မင်း အပြုစားခံထားရတာလား
Vol. 63 Ch. 938
“ သူက ဒီတိုင်း ရုံးဝန်ထမ်းလေးကို ကျွန်တော်က ဘာမကောင်းပြောရမှာ…. အဲ့လောက်အားနေ အိပ်နေမှာပေါ့…”
စွန်းကွေ့လျန် သူမ မတရား စွပ်စွဲနေမှန်းလည်း သူမကိုယ်သူမ သိသည်။
ဝမ်ကျားကျားအတွက် အလုပ်စီစဉ်ပေးပြီးသည့် အချိန်မှစ လင်းရီ ဖုန်းကို ထိလည်း မထိသလို မည်သည့် စကားမျှလည်း မပြောခဲ့ပေ။
“ ဒါဆို ခု ဘယ်လိုလုပ်ကြမှာ…. နင့်ညီလေး အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပြီလေ.. အစ်ကိုကြီးတစ်ယောက်အနေနဲ့ နင် ဒီတိုင်းပဲ ရပ်ကြည့်နေတော့မှာလား….”
ကော်နင်ယွဲ့ စွန်းကွေ့လျန်ကို ကြည့်လိုက်၏။
လက်ထဲတွင်တော့ ကွာစေ့ ခွာစားနေရင်း သူမကိုယ်သူမ တွေးလိုက်ပြီး
‘ ဟော လာပြီ လာပြီ..လူကို အပြစ်ရှိသလို ခံစားအောင် လုပ်ပြီး မျှားခေါ်တော့မယ်…’
“ သူက ကျွန်တော့်ညီဆိုတော့ကော ဘာဖြစ်တုန်း.. သူ အပေါ့အလေးယိုတဲ့ကိစ္စက အစ လိုက်ပြီး ဂရုစိုက်ပေးနေရမှာလား…”
“ ငါတို့က မိသားစုတွေလေ.. ဒီတော့ အချင်းချင်း ဂရုစိုက်ပေးသင့်တယ်မဟုတ်ဘူးလား..” စွန်းကွေ့လျန် ပြောလိုက်သည်။
“ ဒေါ်လေးပြောတာမှန်တယ်… မိသားစုအချင်းချင်း ဂရုစိုက်ပေးသင့်တယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ကျွန်တော့် မျိုးရိုးနာမည်က လင်းလေ….”
“ ဒါဆို နင် ကျားကျားကိုကျ ဘာလို့ ကူညီပေးလဲ…”
“ သူမနာမည်က ဝမ်လေ… ကျောက်မှ မဟုတ်တာ….”
ဖူး…
ကော်နင်ယွဲ့ မနေနိုင်ပဲ အသံထွက် ရယ်မောမိသွားခဲ့သည်။
အစ်ကိုရီ - 666
ကျောက်ချွမ်းဖူ၏ အမူအရာမှာတော့ ရှုပ်ထွေးနေပြီး ဆက်လက်ရပ်မကြည့်နေနိုင်တော့ပဲ လင်းရီအား ကူညီပေးစေချင်နေသည်။ မည်သို့ပင်ဆိုစေ သူတိုက ဆွေမျိုးသားချင်းများ ဖြစ်ကြ၏။ သို့သော်လည်း ဝမ်ချွေ့ပင်း၏ ဟန့်တားမှုကြောင့် သူ၏ အကြံအစည်က အထမမြောက်လိုက်ပေ။
သူမပင် ယခုလို အသေးမွှား ကိစ္စလေး၌ ဝင်မပါနေလေရာ ကျောက်ချွမ်းဖူကိုလည်း သဘာဝအလျောက် ဝင်ပါပတ်သက်ခွင့်ပြုမည် မဟုတ်ချေ။
' ဒီဟာမက လာလိုက်တိုင်း လေတစ်လုံး မိုးတစ်လုံးနဲ့ လူတိုင်းနဲ့ တစ်မိုးအောက် ရှိမနေတာ ကျနေတာပဲ… ခုတော့ သူ့မှာ ရှိသမျှ အကုန် ကုန်ပြီ.. အနာဂတ်ကျ ဆက်ပြီး လေလျော့သွားမလားဆိုတာတော့ စောင့်ကြည့်ရသေးတာပေါ့..'
လင်းရီကတော့ နားထဲပင် ထည့်မနေပဲ အိပ်မောကျသွားခဲ့တော့၏။ ထိုစဉ် ဝမ်ချွေ့ပင်းနှင့် ကျောက်ချွမ်းလီတို့မှ မီးဖိုချောင်ထဲဝင်ကာ နေ့လည်စာ အတွက် စတင် ပြင်ဆင် ချက်ပြုတ်ကြလေသည်။
ကလေးများကိုတော့ သူတို့ လုပ်ချင်တာ လုပ်ခွင့် ပြုထားလိုက်ပြီး ဂရုစိုက်မနေတော့ချေ။
နေ့လည်စာ စားပြီး ခဏ ဆက်စကားပြော၍ မွန်းလွဲပိုင်းတွင်တော့ မိသားစု လေးယောက်လုံး အိမ်ပြန်လာကြလေသည်။
ဂေဟာက အချိန်အကြာကြီး ပစ်ထား၍ မရချေ။ ထို့ကြောင့် နှစ်တိုင်းနှစ် မနက် စောစော သွားလည်ပြီး နေမစောင်းခင် ဂေဟာသို့ ပြန်လာကြလေ့ရှိ၏။
နှစ်သစ်ကူး၏ ဒုတိယမြောက်နေ့တွင်တော့ မိသားစု လေးယောက်လုံး နောက်တစ်နေရာထပ်သွားလည်ကြသည်။ သူတို့ ဝမ်ချွေ့ပင်း၏ မိသားစုထံ သွားလည်ခဲ့ကြပြီး နေ့မကူးခင် ပြန်လာခဲ့ကြလေသည်။
လင်းရီ၏ အမြင်တွင်တော့ မြို့ပြနှင့် နှိုင်းယှဉ်ပါက ကျေးလက်၏ နှစ်သစ်ကူးပွဲတော်မှာ ပို၍ ပွဲတော် အငွေ့အသက်တို့နှင့် ပြည့်နှက်နေပြီး သာ၍လည်း ပျော်ရွှင်ဖို့ကောင်း၏။ အချို့ ထူးခြားသည့် ရိုးရာအစဉ်အလာတို့က မြို့ပြတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေကာ ကျေးလက်လိုနေရာမျိုးတွင်သာ မြင်တွေ့နိုင်လေသည်။
နှစ်သစ်ကူး၏ တတိယမြောက်ရက်တွင်တော့ အုပ်စုမှာ ရန်ချိန်ရှိ ဆွေမျိုးသားချင်းများနှင့် ကြိုတင် စီစဉ်ထားသည့် အိမ်များထံသို့ သွားလည်ခဲ့ကြသည်။
ထိုသို့ လည်ပတ်ရာတွင်လည်း ဆွေမျိုးသားချင်းများ၏ အမျိုးမျိုးသော ကြွားလုံးထုတ်မှုများသည်လည်း လုံးဝကို ရှောင်လွှဲ၍ မရနိုင်သည့်အရာပင်။ အဆိုပါ အကြောင်းအရင်းကြောင့်လည်း ဝမ်ချွေ့ပင်းမှ လင်းရီကို ခေါ်သွားရခြင်း ဖြစ်၏။
လင်းရီကလည်း စိတ်ပျက်စေခဲ့ခြင်း မရှိ။ အောင်မြင်စွာဖြင့် ကြွယ်ကြွယ်ဝဝကြီး ကြွားလုံးထုတ်ပေးခဲ့သည်။
အဆုံးတွင် သူ အောင်မြင်စွာဖြင့် ကြွားလုံးထုတ်နိုင်သည်သာမက သိုသိုသိပ်သိပ် နေသည်ဟုပင် ရွာသူရွာသားများ၏ မရပ်တမ်း ချီးမွမ်းမှုများကိုပါ ရရှိခဲ့လေသည်။
လင်းရီပင် သူ့ကိုယ်သူ သိုသိပ်နိမ့်ချသူ တစ်ဦးအဖြစ် အထင်မှားလုနီးနီး ဖြစ်သွားခဲ့တော့၏။
သွားရောက်လည်ပတ်သည့် အခမ်းအနားပြီးတော့ နှစ်သစ်ကူးသည်လည်း ပြီးလုပြီးခင်ဖြစ်လာခဲ့ကာ တစ်ချို့သော ကုမ္ပဏီများဆို စတင်၍ လည်ပတ်နေပြီးဖြစ်၏။
ဤသည်က နှစ်သစ်ကူး ပိတ်ရက် ဆုံးခန်းတိုင်သွားခဲ့ပြီး အလုပ်ပြန်စရတော့မည့် အချိန်ဖြစ်ကြောင်း မီးမောင်းထိုးပြနေလေသည်။
နှစ်သစ်ကူး၏ လေးရက်မြောက်တွင်တော့ လင်းရီ ဝူကျောင်းယိုထံ သွားလည်လိုက်သည်။
ထိုသူက သူ့အား များစွာ ကူညီပေးထားသောကြောင့် နှစ်သစ်ကူးအတွင်း သွားရောက်လည်ပတ်၍ ဆုမွန်ကောင်းတောင်းပေးသည်က ဖြစ်သင့်သည့် ကိစ္စပင်။
ရှေ့ဆက်လက်၍ နှစ်သစ်ကူး ငါးရက်နှင့် ခုနစ်ရက်နေ့အထိတော့ လင်းရီ ကျီချင်းရန်နှင့် အခြားအမျိုးသမီးတို့ဖြင့် စကားပြောဆိုခြင်း အပြင် သူ၏ အဓိက အာရုံစိုက်ရာက ဂေဟာ ပြန်လည် နေရာချထားရေးပင် ဖြစ်၏။
အဓိက အရေးကြီးဆုံး တာဝန်က မြေနေရာ ရွေးချယ်မှုနှင့် ကလေးများ ကျောင်းတက်နိုင်ရေးအတွက် စီမံမှုများပင်။
ဝူကျောင်းယိုမှ တစ်ဆင့် လင်းရီ ရန်ချိန်အတွင်းရှိ မူလတန်း ၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းအုပ်ကြီးများနှင့် ဆက်သွယ်ခဲ့သည်။ ဝူကျောင်းယိုနှင့် လင်းရီ၏ တည့်တိုးဆန်မှုတို့ဖြင့် ကျောင်းအုပ်တိုင်းမှ ယွမ်တစ်သန်းစီ အသီးသီး ဟုန်ပေါင်းများ ရရှိလိုက်ကြကာ ဤကိစ္စသည်လည်း လွယ်ကူချောမွေ့စွာဖြင့် ပြီးဆုံးသွားခဲ့လေသည်။
ထို့အပြင် လင်းရီ ကျောင်းပျော်လေးများအတွက်လည်း ပြင်ပ KG ကျောင်းတစ်ကျောင်းနှင့် သီးသန့်ဆက်သွယ်ခဲ့၏။ ငွေကြေး၏ ဩဇာလွှမ်းမိုးမှုဖြင့် ကလေးများ၏ ကျောင်းအပ်နှံရေး ပြဿနာမှာ သုံးရက်အတွင်း ဖြေရှင်းပြီးသွားခဲ့လေသည်။
သူလိုအပ်သည်က ကျောင်းစတက်မည်ဆိုသည်နှင့် အသိပေးဖို့ရာပင်။
ကျောင်းကိစ္စ ဖြေရှင်းပြီးနောက် တစ်ခုတည်းသော ကျန်တော့သည်က ဂေဟာ ပြန်လည်နေရာချထားရေးပင်။
လင်းရီကတော့ မြို့ထဲ သင့်တင့်ကောင်းမွန်သည့် နေရာ၌ ခြေကုပ်ယူရန် စဉ်းစားထား၏။ သို့မှသာ လူ့အဖွဲ့အစည်းနှင့် ကောင်းမွန်စွာ ပေါင်းစည်းနိုင်ပြီး သူတို့လေးများက ဝေးကွာသလို ခံစားရလိမ့်မည် မဟုတ်ချေ။
“ ခုဆို ကုမ္ပဏီတော်တော်များများလည်း လုပ်ငန်းလည်ပတ်နေလောက်ရောပေါ့…..” နှစ်သစ်ကူး ရှစ်ရက်မြောက် မနက်ခင်း၌ နံနက်စာ စားနေရင်း လင်းရီ မေးမြန်းလိုက်သည်။
“ တော်တော်များများကတော့ ရှစ်ရက်မြောက်နေ့ဆို စကြပါပြီ…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ညီမတောင် မနေ့တုန်းက ယောင်းမလေးနဲ့ စကားပြောဖြစ်သေးတယ်… သူမ ကုမ္ပဏီကလည်း ဒီနေ့ စဖွင့်မယ့်ပုံပဲ… အစ်ကို့ရဲ့ လင်းယွမ်အုပ်စုကောပဲပေါ့…”
“ မင်းတို့လည်း အတူတူပဲ မဟုတ်ဘူးလား…” လင်းရီ မေးလိုက်ပြီး “ ဒါပေမယ့် မင်းကြည့်ရတာတော့ အလုပ်သွားမယ့် ပုံစံလည်း မပေါ်ဘူး…”
“ ညီမက နောက်ထပ် နှစ်ရက် နားလို့ရသေးတယ်နော်..” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ငါးရက် နဲ့ ခြောက်ရက်နေ့တုန်းက အစ်မလျိုကို သူ့အလုပ်တွေ နှစ်ရက် ကူထားပေးထားတာ… ခု ရှစ်ရက်နဲ့ကိုးရက်ကျ သူ ညီမအစား ပြန်လုပ်ပေးရမှာ….”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ ဤသည်က လုပ်ငန်းခွင်၌ သာမန် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သောကြောင့် ရေးကြီးခွင်ကျယ် လုပ်နေရမည့် ကိစ္စ မဟုတ်ပေ။
ထမင်းစားပြီးနောက် လင်းရီနှင့် ဝူဖေးယွဲ့မှ အဝတ်ကိုယ်စီလဲကာ ထွက်ခွာရန် ဟန်ပြင်ကြသည်။
“ အစ်ကိုတို့နှစ်ယောက်… ဒါဘယ်လဲ သွားကြမလို့…” ကော်နင်ယွဲ့ မီးဖိုချောင်ထဲမှ မြင်၍ လှမ်းမေးလိုက်၏။
“ လမ်းခဏ ထွက်လျှောက်မလို့…” လင်းရီ သာမန်မျှသာ ပြောဆိုလိုက်သည်။
ဤဧရိယာက ပြန်လည် မွမ်းမံပြင်ဆင်တော့မည် ဖြစ်သောကြောင့် သူ ဂေဟာမှ ထွက်မသွားမီ အားလုံး အပြီး ကိုင်တွယ်စီမံသွားရန် ဆုံးဖြတ်ထားသည်။
ယခု ကျောင်းအပ်နှံသည့် ကိစ္စမှာ ဖြေရှင်းပြီးသွားပြီး ကျန်တော့သည်က ဂေဟာ နေရာ ပြန်လည်ချထားမည့် အစီအစဉ်ပင်။
အခြား ကျန်သည့် အရာတို့ကတော့ အသေးအမွှားလေးများသာ ဖြစ်ပြီး သူ့မိဘများအတွက် ဖြေရှင်းရန် လင်းရီ ထားခဲ့လိုက်မည် ဖြစ်၏။
“ အမ်… ကောင်းသားပဲ… ညီမလည်း လိုက်မယ်…”
“ လိုက်ချင်ရင် လိုက်ခဲ့…”
လင်းရီ အပိုစကားဆိုမနေပဲ ကော်နင်ယွဲ့ကို ကားဆီ ခေါ်လာခဲ့လိုက်၏။ ထို့နောက် သုံးယောက်သား ရန်ချိန်၏ မြို့ပြဘက်ပိုင်းသို့ မောင်းနှင်လာကြလေသည်။
သူ စိတ်ထဲ ဆုံးဖြတ်ထားသည့်နေရာတော့ မရှိသေးချေ။ ထို့ကြောင်း ကားပတ်မောင်းရင်း ဘေးဘီရှိ နေရာများကို လိုက်လံ ကြည့်ရှုနေလိုက်၏။ နေရာရွေးချယ်သည်က ကြည့်ကောင်းပြီး သင့်လျော်သည့် လိုအပ်ချက် အများအပြား လိုအပ်လေသည်။
သူ ဝူကျောင်းယိုကို နေရာရှာခိုင်း၍ ရသော်လည်း ယခုအဖြစ်က အိမ်ဝယ်သည်နှင့် ဆင်တူကာ အခြားသူများ အကြံပြုသည်က သင်ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ကြည့်ရှုရသည်လောက် စိတ်တိုင်းကျလိမ့်မည် မဟုတ်ချေ။
“ အစ်ကို မြို့လယ်မှာ နေရာကောင်းတစ်ခု ရှာတွေ့ဖို့ဆိုတာက ခက်ခဲလိမ့်မယ်နော…”ကော်နင်ယွဲ့ ပြောလိုက်ပြီး “ တကယ်လို့ ကျောင်းတစ်ကျောင်းကို ပြန်ဝယ်ပြီး ဂေဟာအဖြစ် ပြောင်းလိုက်မယ်ဆိုရင်တော့ တစ်မျိုးပေါ့..”
“ အမှန်ပဲ.. ရန်ချိန် မြို့လယ်ခေါင်ဆိုတော့ မြေတစ်လက်မတိုင်းက ရွေလိုကို တန်ဖိုးရှိတယ်…. အပိုင်းအစ သေးသေးလေးဆိုရင်တောင် ဆောက်လုပ်ရေး ကုမ္ပဏီတွေက ဦးထားလိုက်ပြီ… သင့်တော်တဲ့ နေရာရှာတွေ့ဖို့ဆိုတာ တကယ်မလွယ်တာပဲ..” ဝူဖေးယွဲ့မှ ပြောလိုက်၏။
“ အဲ့လိုဆိုရင်တောင် ဒီကိစ္စက ဖြေရှင်းပြီးမှကို ဖြစ်မှာ… အမေတို့ကို ကိုင်တွယ်ခိုင်းလိုက်ရင် ပြီးတော့မှာ မဟုတ်ဘူး…” လင်းရီ ပြောလိုက်လေသည်။
“ ဟုတ်တော့ဟုတ်တယ်.. ဒါပေမယ့် လိုက်ကြည့်နေတာ တစ်နာရီတောင် ရှိနေပြီကို နေရာကောင်းလည်း ရှာမတွေ့သေးဘူး..” ကောင်နင်ယွဲ့ ပြောလိုက်ပြီး “ ဆက်ရှာရင် မြို့ပြင်ရောက်ဖို့ပဲ ကျန်တော့တယ်…”
“ တကယ်တမ်းကျ နေဖို့ထိုင်ဖို့ နေရာရှာတာက တော်တော်လေး လွယ်တယ်… ဒါပေမယ့် ရှေ့ မြေကွက်လပ် ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ နေရာတွေက ရှားတာ….” ဝူဖေးယွဲ့ ပြောလိုက်ပြီး “ ငါ ခုလေးတင် KG ကျောင်းတွေ အများကြီး လမ်းဘေးမှာ မြင်ခဲ့တယ်… အနေအထားက တော်တော်လေး ကောင်းတယ်ဆိုရင်တောင် မရောင်းတာတစ်ခုပဲ နှမြောဖို့ ကောင်းတာ…”
ထိုစဉ် ရုတ်တရက် ဆိုသလို လင်းရီ မျက်လုံးအရောင် လတ်သွားခဲ့၏။
“ ရှောင်ယွဲ့… မင်းအရင်တုန်းက တိုက်ခန်းနဲ့ နေတာမလား…”
“ အွန်း.. တစ်လွှာထဲမှာ ယူနစ်တစ်ဒါဇင်လောက်နဲ့ အဆောက်အဦးတွေလေ….” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ဒါပေမယ့် အမေပြောတာတော့ မိန်းကလေး တစ်ယောက်အနေနဲ့ အဲ့ဒီ တိုက်ခန်းတွေမှာ နေတာ စိတ်မချရဘူးတဲ့… ဒါကြောင့်မို့ ရွေ့ဖို့ပြောနေတာ…”
ပြောပြီးနောက် ကော်နင်ယွဲ့ လင်းရီကို ချစ်စဖွယ်ကောင်းစွာ လုပ်ပြလိုက်ပြီး “ ဘာလဲ… အစ်ကိုက ဒီချစ်ဖို့ကောင်းတဲ့ ညီမလေး အပြင်မှာ ငှားနေရတာကို မကြည့်ရက်တော့လို့ အိမ်ဝယ်ပေးချင်နေတာလား….”
“ ဝယ်ပေးမယ်ဆို ညီမက ရိုးရှင်းပြီး လောဘကြီးတဲ့လူမဟုတ်တော့ ဗီလာတွေ ဘာတွေ ဝယ်ပေးစရာ မလိုပါဘူး…. စတုရန်း မီတာ ၂၀၀ကျော်လောက် ရှိတဲ့ တိုက်ခန်းသေးသေးလေးလောက်ဆိုရင်ကို လုံလောက်ပြီ…”
" မင်းအပြုစား ခံထားရလို့ ဒီစကားတွေလာပြောနေတာလား....”