← Chapters

မိန်းမလိုချင်လား မလိုချင်ဘူးလား

Vol. 63 Ch. 941

မိန်းမလိုချင်လား မလိုချင်ဘူးလား

Vol. 63 Ch. 941

“ ဦးလေးကတော့ တကယ်ပါပဲ…” ကော်နင်ယွဲ့ ပြုံးလိုက်ပြီး “ အဲ့ဒီတုန်းက သမီးလည်း နောက်ပြောင်ပြီး ပြောတယ်ပဲ ထင်နေတာ…. တကယ်ကြီး စီစဉ်လိုက်လိမ့်မယ်လို့တော့ ထင်မထားဘူး…”

“ ဟုတ်ပါ့.. ကြာပါတယ်… နင်တို့ဒီညပဲ သွားလုပ်ထားလိုက်တော့…” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ ရီလေးက ငါ့အတွက် ချွေးမကောင်းတစ်ယောက် ရှာပေးပြီးသွားပြီ.. ယွဲ့လေးဆိုလည်း ဒီနှစ်ထဲ လက်ထပ်တော့မှာ… နင်ပဲ ကျန်တော့တယ်… နင် အမေ့ကို စိတ်ပူရအောင် မလုပ်စမ်းနဲ့…”

“ အမေ… ကျွန်တော်တော့ ဒီကိစ္စ မေ့ထားလိုက်သင့်တယ်လို့ ထင်တာပဲ…” ဝူဖေးယွဲ့ တုံ့ဆိုင်းမှုအပြည့်ဖြင့် ပြောလိုက်ပြီး “ ကျွန်တော်က ဒီတိုင်း အထက်တန်းပဲ ပြီးထားတဲ့ကောင်… ဘွဲ့ရ ပညာတတ် တစ်ယောက်လည်း မဟုတ်ဘူး.. ပြီးတော့ ထောင်လည်း ကျဖူးသေးတယ်… ဘယ်လို မိန်းကလေးမျိုးက ကျွန်တော့်လိုကောင်ကို နှစ်သက်မှာ… သူတို့ရဲ့ အချိန်တွေကို မဖြုန်းတီးတာပဲ ကောင်းပါတယ်…”

“ နင် အဲ့တာ ဘယ်လို စကားတွေ ပြောနေတာ…” ဝမ်ချွေ့ပင်း မပျော်မရွှင်ဖြစ်စွာ ပြောလိုက်ပြီး “ ငါ့သားရဲ့ ပညာရေး နောက်ခံက မြင့်ချင်မှ မြင့်မယ်.. ဒါပေမယ့် ထောင်ကျဖူးတိုင်း လူဆိုးဖြစ်သွားတာမှ မဟုတ်တာ… ပြီးတော့ မိဘအပေါ် သိတတ်တဲ့ သားသမီးကို ဘယ်လို သမီးရှင်မျိုးကမှ မငြင်းဘူး…”

ဝမ်ချွေ့ပင်းမှာ အမြဲတစေ သူမ သားသမီးများအပေါ် ဆတ်ဆတ်ထိမခံနိုင်သူဖြစ်ပြီး သူမ မျက်လုံးထဲတွင်တော့ သူမ၏ ‌ ကလေးများက အရာအားလုံး ပြည့်စုံနေသူများပင်။ ထိုအထဲတွင်တော့ ကျီချင်းရန်လည်း အပါအဝင်ဖြစ်ပေသည်။

“ အစ်ကိုကြီးက ကိုယ့်ကိုယ်ကို အရမ်း နိမ့်ချလွန်းနေပြီ….ညီမတော့ မေမေ ပြောတာမှန်တယ်လို့ ထင်တယ်… အစ်ကိုကြီးက ပညာရေးနောက်ခံ မကောင်းဘူးဆိုရင်တောင် ခန့်ညားသေးတယ်လေ…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ တကယ်လို့ ကိုယ်က မပြောရင် ထောင်ကျဖူးတာကို ဘယ်သူက သိမှာကျလို့…ဟုတ်တယ်မလား… ဘယ်သူမှ မသိဘူး… ဒီတော့ ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ပစ်လိုက်…”

ဝူဖေးယွဲ့ ငိုလုငိုခင် ဖြစ်နေပြီး “ ဒါပေမယ့် မင်းအစ်ကိုကြီးရဲ့ အနေအထားကလည်း လုံလောက်အောင် မကောင်းမွန်သေးဘူးလေ…”

“ အစ်ကိုကြီး ကိုယ့်ကိုယ်ကို လုံလောက်အောင် ကောင်းတာတွေ မကောင်းသေးတာတွေ စဉ်းစားမနေနဲ့…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ညီမလေး တစ်ခွန်းတည်းမေးမယ်… အစ်ကို အိမ်ထောင် ပြုချင်လား မပြုချင်ဘူးလား….”

“ သေချာပေါက် ပြုချင်တာပေါ့ကွ…. ငါ့အသက်လည်း မငယ်တော့ပဲကို..” ဝူဖေးယွဲ့ ပြုံးလိုက်ပြီး “ ဒါပေမယ့် ငါ့ကိုယ်ငါ ဘယ်လိုလူစားမျိုးလဲ ဆိုတာ နားလည်ထားပြီးသား…. ငါ ပညာတတ် အမျိုးသမီးတစ်ယောက်ကိုလည်း မရှာချင်ဘူး… သာမန် မိကောင်းဖခင် မိန်းကလေး တစ်ယောက် ဖြစ်နေရင်ကို တော်ပြီ…”

သူ အပြင်လောကနှင့် ငါးနှစ်တာ ကင်းကွာနေသော်လည်း ရန်ကျင်း၌ အလုပ်လုပ်နေစဉ် လအနည်းငယ်အတွင်း ဝူဖေးယွဲ့ လက်ရှိလူမှုအသိုင်းအဝိုင်းအပေါ် အကြမ်းဖျင်းတစ်ချို့တော့ နားလည်သဘောပေါက်ထားသည်။

ယနေ့ခေတ် မိန်းကလေးအများစုက ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ပြီး ငွေကိုလည်း အလျှံပယ် သုံးစွဲတတ်ကြ၏။ ထိုအချက်ကို မှားတယ်ရယ်လို့လည်း သူမထင်ပေ။ ဤအတိုင်း ၎င်းတို့နေထိုင်လိုသည့် ဘဝမျိုးကို သူ၏ အနေအထားဖြင့် မဖြည့်ဆည်းပေးနိုင်ရုံမျှသာဖြစ်၏။

ထို့ကြောင့် သူ၏ မိသားစု နောက်ခံအကြောင်း သိပ်ဂရုမစိုက်ပါပဲနှင့် သူ့မွေးစား မိဘနှစ်ဦးကို လိုလိုလားလား လက်ခံပေးနိုင်မည့်သူကိုသာ ရှာဖွေရန် စဉ်းစားထားသည်။

သို့ကြောင့် ဘွဲ့ရပညာတတ် ရည်မှန်းချက် ကြီးမားသည့် အမျိုးကောင်းသမီးတို့အား သူ လေးစားသမှုဖြင့် ဝေးဝေးမှသာ ရှောင်နေလိုက်၏င။

“ အဲ့လို အတွေးမျိုး ရှိနေတယ်ဆိုရင်ကိုပဲ အဆင်ပြေနေပြီလေ.. ကိုယ်နဲ့ သင့်တော်တာ မသင့်တော်တာတွေ ခေါင်းထဲ ထည့်မနေနဲ့…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ယောင်းမလေးကိုပဲ ဥပမာထားပြီး ကြည့်လိုက်… သူဆို လှလည်းလှတယ်.. ထက်ထက်မြက်မြက်လည်း ရှိတယ်… ပြီးတော့ မိသားစုကလည်း ချမ်းသာတယ်… အဲ့တာတောင် အစ်ကိုလေးနဲ့ ချစ်ကြိုက်သွားခဲ့သေးတာပဲ မဟုတ်ဘူးလား…”

လင်းရီ “ …. “

“ အဲ့လို မပြောပါနဲ့… မင်းရဲ့ အစ်ကိုလေးကလည်း မဆိုးပါဘူး…”

“ အဲ့တာ အစ်ကိုကြီး ယောင်းမလေးကို မမြင်ဖူးသေးလို့လေ… သူမက အရမ်းအံ့ဩဖို့ကောင်းတာနော်… အဘက်ဘက်ကနေပြီး ပြည့်စုံနေတဲ့သူ…”

ဝူဖေးယွဲ့ ပြောလိုက်ပြီး “ ဟုတ်လား… အဲ့လိုဆိုရင်တော့ အစ်ကိုလည်း ခယ်မလေးနဲ့ တစ်ခါလောက်တော့ တွေ့ဦးမှပါ.. ဘာပဲဆိုဆို တစ်ခါလောက်တော့ အတူ ထမင်းလက်ဆုံ စားဖူးသင့်တာပဲလေ….”

“ အိုက်ယား.. ခေါင်းစဉ် မလွဲစမ်းနဲ့…. ခု ဘလိုင်းဒိတ်လုပ်မယ့် အကြောင်း ပြောရအောင်…. အစ်ကိုကြီး ဒီထဲ အပြည့်အဝ အာရုံစိုက်ထားမှ ဖြစ်မှာနော်… အထူးသဖြင့် အဲ့ဒီ ဆံပင်ပုံစံက ….ခုဟာက မုဆိုးဖိုကြီး ကျလို့….”

“ အေးပါ…. အေးပါ… မင်းတို့ စိတ်တိုင်းကျပါပဲ…. ငါမနက်ဖြန်ကျရင် အကောင်းဆုံး လုပ်မယ်… ဒါပေမယ့် မအောင်မြင်လာခဲ့ရင်တော့ ငါ့ကို အပြစ်မတင်ကြနဲ့ပေါ့ကွာ..”

“ အိုကေ…ရတယ်….”

ပြောပြီးနောက် ကော်နင်ယွဲ့ ဟင်းနှိုက်နေသည့် လင်းရီ၏ တူအား ခပ်ထုတ်လိုက်ပြီး “ မြန်မြန်… စားမနေနဲ့တော့… အစ်ကိုကြီးကို အပြင်ခေါ်သွားပြီး သွားရွှိုင်းပေးလိုက်….”

“ ခုမှ ငါးနာရီထိုးသေးတာကို ဘာတွေ လောနေတာ…. ထမင်း အေးဆေးလေး စားပါရစေဦးဟ…”

“ ထမင်းက ဘယ်အချိန်စားစား….ခုကိစ္စက အစ်ကိုကြီး မိန်းမရမယ့် အရေးနော်.. အလေးအနက် ထားမှ ဖြစ်မှာ….”

“ အေးပါ အေးပါ…”

လင်းရီ သက်ပြင်းချရင်း မတ်တပ်ရပ်လိုက်ပြီး “ အစ်ကိုကြီး…. သွားကြစို့…”

ပန်းကန်တို့ သိမ်းဆည်းပြီးနောက် ဝူဖေးယွဲ့နှင့် လင်းရီတို့ ဂေဟာထဲမှ ထွက်လာခဲ့ကြလေသည်။

ထို့နောက် တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် ရေချိုးစင်တာတစ်ခုထဲ ဝင်သွားမိပြီး နှစ်ယောက်သား အနှိပ်ခံရန် ဟန်ပြင်လိုက်ကြသည်။

“ မင်းတို့ လူလာနေတာ မမြင်ကြဘူးလားကွ…”

နှစ်ယောက် အထဲသို့ ဝင်ဝင်ချင်း အပေါက်ဝ၌ မျက်နှာချင်းဆိုင်မှ လျှောက်လာခဲ့သည့် လူငယ်နှစ်ယောက်နှင့် ဝင်တိုက်မိသွားကြသည်။

လင်းရီ စကားပြောလာသူကို တစ်ချက်ကြည့်လိုက်တော့ မြီးကောင်ပေါက် အရွယ်လေးများ ဖြစ်နေကြောင်း သတိပြုမိလိုက်၏။ နှစ်ယောက်လုံးက ဆံပင်ကိုလည်း ဆေးရောင်စုံ ဆိုးထားကြကာ သက်တံကြီး ခေါင်းပေါ်တင်ထားသကဲ့သို့ ဖြစ်နေလေသည်။

“ မင်း စောက်လုံးကန်းပြီး ငါတို့ကိုလည်း ဝင်လာတိုက်သေးတယ်… ဒါတောင် ငါတို့ကို လာပြီး ပြန်ဟောက်နေသေးတယ်ပေါ့…သေချင်နေတာလား..” လင်းရီ တုံ့ဆိုင်းခြင်းမရှိ ပြန်လည် ချေပလိုက်၏။

အံ့အားသင့်ဖို့ ကောင်းစွာဖြင့် တစ်ဖက် လူငယ်နှစ်ဦးမှာ ဘာမျှမပြောပဲ လင်းရီနှင့် ဝူဖေးယွဲ့တို့အား တုန်လှုပ်စွာဖြင့် ကြည့်ရင်း ထွက်ခွာသွားခဲ့ကြလေ‌သည်။

“ ဘာလား….” လင်းရီ တီးတိုးရေရွတ်လိုက်ပြီး “ ပုံမှန်ဆို သူဆဲကိုယ်ဆဲနှင့် ရန်ဖြစ်ရမှာပါ… ဒါကြီးကတော့ သူရဲဘောကြောင်လွန်းသွားပြီ…”

“ မင်းကိုက ကြောက်စရာကောင်းလွန်းနေတာကိုးဟ…” ဝူဖေးယွဲ့ ပြောလိုက်ပြီး “ သူတို့ ဝင်တိုက်တာ တစ်စက္ကန့်တောင် မကြာသေးဘူး မင်းက သွားငေါက်နေမှတော့ ဟိုက ရှိန်ပြီး လစ်ပြီပေါ့.. ဘယ်သူမှ မင်းလို မဆင်မခြင်နိုင်တဲ့ အရူးနဲ့ ရန်ဖြစ်ချင်မှာ မဟုတ်ဘူး…”

“ မဆိုင်ပါဘူး… အဲ့ကောင်တွေက သွေးကြောင်လွန်းနေတာ… ဝတ်ထားတာတွေကြီးတွေမှ အားမနာကွာ..”

“ ဟားဟား… မင်း... ကောင်စုတ်လေးကတော့….”

အဖြစ်ပျက် အသေးမွှားလေးကို နှစ်ယောက်လုံး အာရုံထားမနေကြတော့ပဲ ထိုအစား မန်ဘာကဒ်ပြုလုပ်၍ ဝန်ဆောင်မှုများကို စတင် ဇိမ်ခံကြတော့သည်။

နှစ်ယောက် အထဲကို ရောက်သွားပြီးတော့ သူတို့နှင့် ပက်ပင်းတိုးခဲ့သည့် လူငယ်နှစ်ဦးမှလည်း ကားထံသို့ ဘေးချင်းကပ် ပြန်လာခဲ့ကြလေသည်။

“ ငါမှတ်မိတာ မှန်မယ်ဆို အဲ့လူ ဝူဖေးယွဲ့ဆိုတာမလား…”

“ အင်း.. သူပဲထင်တယ်… နောက်ဆုံးတစ်ခေါက်တုန်းက လွတ်သွားခဲ့တာ စောက်ရမ်း နှမြောဖို့ကောင်းတယ်…”

“ ကံကောင်းချင်တော့ နောက်ဆုံးတစ်ခေါက်တုန်းက ငါတို့ ဘေးကနေပဲ ရပ်ကြည့်နေခဲ့လို့သာ အဲ့ကောင် မမှတ်မိတာ… မဟုတ်လို့ကတော့ ခုချိန် ဖော်ထုတ်ခံရပြီးလောက်ပြီ..”

“ ကောင်းပြီ… ခု ဒီအကြောင်းတွေ ပြောရမယ့် အချိန် မဟုတ်သေးဘူး… အစ်ကိုဝမ်ကို သူ့လူတွေ ခေါ်ခဲ့ဖို့ ပြောလိုက်…. ဒီတစ်ခေါက်တော့ လွတ်သွားလို့ မဖြစ်တော့ဘူး…”

“ ငါ အခု ဆက်သွယ်လိုက်မယ်…”

ရေပူစမ်းထဲ ခေတ္တမျှ စိမ်ပြီးနောက် လင်းရီ အသီးတစ်ချို့ မှာလိုက်ပြီး ဝူဖေးယွဲ့နှင့်အတူ သီးသန့်ခန်းထဲ ဦးတည်လိုက်လေသည်။

“ အစ်ကိုကြီး တစ်ခါပြောဖူးတာ ထောင်ထဲလွတ်လာတုန်းက လူတစ်ချို့ လာရှာတယ်လို့ ပြောဖူးခဲ့တယ်နော်…. သူတို့ ဘယ်လိုပုံစံလဲ မှတ်မိသေးလား…” လင်းရီ အနှိပ်ခံနေရင်း စကားစလိုက်၏။

ဝူဖေးယွဲ့ ကြက်သေသေသွားခဲ့ပြီး “ ဘာလို့ ဒါတွေ လာမေးနေတာ….”

“ ကျွန်တော် သိချင်လို့လေ… ကျွန်တော် မပြန်ခင် အဲ့ကိစ္စ ကိုင်တွယ်ပေးသွားမယ်…”

“ မလိုဘူး.. မင်း ငါ့အတွက် စိတ်ပူမနေနဲ့… ငါ့ဘက်က ပုန်းနေသရွေ့ ကိစ္စ မရှိဘူး…”

“ ဘာသောက် အဓိပ္ပာယ်မရှိတဲ့ စကားတွေ လာပြောနေတာ… ဘာဆိုင်လို့ အဲ့လို မလောက်လေး မလောက်စား ကောင်တွေကို ပုန်းနေရမှာ… လင်းရီ ပြောလိုက်ပြီး “ အစ်ကိုကြီးက အထဲမှာ ငါးနှစ်နေခဲ့ရပြီးပြီ… လွတ်လာပြီးတာတောင်မှ အဲ့သောက်ရူးတွေက လာရှာနေသေးတုန်းပဲဆိုတော့ သူတို့ လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူးဆိုတဲ့ သဘောပဲ… တကယ်လို့ ခု သေချာမကိုင်တွယ်ထားဘူးဆိုရင် အနှေးနဲ့အမြန် ပြဿနာများလာလိမ့်မယ်..”

ဝူဖေးယွဲ့၏ အမူအရာမှာ ရှုပ်ထွေးသွားပုံရ၏။

ထိုသူတို့က သူ့အား အလွှတ်ပေးချင်သည့် ပုံမပေါ်ပေ။ ထောင်ထဲ ရှိစဉ်တုန်းကလည်း နေ့ရက်တိုင်းအား ကြိုးပေါ် လမ်းလျှောက်နေရသကဲ့သို့ ဖြတ်သန်းခဲ့ရပြီး အကယ်၍ ထောင်စောင့်ကြီး၏ အကာအကွယ်ပေးထားမှုကြောင့်သာ မဟုတ်ပါက အငှားလူသတ်သမားတို့၏ လက်ချက်ဖြင့် အနိစ္စလမ်းကို စံမြန်းပြီး ဖြစ်လောက်ပေသည်။

“ သူတို့ အခု ဘယ်မှာရှိနေလဲ ငါလည်း မသိဘူး.. သူတို့ကို ခြေရာခံဖို့ ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စ…” ဝူဖေးယွဲ့ စိတ်ဖိစီးစွာဖြင့် ပြောလိုက်ပြီး “ ငါအကြောက်ဆုံးက သူတို့ တစ်နေ့ ဂေဟာရောက်လာမှာကိုပဲ….”

“ အင်း …ကျွန်တော်လည်း အစက အဲ့လို တွေးထားတာပဲ… ဒါပေမယ့် ဒီလောက် ရက်တွေကြာတာတောင် ဘာလှုပ်ရှားမှုမှ ပေါ်မလာဘူးဆိုတော့ ခု ကိုယ့်ဘက်ကပဲ အရင် လှုပ်ရှားရတော့မယ်ထင်တယ်…”

“ ထားလိုက်စမ်းပါ…. တကယ်လို့ အဲ့ကောင်တွေ ပြဿနာ လာရှာရင် ငါ ရဲခေါ်လိုက်မယ်…”

“ ရဲခေါ်တာက အလုပ်ဖြစ်မှာ မဟုတ်ဘူး…” လင်းရီ ပြောလိုက်ပြီး “ ဒီကိစ္စက အစ်ကို့ ဘဝတစ်လျှောက်လုံး အမဲလိုက်သလို အလိုက်ခံနေရမယ့် ကိစ္စ…”

“ အစ်ကို လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဓားနဲ့ထိုးလိုက်တဲ့ ကောင်ရဲ့ နာမည် မှတ်မိသေးလား…”

“ ဝမ်ဝေ့စီ….သူက ပိုက်ဆံရှိပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ မိသားစုကပဲ…”

ထိုစကား ပြောနေစဉ်၌ ဝူဖေးယွဲ့၏ အမူအရာမှာ တည်တည်ငြိမ်ငြိမ်ပင်။ ဒေသတွင်း ရန်ချိန်တွင်တော့ ဝမ်မိသားစုက အမှန်တကယ်ပင် လွှမ်းမိုးနိုင်စွမ်းရှိသော်လည်း လင်းရီနှင့် နှိုင်းယှဉ်လာလျှင်တော့ ဝမ်မိသားစုသည်ကား ဘာမျှမဟုတ်ပေ။

အကယ်၍ လင်းရီသာ ကိုင်တွယ်နိုင်မည်ဆိုပါက သူ နောက်နောင် ရန်ချိန်၌ အေးချမ်းစွာ နေထိုင်နိုင်ပေမည်။

“ ကောင်းပြီ… ကျွန်တော် သူ့နာမည်ကို မှတ်ထားမယ်…”လင်းရီ ပြောလိုက်ပြီး “ မနက်ဖြန် ဒီကိစ္စ တစ်ယောက်ယောက်ကို စုံစမ်းထားခိုင်းလိုက်မယ်…”

All Chapters