← Chapters

မူကို သတ်မည့် သိုင်းကွက်တစ်ရာ

Vol. 72 Ch. 935

မူကို သတ်မည့် သိုင်းကွက်တစ်ရာ

Vol. 72 Ch. 935

“ဒါနဲ့ဆို ကောင်းကင်နတ်အရှင်ဟောင် ငါ့ကို သတ်တာ ၂၆ ကြိမ် ရှိပြီ”

ချင်မူက အေးအေးဆေးဆေး ရေနွေးကြမ်း သောက်နေသည်။ ကောင်းကင်နတ်အရှင်ဟောင်၏ သိုင်းကွက်များကြောင့် သူ့တွင် နာကျင်မှုအနည်းငယ် ဖြစ်ပေါ်လာသော်လည်း ရေနွေးခွက် ပြန်ချကာ ပြောနေသည်။ “ခင်ဗျား ကျွန်တော့်ကို သတ်ခဲ့တဲ့ ၂၆ ကြိမ်လုံးမှာ ကောင်းကင်နတ်သိုင်းတွေ မထပ်ခဲ့ဘူး… သိပ်အထင်ကြီးစရာကောင်းတာပဲ....

“ငါ ကောင်းကင်နတ်ဘုံကို ရောက်လာကတည်းက အလုပ်တွေများနေတာ.... ဒီမှာ ဘာလက်ဖက်ခြောက်တွေ ကောင်းလဲမသိဘူး.... ကောင်းကင်နတ်ဘုံက အာဏာရှင်တော်၀င်မင်းမျိုးနွယ်တွေ စုဝေးနေတဲ့နေရာဆိုတော့ ဒီက လက်ဖက်ခြောက်တွေက အောက်ဘုံထက် အများကြီးပိုကောင်းလောက်ပါတယ်..”

သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်။လက်ဖက်ခြောက်များ ၀ယ်၍ အောက်ဘုံသို့ ယူသွားကာ သူ့မိတ်ဆွေအပေါင်းအသင်းများဆီသို့ လက်ဆောင်ပေးချင်လာ၏။ ဤအခိုက်အတန့်တွင် ကောာင်းကင်နတ်အရှင်ဟောင်က ပုံရိပ်ယောင်ထဲ၌ သူ့အား ထပ်သတ်လိုက်ပြန်သည်။

“ကောင်းကင်နတ်ဘုံရဲ့ လက်ရှိငွေကြေးစနစ်က ဘာများပါလိမ့်.... ငါ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ တဖုန်းကြေးပြားတွေနဲ့ ဘာမှမဝယ်နိုင်တာတော့ သေချာတယ်” ချင်မူမှာ ဟူလင်းအာနှင့် စစ်ယွင်ရှန်းကို သတိရလာမိသည်။

သူတို့သာ ဤနေရာတွင် ရှိလျှင် ငွေရေးကြေးရေးအတွက် စိတ်ပူစရာ လိုမည်မဟုတ်ချေ။ “မကြာခင်တော့ ကောင်းကင်နတ်ဧကရီ စွမ်းအင်အကူးပြောင်းတံတားကို တည်ဆောက်ပြီး ကမ္ဘာဦးဘုံနဲ့ ကောင်းကင်နတ်ဘုံကြားမှာ လမ်းဖွင့်လိမ့်မယ်.... အဲ့ကျရင် ငါ ချမ်းသာပြီ” သူက တရားထိုင်၍ မျက်လုံးများ ပိတ်လိုက်သည်။

“ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ လက်ချက်နဲ့ ငါ သေခဲ့ရတာ ၅၁ ကြိမ်ရှိပြီ.... သူ့ရဲ့ကောင်းကင်နတ်သိုင်း ၅၁ ခုလုံးကလည်း တစ်ခုမှ မထပ်ဘူး... အင်မတန် အထင်ကြီးစရာကောင်းတယ်... ငါ့ကောင်းကင်နတ်သိုင်းတွေနဲ့ ကျင့်စဉ်တွေမှာ ဟာကွက်တွေ ဒီလောက်အများကြီး ရှိနေမယ် မထင်ထားခဲ့ဘူး” ကောင်းကင်နတ်အရှင်ဟောင်အပေါ် သူ ပို၍ လေးစားလာမိ၏။

အပြင်လူ၏ရှုထောင့်မှ ကြည့်လျှင် ကွက်ကွက်ကွင်းကွင်း မြင်ရသော်လည်း မိမိကိုယ်တိုင်အတွက်မူ မိမိ၏အားနည်းချက်များနှင့် ဟာကွက်များကို ရှင်းရှင်းလင်းလင်း မြင်ရရန် ခက်ခဲပေသည် ဆိုသော ဆိုရိုးစကားအတိုင်းပင်။

ချင်မူ့လို မာနကြီးသူများအတွက် သူတို့၏ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများက သူတို့၏မျက်လုံးထဲတွင် အပြစ်အနာဆာမရှိ၊ ဟာကွက်မရှိ ပြီးပြည့်စုံနေ၏။ သို့သော် အပြင်လူ၏အမြင်တွင်မူ ဟာကွက်များစွာ မြင်ရသေးလေသည်။

ကောင်းကင်နတ်အရှင်ဟောင်သည် ‌ကောင်းကင်နတ်အရှင်တစ်ပါး မဟုတ်ပါ၏လော။ ကောင်းကင်နတ်အရှင်ယွင်ပြီးလျှင် ကောင်းကင်ရတနာအား ပထမဆုံးပွင့်ခဲ့သည့် ဒုတိယလူလည်း ဖြစ်သည်။

နှစ်ပေါင်းများစွာ သုတေသနလုပ်ပြီးနောက် သူက မူကို သတ်မည့်သိုင်းကွက်တစ်ရာ တီထွင်ခဲ့ကာ ချင်မူ၏ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းတွင် ဟာကွက်အနည်းဆုံး အခုတစ်ရာ ပါရှိသည်ဟု သက်သေပြခဲ့၏။ သူလိုလူတစ်ယောက်ဆီမှ မိမိ၏ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ ပြီးပြည့်စုံအောင် လုပ်နိုင်မည့် အခွင့်အရေးရခြင်းက အမှန်တကယ်ပင် ကံကောင်းလှပေသည်။

ကောင်းကင်နတ်အရှင်ဟောင်၏ ကမ္ဘာထဲတွင် ချင်မူသည် သေပြီးရင်း သေဆုံးနေ၏။ ထူးဆန်းစွာနှင့် သူ ချင်မူ့ကို သတ်ပြီးသည့်အခါတိုင်း အမြဲတမ်း အစသို့ ပြန်ပြန်ရောက်သွားသည်။ အစသည် သူ မန့်လန်အဆောင်ထဲတွင် ပင်လယ်ဆီသို့ မျက်နှာမူနေစဉ် ချင်မူက သူ့ဆီသို့ လမ်းလျှောက်လာပြီး သူ့ဘေး၌ ရပ်လိုက်သည့် အခိုက်အတန့် ဖြစ်သည်။

အခိုက်အတန့်တိုင်း၊ အကြိမ်တိုင်း သူပြောလိုက်သည့် ပထမဆုံးစကားက အတူတူသာ ဖြစ်၏။

“ကောင်းကင်နတ်အရှင်မူက နည်းနည်းလေးမှ မအံ့ဩပါလား”

သို့တိုင်အောင် ကောင်းကင်နတ်အရှင်ဟောင်မှာ ပိုပို၍ အံ့အားသင့်လာသည်နှင့်အမျှ ပိုပို၍ တွေဝေလာသည်။ ဤမြင်ကွင်းကို ရင်းနှီးနေသည်ဟု ခံစားနေရခြင်းက ပို၍သာ အားကောင်းလာ၏။ ဤအခိုက်အတန့်ကို တစ်ကြိမ်ထက်မနည်း ကြုံတွေ့ခဲ့ရသည့်အလားပင်။

မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို ရရှိပြီးကတည်းက ချင်မူ၏အသိစိတ်အလျဉ်သည် အားကောင်းသည်ထက် အားကောင်းလာခဲ့၏။ သူ ကောင်းကင်နတ်ဘုံသို့ မရောက်ခင် သူ၏အသိစိတ်အလျဉ်က လက်ဝဲယံလက်ထောက်၀န်မင်း ယန်ရှောင်ချင်း၏ အသိစိတ်အလျဉ်ကျင့်စဉ်ထဲရှိ အားနည်းချက်အား ရှာတွေ့နိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မည်မျှသန်မာအားကောင်းနေပြီဖြစ်ကြောင်း သိရှိနိုင်ပေသည်။

သူ၏အသိစိတ်အလျဉ်က နံပါတ်တစ် အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းပညာရှင် ယန်ရှောင်ချင်းအား ပုံရိပ်ယောင်သံသရာထဲတွင် တဝဲဝဲလည်ရင်း အစစ်အမှန်နှင့် အတုအယောင်ကို မခွဲခြားနိုင်ဖြစ်စေခဲ့သည်။

ယခုတွင် သူ၏အသိစိတ်အလျဉ်သည် အဆပေါင်းများစွာ သန်မာအားကောင်းလာပြီဖြစ်၏။ ဖန်ဆင်းရှင်၏ အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာ၊ မဟာကမ္ဘာဦးအစ မူလကျောက်တုံးနှင့် မူလဝိညာဉ်သုံးသွယ် ထာ၀ရနတ်ဘုရားအသိစိတ်အလျဉ်တို့ကို ပေါင်းစပ်လိုက်သည့်အခါ သူ၏တိုးတက်မှုကား အံ့မခန်းဖွယ်ရာသာ ဖြစ်ပေသည်။ ဤတစ်ခေါက်တွင် သူသည် အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းတစ်ခုကိုသာ အသုံးပြုနေခြင်းမဟုတ်။ မပြီးပြည့်စုံသေးသည့် ကောင်းကင်နတ်သိုင်းကို အသုံးချကာ မန့်လန်အဆောင်အား မပြောင်းလဲနိုင်သော နေရာဟင်းလင်းပြင်တစ်ခုအဖြစ် ပြောင်းလဲထားခဲ့၏။

ကောင်းကင်နတ်အရှင်ဟောင်မှာ မပြောင်းလဲနိုင်သော ဤနေရာဟင်းလင်းပြင်ထဲတွင် သံသရာလည်ပြီးရင်း လည်နေရလိမ့်မည်။

မပြောင်းလဲနိုင်သော နေရာဟင်းလင်းပြင်အပြင် ချင်မူသည် ဗြဟ္မဗုဒ္ဓ၏ အနန္တကပ်ဘေးသုတ္တန်ကိုလည်း အသုံးပြုခဲ့၏။ သူ့ကိုယ်သူ အိပ်မက်ကမ္ဘာထဲ ပို့မည့်အစား ကောင်းကင်နတ်အရှင်ဟောင်၏ ချင်မူကို အိပ်မက်ကမ္ဘာထဲမှ မလွတ်မြောက်နိုင်အောင် ပိတ်လှောင်ထားခဲ့လေသည်။

“ဒါနဲ့ဆို ၈၁ ကြိမ် ရှိပြီ”

ချင်မူ ရေနွေးအိုးကို ယူ၍ နဂါးသွဲ့ပင်လယ်ဘေး၌ ဆေးကြောရင်း သူ့ဘာသာသူ တွေးနေသည်။ ‘ငါ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ လက်ချက်နဲ့ သေခဲ့ရတာ ၈၁ ကြိမ် ရှိပြီ... အကြိမ်တိုင်း ပွဲချင်းပြီးပဲ... တစ်ကြိမ်နဲ့တစ်ကြိမ် သေတာလည်း မတူဘူး... သူက ငါ့ရဲ့ကပ်ဘေးပင့်မြှောက်ဓား၊ ကပ်ဘေးဖွင့်ဓားနှင့် တခြားကောင်းကင်နတ်သိုင်းတွေကို သေချာပေါက် သိထားတာပဲ.. ဒီလူက အစွမ်းထက်လွန်းတယ်... အခု နောက်ထပ် နည်းလမ်း ၁၉ လမ်းပဲ ကျန်မယ်..”

ရုတ်တရက် သူ မျက်မှောင်ကြုတ်သွားသည်။

လှိုင်းဂယက်တစ်ခုက အဆောင်ထဲရှိ နေရာဟင်းလင်းပြင်တစ်လျှောက် ဖြတ်ကျော်သွားသည်။ ကောင်းကင်နတ်အရှင်ဟောင်ကား တစ်ခုခု မူမမှန်ကြောင်း ရှာတွေ့သွားချေပြီ။

‘ငါ မက်မွန်သားဆံထိုးနဲ့ တစ္ဆေသင်္ဘောဆီက စဉ်းစားခဲ့တဲ့ မပြောင်းလဲနိုင်တဲ့ ကောင်းကင်နတ်သိုင်းက ပေါ့ရွှတ်လွန်းသေးတယ်.... သူ့ကို ချောင်ပိတ်ထားဖို့ လွယ်ပေမယ့် ငါ့ကောင်းကင်နတ်သိုင်းက ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းလောက် မပြည့်စုံသေးဘူး”

ချင်မူသဘောပေါက်သွားသည်။ “အကြိမ်တိုင်း အားနည်းချက်က ကြီးသထက် ကြီးလာမှာ... ၈၁ ကြိမ်မြောက် ပြီးသွားရင် ကောင်းကင်နတ်အရှင်ဟောင် ကိုယ်ပွားထဲ ထည့်ထားတဲ့ အသိစိတ်အလျဉ်က အားနည်းချက်ကို မြင်သွားလိမ့်မယ်”

မပြောင်းလဲနိုင်သော နေရာဟင်းလင်းပြင်ထဲတွင် ကောင်းကင်နတ်အရှင်ဟောင်သည် ချင်မူ့ကို သတ်ထားပြီး ချင်မူက မြေကြီးထက်၌ အရိုးအားလုံး ကြေမွကျိုးကြေလျက် လဲနေသည်။

ကောင်းကင်နတ်အရှင်ဟောင်မှာ ဤအလောင်းကို စိုက်ကြည့်နေရင်း သံသယများ တစထက်တစ တိုးပွားလာသည်။

ထိုအခိုက်အတန့်တွင် အရာအားလုံး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ ချင်မူကိုယ်ပွား၏ မှတ်ဉာဏ်လည်း ဖယ်ရှားခံလိုက်ရကာ အစပြန်ရောက်သွားသည်။

သူသည် အဆောင်၏ဘေးတွင် နဂါးသွဲ့ပင်လယ်ကို ကြည့်လျက် ရပ်နေပြီး ချင်မူက ပင်လယ်ပြင်ထက်၌ လမ်းလျှောက်လျက် သူ့ဆီ လာနေသည်။

ကောင်းကင်နတ်အရှင်ဟောင်၏ မျက်နှာပြင်ထက်ရှိ သံသယများ ပိုမိုပြင်းထန်လာပြီး သူ အဆောင်ဆီသို့ လှည့်ကြည့်လိုက်သည့်အခါ သွေးသံတရဲရဲဖြင့် ပြတ်တောက်နေသော ခြေထောက်နှစ်ချောင်း ရှိနေသေးသည်။

သူ ပင်လယ်ထက်မှ လမ်းလျှောက်လာနေသည့် ချင်မူ့ဆီ လှည့်ကြည့်လိုက်သည်။ လမ်းလျှောက်လာနေသည့် ချင်မူ့တွင် ခြေထောက်မရှိသော်လည်း တည်ငြိမ်စွာ လမ်းလျှောက်နိုင်နေသည်။

ကောင်းကင်နတ်အရှင်ဟောင် တွေဝေလာသည်။ တွေဝေလာသည်နှင့်အမျှ သူ၏တတိယမျက်လုံးသည် ရှင်းသထက် ရှင်းလာ၏။

“ရာရာစစ မင်းကများ ငါ့ကို လှည့်စားရဲတယ်လို့”

တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် အားကောင်းသော အသိစိတ်အလျဉ်သည် အဆောင်၏ နေရာဟင်းလင်းပြင်ကို အပြင်မှ ဝင်တိုက်၏။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟောင်၏ ချင်မူကိုယ်ပွားကို ဝန်းရံသော ကမ္ဘာမှာ ပြိုကျသွားပြီး သူ့အရှေ့၌ နဂါးသွဲ့ရေကန်အစစ် ပေါ်လာတော့သည်။

သူက နဖူးထက်တွင် ချွေးများ စို့နေပြီး တစ်စုံတစ်ခု မူမမှန်ကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် အသိစိတ်အလျဉ်လှိုင်းနောက်တစ်လှိုင်း ဖြန့်ကျက်ကာ ချင်မူ၏အစီအရင်ကို ဖြိုခွဲ၍ ဤသံသရာထဲတွင် ပိတ်မိမနေအောင် ကာကွယ်လိုက်သည်။

သို့သော် သူ၏အသိစိတ်အလျဉ်အစစ်ဖြင့် တိုက်ခိုက်လျှင် ကောင်းကင်နတ်ဘုံ၏ ကျန်အဆင့်မြင့်သိုင်းပညာရှင်များ သိရှိသွားပြီး လာရောက်စုံစမ်းကြလိမ့်မည်။ သို့ဖြစ်လာလျှင် သူ့အနေဖြင့် ချင်မူ့ကို တိတ်တဆိတ် လုပ်ကြံ၍ အစားထိုးနိုင်မည်မဟုတ်တော့ပေ။

ကောင်းကင်နတ်အရှင်မူအသစ်တစ်ယောက် ဖန်တီး၍ ချင်မူ့အား အစားထိုးမည့်အစီအစဉ် ပျက်သုဉ်းသွားချေပြီ။ ကောင်းကင်နတ်ဘုံရှိ သူ၏ပြိုင်ဘက်များသည် သူ့အား ဒုတိယအခွင့်အရေးပေးမည်မဟုတ်ပေ။

ကောင်းကင်နတ်အရှင်ဟောင် ဒေါသထွက်နေစဉ် အဆောင်ထဲရှိ ချင်မူက သူ့ဘက် လှည့်လာသည်။ သူက အဆောင်အပြင်၌ ရပ်နေသည့် အခြားချင်မူကို မြင်သည့်အခါ ခပ်ရေးရေး ပြုံးပြ၏။

ကောင်းကင်နတ်အရှင်ဟောင်က စိတ်အခြေအနေကို တမုဟုတ်ချင်း ထိန်းနိုင်သွားပြီး ပြုံး၍ ချီးကျူးသည်။ “သိပ်လှတဲ့အကွက်ပဲ.... ကောင်းကင်နတ်အရှင်မူ၊ ဘာမှမသိခဲ့တဲ့ ငါတော့ တော်တော်လေး အထင်ကြီးမိတယ်”

“အဲဒီလောက်မဟုတ်ပါဘူးဗျာ”

ချင်မူက စိုးရိမ်ဟန်ဖြင့် မေးသည်။ “ကောင်းကင်နတ်အရှင်ဟောင် မလန့်သွားလောက်ပါဘူး ဟုတ်တယ်မလား... ခင်ဗျားက မူကို သတ်မယ့် သိုင်းကွက်တစ်ရာထဲက ၈၂ ကွက်ပဲ ထုတ်ပြရသေးတယ်... အကွက် ၁၈ ကွက် ကျန်သေးတယ်... အစက ပြန်စကြည့်မလား”

ကောင်းကင်နတ်အရှင်ဟောင် အသည်းထဲ အေးစက်သွားပြီးနောက် ပြန်ဖြေ၏။ “မစတာပဲ ကောင်းမယ်ထင်ပါတယ်”

“စသင့်တယ်နော်”

ချင်မူ၏တတိယမျက်လုံးဆီမှ ဓားစက်လုံးတစ်လုံး ဖြည်းညင်းစွာ ပျံထွက်လာပြီး လေလယ်တွင် ဓားတစ်လက်အသွင် ပြောင်းလဲသွားသည်။ ချင်မူက ပြုံး၍ ပြောလေသည်။ “ခင်ဗျားက ထွက်သွားလို့လည်း မရတဲ့အပြင် ဒီမှာ သေရမှာဆိုတော့ ကျန်တဲ့ ကောင်းကင်နတ်သိုင်း ၁၈ ကွက်နဲ့ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားကြည့်လေ.... ဒီတစ်ကြိမ်တော့ ခင်ဗျားအတွက် မျှတအောင် အသိိစတ်အလျဉ် ကောင်းကင်နတ်သိုင်း မသုံးပါဘူး”

နဂါးသွဲ့ပင်လယ်ထက်ရှိ ကောင်းကင်ထဲတွင် ကြောက်မက်ဖွယ်ရာ အသိစိတ်အလျဉ်လှိုင်းများ ရောက်ရှိလာ၏။ ၎င်းတို့၏ ရောက်ရှိလာမှုကြောင့် ကောင်းကင်ထဲတွင် မိုးကြိုးလျှပ်နွယ်များ ဖွဲ့တည်လာကာ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ဟည်းနေတော့သည်။

ကောင်းကင်နတ်ဘုံရှိ အဆင့်မြင့်သိုင်းပညာရှင်များ အထိတ်တလန့် ဖြစ်ကုန်ကြပြီး ကိုယ်တိုင်မလာကြဘဲအသိစိတ်အလျဉ်များ ပို့လွှတ်ကာ နဂါးသွဲ့ရေကန်အား စုံစမ်းကြ၏။

ချင်မူက ရယ်လိုက်သည်။ “ကျန်တ့ ကောင်းကင်နတ်သိုင်းကွက် ၁၈ ကွက်နဲ့ ကျွန်တော့်ကို သတ်ရင် သတ်၊ ဒါမှမဟုတ် ကျွန်တော့်လက်ချက်နဲ့ ခင်ဗျား သေရင်သေ အဲ့နှစ်ခုပဲ ရှိတယ်”

ကောင်းကင်န်အရှင်ဟောင်၏ ချင်မူကိုယ်ပွားသည် ချင်မူမျက်လုံးများ မှေးကျဉ်းတတ်သလို မှေးကျဉ်းလိုက်၏။

ချင်မူ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤအချိန်တွင်ပင် သူ့ကို တုပနေသေးလေသည်။

“အကယ်လို့ ကျန်တဲ့ ကောင်းကင်နတ်သိုင်း ၁၈ ခု သုံးမယ့်အစား ငါ သုံးပြီးသား ကောင်းကင်နတ်သိုင်း ၈၂ ကိုပဲ ပြန်သုံးရင်ရော” ကောင်းကင်နတ်အရှင်ဟောင်က သူ့ကို နောက်သလို ပြောသည်။

ချင်မူ ပြုံးလိုက်၏။ “စမ်းကြည့်ပေါ့”

ကောင်းကင်နတ်အရှင်ဟောင်၏ ချင်မူကိုယ်ပွားက ရုတ်တရက် လှုပ်ရှားလိုက်ပြီး မူကို သတ်မည့် သိုင်းကွက်တစ်ရာ၏ ပထမဆုံးသိုင်းကွက်တွင် ပါရှိသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သူ့လက်ချောင်းသည် ချင်မူ့ဆီသို့ ချဉ်းကပ်လာ၏။ ဤသိုင်းကွက်က ချင်မူ၏ ကျင့်စဉ်ထဲရှိ အားနည်းချက်များအတွက် ရည်ရွယ်သည်။ ချင်မူ၏ ဓားကွက်များတွင် အပြောင်းအလဲပေါင်းများစွာ ရှိပါသော်လည်း သူ ဤသိုင်းကွက်ကို သုံးလိုက်တိုင်း အားနည်းချက်တစ်ခုက အမြဲပါလာတတ်သည်။

သူ၏လက်ချောင်းက ချင်မူ၏အားနည်းချက်ကို ရွယ်ထားသည့်အတွက် ပုံရိပ်ယောင်ထဲ၌ လက်ချောင်းတစ်ချောင်းဖြင့် ချင်မူ့အား သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုတွင် ပုံရိပ်ယောင်မှ မြင်ကွင်းကား ပြန်လည်ဖြစ်ပေါ်လာချေပြီ။ ချင်မူက ကပ်ဘေးပင့်မြှောက်ဓားကို မြှောက်၍ ခန့်မှန်းမရသော အပြောင်းအလဲများဖြင့် သူ့ကိုယ်သူ ခုခံလိုက်သည်။

နောက်တခဏတွင် ဓားဆီမှ အလင်းတန်းသည် အခြားချင်မူ၏ လက်ချောင်းကို ဖြတ်တောက်လိုက်၏။ လက်ချောင်းကား နဂါးသွဲ့ပင်လယ်ထဲသို့ ပြုတ်ကျသွားတော့သည်။

ကောင်းကင်နတ်အရှင်ဟောင်က သိုင်းကွက်ကို ပြောင်းလဲ၍ ‘မူကို သတ်မည့် သိုင်းကွက်တစ်ရာ’ထဲမှ ရှစ်ကွက်မြောက်ဖြင့် တိုက်ခိုက်သည်။ သူ၏မျက်လုံးသုံးလုံးမှ အလင်းတန်းများ ဖြာထွက်လာပြီး အချင်းချင်း ထိတိုက်၍ ရောင်ပြန်ဟပ်သည့်အခါ ပိုက်ကွန်တစ်ထောင် ဖွဲ့တည်လာ၏။

ပုံရိပ်ယောင်ထဲတွင် သူကား ဤသိုင်းကွက်ကို အသုံးပြု၍ ချင်မူ့အား အပိုင်းပိုင်း ဖြတ်တောက်ပစ်နိုင်ခဲ့သည်။

သို့သော် ယခုတွင် ဓားရောင်သုံးချက် လက်သွားပြီး အခြားချင်မူ၏ မျက်လုံးသုံးစလုံး ကန်းသွားသည်ထိ ထုတ်ချင်းဖောက်ခံလိုက်ရသည်။

ကောင်းကင်နတ်အရှင်ဟောင်ဆီမှ အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး သူ၏ကြွက်သားများ ဖောင်းကြွလာကာ လက်သီးသိုင်းကွက်တစ်ကွက် ပစ်လွှတ်လိုက်၏။ လက်သီးက တောင်တန်းများကို ပြားပြားဝပ်အောင် ထုချနိုင်သော ခွန်အားကို သယ်ဆောင်လျက် ပြေးဝင်လာသည်။ ပုံရိပ်ယောင်ထဲ၌ ဤလက်သီးကြောင့် ချင်မူမှာ အရှင်လတ်လတ် ငါးဖယ်ပြားဘဝသို့ ရောက်ခဲ့ရသည်။

ရုတ်တရက် ကောင်းကင်နတ်အရှင်ဟောင်မှာ လက်နှစ်ဖက်လုံး ဖြတ်တောက်ခံလိုက်ရသဖြင့် နာကျင်သွားသည်။

“ခင်ဗျားရဲ့ ‘မူကို သတ်မည့် သိုင်းကွက်တစ်ရာ’ ထဲက ဒုတိယသိုင်းကွက်ကို ဖျက်စီးဖို့ နည်းလမ်း ရှိတယ်”

ချင်မူ၏ ဓားက သူ့နောက် လိုက်လာပြီး ကောင်းကင်နတ်အရျင်ဟောင်ကို ဝှေ့ယမ်းလှည့်ပတ်နေသည်။ ဓားရောင် ဖြာထွက်လာသည့်အခါ ဓားသည် သူ့ခန္ဓာကိုယ်ထဲ ထိုးစိုက်၍ နောက်ကျောမှ ဖောက်ထွက်သွား၏။

“ဒါက တတိယသိုင်းကွက်ကို ဖျက်စီးနိုင်တဲ့ နည်းလမ်းပဲ"

“စတုတ္ထသိုင်းကွက်”

“ပဉ္စမသိုင်းကွက်”

“ဆဋ္ဌမသိုင်းကွက်”

....

အဆောင်ငယ်ထဲတွင် မရေမတွက်နိုင်သော ဓားရောင်များ အရပ်လေးမျက်နှာတွင် ဖြာထွက်သွားပြီး တစ်စက္ကန့်အတွင်း ကောင်းကင်နတ်အရှင်ဟောင်၏ ချင်မူကိုယ်ပွားမှာ သွေးအလိမ်းလိမ်း ဖြစ်သွားတော့သည်။ ချင်မူက သူ့ကို တစ်ခါတည်း မသေစေချင်၍ အဓိကအတွင်းအင်္ဂါများအား ရှောင်တိမ်းသွားခဲ့၏။

ဤဓားရောင်က အခြားချင်မူ့ကို ထိုးစိုက်ခဲ့ရုံတင်မက ကောင်းကင်နတ်အရှင်ဟောင်၏ နှလုံးသားထဲသို့လည်း ဝင်ဖောက်သွားသည်။ ဤအခြင်းအရာမှတစ်ဆင့် သူ နှစ်တစ်သန်းကြာ ကြိုးစားအားထုတ်ခဲ့ရမှုများ မည်မျှအသုံးမဝင်တော့ကြောင်း ထင်ရှားပေါ်လွင်ချေသည်။

သူ အပြင်းအထန် ဖန်တီးခဲ့ရသော ‘မူကို သတ်မည့် သိုင်းကွက်တစ်ရာ’ မှာ တစ်ခါသာ အသုံးပြုပြီးနောက်တွင် ချင်မူ၏ ဖျက်စီးခြင်း ခံလိုက်ရချေပြီ။

သူက ၎င်းကို ဖျက်စီးခဲ့ရုံသာမက အားနည်းချက်များကို ပြုပြင်ခြင်းဖြင့် သူ၏လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို မွမ်းမံကာ ဓားကွက်များကိုလည်း ဖြည့်စွက်နိုင်ခဲ့သေးသည်။ ထို့အပြင် ချင်မူသည် ဓားစက်လုံးကိုသာ အားမကိုးဘဲ၊ လက်သီးချက်များ၊ ကန်ချက်များနှင့် ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်ခဲ့၏။ သူ့သိုင်းကွက်အသားပေးပညာရပ်များနှင့် ကောင်းကင်နတ်သိုင်းထဲရှိ ဟာကွက်များလည်း လျော့ကျသွားခဲ့သည်။

မကြာမီ မူကို သတ်မည့် သိုင်းကွက်တစ်ရာထဲမှ ၈၂ ကွက်မှာ တစ်ကွက်ပြီးတစ်ကွက် ရှုံးနိမ့်သွားလေသည်။ ချင်မူ၏အဝတ်စများက လေတွင် တဖျပ်ဖျပ် လှုပ်ခတ်နေပြီး ဓားစက်လုံးက သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ပြန်ဝင်လာသည်။

မန့်လန်အဆောင်ထဲရှိ ကောင်းကင်နတ်အရှင်ဟောင်၏ အခြားချင်မူမှာ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေတော့သည်။

“၈၃ ကွက်မြောက်က ဘာလဲ” ချင်မူက အစ်မေးသည်။

ကောင်းကင်နတ်အရှင်ဟောင်က ခနဲ့သလို ပြုံးသည်။ “နောက်ကျ သိရပါလိမ့်မယ် ကောင်းကင်နတ်အရှင်မူ.... ငါ ကျန်တဲ့ နည်းလမ်း ၁၈ နည်းကို ငါ့တပည့်တွေဆီ သင်ပေးခဲ့တယ်... သူတို့ မင်းကို လာသတ်ကြလိမ့်မယ်"

“ခေါင်းမာချက်ပဲ”

ချင်မူက အေးစက်စက် နှာခေါင်းရှုံ့၍ လက်ချောင်းကို မြှောက်လိုက်သည်။ အခြားချင်မူမှာ ဦးနှောက်ပေါက်ထွက်သွားပြီး ဒယိမ်းဒယိုင်ဖြင့် နဂါးသွဲ့ပင်လယ်ထဲ ပြုတ်ကျသွားတော့သည်။

ကောင်းကင်ထဲရှိ အခြားအသိစိတ်အလျဉ်များမှာ ဤမြင်ကွင်းကို မြင်လျှင် အံ့ဩမှင်သက်သွားကြ၏။

“ငါတို့ ရောက်ရောက်ချင်းမှာပဲ ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်မူကို သတ်လိုက်တာ မြင်လိုက်ရပါလား.... “အသံတစ်သံက ခပ်တိုးတိုး ပြောသည်။

All Chapters