← Chapters

ဒီတိုင်း ချမ်းသာတာ မဟုတ်ဘူး…

Vol. 63 Ch. 939

ဒီတိုင်း ချမ်းသာတာ မဟုတ်ဘူး…

Vol. 63 Ch. 939

“ ရွှတ်…. အစ်ကိုက ညီမလေးကို မချစ်တော့ဘူးပေါ့…”

“ ပိုက်ဆံအကြောင်း ပြောတဲ့ အချိန် ခံစားချက်တွေ ထည့်မပြောစမ်းနဲ့…အဲ့နှစ်ခုက မတူတဲ့ ကိစ္စ…”

ပြောပြီးနောက် လင်းရီ ကားကိုလှည့်လိုက်ပြီး သူ့လာရာ လမ်းအတိုင်း ပြန်မောင်းထွက်သွားလိုက်၏။

အဘယ်ကြောင့်ဆိုသော် သူ ယခုလေးတင် ဖြတ်မောင်းလာခဲ့သည့် အသစ်တည်ဆောက်ထားသည့် အဆောက်အအုံတစ်ခုအား မှတ်မိသွားခြင်းကြောင့်ပင်။ အပြင်ဘက်ဆိုင်းဘုတ်၌ပင် နှစ်သစ်ကူး၏ ဆယ့်ငါးရက်နေ့မှ တရားဝင် စတင်ရောင်းချမည်ဟု ရေးသားထားလေသည်။ ယခုကတော့ ကြိုတင်ရောင်းချနေဆဲကာလဖြစ်၏။

လင်းရီ အရောင်းစင်တာ၏ ဝင်ပေါက်ဝ၌ ကားထိုးရပ်လိုက်သည်။

“ အစ်ကို… နင် ဒီကို ဘာလဲလာလုပ်တာ…”

“ တိုက်ခန်း ဝယ်မလို့လေ… တစ်လွှာချင်းစီတိုင်းမှာ အခန်း နှစ်ဆယ်ကျော် ပါတယ်ဆိုတော့ ကလေးတွေကို နှစ်ထပ်နဲ့ သုံးထပ်မှာ နေရာချထားပေးလိုက်ရင် အုပ်ထိန်းလို့လည်း အဆင်ပြေတယ်…” လင်းရီ အပြင်ဘက်သို့ လက်ညှိုးညွှန်၍ ပြောလိုက်ရင်း “ နောက်ပြီးတော့ အပြင်ဘက်မှာ မြေနေရာလွတ်တောင် ရှိသေးတယ်… ဒါတော့ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ ညှိပြီး ဝယ်ကြတာပေါ့..”

“ အကြံက ကောင်းပါတယ်… ဒါပေမယ့် အဆောက်အဦးက အထပ် ၂၀တောင်လေ…. ညီမတို့ အလွန်ဆုံးသုံးနိုင်မှ သုံး လေးထပ်လောက်နဲ့… တကယ်လို့ အဆောက်အအုံတစ်ခုလုံးကြီး ဝယ်လိုက်မယ်ဆို ဖြုန်းတီးရာ မကျဘူးလား…”

“ မကျဘူး…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ ငါတို့ ဆောက်အအုံ တစ်ခုလုံး ဝယ်ရင် လျှော့ဈေးတန်တန်နဲ့ ရမှာ သေချာတယ်… နောက် ပိုကောင်းတဲ့ နေရာတွေ့သွားတဲ့အချိန်ကျရင် မင်းရဲ့ ယောင်းမကို နောက်ဂေဟာတစ်ခု ထပ်ဆောက်ခိုင်းလိုက်မယ်… ပြီးရင် ဒီအဆောက်အအုံကြီးကိုကျ ပြန်ရောင်းပစ်လိုက်မယ်… ငါတို့ မရှုံးရုံတင် မကသေးဘူး.. မြတ်ဖို့ အလားအလာတောင်မှ ရှိသေးတယ်…”

“ တကယ်ကြီးလား…”

“ တကယ်ပေါ့ဟ…” လင်းရီ ပြောလိုက်ပြီး “ အထက်ကြီးပိုင်းတွေက ရန်ချိန်မှာ ဥပဒေအသစ်တွေ ပြဌာန်းထားတယ်… အနာဂတ်ကျရင် အိမ်ခြံမြေ ဈေးနှုန်းတွေက သေချာပေါက် ထိုးတက်လာတော့မှာ.. ဒါက အခိုင်မာဆုံး ရင်းနှီးမြုပ်နှံမှု တစ်ခုပဲ… ဝယ်လိုက်လို့ မှားသွားတယ်ဆိုတာ မရှိဘူး…”

“ ချမ်းသာတဲ့ လူတွေက ပိုပိုချမ်းသာလာပြီး နွမ်းပါးတဲ့ လူတွေက ပိုပိုပြီး နွမ်းပါးသွားကြတယ်လို့ လူတွေ ဆိုကြတာ မဆန်းတော့ပါဘူး… အစ်ကိုတို့ စီးပွားရေး လုပ်ငန်းရှင်တွေက အရမ်းကြိုမြင်တာပဲနော်…” ကော်နင်ယွဲ့မှ ချီးမွမ်းသလိုလိုနှင့် စောဒကတက်လိုက်၏။

“ အဲ့တာ လူ့အဖွဲ့အစည်းကြီးရဲ့ လည်ပတ်တဲ့ပုံစံပဲလေ.. ငါးအကြီးကြီးက ငါးသေးသေးလေးကို ဝါးမျိုကြမှာပဲ…” လင်းရီပြောလိုက်ပြီး “ ပြီးတော့ ဒီအတိုင်း ဆက်လက်ကြီးထွားလာမယ်ဆိုရင် လူ့အဆင့်အတန်း ဒါမှမဟုတ် လူတန်းစား ခွဲခြားမှု အခြေအနေတွေက ပိုပိုပြီး ဆိုးရွားလာတော့မှာ.. အဲ့တာက လွှဲရှောင်သာလို့ မရတဲ့အချက်ပဲ..”

“ ဒါဆို ညီမတို့လို သာမန်လူတွေက အစ်ကိုတို့လို စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အမြတ်ထုတ်စရာ ပစ်မှတ်ဖြစ်သွားမယ်ပေါ့…”

“ မင်း အခု ဝတ်ထားတဲ့ ကုတ်က ယွမ် နှစ်သိန်းကျော် တန်တယ်…ချင်းရန် မင်းကို ဝယ်ပေးတုန်းကကျ ဘာလို့ အမြတ်ကြီးစားတဲ့ စီးပွားရေး လုပ်ငန်းရှင်ဆိုပြီး မပြောလဲ..”

“ ဘာလို့ဆို ညီမက မျက်နှာနှစ်ဖက်နဲ့မို့လေ…. ဟီးဟီး…”

“ ကဲ တော်ပြီး အထဲဝင်ကြည့်ကြစို့…” ဝူဖေးယွဲ့ပြုံး၍ ပြောလိုက်ပြီး “ မင်းလည်း အသက်သာကြီးလာကြတယ်… ရင့်ကို မရင့်ကျက်သေးဘူး…”

“ မြင်လား… အစ်ကိုကြီးကမှ ညီမအပေါ် အကောင်းဆုံးပဲ…”

ပြောပြီးနောက် ကော်နင်ယွဲ့ ဝူဖေးယွဲ့၏ လက်မောင်းကို ဖက်ပြီး လင်းရီကို လျစ်လျူရှုလျက် အရောင်းစင်တာထဲသို့ ဝင်ရောက်သွားခဲ့လေသည်။

နှစ်သစ်ကူး ရှစ်ရက်နေ့သာ ရှိသေးသော်လည်း အရောင်းစင်တာအတွင်း၌ ရှိနေကြသည့် လူကတော့ မနည်းမနောပင်။

“ မင်္ဂလာပါရှင့်… လူကြီးမင်းတို့က ဘယ်လို အိမ်မျိုးကို ရှာနေကြတာလဲ မသိဘူး…” အရောင်းဝန်ထမ်း အမျိုးသမီးမှ ရောက်လာနှုတ်ဆက်ရင်းဖြင့် “ ကျွန်မတို့စင်တာမှာ ၇၉ ကနေ ၃၂၈ စတုရန်းမီတာအထိ အရွယ်အစားမျိုးစုံ ရှိပါတယ်… ဒါကတော့ ပရိုမိုးရှင်းပေးထားတဲ့ လက်ကမ်းစာစောင်ပါ… တစ်ချက် ကြည့်ကြည့်ပါဦး…”

“ ညီမတို့က တိုက်ခန်း ဝယ်ချင်တာ…” ကော်နင်ယွဲ့ ပြောလိုက်သည်။

“ တိုက်ခန်း….”

အရောင်းဝန်ထမ်း အမျိုးသမီးမှ စကားကို တစ်လုံးချင်း ဆွဲပြောလိုက်ပြီး သူမ၏ အမူအရာမှာလည်း ယခင်ကလောက် စိတ်အား ထက်သန်နေခြင်း မရှိတော့ချေ။

“ တိုက်ခန်းက နည်းနည်းလေး ဈေးပိုချိုတယ်ဆိုပေမယ့် အိမ်က ပိုပြီး ကောင်းတယ်နော…”

“ ညီမတို့က အိမ်မလိုချင်ဘူး… တိုက်ခန်းနဲ့တင် လုံလောက်ပြီ..” အရောင်းဝန်ထမ်း အမျိုးသမီး၏ ဖျားယောင်းသွေးဆောင်မှုကို ကော်နင်ယွဲ့ မတုန်မလှုပ် ငြင်းပယ်လိုက်လေသည်။

သူမနှင့် လင်းရီတို့ နှစ်ဦးလုံး အရောင်းအဝယ် လှည့်ကွက်များအား နားလည်ထားကြသည်။ တိုက်ခန်းက သေးငယ်သောကြောင့် ဈေးမှာလည်း အိမ်လောက် မမြင့်မားချေ။ ထို့ကြောင့် သူမတို့ ရရှိမည့် ကော်မရှင်ခကလည်း နည်းပါးသောကြောင့် ဖြစ်နိုင်မည်ဆိုပါက တိုက်ခန်းအစား အိမ်များသာ ရောင်းချပေးလိုကြခြင်းပင်။

“ ကောင်းပါပြီ… ခဏလောက် စောင့်ပေးဦးနော်..” အရောင်းဝန်ထမ်း အမျိုးသမီးမှ ပြောလိုက်ပြီး တစ်ဖက်သို့လှည့်၍ “ ချိန်လေး… နင် ဒီကို ခဏလောက် လာပါဦး…”

“ အစ်မစွန်း… ကျွန်တော့်ကို ရှာနေတာလားဗျ…”

မျက်မှန်တပ်ထားသည့် ကောင်လေးမှ ရိုကျိုးသည့် လေသံဖြင့် ရောက်လာလေသည်။

“ ဒီဧည့်သည်တော်တွေက တိုက်ခန်းကြည့်ချင်လို့တဲ့… အဲ့တာ နင် လိုက်ပြပေးလိုက်ဦး..”

“ ဟုတ်… နားလည်ပါပြီ…”

ကောင်လေးအား လွှဲပြောင်းပေးပြီးနောက် အရောင်းဝန်ထမ်း အမျိုးသမီးမှ နောက်သို့ပင် လှည့်မကြည့်၊ ချက်ချင်း ထွက်ခွာသွားခဲ့သည်။

လင်းရီ၏ ရုပ်ရည်မှာ ကြည့်ကောင်းရှုကောင်း ရှိနေသော်လည်း သူမအတွက်တော့ ဆွဲဆောင်မှု ရှိမနေချေ။

“ အချောလေး… ငါတို့က တိုက်ခန်းဝယ်မှာမို့လို့ သူက နင့်ကို လွှဲပေးသွားခဲ့တာလား…”

မျက်မှန်နှင့်ကောင်လေးမှ အနည်းငယ် နေရခက်သွားခဲ့ပြီး “ မဟုတ်ပါဘူးဗျာ… အစ်မစွန်းက အလုပ်များနေလို့ဖြစ်မယ်ဗျ…”

“ ရပါတယ်… မဟုတ်လည်း ငါတို့ နားလည်ပြီးသားပါ..” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ တိုက်ခန်းတစ်ခန်းက ဘယ်လောက်မှ ဈေးမရှိတော့ ရတဲ့ ကော်မရှင်ခကလည်း နည်းတယ်လေ… ငါတို့ကို ဝန်ဆောင်မှု မပေးချင်တာ နားလည်ပေးလို့ရပါတယ်….”

မျက်မှန်နှင့် ကောင်လေးမှ ကိုးရို့ကားယားသာ ပြုံးလိုက်ပြီး မသိမသာ သဘောတူဟန်ဖြင့် ဘာမျှဆက်မပြောပေ။

ပုံစံငယ်များ ပြသသည့် နေရာကို ရောက်တော့ မျက်မှန်နှင့် အရောင်းဝန်ထမ်းကောင်လေးမှ လင်းရီတို့ဘက် လှည့်လာခဲ့ပြီး “ လူကြီးမင်းတို့… ဒီရဲ့ တိုက်ခန်းတွေက ကျွန်တော်တို့ ဆယ့်ငါးရက်နေ့ကျ ရောင်းချမယ့် တိုက်ခန်းတွေပါပဲ… ဒါပေမယ့် အထဲက ယူနစ်အတိုင်းအတာတွေကတော့ အကုန်အတူတူပဲ… တစ်ခုချင်းစီတိုင်းက ၆၀ ပတ်လည် စတုရန်းမီတာ ရှိတယ်.. တကယ်လို့ မိသားစုမများရင် အေးဆေးကြီး လုံလောက်တယ်….”

“ အစ်ကို… နင်အလှည့်…” ကော်နင်ယွဲ့ လင်းရီ ကြည့်လိုက်သည်။

လင်းရီ အဆောက်အဦးA နှင့် မျက်နှာချင်းဆိုင် ဗလာကျင်းနေသည့် မြေနေရာအား လက်ညိုးညွှန်ပြရင်း “ အဲ့ဒီ မြေနေရာလေးက မဆိုးဘူးပဲ…. မင်းတို့ ရောင်းဖို့ ရှိလား…”

“ ဟမ်…” မျက်မှန်နှင့် အရောင်းကောင်လေးမှ ဇဝေဇဝါ ဖြစ်သွားခဲ့ပြီး “ လူကြီးမင်းက ဒီမြေကွက်လပ်ကို လိုချင်နေတာလား…”

“ အင်း.. “ လင်းရီ ခေါင်းညိမ့်လိုက်သည်။

“ တကယ်လို့ ရောင်းမယ်ဆိုရင် သူနဲ့ တွဲလျက် အဆောက်အဦး တစ်ခုလုံးပါ ငါဝယ်မယ်…”

အရောင်းကောင်လေး “….. “

“ လူကြီးမင်း… ကျွန်တော့်ကို ဒီလို မနောက်နဲ့လေ… “ အရောင်းကောင်လေးမှ ပြောလိုက်ပြီး “ အဲ့ဒီ အဆောက်အဦးရဲ့ ဈေးနှုန်းက အနည်းဆုံး တစ်ဘီလီယမ် ရှိတယ်ဗျ…”

“ ဈေးပမာဏကို မပြောနဲ့… မင်းတို့ ရောင်းမှာလား မရောင်းဘူးလား ဒါပဲပြော…”

“ လူကြီးမင်းက တကယ်ဝယ်ချင်နေတယ်ဆိုရင်တော့ ကျွန်တော် မန်နေဂျာနဲ့ စကားပြောကြည့်ရဦးမယ်…” အရောင်းကောင်လေးမှ ပြောလိုက်ပြီး “ ဒါပေမယ့် လူကြီးမင်း နောက်နေတယ်လို့ ထင်နေသေးတုန်းပဲ…”

“ ဒီမှာ ဒါ ငါ့ရဲ့ လုပ်ငန်းကတ်… မင်းတို့ မန်နေဂျာကို ပြလိုက်..” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ သူကပါ မယုံသေးဘူးဆိုရင် မင်းတို့သူဌေးကို ပြလိုက်ကွာ…”

သူ ကတ်ကို လက်ခံပြီး ကြည့်လိုက်တော့ လင်းယွမ်အုပ်စု၏ ဥက္ကဌဟူသော စာလုံးများအား မြင်လိုက်ရပြီး အရောင်းဝန်ထမ်းကောင်လေးမှာ ချက်ချင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့တော့သည်။

သူ လင်းယွမ် အုပ်စုက ဘာမှန်း မသိခဲ့လျှင်တောင် ဥက္ကဌဆိုသည်က နယ်နယ်ရရ မဟုတ်မှန်းတော့ နားလည်လေသည်။

“ လူတိုင်းပဲ.. ကျေးဇူးပြုပြီး နားနေခန်းထဲ ခဏလောက် စောင့်ပေးပါဦးနော်.. ကျွန်တော် မန်နေဂျာကို အကြောင်းသွားကြားလိုက်ပါဦးမယ်… ဒီဆုံးဖြတ်ချက်က ကျွန်တော်တစ်ယောက်တည်း ဆုံးဖြတ်လို့ မရလို့ဗျ…”

“ ရတယ်.. လုပ်လေ…”

လင်းရီနှင့် ကျန်သူများအားလုံး နားနေခန်းထဲသို့ ရောက်ရှိလာကြ၏။ အရောင်းဝန်ထမ်း ကောင်လေးမှ လက်ဖက်ရည်နှင့် မုန့်များအား ချပေးပြီး ကောင်းမွန်စွာ ဧည့်ခံပေးလေသည်။ ထို့နောက် ဤကိစ္စအား အစီရင်ခံရန် အပေါ်ထပ်သို့ သုတ်ခြေတင်တော့၏။

အရောင်းစင်တာ၏ ဒုတိယထပ်တွင် အရောင်းဝန်ထမ်းကောင်လေးမှ လင်းရီ၏ ကတ်အား မန်နေဂျာရုံးခန်းထဲသို့ ယူသွားလိုက်သည်။

သတင်းကိုကြားပြီးနောက် အရောင်းမန်နေဂျာမှာ ခေါင်းကျိန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

“ မင်းပြောတဲ့ပုံစံအတိုင်းဆို သူက အတည်ပေါက်ကြီး အဆောက်အဦးတစ်ခုလုံးကို ဝယ်ချင်နေတယ်ပေါ့..”

“ ဟုတ် ဂျာကြီး… သူ အဲ့အတိုင်း အတိအကျ ပြောခဲ့တာပဲဗျ…” အရောင်းကောင်လေးမှ ပြောလိုက်ပြီး “ ပြီးတာ့ သူ့ရဲ့ လုပ်ငန်းကတ်နဲ့ဆိုတော့ စနောက်နေတဲ့ပုံလည်း မပေါ်ဘူး…”

“ ငါ လင်းယွမ်အုပ်စုအကြောင်း ကြားတော့ကြားဖူးတယ်… တော်တော်လေး ကြီးမားတဲ့ အုပ်စုတစ်ခုပဲ နေမှာ..”

မန်နေဂျာမှ ပြောလိုက်ပြီး “ မင်း သူတို့ ဝတ်တာ စားတာကော ဘယ်လိုမြင်လဲ..”

“ ဒီကတ်ပေးလိုက်တဲ့ အမျိုးသား ဝတ်ထားတာတော့ Richard Millle … တော်တော်လေး ချမ်းသာတဲ့ ပုံစံပဲ..”

“ ဒါဆို မင်းဒီမှာ ခဏစောင့်နေဦး… ငါ ဒီကိစ္စ ကုမ္ပဏီကို တင်ပြလိုက်ဦးမယ်… ဒီလို ဧရာမ ကိစ္စကြီးက ငါတစ်ဦးတည်း ဆုံးဖြတ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး..” မန်နေဂျာမှ ပြောလိုက်ပြီး “တကယ်လို့ သူ့ရဲ့ အထောက်အထားကသာ တကယ့် အမှန်ဆို ငါတို့နှစ်ယောက်လုံး သူ့ကို ဧည့်ခံကြိုဆိုဖို့ အရည်အချင်း မပြည့်မှီဘူး… အနည်းဆုံး ငါတို့ ဒုဥက္ကဌကို ခေါ်မှ ဖြစ်မှာ…”

“ ဟုတ် ဒါဆိုလည်း မြန်မြန်လုပ်ဗျာ.. တကယ်လို့ အရောင်းအဝယ်သာ အောင်မြင်သွားရင် ရမယ့် ကော်မရှင်ခကလည်း ပို့နင့်နေမှာဗျ…”

“ ဟားဟား…အချိန်ပြည့် ဝန်ထမ်း ဖြစ်လာတာတောင် မကြာသေးဘူး ဒီလောက် ဂွင်ကြီးကြီး မိလာခဲ့တယ်…မင်း သောက်ရမ်း ကံကောင်းလိုက်တဲ့ကောင်… ဘယ်လိုတောင် သဘောကျဖို့ ကောင်းထားလဲ..”

မိနစ်နှစ်ဆယ်ကြာပြီးနောက် ကုမ္ပဏီ၏ အထက်ကြီးပိုင်းများဘက်မှ ဆက်သွယ်လာခဲ့၏။ ဖုန်းချပြီးနောက် မန်နေဂျာ၏ အမူအရာမှာ မှင်တက်ပြီး ကျောက်ရုပ်ဖြစ်သွားခဲ့သည့် သွင်ပြင်ပင်။

“ ဂျာကြီး… ဘယ်လိုလဲတဲ့.. အဲ့တာအမှန်ပဲလား.. သူက တကယ်ကြီး ချမ်းသာနေတာလား…”

“ ချမ်းသာတယ်… ဒါပေမယ့် တော်ရုံချမ်းသာတာ မဟုတ်ဘူး… ငါတို့ ကုမ္ပဏီကြီးကိုပါ အေးဆေး ဝယ်နိုင်လောက်တဲ့အထိကို ချမ်းသာတာ..”

All Chapters