ဟိတ်ဟန်များနှင့် တွေ့ဆုံပွဲ
Vol. 63 Ch. 935
“ ပိုက်ဆံရှာရတာ မလွယ်ပါဘူးဆိုကွာ…. ဘာလို့ ဒီလို ဈေးကြီးကြီးပေးရတဲ့ ဟာတွေ ဝယ်လာခဲ့တာ…” ကျောက်ကျယ်ဖုန်း ပြောလိုက်ပြီး “ ဆေးရွက်ကြီးခြောက် ဝယ်ပေးလိုက်ရင် ပြီးနေတာကိုပဲ… ငါ့တစ်သက်လုံး အဲ့တာတွေပဲ သောက်လာခဲ့တာ…”
“ အဘိုး အဲ့တာတွေပဲ သောက်နေလို့ ဒါတွေ ဝယ်လာခဲ့ပေးတာလေ…. ခု ကျွန်တော် အရွယ်ရောက်လာပြီ…. အဘိုးလည်း ပစ္စည်းကောင်းလေးတွေနဲ့ ကိုယ့်ကိုယ်ကို ပျော်အောင် နေဖို့ သင့်ပြီ မဟုတ်ဘူးလား…”
“ ဟိုးဟိုး…. မင်းကတော့ စကားကို လူကြိုက်အောင် အတော်ပြောတတ်တဲ့ကောင်..” ကျောက်ကျယ်ဖန်း လင်းရီလက်ကို ပျော်ရွှင်စွာဖြင့် ဆုပ်ကိုင်လိုက်သည်။
သူ့ပျော်ရွှင်မှုက လင်းရီ သူ့အတွက် ပစ္စည်းကောင်းများ ဝယ်လာပေးခြင်းကြောင့်မဟုတ်။ လင်းရီပြောသည့် စကားလုံးက လူကို ပျော်ရွှင်စေသောကြောင့်ပင်။
ကျောက်ကျယ်ဖန်း၏ မျက်လုံးထဲ၌ လင်းရီနှင့် ကော်နင်ယွဲ့တို့က အပြင်လူများ မဟုတ်ကြချေ။
ဤကလေးနှစ်ယောက်လုံးက အရမ်းလိမ္မာကြသည်။ သူတို့က သွေးသားစပ်နွယ်မှု မရှိသော်လည်း အင်မတန် နားလည်သိတတ်လေသည်။ သူ့ကိုလည်း သားသမီး အရင်းများထက်ပင် ကောင်းကောင်းမွန်မွန် ဂရိုစိုက်ပေးတတ်သေး၏။
ထို့ကြောင့် ကျောက်ကျယ်ဖန်းလည်း ဤကလေး နှစ်ယောက်အား သူ၏ မြေးရင်းချာများသဖွယ် စိတ်ထဲ မှတ်ယူထားလေသည်။
“ အဘိုး.. သမီးလည်း အဝတ်အစားအသစ်တွေ ဝယ်လာပေးသေးတယ်… မြန်မြန် အဘိုးကြိုက်လား ကြည့်ကြည့်လိုက်..”
“ ကြိုက်တယ် ကြိုက်တယ်… ငါ့မြေးတွေ ဝယ်ပေးတာ အဘိုးအကုန်ကြိုက်တယ်…” ကျောက်ကျယ်ဖန်း ဧရာမ အပြုံးကြီးနှင့် ပြောလိုက်၏။
“ ချွမ်းဖူ.. မင်းကတော့ အတော်ကံကောင်းတဲ့ကောင်… ခု မင့်သားနဲ့ မင့်သမီး နှစ်ယောက်လုံးက အောင်မြင်နေပြီဆိုတော့ မင်းတော့ အေးဆေး ဇိမ်ခံရုံပဲ..” အလည်လာသည့် ရွာသားတစ်ဦးမှ ပြောလိုက်သည်။
“ အဆင်ပြေပါတယ်.. “ ကျောက်ချွမ်းဖူ တော်သင့်ရုံလောက် ပြောလိုက်ပြီး “ နှစ်ယောက်လုံးက အလုပ်အကိုင်အတည်တကျနဲ့.. ပြီးတော့ နောက်နှစ်ဆို နှစ်ယောက်လုံးက ကိုယ်စီ လက်ထပ်ကြတော့မှာ… ငါတော့ စိတ်အေးရပြီ….”
“ ဒါဆို သူတို့ ခုချိန်ကစပြီး မြို့ပေါ်မှာပဲ နေကြတော့မှာပေါ့…“
“ ရှောင်ယွဲ့က ရန်ချိန်မှာ… ရီလေးက ခု ကျိုးဟိုင်မှာ… သူတို့ နှစ်ယောက်လုံး ခု ကိုယ်ပိုင်အိမ်တွေနဲ့ ဖြစ်နေကြပြီလေ… ခုကစပြီး သူတို့ မြို့ပေါ်မှာပဲ အခြေချကြတော့မှာ…”
ထို့သို့ ပြောစဉ်၌ ကျောက်ချွမ်းဖူ၏ မျက်နှာထက်တွင် ဂုဏ်ယူမှုတို့ဖြင့် ပြည့်နှက်နေလေသည်။
လင်းရီ ယခုလို အခြေအနေမျိုး ရောက်ရှိလာလိမ့်မည်လို့ သူ့အိပ်မက်ထဲတွင်ပင် ထည့်မမက်ဖူးချေ။
ထို့ပြင် ယခုဆို ဂေဟာ၏ နေထိုင်မှု အဆင့်အတန်းကလည်း မြင့်မားသွားခဲ့လေသည်။ ဤသည်က သူ အတိတ်တွင် စိတ်ကူးပင် မယဉ်ရဲခဲ့သည့် အခြေအနေမျိုးဖြစ်၏။
“ ရန်ချိန်နဲ့ ကျိုးဟိုင် နှစ်နေရာလုံးက နေရာကောင်းတွေချည်းပဲ… သူတို့ အဲ့မှာ အခြေချကြတော့မယ်ဆိုတော့ တော်တော်လေး အဆင်ပြေနေကြတယ်နဲ့တူတယ်..”
“ ငါ မှတ်မိပါသေးတယ်… ငါတို့ရွာက လျိုမိသားစုရဲ့ ကလေးတစ်ယောက်လည်း နာမည်ကြီး တက္ကသိုလ် တစ်ခုကနေ ဘွဲ့ရသွားခဲ့တယ်လေ… နောက်ဆုံးကျ သူ ကျိုးဟိုင်မှာ သုံးလေးနှစ် အလုပ်လုပ်ပြီး ဘာမှ ကြီးကြီးမားမား မလုပ်နိုင်တော့ သိပ်မကြာခင် ပြန်လာတော့မယ် ကြားတယ်…”
“ ဒီကလေး ငယ်တုန်းကရင် အောင်မြင်မယ့် ဥပဓိရုပ် ရှိတယ်ဆိုတာ ငါကြိုသိနေတယ်လေ… ခုကြည့် … သူ ငါပြောတဲ့အတိုင်း ဖြစ်မလာဘူးလား.."
“ နင်တို့ ပြောပြစရာ မလိုပါဘူးအေ… ငါတို့ ရီလေးက ငယ်တုန်းကတည်းကရင် အရမ်းဉာဏ်ကောင်းပြီးသား…”
ရွာသူရွာသားများမှ တစ်ယောက်ပြီး တစ်ယောက် လင်းရီကို ချီးမွမ်းနေကြသည်ကို မြင်တော့ ဝမ်ချွေ့ပင်း ဘုံခုနစ်ဆင့်ထက် ဝဲပျံနေသကဲ့သို့ ခံစားလိုက်ရသည်။ သူမ ကျောကိုမတ်၍ လည်တိုင်ကိုလည်း မိုးထိုးမတတ် ကျော့မော့လို့ ထားလေသည်။
နောက်ဆုံးတော့ ဒီလိုနေ့မျိုး ရောက်လာခဲ့ပြီပဲ..
နင်တို့ထဲက ဘယ်သူ ငါ့သားနဲ့ ယှဉ်နိုင်သေးလဲ…
" ရှင်မ... မင်းဘာတွေလဲလုပ်မလို့…"
စွမ်းကွေ့လျန်မှ စကားပြောရန် အားယူဟန်ပြင်နေသည်ကို မြင်တော့ ကျောက်ကွမ်းတဲ့ သူမ နှုတ်အား ကမန်းကတမ်း ပိတ်၍ ပေါက်တတ်ကရ ပြောမည်ကို တားမြစ်လိုက်သည်။
“ ကျွန်မ ဒီတိုင်း စကားပြောမလို့.. ရှင် ကျွန်မကို လာမတားနဲ့..”
စွန်းကွေ့လျန် ကျောက်ချွမ်းတဲ့၏ လက်မှ လွတ်မြောက်သွားပြီး “ ကျိုးဟိုင်က အိမ်တွေက လုံးဝ ဈေးမသေးဘူးနော်… ကျွန်မ ကြားမိတာတော့ တစ်စတုရန်း မီတာလောက်ကို ယွမ်သောင်းချီပေးရတယ်…ဒါတောင် ကျောင်းနဲ့ နီးတဲ့ နေရာ မဟုတ်သေးဘူး… တကယ်လို့ တစ်လ ယွမ်တစ်သိန်းကျော်ကျော်လောက်မှ မရရင် ဘယ်လိုမှ နေဖို့ ထိုင်ဖို့ အဆင်ပြေမှာ မဟုတ်ဘူး..”
“ တစ်လ တစ်လ သောင်းဂဏန်းရနေရင်တောင် သေချာပေါက် မလောက်သေးဘူး..” လင်းရီ ပြန်ပြောလိုက်သည်။
ရွယ်တူချင်း တရစပ် ကြွားဝါနေသည့် ကော်နင်ယွဲ့ကတော့ တိတ်ဆိတ်သွားခဲ့လေသည်။ စွန်းကွေ့လျန်လို အဆင့်က သူမ အစ်ကို ကိုယ်တိုင် သင်ခန်းစာပေးကာမှ တော်ကာ ကျပေလိမ်မည်။ သူမ ယောင်းမလေး ဒီမှာ မရှိသည်က တစ်ခု ဝမ်းနည်းဖို့ ကောင်းသွားခဲ့၏။ အကယ်၍ သူမသာ ရှိနေမည်ဆိုပါက စကားတစ်ခွန်းပင် ပြောရန်မလိုဘဲ အရှိန်အဝါချည်းသပ်သပ်နှင့် လူတိုင်း အသက်ရှူမွန်းကြပ်သွားလိမ့်မည်။
“ ဒါပေမယ့် ငါ မှတ်မိသလောက်တော့ နင် မနှစ်တုန်းက အိမ်ခြံမြေဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာမလား.. နင့် တစ်လ လုပ်အားခတောင် ယွမ် ထောင်ဂဏန်းလောက်ပဲ ရှိတာ မဟုတ်မှလွဲ နင် အလုပ်ပြောင်းလိုက်တာလား..”
“ ဒုတိယဒေါ်လေး ပြောတာ မှန်တယ်..” လင်းရီ ခေါင်းညိမ့်လိုက်သည်။
“ ဒါဆို နင်ကျိုးဟိုင်မှာ ဘယ်လိုလုပ်ပြီး အိမ်တစ်လုံး ဝယ်နိုင်သွားတာ… ဆင်ခြေဖုံး ရပ်ကွက်မှာတော့ မဟုတ်ဘူးမလား… ငါကြားတာတော့ အဲ့ဒီက အိမ်တွေက ပတ်၀န်းကျင်လည်း မကောင်းဘူး… နေရာကလည်း ကျိုးဟိုင် မြို့ပြင် ရောက်လုနီးနီးတွေတဲ့…”
“ ဟုတ်တယ်… အရင်နှစ်တုန်းကတော့ ကျွန်တော့် လုပ်အားခက တစ်လ ယွမ် ထောင်ဂဏန်းလောက်ပဲ ရှိခဲ့တာလေ…”
“ ဒါဆို နင် အိမ်တစ်လုံးချည်းများ ဝယ်နိုင်သွားရလောက်အောင် ဘာတွေများ လုပ်ပစ်လိုက်တာ..”
“ ကျွန်တော် ကုမ္ပဏီ အသေးစားလေး တစ်ခုထောင်ထားတယ်လေ… အဲ့က ရတဲ့ ပိုက်ဆံတွေနဲ့ပေါ့…”
ကောင်နင်ယွဲ့ကတော့ ဇဝေဇဝါဖြစ်သွားခဲ့သည်။
ဒီလောက် ကြီးတာ သိသာနေတာကြီးကို ဘာလို့ ကုမ္ပဏီ အသေးစားလေး ဆိုပြီး ပြောလိုက်တာ… ငါ့အစ်ကိုက ဘာတွေလုပ်ဖို့ ကြိုးစားနေပါလိမ့်….
“ အိုးဟိုး… ငါ့မြေးက ကိုယ်ပိုင် ကုမ္ပဏီနဲ့တောင် ဖြစ်နေပြီပေါ့… ဘယ်လောက်တောင် အထင်ကြီးဖို့ ကောင်းထားလဲ…”
“ ဒီတိုင်း စားဝတ်နေရေး အတွက်ပါ အဘိုးရာ…”
“ အစ်ကိုရီ… အစ်ကို့ ကုမ္ပဏီ နာမည်က ဘာတဲ့လဲ.. ကျွန်တော်လဲ နောက်နှစ်ကျ ကျိုးဟိုင်ကို ပြောင်းလာခဲ့တော့မှာလေ… အစ်ကို့ကုမ္ပဏီကို ကူပြီး စီမံပေးလို့ရတာပေါ့…” ကျောက်ကျစ်ရွေ့မှ ပြောလိုက်၏။
သူ့စကားကိုကြားတော့ အခန်းထဲရှိ လူတိုင်း တိတ်ဆိတ်သွားခဲ့ကြတော့၏။
ကျောက်ကျယ်ဖန်းမှ “ မြေးလေး… မင်းက အစိုးရဝန်ထမ်း မဟုတ်ဘူးလားကွ… ဘယ်လိုလုပ်ပြီး မင်းအစ်ကိုရဲ့ ကုမ္ပဏီကို စီမံပေးနိုင်မှာ…”
“ ကျွန်တော်က အခွန်ဌာနကလေ… အစ်ကိုကြီးရဲ့ ဘဏ်အကောင့်ကို စီမံခန့်ခွဲဖို့ တာဝန်ရှိတယ်..” ကျောက်ကျစ်ရွေ့မှ အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ကောင်းတာပေါ့.. အဲ့လိုဆို မင်း … မင်း အစ်ကိုရဲ့ ကုမ္ပဏီကို ဂရုစိုက်ပေးလိုက်ပေါ့ကွာ…”
“ သေချာတာပေါ့… ကျွန်တော် တတ်နိုင်တာမှန်သမျှ လုပ်ပေးလိုက်ပါ့မယ်…” ကျောက်ကျစ်ရွေ့ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ မဟုတ်ရင် ကျိုးဟိုင်လို နေရာမျိုးမှာ ကုမ္ပဏီသေးသေးလေးတွေအတွက် အသက်ရှူရ အရမ်းခက်ခဲတာ… အချိန်မရွေး ဒေဝါလီခံလိုက်ရတာမျိုးတောင် ဖြစ်နိုင်သေးတယ်…”
“ အမှန်ပဲ… မင်းတို့ ညီကိုတွေ တစ်ယောက်ကိုယ်တစ်ယောက် ကူညီပေးရမယ်… မင်းအစ်ကို လုပ်ငန်းတွေချဲ့ထွင်နိုင်အောင် ကူညီပေးလိုက်…”
“ သေချာပေါက်ပဲပေါ့…”
“ အစိုးရဝန်ထမ်းတွေက အဲ့လောက်တောင် အာဏာရှိတယ်လားဟ..” ရွာသားတစ်ဦးမှ နဝေတိမ်တောင် ဖြစ်စွာ မေးလိုက်သည်။
“ တော်တို့ မသိပါဘူး..” စွန်းကွေ့လျန်မှ ဝင်ပြောလိုက်ပြီး “ ဟွာရှမှာ အာဏာက အရာရာပဲ.. အဲ့လို အသေးစား စီးပွားရေး လုပ်ငန်းတွေလောက်ကတော့ ကျုပ်သားရဲ့ အခွန်ဌာန လက်အောက်မှာ ရှိတယ်… တကယ်လို့ ငွေအကောင့်တွေသာ ပြဿနာ ရှိရင် သူတို့ ပြန်လုပ်ရမှာ… အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အသက်က အခွန်ဌာနက လူတွေအပေါ် မူတည်နေတယ်လို့တောင် ပြောရမယ်…”
“ ဘုရားရေ… ဒါတော်တော်လေး အထင်ကြီးဖို့ ကောင်းတာပဲဟ… မင်းတို့ ကျောက်မိသားစုကြီးကတော တော်တော်ကြီးကို ကောင်းစားနေပြီ… အနာဂတ်ကျရင် ဒီရှန်းလီကျေးရွာမှာ မင်းတို့ လက်ညိုးညွှန်ရာ ရေဖြစ်ကုန်တော့မှာပဲ…”
“ ဒီတိုင်း အဆင်ပြေတယ်ဆိုရုံလောက်ပါပဲ…အားလုံးပြောသလောက်ကြီးလည်း ဟုတ်မနေပါဘူး..” စွန်းကွေ့လျန်မှ အပြုံးလေးဖြင့် ပြောလိုက်သည်။
ဝမ်ချွေ့ပင်းကတော့ မျက်လုံးလှိမ့်၍ စွန်းကွေ့လျန်အား လျစ်လျူရှုထားလိုက်သည်။
သူမ ပြန်လည် ငြင်းခုန်ချင်နေသော်လည်း အစိုးရဝန်ထမ်းများ အကြောင်း ဂဃနဏ မသိထားသောကြောင့် ပေါက်တတ်ကရတွေ ပြောပြီး ငြင်းခုန်နေမည်ဆိုလျှင် မသင့်တော်ရာ ကျပေလိမ့်မည်။
“ မြေးမလေး… မင့်အစ်ကိုကို ကြည့်စမ်းပါဦး.. သူဆို အစိုးရဝန်ထမ်းဖြစ်နေပြီ… ဆိုတော့ သံမဏိ ထမင်းအိုးကြီး ရှိသွားပြီလို့ ပြောလို့ရနေပြီ… မြေးလေးလည်း တခြားအလုပ်တွေ ရှာမနေနဲ့တော့လေ… အစိုးရဝန်ထမ်း စာမေးပွဲပဲ ဖြေလိုက်ပေါ့.. မိန်းကလေးတွေက အဲ့လိုအလုပ်မျိုးနဲ့ ပိုပြီးသင့်တော်တာ…” ကျောက်ကျယ်ဖန်းမှ ဝမ်ကျားကျားကို ကြည့်ပြီး ပြောလိုက်သည်။
“ မြေးကဖြင့် စာမေးပွဲတောင် ဖြေပြီးသွားပြီ… ဒါပေမယ့် ရေးဖြေစာမေးပွဲမှာ အဆင့်ရှစ်ပဲ ရခဲ့တယ်… အင်တာဗျူးပြီးရင် လူနှစ်ယောက်ပဲ လက်ခံမှာဆိုတော့ အခွင့်အရေး ရှိမယ်မထင်ပါဘူး…” ဝမ်ကျားကျားမှ စိတ်ပျက်အားလျာ့စွာဖြင့် ပြောလိုက်လေသည်။
“ အင်း… အဲ့ အင်တာဗျူးတွေကလည်း တော်တော်လေးကို ခက်တယ်…” ကျောက်ကျစ်ရွေ့မှ အတော်လေး အတွေ့အကြုံရှိထားသည့် ပညာရှိကြီးလို ဟန်ပန်မျိုးနှင့် ပြောလိုက်ပြီး “ အဲ့ဒီတုန်းက ငါဆို ရေးဖြေစာမေးပွဲမှာ အဆင့်တစ် ရခဲ့တာနော်… ဒါတောင် အခွန်ရုံးမှာ အလုပ်လုပ်ခွင့်ရဖို့ အင်တာဗျူးတွေကိုတောင် ယွမ် တစ်သိန်း လာဘ်ထိုးလိုက်ရသေးတယ်…အခု မင်းက ရေးဖြေမှာ အဆင့်ရှစ်… ပြီးတော့ ပိုက်ဆံနဲ့ အဆက်အသွယ်တွေလည်း မရှိဘူးဆိုတော့ အလုပ်ရဖို့ တော်တော်လေး ခက်ခဲမယ့်ကိန်းရှိတယ်..”
“ အင်း.. အဲ့တာကြောင့် စာပြန်ကြိုးစားပြီး နောက်တစ်နှစ် ပြန်ဖြေမလားလို့…”
“ အဲ့တာ အချိန်တစ်နှစ် အလကား ဖြုန်းလိုက်တာနဲ့ မတူဘူးလား… တခြား နည်းလမ်းနဲ့ကော ဖြေရှင်းလို့ မရဘူးလား..” ကျောက်ကျယ်ဖန်း မေးလိုက်သည်။
သူက အသက်ကြီးနေပြီးဖြစ်သော်လည်း ကမ္ဘာကြီး၏ အလုပ်လုပ်ပုံကို နားလည်နေသေးသည်။ ဇရာအိုပေမယ့် တွေးခေါ်နိုင်စွမ်းကတော့ မအိုမင်းသွားခဲ့ပေ။
“ အဓိကက မြေးတို့မှာ အဆက်အသွယ်ကောင်း မရှိတာခက်တာ… ကူညီပေးနိုင်မယ့်လူကို ရှာဖို့ မဖြစ်နိုင်လုနီးပါးပဲ…” ဝမ်ကျားကျားပြောလိုက်ပြီး “ အမှန်အတိုင်းပြောရရင် မြေးလို လူစားမျိုးက အစိုးရစာမေးပွဲ ဝင်ဖြေဖို့ မသင့်တော်ဘူး… ပိုက်ဆံလည်း ချို့တဲ့… အဆက်အသွယ်ကလည်း မရှိ… သူများတွေ ခေါ်ချင်မှာ မဟုတ်ပါဘူး..”
“ မြေး အစ်ကို ကို ပြောကြည့်ပေါ့ကွာ.… သူက အစိုးရဝန်ထမ်း… လူအများကြီးနဲ့ သိမှာပဲလေ… သူ မြေးကို ကူညီရင် ကူညီနိုင်မှာပေါ့…”