မြှူဆွယ်ဖျားယောင်း
Vol. 63 Ch. 945
“ သူ….သူက ကျိုးဟိုင်မှာ အဲ့လောက်တောင် အင်အားကြီးမားနေတယ်ပေါ့…”
“ ဆိုတာထက်တောင် ပိုဦးမယ်…” တင်းဖန့် ပြောလိုက်ပြီး “ ပြီးတော့ မစ္စတာလင်းနဲ့ ပတ်သက်ပြီး ဘာက အံ့အားသင့်ဖို့ အကောင်းဆုံးလဲ သိလား…”
“ ဘာလဲ..”
“ သူ့ရဲ့ အဆက်အသွယ်က အံ့အားသင့်ဖို့ကောင်းနေတာတောင် သူတစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းတာကများတယ်…”တင်းဖန့် ပြောလိုက်ပြီး “ နောက်ပြီး… သူက ငါတို့လိုမျိုးလဲ မဟုတ်ဘူး.. ငါတို့ကောင်တွေ ရန်ဖြစ်ပြီဆို ဟိုလူ့လိုက်စု ဒီလူ့လိုက်စုနဲ့ လူတစ်ဒါဇင်ကျော်လောက် ခေါ်တယ်မလား… ဒါပေမယ့် သူကျ တစ်ဖက်က ဘယ်လောက်နေနေ အမြဲတမ်း တစ်ကိုယ်တော်ပဲ… ခု ငါတို့ရှေ့ မှောက်နေတဲ့ကောင်တွေ ကံကောင်းသွားတယ် ပြောရမယ်… တကယ်လို့ မစ္စတာလင်း လက်ထဲ ဓားသာ ရောက်သွားခဲ့လို့ကတော့ ဘယ်နှလောင်းပြိုင် ဖြစ်သွားမလဲ မပြောတတ်တော့ဘူး… မဟုတ်ရင်တောင် ခုချိန် အရေးပေါ်ကားတွေ ပျာပန်းခတ်နေရလောက်ပြီ….”
ကျောက်ကွမ်းလီ တစ်ကိုယ်လုံး ကြက်သီး အဖြန်းဖြန်း ထသွားခဲ့တော့၏။
“ ကုန်ကုန်ပြောရရင် မင်း အဲ့လိုလူစားမျိုးနဲ့ သွားမရှုပ်သင့်ဘူး.. သူ မင်းရဲ့ မွေးစားအဖေကို သက်ညှာပေးသွားတာ ကျေးဇူးတင်ရမယ်… သူ ရန်ချိန်မှာ ရှိနေတုန်း မင်း ခဏတစ်ဖြုတ်လောက် သွားလည်ပေးလိုက်…သူက တကယ့် ဆရာကြီးကွ… မင်းသူ့ကို ဘာအကူအညီမှ မပေးနိုင်ဘူးဆိုရင်တောင် သူနဲ့ ရင်းနှီးထားလို့ အကျိုးမယုတ်သွားဘူး…”
“ အင်း… ဒါကတော့ လုံးဝ လုပ်ကိုလုပ်သင့်တဲ့ကိစ္စပဲ…”
ထို့သို့ပြောပြီးနောက် ကျောက်ကွမ်းလီ ဝမ်ဝေ့စီနှင့် ကျန်သူများအား ကြည့်လိုက်ပြီး “ မင်းတို့လာခဲ့တဲ့ နေရာကို လစ်ကြတော့..”
လင်းရီ၏ နောက်ခံကို သိရှိပြီးနောက် ကျောက်ကွမ်းလီ ဝမ်ဝေ့စီနှင့် ကျန်သူများအား ဂရုစိုက်လိုစိတ် မရှိတော့ချေ။အရေးကြီးသည့် ကိစ္စရပ်များအား အရင်ကိုင်တွယ်သည်က ပိုကောင်းလေသည်။
ထိုစဉ် ဝမ်ဝေ့စီနှင့် ကျန်သူများက အလွန်အမင်း အံ့ဩဘနန်း ဖြစ်နေကြကာ မျက်ဝန်းကြီးများ ပြူးကျယ်နေပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြတော့၏။ အချိန်အတော်ကြာသည်ထိအောင် ဆွံ့အနေမိကြတော့သည်။
သူတို့နှင့် ရန်ဖြစ်ခဲ့သည့်လူ၌ ထိုမျှ အံ့အားသင့်ဖို့ကောင်းသည့် နောက်ခံပါဝါများ ရှိနေလိမ့်မည်လို့ သူတို့ အိပ်မက်ထဲတွင် ထည့်မမက်ခဲ့ဖူးချေ။
ကျောက်ကွမ်းလီ ထွက်ခွာသွားသည်ကို မြင်တော့ ဝမ်ဝေ့စီနှင့် သူ့သူငယ်ချင်းတို့ ရင်ဘက်ကိုယ်စီဖိထားရင်း ထော့နဲ့ထော့နဲ့ မတ်တပ်ရပ်ကာ “ အစ်ကိုဝမ် … ကျုပ်တို့ ခု ဘယ်လိုလုပ်ကြမှာ… အဲ့လူကြည့်ရတာ တော်တော်လေး အာဏာရှိတဲ့ပုံပဲ… ကျုပ်တို့တော့ ကျောက်တုံး ကြက်ဥနဲ့ ပေါက်မိပြီတူတယ်…”
“ ငါသိတယ်…” ဝမ်ဝေ့စီ ပြောလိုက်၏။ သို့သော်လည်း သူ၏ အသံက မသိမသာ တုန်ခါနေကာ “ ဒီကိစ္စ မေ့လိုက်ကြစို့ကွာ… မင်းတို့လည်း ရေငုံနှုတ်ပိတ်ထားကြ.. ဒီကိစ္စ ဘယ်တော့မှ ပြန်အစမဖော်နဲ့တော့…”
“ ဒါပေမယ် မဟုတ်သေးဘူးလေ… အဲ့သူက ဒီလောက်ထိ နောက်ခံ ကြီးမားနေမှတော့ တကယ်လို့ သိုသိုသိပ်သိပ်နဲ့ ဒုက္ခပေးလာခဲ့ရင် ကျုပ်တို့မိဘတွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်မလာနိုင်ဘူးလား…”
ဝမ်ဝေ့စီ မျက်မှောင်ကြုတ်လိုက်ပြီး “ မင်းတို့ အဲ့ကိစ္စ စိတ်ပူနေစရာ မလိုပါဘူး.. သူက ကျိုးဟိုင်က… ဒီတော့ ရန်ချိန်မှာ လွှမ်းမိုးမှုရှိမှာ မဟုတ်ဘူး..”
“ သေချာလို့လား…”
“ ဆိုပါတော့..” ဝမ်ဝေ့စီ လေထွက်နေသည့် အသံဖြင့် ပြောလိုက်ပြီး “ တော်ကွာ… ဘာမှဆက်မပြောနဲ့… ဆေးရုံအရင်သွားကြမယ်…ငါယီး ဒီတိုင်းဆက်နေရင် အသုဘဖိတ်စာ ကြိုရိုက်ထားရုံပဲ…”
“ ဟုတ်တယ် ဟုတ်တယ်…”
………………….
ရေချိုးစင်တာမှ ထွက်လာပြီးနောက် လင်းရီတို့နှစ်ယောက် ကောင်းမည်ထင်သည့် ဆံပင်ညှပ်ဆိုင် တစ်ဆိုင်ထဲ ဝင်သွားခဲ့ကြသည်။
ဝူဖေးယွဲ့၏ ဆံပင်ပုံစံအသစ်နှင့် ခန်းညားနေသည့် မျက်နှာသွင်ပြင်ကို မြင်တော့ လင်းရီပင် ကတုံးပေါက်ကေ ညှပ်လိုစိတ်တို့ ပြင်းပြလာခဲ့တော့၏။
သို့သော်လည်း ကျီချင်းရန်ကို မေးကြည့်ပြီးနောက် သူ၏ အကြံမှာ ချက်ချင်းလက်ငင်း ငြင်းချခံလိုက်ရသည်။ထို့ပြင် သူမ၏ ရပ်တည်မှုက ခိုင်မာမြဲမြံသည်။ လင်းရီ၏ အတွေးများကို အမြစ်မှ ခုတ်ဖြတ်ပေးလိုက်၏။ သို့သော် လင်းရီ အလျှော့မပေး။ သူ အခြားသော မိန်းကလေးများဖြစ်သည့် လျန်ရူရွှယ်၊ လီချူးဟန်နှင့် ဝမ်ရင်းတို့အား မေးလိုက်သည်။
ကျီချင်းရန်နည်းတူ လျန်ရူရွှယ်နှင့် ဝမ်ရင်းတို့လည်း အဆိုပါ အကြံဉာဏ်ကို ပြတ်ပြတ်သားသား ငြင်းဆန်လာကြ၏။ လီချူးဟန် တစ်ဦးတည်းကသာလျှင် သူ၏ အကြံကို အားပေးလေသည်။
သို့သော်လည်း သူ၏ ကျိုးဟိုင်သို့ အပြန်ခရီး စိတ်ချလုံခြုံရေးအတွက် လင်းရီ ကတုံးပေါက်ကေ ညှပ်မည့် အကြံအား စွန့်လွှတ်လိုက်လေတော့သည်။
ဆံပင်ညှပ်ပြီးနောက် နှစ်ယောက်သား ဂေဟာသို့ ပြန်လာခဲ့ကြသည်။
နောက်တစ်နေ့ နံနက်တွင်တော့ ကော်နင်ယွဲ့မှ လင်းရီ၏ စောင်ကို လာလှပ်ပြန်သည်။
“ ကလေးမ… မင်းဒီနေ့လည်း အလုပ်မသွားပြန်ဘူးလား… ငါ့အေးဆေးပေးအိပ်စမ်းကွာ…”
“ မေမေက အစ်ကို့ကို နှိုးခိုင်းလိုက်လို့…”
“ ပြောတော့ ဘာမှ လုပ်စရာမရှိဘူးဆို… ငါ့ကိုနှိုးပြီး ဘာလဲလုပ်မှာ..”
“ မေမေပြောတာ ဒီနေ့က အစ်ကိုကြီးရဲ့ ပထမဆုံး ဘလိုင်းဒိတ်လုပ်မယ့်နေ့တဲ့…. အစ်ကို့ကို ကူပြီး တစ်ချက် ကြည့်ပေးလိုက်ဦးတဲ့…”
“ အဲ့တာ သူတို့ကိစ္စလေ… ငါက ဝင်ပါပြီး ဘာလုပ်ရမှာ…”
“ မေမေပြောတာ အစ်ကိုက အတွေ့အကြုံများတယ်တဲ့… ဒါကြောင့်မို့ အစ်ကို့ကို သွားခိုင်းတာ…” ကော်နင်ယွဲ့ ပြောလိုက်ပြီး စူပုပ်နေသည့် မျက်နှာထားဖြင့် “ ဝမ်းသာလိုက်စမ်းပါ… ညီမဆို ဒီလောက် ကူညီပေးချင်နေတာတောင် မေမေက မသွားခိုင်းလို့…”
“ မင်းလျှာဝင်ရှည်နေမှာ ကြောက်လို့နေမှာပေါ့…”
“ မဟုတ်ပါဘူး..” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ မေမေက ညီမကို အဲ့လို အသေးမွှား ကိစ္စလေးတွေထဲ ဝင်ပါစရာ မလိုဘူးလို့ ထင်တယ်လေ… ဒါကြောင့် အစ်ကိုကြီးကို လွှတ်လိုက်တာ…”
“ ရှီး… ကိုယ့်အတွေးနဲ့ကိုယ်တော့ ဟုတ်နေတာပဲ…”
“ အိုး… စကားများမနေနဲ့တော့…. မေမေပြောနေပြီ မြန်မြန်ထလာတော့တဲ့…”
“ အေးပါ အေးပါ ငါ့ကိုမလောစမ်းနဲ့… လောရင် ဘာအရင်လုပ်ရမှန်းကို မသိတော့ဘူး..”
“ ဟီးဟီး…ပြီးတာပဲလေ…”
သမ်းဝေလိုက်ပြီးနောက် လင်းရီ အိပ်ရာထ၍ မျက်နှာသစ်သွားတိုက်ကာ အောက်ထပ်သို့ဆင်း မနက်စာစားလေသည်။
“ ရီလေး… သားငယ်… ခဏနေ နင့်အစ်ကို ကြင်ဖက်တွေ့ရင် သူ့ကို ကူပြီး ကြည့်ပေးလိုက်ဦး..”
“ အစ်ကိုကြီး သူ့စိတ်တိုင်းကျ ဆုံးဖြတ်ပါစေ အမေရာ…ကျွန်တော့်ကို မလိုပါဘူး…”
အကယ်၍ ကော်နင်ယွဲ့ ဒိတ်လုပ်မည်ဆိုလျှင်တော့ လင်းရီ သေချာလေး အာရုံစိုက်ကောင်း စိုက်နိုင်သော်လည်း ဝူဖေးယွဲ့ ဖြစ်နေသောကြောင့် မတူညီသည့် ကိစ္စ ဖြစ်သွားခဲ့၏။
ဝူဖေးယွဲ့သည်က သူ၏ အစ်ကိုကြီးဖြစ်ပြီး ထို့ကြောင့် ဘာလုပ်ပါ ညာလုပ်ပါ လက်ညိုးထိုးလို့ မကောင်းမွန်ချေ။
“ မင်း အဲ့လို မပြောစမ်းပါနဲ့… ငါ ရှေ့နှစ်တွေတုန်းကတည်းက လူအသိုင်းအဝိုင်းထဲ မရောက်ဖြစ်တာ တော်တော်လေး ကြာနေပြီ… ခု လူကောင်း လူဆိုး ခွဲပြီးတောင် မကြည့်တတ်တော့ဘူး..”
“ အိုကေ အိုကေ.. ကျွန်တော် အကောင်းဆုံး ကြိုးစားပေးပါ့မယ် နှစ်ယောက်စလုံး ဟုတ်ပြီလား…”
……………….
နံနက်ဆယ်နာရီထိုးသည့် အချိန်၌ အဖြူရောင် ဆာဂီတာ ကားတစ်စင်းမှာ လန်ထျန်းဂေဟာသို့ ဦးတည်၍ လာနေသည်။
မောင်းလာနေသူကတော့ အနည်းငယ် ရင့်ကျက်သည့် အသွင်ရှိပြီး လှိုင်းတွန့်ကဲ့သို့ ဆံပင်ပုံစံနှင့် အမျိုးသမီး တစ်ဦးဖြစ်၏။ သူမက သားမွေးထည် ကြပ်ကြပ်ကို ဝတ်ဆင်ထားပြီး အမျိုးသမီးတို့၏ ဂုဏ်ယူဖွယ်ရာ နေရာများကို လှပစွာ ဖော်ပြနေသည်။
မှင်တက်လောက်စရာ အလှပိုင်ရှင် မဟုတ်သော်ငြား ကိုယ်လုံးကိုယ်ပေါက်ကတော့ တော်တော်လေးကို ဆွဲဆောင်မှု ရှိနေသည်။
အမျိုးသမီး၏ နာမည်မှာ ပိုင်ကျင်းဖြစ်ပြီး သူမက ယနေ့ ဝူဖေးယွဲ့နှင့် ဘလိုင်းဒိတ် လုပ်မည့်သူပင်။
ကားထဲရှိ သက်လတ်ပိုင်း စုံတွဲကတော့ ပိုင်ကျင်း၏ မိဘများဖြစ်သည့် ပိုင်ရုံကျွင်းနှင့် ကျောက်လီတို့ ဖြစ်ကြ၏။
“ သမီး… အမေနင့်ကို ပြောမယ်… နင် ဒီနေ့ တွေ့မယ့်လူကို အမိဖမ်းမှ ဖြစ်မှာနော်… ဘာတစ်ခုမှ လွဲချော်သွားလို့ မဖြစ်ဘူး…” ကျောက်လီ ပြောလိုက်၏။
“ အမေ… သမီး အဲ့လူဓာတ်ပုံကို ကြည့်ပြီးသွားပြီ… သူက ကြည့်လို့လည်း မကောင်းဘူး… ပြီးတော့ အလုပ်လက်မဲ့နဲ့…. အရေးကြီးဆုံးက မိဘမဲ့ဂေဟာက ဖြစ်နေတာပဲ…” ပိုင်ကျင်းပြောလိုက်ပြီး “ သမီးက တစ်ကိုယ်တည်း စင်ဂယ်ဆိုရင်တောင် ကမ္ဘာ့ထိပ်တန်း အဆင့် ငါးရာထဲ ဝင်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်နိုင်တယ်… သွားရင်တောင်မှ စတားဘက်ခ်နဲ့ ဝမ်တ ပလာဇာလို နေရာမျိုးတွေပဲ သွားတာ…အမေတို့ နှစ်ယောက်လုံး ဘယ်လိုများ စဉ်းစားလိုက်ကြလို့ သူ့ကို သမီးနဲ့တန်တယ်လို့ ထင်နေကြတာ… တကယ်လို့ သမီးကိုသာ ကြိုပြောခဲ့ရင် သမီး လာတောင် မလာဘူး…”
“ အမြင်ကျဉ်းလိုက်တဲ့ အမိုက်မဲလေး..” ကျောက်လီ ပြောလိုက်ပြီး “ အဲ့ဒီ ဝူဖေးယွဲ့ ဆိုတဲ့သူက အထင်ကြီးစရာ မကောင်းပေမယ့် အငယ်ဖြစ်တဲ့ သူ့ညီကတော့ အရမ်း အထင်ကြီးဖို့ ကောင်းတယ်… အမေကြားတာ အခု ကိုယ်ပိုင် ကုမ္ပဏီ ထောင်ပြီး အရမ်းလည်း ချမ်းသာနေပြီတဲ့… ဂေဟာတစ်ခုလုံးကိုတောင် သူ့ပိုက်ဆံတွေနဲ့ ထောက်ပံ့ပေးထားပါတယ်ဆိုနေ….”
“ တကယ်…. သူတို့ ဂေဟာက လုံးဝမသေးဘူးနော်… တစ်နှစ် တစ်နှစ်ဆို အနည်းဆုံး ယွမ် သိန်းနဲ့ချီကို ကုန်ကျလောက်မှာ…”
“ အဲ့တာထက်ကို ပိုတာပေါ့… ခု ဂေဟာရဲ့ အခြေအနေက နင်ထင်ထားတာထက်ကို ပိုကောင်းနေပြီ…”ကျောက်လီပြောလိုက်ပြီး “ အရေးကြီးဆုံးက ခု ဂေဟာက အစိုးရရဲ့ ပရောဂျက် ဧရိယာထဲ ပါနေတာ… သူတို့ ရွေ့ပေးဖို့ ပို့နင့်နေတဲ့ ငွေတွေ သေချာပေါက် ရမှာပဲ… သူနဲ့ လက်တွဲလိုက်ရင် သမီးအတွက်လည်း အကျိုးအမြတ်ရလိမ့်မယ်…”
“ နောက်ပြီး သူ့ညီလေးက အရမ်းချမ်းသာတယ်ဆိုတော့ နင်တို့ နှစ်ယောက် လက်ထပ်သွားခဲ့ရင် သူ့ဘက်က အိမ်နဲ့ကားကို သေချာပေါက် လက်ဆောင်မပေးဘဲ နေမလား…”
“ နင့်အမေပြောတာ မှန်တယ်… ဒါပေမယ့် အိမ်ကိုတော့ ကျိုးဟိုင်မှာပဲ ဝယ်သင့်တယ်.. အဲ့က မြေတွေက တန်ဖိုးလည်း ကြီးတယ်… ပြီးတော့ သူ့ညီရဲ့ကုမ္ပဏီက ကျိုးဟိုင်မှာဆိုတော့ နင့်ကိုလည်း ကောင်းကောင်းပံ့ပိုးပေးလို့ရတယ်… အဲ့လိုဆို ငွေရေးကြေးရေး စိတ်ပူနေစရာ မလိုတော့ဘူး…”
ပြောလိုက်သူကတော့ ခရီးသည်ထိုင်ခုံ၌ နောက်မှီ၍ မျက်လွှာချရင်း အနားယူနေသည့် ပိုင်ရုံကျွင်းပင်။ သူ၏ အနီးတစ်ဝိုက်တွင်တော့ လူမိုက်လိုလို အရှိန်အဝါများ ပျံ့လွင့်နေလေသည်။
“ အမေတို့ ပြောသလိုဆို သူနဲ့ ဘာလို့ လက်ထပ်နေတော့မှာ… သူ့ညီကိုပဲ အပိုင်ဖမ်းလိုက်တော့မှာပေါ့..”
“ အဲ့လိုလုပ်လို့ရရင်တော့ ကောင်းတာပေါ့..” ကျောက်လီပြောလိုက်ပြီး “ ဒါပေမယ့် သူ့ညီက လက်တွဲဖော် ရှိထားနှင့်နေပြီ.. ဒါကြောင့်အမေတို့လည်း နင့်အတွက် ဒုတိယအကောင်းဆုံး ဖြစ်မယ့် သူ့အစ်ကိုနဲ့ မိတ်ဆက်ပေးရတာပဲ… အချိန်ကျလာရင် ငါ့သမီး နင် ငွေပုံပေါ် အေးဆေးထိုင်ပြီး သာသာယာယာ အသက်ကြီးသွားရုံပဲ.. အဲ့ခါကျ နင့်အမေလည်း အလုပ်လုပ်စရာ မလိုတော့ဘူးပေါ့… “
ပိုင်ကျင်း မျက်လုံလှိမ့်လိုက်ပြီး အတွင်းစိတ်ထဲတွင်တော့ ‘ ကောင်မလေး ရှိနေတော့ရော ဘာဖြစ်လဲ…. အဓိကက အဓိကပဲ မဟုတ်ဘူးလား…’
စာစဉ် (၆၃ )ပြီး၏။