မစ္စတာလင်းရဲ့ စီးကရက် တစ်လိပ်၊ ကျိုးဟိုင် တစ်၀က်ကို ဖိနှိပ်နိုင်တယ်
Vol. 63 Ch. 944
ပြောပြီးနောက် လင်းရီ တုံ့ပြန်ရန် အခွင့်မပေးဘဲ သံတုတ်ကိုင်၍ လူအုပ်ကြီးထဲ ပြေးဝင်သွားခဲ့သည်။
ဘန်း ဘန်း ဘန်း ဘန်း….
နောက်မှ ကပ်လိုက်လာသည်ကတော့ လင်းရီ၏ အားလုံးကို တစ်ယောက်တည်း ဆော်ပလော်တီးနေသည့် မြင်ကွင်းပင်။
လက်နက်အားကိုး ပုဆိန်ရိုးလုပ်နေသူများကိုသာမက ကျွမ်းကျင်သူများကိုပင် နှစ်ချက်ထက် ပိုမရိုက်လိုက်ရပေ။
ငါးမိနစ်ကြာပြီးနောက် လင်းရီလက်ချက်ဖြင့် အားလုံး မြေပေါ် အတုံးအရုံး လဲသွားခဲ့ကြလေသည်။
သွေးတို့က နေရာအနှံ့ စီးမျှောနေပြီး ရေချိုးစင်တာ၏ မှန်တံခါးပေါ်သို့ပင် တစ်ချို့တစ်လေ ဖြန်းပက်သွားခဲ့၏။
ထိုသို့ သွေးထွက်သံယိုမြင်ကွင်းက ရေချိုးစင်တာထဲရှိ လူတိုင်းအား ရှော့ခ်ရသွားစေခဲ့သည်။ ထိုသို့သော မြင်ကွင်းမျိုးကို tv ဖန်သားပြင်ပေါ်၌ မြင်တွေ့ခဲ့ဖူးသော်လည်း အပြင်၌ လက်တွေ့တကယ်တမ်း ကြုံတွေ့ရသည်ကတော့ မတူညီသည့် ခံစားချက်မျိုးကို ရရှိစေလေသည်။ ထိတ်လန့်ပြီး ရင်ဖိုစရာ ကောင်းလွန်းလှ၏။
“ မန်…မန်နေဂျာစွန်း… ခု ဘယ်လိုလုပ်ကြမှာ…. ဒီလိုမျိုးတွေ ဖြစ်သွားပြီးမှတော့ ဆိုင်လုပ်ငန်း ဘယ်လို လုပ်ပတ်ရတော့မှာလဲ…”
“ ငါဘော့စ်လီကို သွားခေါ်လိုက်ဦးမယ်…”
ခန်းမ မန်နေဂျာမှ ကြောက်ကြောက်လန့်လန့်ဖြင့် သူ့ ဖုန်းကိုထုတ်လိုက်သည်။ သူ၏ စိတ်ပုံရိပ်အတွင်းတွင်တော့ လင်းရီ လူတိုင်းအား အညှာအတာ ကင်းမဲ့စွာ ရိုက်နှက်နေသည့် မြင်ကွင်းတို့က ထပ်ခါတလဲလဲ ဖြစ်ပေါ်နေလေသည်။
သံတုတ်ကလွဲ၍ ဘာမျှ ကိုင်ဆောင်မထားသည့်လူက အယောက် ၂၀ကျော်ကို ငါးမိနစ်အတွင်း အတုံးအရုံး မှောက်သွားစေခဲ့၏။ အကယ်၍ ကိုယ်တိုင် မျက်စိနှင့် မမြင်တွေ့ခဲ့ရပါက ပြန်ပြောလို့ပင် မည်သူမျှ ယုံနိုင်ကြလိမ့်မည် မဟုတ်ချေ။
“ ဘော့စ်…ဘော့စ်လီ… ခု တစ်ခုခု ဖြစ်သွားခဲ့တယ်… အဲ့ကောင်လေးက လူတိုင်းကို ရိုက်နှက်ပြီးတော့ ကျုပ်တို့ တံခါးကိုလည်း သွေးတွေနဲ့ ဖြန်းပက်နေပြီ…. ခု ဧည့်သည်တွေ ဆက်လက်ခံဖို့ အဆင်မပြေတော့ဘူး…”
“ သူ အားလုံးကို ရိုက်နှက်ပစ်လိုက်တယ်လား…”
ကျောက်ကွမ်းလီ ရှော့ခ်ရသွားခဲ့၏။
ဒါ သူ လုံးဝ ထင်မှတ်မထားသည့် သတင်းမျိုးပင်။
ဒီကောင်တွေ ၂၀ ယောက် ၁ယောက်တောင် အရိုက်ခံလိုက်ရတယ်လားဟ….
“ စောင့်နေ… ငါအခု ဆင်းလာနေပြီ…”
“ ဟုတ် ဟုတ် ..ကျုပ် ဒီကနေ စောင့်နေပါ့မယ်ဗျ…”
ရေချိုးစင်တာ အပြင်ဘက်တွင်တော့ လင်းရီ သူ့လက်ထဲရှိ သံတုတ်ကို ဘေးလွတ်ရာ တစ်နေရာသို့ ကောက်ပစ်လိုက်ပြီး ခါးကိုင်း၍ ဝမ်ဝေ့စီ၏ မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။
“ ပထမ… မင်း ငါ့ညီမကို ယီးတိယားတားတွေ လုပ်ခဲ့တယ်… နောက်ပြီး မင်းငါ့အစ်ကိုကြီးကိုလည်း ထောင်ထဲ ငါးနှစ်ပို့ခဲ့တယ်… ငါအခု ပြန်စဉ်းစားကြည့်လိုက်တော့ မင်း တော်တာ်လေး အံ့ဩဖို့ကောင်းတဲ့ကောင်ပဲ…”
ဝမ်ဝေ့စီ သွေးဆုတ်ဖြူလျော်သည်အထိ ထိတ်လန့်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ကလည်းတုန်ယင်နေခဲ့ကာ “ သူငါ့ကို အရင်ဓားနဲ့ထိုးတာ… ငါလည်း အဲ့ကနေ သေရာပါ ဒဏ်ရာ ရသွားခဲ့တယ်… ဒါကြောင့်မို့ မကျေနပ်လို့ သူ့ကို လက်စားပြန်ချေတာပဲ…”
“ ဒါဆို ငါ့ညီမကို မင်း ယီးတိယားတား လာလုပ်တာကြရော..”
“ ငါ… ငါ…..”
“ ပြောလေ.. ယီးမို့လို ဘာမှ ပြန်မပြောတာလားဟျောင့်…” လင်းရီ ပြောလိုက်ပြီး “ မင်း အခု ကြောက်နေတာလား.. ဒါမှမဟုတ် မင်း ပါပါးနဲ့ မာမားကို ခေါ်ပြီး ကယ်တင်ပေးဖို့ တောင်းဆိုချင်သေးလား…”
ဝမ်ဝေ့စီ လင်းရီကို ကြည့်လိုက်ပြီး “ မင်း သတ္တိရှိရင် ငါ့ကို ဖုန်းပေးခေါ်လိုက်… မဟုတ်လို့ကတော့ ငါ့ မိဘတွေ ဒီအကြောင်း သိသွားခဲ့ရင် သူတို့မင်းကို သေချာပေါက် အလွှတ်ပေးမှာ မဟုတ်ဘူး…”
လင်းရီ ပြုံးပြီး ဝမ်ဝေ့စီ၏ မျက်နှာကို ခပ်ပါးပါး ရိုက်လိုက်ကာ “ တစ်ခုခု ကြုံလာရင် အဖေအမေလောက် အားကိုးချင်နေတဲ့ မင်းတို့လိုကောင်တွေက စက်ဆုပ်ဖို့ အကောင်းဆုံးပဲ…”
လင်းရီ မတ်တပ် ပြန်ရပ်လိုက်ပြီး “ ဒါပေမယ့် ငါမင်းကို အဲ့ဒီ အခွင့်အရေး ပေးလိုက်မယ်… ပြီးတော့မှ အဲ့လိုခေါ်လို့လည်း မထူးဘူးဆိုတာ မင်းနားလည်သွားစေရမယ်…”
လင်းရီ မတ်တပ်ပြန်ရပ်ပြီးနောက် ဝမ်ဝေ့စီ သူ့ဖုန်းကို လက်ကတုန်ကယင်ဖြစ်စွာဖြင့် ထုတ်လိုက်သည်။
သို့သော်လည်း သူ ဖုန်းထုတ်နေသည့် အခိုက်အတန့်၌ ကျောက်ကွမ်းလီနှင့် တင်းဖန့်တို့ အပြင်ထွက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
ကျောက်ကွမ်းလီ၏ ထွက်ပေါ်လာမှုက ဝမ်ဝေ့စီအတွက် မျှော်လင့်ချက် အလင်းရောင်ခြည် သမ်းလာသည်နှင့် ဆင်တူသည်။
“ အစ်ကိုလီ… အစ်ကိုလီ… ကျုပ်ကို ကူညီပေးပါဦးဗျာ… သူ အကုန်လုံးကို အမှောက်သိပ်ပစ်လိုက်ပြီ….”
“ မြေနိုး နားကန်းနေအောင် အော်မနေစမ်းနဲ့…. ငါ ကူညီပေးမယ် ဟုတ်ပြီလား…”
ဝမ်မိသားစု၏ လွှမ်းမိုးမှုမျက်နှာကြောင့် ကျောက်ကွမ်းလီ သူ ဝင်ပါ ကူညီပေးသင့်သည်ဟု ခံစားနေရ၏။
“ မင်းက ဘယ်လို ကူညီပေးမှာ..” လင်းရီ နောက်လှည့်၍ ကျောက်ကွမ်းလီကို ကြည့်လိုက်ပြီး “ ဒဏ်ရာပျောက်တော့ ဘယ်လိုနာကျင်ခဲ့ရလဲဆိုတာ မေ့သွားခဲ့ပြီပေါ့…”
လင်းရီကို မြင်တော့ ကျောက်ကွမ်းလီ သရဲသဘက် မြင်လိုက်ရသကဲ့သို့ ထိတ်လန့်သွားခဲ့ပြီး ခြေထောက်နှစ်ချောင်း ညွှတ်ကျလုမတတ် ဖြစ်သွားခဲ့ကာ “ မင်း..မင်း… မစ္စတာလင်း....”
“ အံ့ဩသွားသလား…”
“ နည်း... နည်းနည်းပေါ့…”
တရားခံက လင်းရီ ဖြစ်နေသည်ကို သိတော့ ကျောက်ကွမ်းလီ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး “ တကယ်လို့ ဒါသာ မစ္စတာလင်းရဲ့ ကိစ္စမှန်း ကျုပ်သိရင် စောစောကတည်းက လာပြီး ကူညီပေးတာပေါ့.. မစ္စတာလင်း ဘာမှလုပ်စရာတောင် မလိုဘူး…”
ပြောပြီးနောက် ကျောက်ကွမ်းလီ အင်ပါယာ စီးကရက်ဘူးအား ထုတ်လိုက်ပြီး “ မစ္စတာလင်း…. တစ်လိပ်လောက်ဆွဲပါဦးလား…”
“ ငါ ဖြတ်ထားတယ်…”
“ အာဟား…. ကျုပ် ရိုင်းပြမိသလို ဖြစ်သွားတယ်…” ကျောက်ကွမ်းလီ ကိုးရို့ကားယား ဖြစ်စွာဖြင့် ဆေးလိပ်ဘူးကို ပြန်သိမ်းလိုက်၏။
“ ဟယ်လို မစ္စတာလင်း…ကျုပ်က ကျိုးဟိုင် တင်းရှင်း စက်မှုဇုန်က တင်းဖန့်ပါ….. ကျုပ် မစ္စတာလင်းအကြောင်းတွေ အများကြီး ကြားဖူးပါတယ်…”
လင်းရီ တင်းဖန့်ကို တစ်ချက်ကြည့်လိုက်ပြီး “ ငါ့ကို သိနေတယ်လား…”
၎င်းကို မြင်တော့ ကျောက်ကွမ်းလီ ကြက်သေသေသွားခဲ့တော့သည်။ တင်းဖန့် လင်းရီကို သိနေလိမ့်မည်လို့ သူ မျှော်လင့်မထားခဲ့ပေ။
ထို့ပြင် သူ၏ လေသံကလည်း ရိုကျိုးလေးစားမှုတို့နှင့် ပြည့်နှက်နေလေသည်။
“ မစ္စတာလင်းကလည်း ဘယ်လိုတွေတောင် မေးနေတာ.. ကျုပ် မိဘအရင်း ဘယ်သူဆိုတာ ကျုပ်မသိရင်တောင် မစ္စတာလင်းကိုတော့ သိမှဖြစ်မှာ...”
“ အဲ့လောက်ကြီးလည်း ချဲ့ကားမနေစမ်းနဲ့ကွာ… မသိတဲ့လူဆို မင်းလေသံနားထောင်ပြီး ငါ့ကို လူမိုက်ခေါင်းကြီးယောင်ယောင် ထင်သွားပါဦးမယ်..”
ပြောပြီးနောက် လင်းရီ ကျောက်ကွမ်းလီကို ကြည့်လိုက်ပြီး “ မင်း ဒီကောင့်ကိုသိလား.. သူ့ မိဘတွေက ဘာလဲလုပ်တာ…”
“ သူ့အဖေက ယွမ် နှစ်ဘီလီယမ်တန်တဲ့ ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားတယ်… သူ့အမေကျတော့ အစိုးရရုံးမှာ ရာထူးကြီးတဲ့ နေရာတစ်နေရာ ရထားတဲ့သူပေါ့…”
လင်းရီ ပြုံးလိုက်ပြီး “ ယွမ်နှစ်ဘီလီယမ်ပိုင်တဲ့ အဖေရယ်… အထက်တန်းအရာရှိ အမေတစ်ယောက် ရှိတာနဲ့ပဲ ဒီကောင်က ရန်ချိန်မှာ မြောက်ကြွမြောက်ကြွ လုပ်ရဲနေတယ်ပေါ့…”
“ သူတို့လို ကလေးတွေက အလိုလိုက်ခံထားရတော့ ကမ္ဘာကြီးက ဘာလဲ ဆိုတာ မသိကြသေးဘူးလေ…”
ကျောက်ကွမ်းလီလည်း ဖောရှောရိုက်လိုက်၏။
လင်းရီ တဂတ်ဂတ်တုန်အောင် ကြောက်နေသည့် ဝမ်ဝေ့စီကို စိတ်ပျက်စွာ ကြည့်လိုက်ရင်း “ မင်း ကိုယ့်ကိုယ်ကို ပြန်ကြည့်စမ်း… မင်း ဘယ်လောက်တောင် သူရဲဘောကြောင်နေလိုက်လဲ… ဒါပေမယ့် စိတ်ချ .. ငါမင်းကို မင်းမိဘတွေခေါ်ဖို့ အခွင့်အရေး ပေးလိုက်မယ်…”
“ ငါခုလက်ရှိ လန်ထျန်း မိဘမဲ့ဂေဟာမှာ နေတယ်… မနက်ဖြန် မင်းငါ့ကို အဲ့မှာ လာရှာလို့ရတယ်… ဒါမေပယ့် မင်း အဖေရဲ့ ယွမ် နှစ်ဘီလီယမ်ကြီးနဲ့ မင်းအမေရဲ့ ရာထူးက အဲ့အချိန်ထိ တည်မြဲနေပါ့မလားတော့ ငါမပြောတတ်ဘူး…”
ပြောပြီးနောက် လင်းရီနှင့် ဝူဖေးယွဲ့တို့ ကားထဲဝင်ကာ ထွက်ခွာသွားခဲ့ကြသည်။
“ တင်းကြီး.. မင်းလည်း မစ္စတာလင်းကို သိနေတယ်ပေါ့…”
လင်းရီ ထွက်ခွာသွားခဲ့ပြီးနောက် ကျောက်ကွမ်းလီမှ အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။
“ ငါနေတာ ကျိုးဟိုင်မှာလေ… ဘယ်လိုလုပ်ပြီး သူ့ကို မသိပဲနေမှာ…” တင်းဖန့်ပြောလိုက်ပြီး “ ဒါနဲ့ မစ္စတာလင်းကလည်း သူနေတာ ကျိုးဟိုင်မှာပါ… ပုံမှန်ဆို မြို့နှစ်ခုက သူတို့ စောက်လုပ်သူတို့လုပ်နေကြတာကို မင်းက ဘယ်လိုလုပ်ပြီး မစ္စတာလင်းနဲ့ သိနေပြန်တာ…”
ကျောက်ကွမ်းလီ သက်ပြင်းချလိုက်ပြီး မွေးနေ့ပွဲ၌ ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် စမြုံ့ပြန်လိုက်၏။ အကြောင်းစုံ သိရှိသွားခဲ့ပြီးနောက် တင်းဖန့် ရှော့ခ်ရသွားခဲ့လေသည်။
“ မင်းမွေးစားအဖေကို မစ္စတာလင်း ဘာမှ မလုပ်သွားတာပဲ ကျေးဇူးတင်သင့်တယ်…”
“ အတည်ကြီးလား…” ကျောက်ကွမ်းလိ ပြောလိုက်ပြီး” ဘာလို့ အဲ့လိုမျိုး ပြောတာ… သူက ကျိုးဟိုင်မှာ ဘယ်လောက်တောင် အင်အားကြီးမားနေလို့..”
“မင်း ကျိုးဟိုင်က ဝမ်မာဇီဆိုတာ သိတယ်မလား… ရှေ့ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်တုန်းကမာစတာဝူကို ကျိုးဟိုင်ကနေ နောက်ဆုတ်သွားစေခဲ့တဲ့သူလေ…”
“ အင်း… “ ကျောက်ကွမ်းလီ ပြောလိုက်ပြီး “ ဝမ်မာဇီက မဆင်မခြင် နိုင်လွန်းတယ်… ခွန်အားအရဆိုရင်တော့ သူက တကယ်ကြီး ငါ့မွေးစားအဖေထက် သာလွန်နေတာတော့ အမှန်ပဲ…”
“ ဒါဆို မင်းကို တစ်ခု ပြောပြမယ်… ဝမ်မာဇီလက်အောက်မှာ စစ်သူကြီးနှစ်ဦးလို့ တင်စားရတဲ့လူနှစ်ယောက်ထဲ တစ်ယောက်က မစ္စတာလင်းရဲ့ ဓားထိုးခံရပြီး ဆေးရုံရောက်သွားတယ်… နောက်တစ်ယောက်ကျတော့ ဒုက္ခိတ ဖြစ်သွားခဲ့တယ်… နောက်ဆုံး ဝမ်မာဇီကိုယ်တိုင်လည်း မစ္စတာလင်း လက်ချက်နဲ့ ထောင်ကျသွားခဲ့တာပဲ…”
“ ဟုတ်လို့လားဟ… သတင်းတွေထဲ ပြောတာတော့ မြူနီစီပယ် အစိုးရနဲ့ ရဲတပ်ဖွဲ့က ပူးပေါင်းပြီး ဝမ်မာဇီရဲ့ ဒုစရိုက်တွေကို ဖော်ထုတ်လိုက်တာကြောင့်ဆို..”
“ အကုန် သတင်းအတုတွေ… အမှန်က မြူနီစီပယ်အစိုးရနဲ့ ရဲတပ်ဖွဲ့က မစ္စတာလင်းကြောင့် လှုပ်ရှားလာခဲ့တာကွ…” တင်းဖန့် မနာလို ဖြစ်စွာပြောလိုက်ပြီး “ ဝမ်မာဇီရဲ့လူတွေကို မသေမရှင်ဖြစ်အောင် လုပ်ခဲ့တာတောင်မှ ဘာအကျိုးဆက်မှ မခံစားရတဲ့အပြင် ဝမ်မာဇီကိုပါ ထောင်ထဲ ပို့လိုက်တယ်ဆိုတော့ မစ္စတာလင်း ဘယ်လောက်တောင် လွှမ်းမိုးမှုရှိနေလဲ မင်းကိုယ့်ဘာကိုယ် စဉ်းစားကြည့်တော့…”
တွေးကြည့်ပြီးနောက် ကျောက်ကွမ်းလီ ကျောစိမ့်သွားခဲ့၏။ ထိုသို့ဆိုပါက လင်းရီမှာ မွေးနေ့ပွဲနေ့တုန်းက တော်တော်လေး သက်ညှာခဲ့သည့်ပုံပင်။
သူ့မွေးစားအဖေမှာ ရန်ချိန်၌ ကောင်းကင်ကြီးကို လက်ဝါးတစ်ဖက်ဖြင့် ပြောင်းပြန်လှန်နိုင်သော်လည်း အဆိုပါ လူပုဂ္ဂိုလ်နှင့် နှိုင်းယှဉ်ပါက ဘာမျှ မဟုတ်တော့ပေ။
“ ငါတော့ တကယ့် ဒိတ်ဒိတ်ကျဲကြီးနဲ့ ဆုံခဲ့ရတာပဲ…. ကျေကျေနပ်နပ်ကြီး အရှုံးပေးပါတယ်…” ကျောက်ကွမ်းလီ ပြောလိုက်သည်။
“ မစ္စတာလင်းလို လူမျိုးနဲ့ ရင်ဆိုင်ရရင်တော့ မင်း ရွေးချယ်စရာ ရှိမှာ မဟုတ်ဘူး… ကိုယ့်ကြမ္မာကိုယ် လက်ခံလိုက်တာ အကောင်းဆုံးပဲ…” တင်းဖန့် ပြောလိုက်ပြီး “ ပြီးတော့ ငါပြောပြမယ်… မစ္စတာလင်းက စီးကရက် ဖြတ်ထားတာမဟုတ်ဘူးကွ.. သာမန်လူတွေ တိုက်တဲ့ စီးကရက်ကိုပဲ မသောက်တာ…”
“ ဆိုတော့ ငါ့ရဲ့ အဆင့်အတန်းက လုံလောက်အောင် မကောင်းသေးဘူးဆိုတဲ့ သဘောပေါ့…”
“ ဒါပေါ့ဟ… " တင်းဖန့် တုံ့ပြန်လိုက်ပြီး “ မစ္စတာလင်းကို စီးကရက် တိုက်နိုင်ရင်ကိုပဲ မင်း.. ကျိုးဟိုင် တစ်၀က်လောက်က လူတွေကို ဖိနှိပ်လို့ရနေပြီ... သူ ဘယ်လောက်ထိ အင်အားကြီးမားလဲ မင်းစဉ်းစားတာကြည့်တော့…”