ ဘာလို့ ကောင်မလေးကို ရှာထားတာ… အစ်ကိုလည်း ဂုဏ်ယူပြီး ကြွားဝါချင်လို့ပဲမလား…”
လင်းရီ “ …… “
သေစမ်း… ဒီဟာမလေးနဲ့ ငါဘယ်လိုငြင်းရပါ့…
“ ရပြီ ရပြီ… တော်ပြီ… ငါအခု ထပြီ…”
“ ထတော့ … ခဏနေဆို သွားကြတော့မှာ… ညီမတော့ မစောင့်နိုင်တော့ဘူး ဟီးဟီး…”
ကော်နင်ယွဲ့ ထွက်သွားပြီးနောက် လင်းရီ မထချင်သည့် ခန္ဓာကိုယ်ကိုအတင်းတွန်းအားပေး၍ ထလိုက်၏။
သို့သော်လည်း မကြာမီ ကျီချင်းရန်ထံမှ ဝီချက် ဗီဒီယိုကော ခေါ်လာခဲ့လေသည်။
ညအိပ် ဝတ်စုံ ပန်းရောင်နှင့် စောင်အောက်တွင် ရှိနေပြီး သူမ၏ ဆံပင်တို့က ရှုပ်ထွေးနေသည်။ သို့သော်လည်း ကြီးမားမည်းနက်နေသည့် မျက်လုံးရွဲကြီးများကတော့ ကြည်လင်ဝင်းလဲ့နေခဲ့၏။
“ ချင်းရန်… မင်း ဒီနေ့ အစောကြီး ထတယ်ပေါ့….”
“ အွန်း… အမေက အမျိုးအိမ်တွေ အလည်သွားမှာမို့ အစောကြီး ထခိုင်းတာလေ… ငါ့ကိုယ်ငါဆိုရင်တော့ မသွားချင်ပါဘူး… ဒါပေမယ့် အတင်းသွားခိုင်းနေတာ…”
“ တူတူပဲ…. နင်ယွဲ့ဆို ငါအိပ်ကောင်းနေတုန်း စောင်ပါလာလှန်သွားတယ်…”
ကျီချင်းရန် နှုတ်ခမ်းဆူလိုက်ပြီး “ အဲ့တော့ နင်ငါ့ကို မလွမ်းဘူးလား…”
“ လွမ်းတာပေါ့… လွမ်းလွန်းလို့ ညနှစ်ချက်ထိုးလောက်အထိကို အိပ်လို့မပျော်သေးဘူး…”
“ ငါလည်းနင့်ကို လွမ်းတယ်…” ကျီချင်းရန် စောင်ကို ခေါင်းအထိခြုံထားရင် တခစ်ခစ်ရယ်မော၍ ပြောလိုက်ပြီး “ နင်ဒီမှာ မရှိတော့ နှစ်သစ်ကူးလည်း ပျင်းစရာကြီးလိုပဲ…”
“ ငါလည်း နောက်သုံးလေးရက်ဆို ပြန်လာပါပြီ..”
“ အွန်း အွန်း… နောက်နှစ်ရောက်အောင် စောင့်လိုက်… နောက်နှစ်ဆို ငါတို့ အတူတူ နှစ်သစ်ကူးလို့ရပြီ…”
“ ဘာလို့ နောက်နှစ်ကျမှ အတူတူ နှစ်သစ်ကူးလို့ရမှာ…” လင်းရီ အပြုံးလေးဖြင့် မေးလိုက်သည်။
“ အာ…”
ကျီချင်းရန် ခေတ္တ ရပ်တန့်သွားခဲ့၏။ ထို့နောက် ခေါင်းမြီးခြုံသွားခဲ့ကာ “ မသိဘူးဟာ… နင် သိရဲ့သားနဲ့ လာမေးနေတာပဲ… နင့်ကို ဂရုမစိုက်တာ့ဘူး… ငါအခု ထပြီ…”
“ အင်း…ထတော့…”
ကျီချင်းရန်နှင့် ခေတ္တ စကားပြောပြီးနောက် လင်းရီ ရေမိုးချိုး အဝတ်အစားလဲပြုလိုက်သည်။
သူ မနက်စာစားဖို့ ထွက်လာတော့ ဝမ်ချွေ့ပင်းနှင့် ဝူဖေးယွဲ့တို့မှ အိမ်အလည်သွားမည့် ကိစ္စနှင့် ဆွေးနွေးငြင်းခုန်နေကြသည့်အသံများကို လင်းရီ အစွန်အဖျားမှ ကြားလိုက်ရလေသည်။
အဆုံးတွင်တော့ ဝူဖေးယွဲ့မှ အိမ်စောင့်နေရစ်ခဲ့ရမည်ဟူသည့် အကြောင်းပြချက်နှင့် အနိုင်ရရှိသွားခဲ့၏။
စားသောက်ပြီးနောက် ဝမ်ချွေ့ပင်း၊ ကျောက်ချွမ်းဖူ ၊ လင်းရီနှင့် ကော်နင်ယွဲ့တို့အားလုံး ဝတ်ကောင်းစားလှများ အဆင်သင့် ဝတ်စားထားပြီးဖြစ်သည်။ ထို့နောက် ကြိုတင် ဝယ်ယူ ပြင်ဆင်ထားသည့် လက်ဆောင်ပစ္စည်းများကို လင်းရီ တောရွာများ မောင်းရန်အတွက် အထူးဝယ်ထားသည့် SUV ပေါ် တင်လိုက်ကြကာ စတင်၍ ထွက်ခွာကြလေသည်။
ကျောက်ချွမ်းဖူ၏ မွေးရပ်မြေက ရန်ချိန်၏ တောင်ဘက်ပိုင်း ၊ ဟုန်ထူမြို့ ၊ ရှန်းလီကျေးရွာတွင် တည်ရှိသည်။
ဟုန်ထူမြို့၏ စီးပွားရေး အခြေအနေက လင်းရီ ယခင်က ရောက်ဖူးသည့် နေရာများထက် သာလွန်လေသည်။ထို့ပြင် ရွာက မြို့အစွန်နှင့် နီးစပ်သောကြောင့် စားဝတ်နေရေး ကိစ္စအဝဝတို့မှာ မဆိုးသာလှချေ။
သို့သော်လည်း ယင်းက အခြားကျေးရွာများနှင့် နှိုင်းယှဉ်ထားသည့် စံချိန်စံညွှန်းမျှသာဖြစ်ပြီး ချမ်းသာသည်ဟူသည့် အဆင့်အတန်းနှင့်တော့ ဝေးကွာနေဆဲပင်။
ကျောက်ချွမ်းဖူ၏ အဖေနှင့် ညီမဖြစ်သူက အဆိုပါကျေးရွာလေး၌ နေထိုင်ကြ၏။ အခြားသော မွေးချင်းများ ရှိသော်လည်း အကုန်လုံးက ရန်ချိန်သို့ ပြောင်းရွေ့နေထိုင်ကြလေသည်။နှစ်သစ်ကူး ပွဲတော်ရောက်မှသာ မွေးရပ်မြေသို့ တစ်ခေါက် အရောက် လာလည်လေ့ရှိကြ၏။
“ အဖေ…. အစ်ကိုကြီးပြန်လာပြီ…”
ထိုသို့ ပြောလိုက်သူကတော့ အသက်ငါးဆယ်ခန့် အရွယ်ရှိ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးပင်။ သူမထံတွင်လည်း ဝမ်ချွေ့ပင်းနည်းတူ လှိုင်းကဲ့သို့ ဆံပင်အတွန့်အတွန့်လေးများအား ပိုင်ဆိုင်ထား၏။
သူမက ကံကောင်းခြင်း၏ နိမိတ်ကို ဆောင်သည့် ကုတ်အင်္ကျီ အနီရောင် တောက်တောက်ကို ဝတ်ဆင်ထားလေသည်။
နာမည်မှာ ကျောက်ချွမ်းလီဖြစ်ပြီး ကျောက်ကျယ်ဖန်း၏ သားသမီးသုံးယောက်အနက် အထွေးဆုံးသမီးလေး ဖြစ်၏။
ဆွေမျိုးတော်စပ်မည်ဆိုလျှင်တော့ သူမက လင်းရီနှင့် ကော်နင်ယွဲ့တို့၏ အန်တီဖြစ်ပြီး သူတို့နှစ်ဦးအား ငယ်စဉ်ကတည်းက ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သူပင်။ အိမ်လာလည်သည့် အခါတိုင်း နှစ်သစ်ကူး မုန့်ဖိုးများစွာပေးပြီး အရသာရှိသည့် စားသောက်ဖွယ်ရာများကိုလည်း ဝယ်ကျွေးတတ်သေး၏။
သို့သော်လည်း လတ်တလော နှစ်များ၌ ကျောက်မိသားစု၏ သီးနှံထွက်နှုန်းက မကောင်းမွန်သည့်အပြင် သူတို့သားသမီးများမှ တက္ကသိုလ် ကိုယ်စီ တက်နေကြရသည့် အချက်ပါ ထည့်ပေါင်းလိုက်တော့ မိသားစု၏ ကုန်ကျစရိတ်က ပို၍ ကြီးမားလာခဲ့လေသည်။
ထို့ကြောင့် ယခင်ကလို လင်းရီနှင့် ကော်နင်ယွဲ့တို့အတွက် ဝယ်ခြမ်းပေးသည်များကို ရပ်တန့်လိုက်သော်လည်း တစ်ဦးပေါ် တစ်ဦးထားရှိသည့် ခံစားချက်ကတော့ နဂိုမူအတိုင်း မပြောင်းလဲကြချေ။
“ ငါ့တူလေးက အရမ်း တော်တာပဲ…. ကြီးလာလေ…တက်တက်ကြွကြွရှိလာလေပဲ… “ ကျောက်ချွမ်းလီမှ လင်းရီ၏ ပခုံးကို ပုတ်ရင်း ရွှင်မြူးစွာ ပြောဆိုလိုက်သည်။
လင်းရီလည်း သူမကို ပခုံးဖက်ထား၍ သူ့အနား ဆွဲကပ်လိုက်ရင်း “ ကျွန်တော့်ဒေါ်လေးလည်း ဘာထူးတုန်း… တကယ်လို့များ ဒေါ်လေးရဲ့အသက်ကိုသာ ပြောမထားဘူးဆိုရင် ကျွန်တော်တော့ ၁၈ နှစ်လေးလို့ ထင်မိနေတော့မှာ..”
“ ကောင်စုတ် … နင်မရိုင်းစမ်းနဲ့.. ကိုယ့်ဒေါ်လေးကို ဘယ်လိုတွေ ပြောနေတာ…” ဝမ်ချွေ့ပင်း မာန်မဲလိုက်သည်။
“ ကျွန်မတူ ဘယ်လောက် စကားပြောတတ်နေလဲ ကြည့်လိုက်ပါဦး… အရမ်းသဘောကျဖို့ ကောင်းတာပဲ…”
“ ဒေါ်လေး... အစ်ကို့ကိုပဲ ချီးကျူးမနေနဲ့ဦးလေ…” ကော်နင်ယွဲ့မှ ပြောလိုက်ပြီး “ သမီးရဲ့ ကုတ်ကိုလည်း ကြည့်လိုက်… ဒါ Burberry က… ယောင်းမ အသစ်စက်စက်လေး ဝယ်ပေးထားတာ… အရမ်း ဈေးကြီးတယ်..”
လင်းရီ ဆွံ့အသွားခဲ့တော့၏။
ဒီဟာမလေး ရူးများ ရူးသွားခဲ့ပြီလား…
ကိုယ့်အချင်းချင်းကို ပြန်ကြွားနေတယ်…
“ ဘယ်လို ဘာဘာရီလဲ… ဒေါ်လေးရဲ့ ကက်ရှ်မီးကုတ်လောက် ကောင်းလို့လား…”
“ ဒေါ်လေးရဲ့ ကုတ်လောက်တော့ ဈေးမရှိပါဘူးဗျာ… “ လင်းရီမှ ရယ်မောလိုက်ပြီး ကော်နင်ယွဲ့ကို အခြား အကြောင်းပြောရန် မျက်လုံးဖြင့် စကားပြောလိုက်သည်။
“ အစ်ကိုရီ… အစ်မယွဲ့….”
သူတို့ စကားပြောနေကြစဉ် ပိုနီတေး ဆံပင်ပုံစံနှင့် မိန်မငယ်လေး တစ်ဦး အိမ်ထဲမှ ပြေးထွက်လာခဲ့၏။
ပါးဖောင်းဖောင်းလေးနှင့် အရပ်လည်း အရမ်း မမြင့်ချေ။ ရုပ်ရည်သွင်ပြင်သည်လည်း သာမန်ပုံစံပင်။
သူမ နာမည်က ဝမ်ကျားကျားဖြစ်ပြီး ကျောက်ချွမ်းလီ၏ သမီးဖြစ်၏။
“ သမီး... ဒီလာ ပစ္စည်းတွေ လာသယ်လှည့်ဦး…”
“ ဟုတ် မေမေ…”
အုပ်စုမှာ ကားထဲရှိ ပစ္စည်းများအား အိမ်ထဲသို့ တစ်ခုပြီး တစ်ခုရွေ့လိုက်ကြ၏။ ကျေးရွာဘက်ရှိ အုတ်စီတစ်ထပ်တိုက်ပုလေးများကတော့ အိမ်တိုင်းနီးပါး လိုလိုပင်။ ဆန်းပြားသည့် ဒီဇိုင်းဆိုသည်မှာ ယေဘုယျအားဖြင့် ကြားပင် မကြားဖူးသည့် အရာပင်ဖြစ်သည်။
အကယ်၍ တစ်ယောက်ယောက်ကသာ ရွာထဲ ဈေးဝယ်သွားဖူးမည်ဆိုပါက တစ်ရွာလုံးရှိ အိမ်တိုင်းနီးပါးက အတူတူပင် ဖြစ်ကြောင်း သတိထားမိလိမ့်မည်။
ယခု ရှန်းလီကျေးရွာသည်လည်း ထိုနည်းလည်းကောင်းပင်။
အိမ်ထဲတွင်တော့ လူဆယ်ဦးကျော်ခန့် ရှိနေကြ၏။
အပြာနုရောင် ဦးထုပ်တစ်လုံးအား ဆောင်းထားသည့် အဘိုးကြီးမှာ ကုတင်ပေါ်တွင် ထိုင်နေသည်။ သူ၏ ဆံပင်အားလုံးတို့ကတော့ ကြွေလွင့်သွားခဲ့ပြီးဖြစ်သော်လည်း လန်းဆန်းတက်ကြွနေသေးပုံရကာ လက်ထဲတွင် ဆေးတံတစ်ချောင်းကိုပါ ခဲထားလိုက်သေးသည်။
အဆိုပါ အဘိုးကြီး နာမည်ကတော့ ကျောက်ကျယ်ဖန်း ၊ ကျောက်ချွမ်းဖူ၏ အဖေပင်။လင်းရီနှင့် ကော်နင်ယွဲ့တို့ကတော့ အဘိုးဟုသာ ခေါ်ဝေါ်ကြ၏။
ကျောက်ကျယ်ဖန်း အပြင် အခြား သားမိသားဖ သုံးယောက်လည်း ဆိုဖာပေါ် ထိုင်နေကြ၏။
ကျောက်ချွမ်းဖူ၏ ညီ ၊ ကျောက်ချွမ်းတဲ့ နှင့် သူ၏ ဇနီး စွန်းကွေ့လျန်၊ သူတို့သား ကျောက်ကျစ်ရွေ့တို့ပင်။
ကျန်သည်များကတော့ အလည်လာကြသည့် သွေးဝေးဆွေမျိုးများနှင့် ရွာထဲရှိ မိတ်သင်္ဂဟများ ဖြစ်ကြ၏။
“ငါ့မြေး ရီလေးတောင် ရောက်လာပြီလား..” ကျောက်ကျယ်ဖန်းမှ သားအား အရင်မမြင်ပဲ မြေးကို အရင်တွေ့ကာ “ အဘိုးဆီ လာစမ်းပါဦးကွာ…”
လင်းရီ ပြုံးပြီး အဘိုးကြီးအနား သွားလိုက်ရင်း ရင်ဘက် အိတ်ထောင်ထဲရှိ အကောင်းစား စီးကရက် နှစ်ဘူးကို ထုတ်လိုက်၏။
“ အဘိုးရဲ့ အဲ့ဆေးတံကြီးပဲ သောက်မနေနဲ့ဦး… နောက်ကျရင် ဒါတွေသောက်…”
လင်းရီ လက်ထဲရှိ အကောင်းစား ဆေးလိပ်ဘူးကို မြင်တော့ ယောက်ျားသားများအားလုံး မျက်လုံး အရောင် လက်သွားခဲ့ကြသည်။
ဒါ ပစ္စည်းကောင်းပဲ… တစ်ဘူးကို ယွမ် ၈၀ လောက်ကျတယ်… နှစ်ဘူးဆိုတော့ ယွမ် ၁၈၀၀…
ဒီကလေး တကယ် ကြီးပွားနေတာပဲကွ…
ဆိုဖာပေါ်ထိုင်နေသည့် ကျောက်ချွမ်းတဲ့၏ အမူအရာမှာတော့ အနည်းငယ် ထူးဆန်းသွားခဲ့သည်။
ငါ အလုပ်လုပ်လာတာ နှစ်ပေါင်းမနည်းတော့ဘူး… ဒါပေမယ့် ငါတောင် ဒီလိုကောင်းတဲ့ ဆေးလိပ်မျိုး ဝယ်မသောက်ဖူးသေးဘူး..
“ ဟွန့်… ဟိတ်ဟန်ကို များလွန်းတယ်..” စွန်းကွေ့လျန် နှာရှုံ့လိုက်ပြီး “ သူက ကျိုးဟိုင်မှာ လခစား ဝန်ထမ်းလေးပဲ မဟုတ်ဘူးလား… ဒီလို ဆေးလိပ် အကောင်းစားကြီးတွေ ဝယ်ပြီး ဘာလဲလုပ်မှာ.. ဒါကြွားဖို့ သပ်သပ် မဟုတ်ဘူးလား…”
“ ရှင်မ… မင်းအသံကို တိုးဦးဟ…” ကျောက်ချွမ်းတဲ့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်၍ မိန်းမဖြစ်သူအား ပြောလိုက်သည်။
“ ဟွန့်… ကျွန်မပြောတာ ဘာမှားလို့..” စွန်းကွေ့လျန်မှ တီးတိုးရေရွတ်လိုက်ပြီး “ ကျွန်မတော့ အဲ့ဆေးလိပ်ဘူး ဝယ်ဖို့ သူ့ တစ်လစာလုံး သုံးလိုက်ရမယ်ဆိုတာ လောင်းရဲတယ်.. ဒီလူတွေကတော့ ကြွားရတာ တော်တော်လေး ကြိုက်ကြတယ်နဲ့တူတယ်..”
“ အဲ့တာ သူတို့ ကိစ္စလေ… ငါတို့မှာ ဝေဖန်ဖို့ အခွင့်အရေး မရှိဘူး..” ကျောက်ချွမ်းတဲ့ ပြောလိုက်ပြီး “ နောက်ပြီး သူတို့ကိုယ်သူတို့ သိမှာပဲလေ… တချို့ကိစ္စတွေဆိုတာ အတုလုပ်လို့မှမရတာ..”
စွန်းကွေ့လျန် ခေါင်းညိမ့်ပြီး ဘာမျှ ဆက်မပြောတော့ချေ။ သူမ၏ သားတော်မောင်မှာ အစိုးရ ဝန်ထမ်း တစ်ဦးဖြစ်၏။ သံမဏိ ထမင်းအိုးကြီးက ထိုသို့သော သာမန် အပြင်အလုပ်သမားများထက်တော့ သာလွန်လေသည်။
သူတို့ မည်သည့် အချိန်၌ အလုပ်ဖြုတ်ခံရမလဲ မည်သူက သိနိုင်မည်နည်း။
အခြားတစ်ဖက်တွင်တော့ ဝမ်ချွေ့ပင်းမှာ ကျေးလက်သူ အမျိုးသမီး ပီပီ အာပေါင်အာရင်းသန်သန်ဖြင့် ကြွားဝါပြောဆိုရသည်ကို နှစ်သက်သော်လည်း သူမ အကန့်အသတ်တော့ သူမ သိလေသည်။
သူမ ကျန်သူများကို လင်းရီ ကျိုးဟိုင်၌ ကောင်းကောင်း ခြေကုပ်ယူနေပြီး ပိုလျှံသည်များ ရှိနေကြောင်း ထိုမျှလောက်သာ ပြောထားသည်။
သူမသား တစ်ကြိမ်တည်းနှင့် ယွမ် ၁၀၀ မီလီယမ်လောက်ကို မျက်တောင်မခတ် သုံးစွဲနိုင်သည်ကိုတော့ ထုတ်ဖော်မပြောချေ။
အကယ်၍ ပြောလိုက်မည်ဆိုပါက ဆွေမျိုး ဖြစ်သူများ အတင်းလိုက်တွယ်ကပ်ပြီး ပိုက်ဆံ ချေးကြမည်ကို သူမ တော်တော်လေး စိုးရိမ်လေသည်။
သူမ၏ ခက်ထန်သည့် ပင်ကိုယ်စရိုက်နှင့် ထိုသူများအား ကိုင်တွယ်ရန် မခက်ခဲသော်လည်း လင်းရီထံ သွား၍ ပြဿနာရှာ ဒုက္ခပေးနေမည်ကိုတော့ မလိုလားပေ။
သို့သော်လည်း လင်းရီက သူမထက်ပင် ပို၍ ခက်ထန်နေကာ မည်သည်ကိုမျှ မကြောက်ရွံ့သည်ကိုတော့ သူမမသိခဲ့ပါချေ။