← Chapters

ပြိုင်ဘက်ကင်းသော အလှလေး

Vol. 72 Ch. 936

ပြိုင်ဘက်ကင်းသော အလှလေး

Vol. 72 Ch. 936

ကောင်းကင်နတ်အရှင်ဟောင် သူ၏အသိစိတ်အလျဉ်ကို ပြန်ခေါ်လိုက်ပြီးနောက် မသာအယာ ဖြစ်သွားသည်။ ဤအသိစိတ်အလျဉ်၏ အတွေ့အကြုံများသည် သူ့ဦးနှောက်ထဲတွင် ရုတ်ခြည်း ထင်ဟပ်လာ၏။

ချင်မူက ကောင်းကင်နတ်အရှင်ဟောင်၏ ဤအသိစိတ်အလျဉ်ဆီမှ မှတ်ဉာဏ်ကို ဖျက်ထားသော်လည်း သူ၏မပြီးပြည့်စုံသေးသည့် မပြောင်းလဲသော ကောင်းကင်နတ်သိုင်းတွင် ဟာကွက်အားနည်းချက်များစွာ ပါရှိနေသည်။

သူက တမုဟုတ်ချင်း စစ်ဆေးကြည့်ရှုပြီးနောက် မူကို သတ်မည့်သိုင်းကွက်တစ်ရာမှ ဘယ်နှကွက်အသုံးပြုပြီးဖြစ်ကြောင်း သိရှိလိုက်၏။

‘ဗြဟ္ဗဗုဒ္ဓရဲ့ အနန္တကပ်ဘေးသုတ္တန်လား... ဗြဟ္မဗုဒ္ဓရဲ့ အနန္တကပ်ဘေးသုတ္တန်က တတ်မြောက်ဖို့ အင်မတန် ခက်တယ်.... အရင်တုန်းက သူ့ရဲ့ အနန္တကပ်ဘေးသုတ္တန်ကို ဘယ်သူ့ဆီမှ မပေးခဲ့ဖူးဘူး... အခြေအနေမကောင်းတော့တာ မြင်မှ မပေးချင်ပေးချင်နဲ့ သူ့သုတ္တန်ကို ကောင်းကင်နတ်ဘုံဆီ ပေးအပ်ခဲ့တာ”

ဗြဟ္မဗုဒ္ဓသည် ဗုဒ္ဓလမ်းစဉ် ဖွင့်လှစ်ခဲ့သူဖြစ်သော်လည်း ကောင်းကင်နတ်အရှင်ဟောင်ထက် ငယ်ရွယ်သောကြောင့် ကောင်းကင်နတ်အရှင်ဟောင်အနေဖြင့် ဗုဒ္ဓလမ်းစဉ်ကို လေ့လာလောက်မည်မဟုတ်ပေ။

အစမှ စ၍ လေ့လာရမည်ဆိုလျှင် ဗုဒ္ဓကျမ်းစာများ နားလည်အောင် ရှုဖတ်၍ အဆုံးမဲ့ကပ်ဘေးသုတ္တန်အား ကျင့်ကြံရင်း နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်သွားလိမ့်မည်။

မှန်သည်၊ ဗြဟ္မဗုဒ္ဓသည် တချို့အရာများကိုလည်း လျှိုတတ်၏။

အနန္တကပ်ဘေးသုတ္တန်က အမှန်တွင် စိတ်ကို ကျင့်ရသော ကျင့်စဉ်တစ်ခု ဖြစ်သည်။ ဤကျင့်စဉ်ကို ဗုဒ္ဓသဘာဝ မြင့်မားပြီး စိတ်အေးအေးချမ်းချမ်း ထားတတ်သူများသာ ဖြည်းဖြည်းချင်း နားလည်နိုင်လိမ့်မည်။ နောက်တစ်နည်းကမူ နားလည်သဘောပေါက်အောင် စဉ်းစားစရာမလိုဘဲ အိပ်မက်ထဲ၌ တိုက်ရိုက်သင်ကြားခြင်း ဖြစ်သည်။

နှစ်နည်းစလုံးတွင်အားနည်းချက်၊ အားသာချက်ကိုယ်စီ ရှိကြ၏၊ ပထမနည်းသည် တွေးခေါ်နိုင်စွမ်းအပိုင်းကို အားစိုက်၍ ပညာအစစ်အမှန်ဟု သတ်မှတ်နိုင်သည်။ ဥပမာ မိစ္ဆာဝက်ဝံကျန်းခုံး၊ တထာဂတမာ၊ မင်ရှင်းကိုယ်တော်နှင့် သိကြားဗုဒ္ဓက ပထမအမျိုးအစားထဲ၌ ပါဝင်သည်။

သူတို့တွင် ဗုဒ္ဓသဘာဝရှိသည့်အတွက် စိတ်အခြေအနေက မြင့်မားကြသည်။

ချင်မူက ဒုတိယအမျိုးအစား ဖြစ်သည်။ ဗြဟ္မဗုဒ္ဓက အိပ်မက်ထဲမှတစ်ဆင့် အသိအမြင်ကို လက်ဆင့်ကမ်းကာ ကျင့်စဉ်အား သင်ကြားပေးခဲ့၏။ သူ့အနေဖြင့် နားလည်သဘောပေါက်အောင် တွေးခေါ်နေစရာမလိုပေ။ စည်းမျဉ်းစည်းကမ်းများကို နားမလည်ဘဲ အသုံးပြုနိုင်ရုံသာ ဖြစ်သည်။

ချင်မူမှာ အနန္တကပ်ဘေးသုတ္တန်က မည်ကဲ့သို့ အလုပ်လုပ်မှန်းပင် မရှင်းပြတတ်ပေ။

“ဆရာ၊ ကျွန်တော်တို့ ကောင်းကင်နတ်အရှင်မူနောက်တစ်ယောက် ဖန်တီးရဦးမလား” နတ်ဘုရားတစ်ပိုင်းတစ်ယောက်သည် ရှေ့တက်၍ ဦးညွှတ်အရိုအသေပေးကာ မေး၏။

ကောင်းကင်နတ်အရှင်ဟောင်က ခေါင်းယမ်းကာ ဖြေသည်။ “မလိုဘူး ချင်မူက ငါ့တန်ခိုးနဲ့ မထိုက်တန်တဲ့ ဘာမှမဟုတ်တဲ့ ကောင်လေးတစ်ကောင်ပဲ.... ငါ့ရန်သူက သူမဟုတ်ဘူး... ရှေးဟောင်းနတ်ဘုရားတွေနဲ့ ကောင်းကင်နတ်အရှင်တွေ... လက်ရှိမှာ အခြေအနေက ရန်သူမိတ်ဆွေ ကွဲပြားနေပြီဆိုတော့ ငါတို့ဘက် အားသာနေပြီ... ချင်မူ့ကိုပဲ အာရုံစိုက်နေရင် အမှားသေးသေးလေးတွေကြောင့် အကောင်ကြီးကြီးတွေ လွတ်သွားလိမ့်မယ်”

သူက ရယ်လိုက်၏။ “ခွန်းဝူ၊ ထူးချွန်ထက်မြက်တဲ့ တပည့် ၁၈ ယောက် ရွေးပြီး ငါ့ဆီ လွှတ်လိုက်... ငါ သူတို့ ချင်မူကို ရှာပြီး သတ်နိုင်အောင် နည်းလမ်း ၁၈ နည်း သင်ပေးမယ်”

နတ်ဘုရားတစ်ပိုင်းခွန်းဝူက ခေါင်းညိတ်၍ မေးသည်။ “အဲဒီတပည့်တွေက ဘယ်သိုင်းအဆင့် ဖြစ်သင့်ပါသလဲ”

ကောင်းကင်နတ်အရှင်ဟောင်သည် ပြန်ဖြေ၏။ “သိုင်းအဆင့် မြင့်မားစရာမလိုဘူး... အစစ်အမှန်နတ်ဘုရားအဆင့်လောက်ဆို လုံလောက်တယ်”

ဟောင်နန်းတော်တွင်လည်း သိုင်းအဆင့်မြင့်မားသူ များများစားစား မရှိသည် မဟုတ်ပါလော။ သိုင်းအဆင့်မြင့်မားသူများမှာ ကောင်းကင်ဘုံအမျိုးမျိုးအား အုပ်ချုပ်ရန် ကောင်းကင်နတ်အရှင်ဟောင်၏ တာဝန်ပေးအပ်ခြင်း ခံထားရလေသည်။

တပည့်များသည်ဆိုတိုင်း၊ အင်အားကြီးခြင်းမဟုတ်ပေ။ သူတို့ကို စစ်တပ်၏ ခေါင်းဆောင်များအဖြစ် ခန့်အပ်လိုက်ခြင်းဖြင့် သူတို့သည် အင်အားကြီးထွားလာကြပြီး လူတန်းစားအလွှာအသီးသီးအပေါ် သူ၏အာဏာ သက်ရောက်နိုင်လိမ့်မည်။

ခွန်းဝူက အရိုအသေပေး၍ တပည့် ၁၈ ယောက် ရွေးချယ်ရန် အောက်ဆင်းသွားသည်။

များစွာမကြာလိုက်ဘဲ ခွန်းဝူသည် တပည့် ၁၈ ယောက်အား ခေါ်လာ၏။ ကောင်းကင်နတ်အရှင်ဟောင်တွင် တပည့်အတော်လေး များသော်လည်း ကိုယ်တိုင် သင်လေ့သင်ထ မရှိပေ။ ခွန်းဝူက သူ့တပည့်များကို သူ့ထက်ပို၍ နားလည်သည်။ များသောအားဖြင့် သူကလည်း သူ၏ဂုဏ်အယူရဆုံး တပည့်များဆီသို့ တာဝန်လွှဲပေးကာ တစ်ခါတရံမှ ကိုယ်တိုင်ဝင်သင်ပေးတတ်သည်။

ကောင်းကင်နတ်အရှင်ဟောင်၏ ပညာအစစ်အမှန်များကို လက်ခံနိုင်သူမှာ ရှားချေသည်။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ တပည့် ယန်ချီလင်းပင် ရှေးဟောင်းကောင်းကင်နတ်ဧကရီဆီမှာ စစ်မှန်သော ပြိုင်ဘက်ကင်းသိုင်းပညာကို လက်ခံမရခဲ့ပေ။ သူမ ရခဲ့သည်မှာ တာအိုဘိုးဘေးကြီး ပြန်စီထားသော ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတအမှတ်အသားများ ဖြစ်၏။ ကောင်းကင်နတ်ဧကရာဇ်က သူမကို ကောင်းကင်နတ်သိုင်းနည်းနည်းပါးပါးသာ သင်ပေးခဲ့ဖူးသည်။

ခွန်းဝူ ခေါ်လာသော တပည့် ၁၈ ယောက်လည်း အလားတူပင်။

ကောင်းကင်နတ်အရှင်ဟောင်က ဤ ၁၈ ယောက်ကို ကြည့်၍ မျက်မှောင်ကြုတ်ကာ ပြောသည်။ “ဒီတပည့်တွေက အားနည်းလွန်းအားကြီးတယ်... ချင်မူ့လောက် သိပ်အစွမ်းမထက်ဘူး”

ခွန်းဝူက ကပျာကယာ ပြန်ဖြေသည်။ “ကျွန်တော် သူတို့ကို ဆရာ့သင်ပြမှုတွေအတိုင်း ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်တွေ သင်ပေးထားပြီး သူတို့ဘာသာသူတို့ တွေးခေါ်သုံးသပ်ခိုင်းထားပါတယ်... ဆရာ ကျွန်တော့်ကို သင်ပေးခဲ့တဲ့ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ် ၂၈ ခုစလုံး သူတို့တွေ လေ့လာထားပြီးပါပြီ... သူတို့ရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ နားလည်နိုင်မှုကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အချင်းတွေ၊ အစွမ်းအစတွေအပေါ် မူတည်ပါတယ်”

ကောင်းကင်နတ်အရှင်ဟောင် အကြံတစ်ခု ရသွား၍ ပြောသည်။ “မင်းတို့ဘာသာ ဖြေ.... ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ် ဘယ်နှစ်ခု လေ့လာပြီး ပေါင်းစည်းထားပြီးပြီလဲ”

မိန်းမပျိုတစ်ယောက်သည် သူ့ဆီ ချဉ်းကပ်လာကာ ဦးညွှတ်အရိုအသေပေး၏။ “ကျွန်မ တပည့်ရှို့ရုံဖန်းက သင်္ကေတလေးပါးကပ်ဘေးကျင့်စဉ်၊ မဟာမြစိမ်းရေစင် ကျောက်စိမ်းသုတ္တန်နဲ့ ကြည်နူးဖွယ်ယင်ယန်ကျင့်စဉ်တို့ကို တွေး‌ခေါ်သုံးသပ်ပြီး ကောင်းကင်နတ်ဘုံငယ်ကျင့်စဉ်အဆင့် ပေါင်းစည်းထားပါတယ်”

ကောင်းကင်နတ်အရှင်ဟောင်က ခေါင်းညိတ်၍ ပြောသည်။ “ဒီဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် သုံးခုကို ပေါင်းစည်းလိုက်တော့ မင်းက ကောင်းကင်နတ်ဘုံငယ်ကျင့်စဉ်အဆင့်ထဲ ဝင်သွားတာပေါ့... ဒါပေမဲ့ သူပုန်ချင်မူကလည်း ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် သုံးခုထက်ပိုပြီး သိထားတော့ မလုံလောက်သေးဘူး”

ခရမ်းရောင်အင်္ကျီနှင့် မိန်းကလေးတစ်ယောက်က ချဉ်းကပ်လာကာ အရိုအသေပေးသည်။ “တပည့် ဟွာအန်းရှို့၊ အနန္တမင်တုသုတ္တန်၊ ရွှမ်တုမဟာယနသုတ္တန်၊ သင်္ကေတလေးပါးကပ်ဘေးကျင့်စဉ်နဲ့ နေကို မျှော်သော ခေါင်းကိုးလုံးမီးငှက်ကျင့်စဉ်တွေ တတ်မြောက်ထားပါတယ်.... ဒီဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်တွေကိုလည်း ပေါင်းစည်းထားပြီးပါပြီ”

ကောင်းကင်နတ်အရှင်ဟောင်က ရယ်သည်။ “မင့်အစွမ်းအစက မှီရုံလေးပဲ”

လူငယ်တစ်ယောက်က ဦးညွှတ်အရိုအသေပေး၏။ “ကျွန်တော်က တပည့်ပန်ချွင်းကျင့်ပါ.... အစိမ်းရောင်သစ်သား မဟာပျက်စီးခြင်းသုတ္တန်၊ တောင်ပိုင်းတုထျန်းဘုရင်သုတ္တန်၊ အနန္တမင်တုသုတ္တန်နဲ့ ကြည်နူးဖွယ်ယင်နဲ့ယန်ကျင့်စဉ်ကို တတ်မြောက်ထားပါတယ်”

နတ်ဘုရားငယ်တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကြကာ သူတို့ကျင့်ကြံထားသော စာရင်းကို ပြောကြသည်။

ကောင်းကင်နတ်အရှင်ဟောင်သည် သူ၏ပြိုင်ဘက်ကင်းကျင့်စဉ်အစစ်ကို သူတစ်ယောက်တည်းအတွက်သာ ထားသော်လည်း ဟောင်နန်းတော်ရှိ တပည့်များ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်များစွာ မသင်ယူအောင် တားမြစ်ထားခြင်း မရှိပေ။

ခွန်းဝူ ရွေးချယ်ခဲ့သူများက နတ်ဘုရားများ ဖြစ်ကြသော်လည်း ဧကရာဇ်ပလ္လင်အဆင့် သုံးလေးခုမျှသာ ပေါင်းစည်းထားကြသည်။ အများဆုံးသည် ငါးခု ဖြစ်၏။ အားလုံးက ကောင်းကင်နတ်ဘုံငယ်ကျင့်စဉ်များ ဖြစ်ကာ ထင်ရှားကျော်ကြားပေသည်။

မှန်သည် ထိုကဲ့သို့လူများသည် အပြင်လောက၌ အထူးချွန်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြလိမ့်မည်။

ထောင်သောင်းချီသော လောကများနှင့် ကောင်းကင်နတ်ဘုံများအတွင်း၌ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်များသည် အတိုင်းထက်အလွန် ရှား၏။ တချို့ကမ္ဘာတွင် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်ဟူ၍ မရှိသလောက်ပင်။ နတ်ဘုရားအစစ်များဆိုလျှင် ရှာ၍ပင် မတွေ့ရချေ။

ကောင်းကင်နတ်အရှင်ဟောင်က ဤတပည့်ရှစ်ယောက်လုံး သူတို့ကျင့်ကြံထားသည့် ကျင့်စဉ်အရေအတွက်အား ပြောပြီးနောက်မှ စကားပြောသည်။ သူက ခွန်းဝူကို ကြည့်၍ ပြော၏။ “ဒါ အကုန်ပဲလား”

ခွန်းဝူမှာ ချီတုံချတုံ ဖြစ်သွားပြီးနောက် လျှောက်တင်၏။ “ဆရာက တပည့်တွေကို အစစ်အမှန်နတ်ဘုရားအဆင့် ရချင်တယ်ဆိုတော့ အစစ်အမှန်နတ်ဘုရား ၁၅ ယောက် ရှာလာတာပါ.... သူတို့အပြင် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် တော်တော်များများ ပေါင်းစည်းထားတဲ့ တပည့်တချို့ ရှိပါ‌သေးတယ်... တစ်ယောက်ဆို မဟာကောင်းကင်နတ်ဘုံအဆင့်တောင် မှီတယ်”

ကောင်းကင်နတ်အရှင်ဟောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ မဟာကောင်းကင်နတ်ဘုံအဆင့်သည် ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ် ၁၈ ထက်ပို၍ ‌ပေါင်းစည်းထားရန် လိုအပ်၏။

ဤကမ္ဘာပေါ်တွင် ကောင်းကင်နတ်အရှင်များသာ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်အမျိုးမျိုး ‌ပေါင်းစည်း၍ မဟာကောင်းကင်နတ်ဘုံအဆင့်အား တွေးခေါ်နိုင်ကြသည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူ၏တပည့်တစ်ယောက်က ထိုအဆင့်အား မှီနေပြီတဲ့လော။

ခွန်းဝူက သူ့ကို ရှင်းပြသည်။ “သူက ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ် ၁၈ ခုကို ‌ပေါင်းစည်းပြီး မဟာကောင်းကင်နတ်ဘုံကျင့်စဉ်အဆင့်ကို မှီရုံလေး မှီသွားတာပါ.... အစစ်အမှန်နတ်ဘုရားအဆင့်မဟုတ်ဘဲ ကောင်းကင်တံတားအဆင့် ဖြစ်နေတာလေးတစ်ခုပဲ”

“သူက ကောင်းကင်တံတားအဆင့်နဲ့ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် ၁၈ ခုကို ပေါင်းစည်းထားတာပေါ့”

ကောင်းကင်နတ်အရှင်ဟောင် အံ့အားသင့်သွားသည်။ ထိုတပည့်၏ ပါရမီကား ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့်ပင် ယှဉ်နိုင်၏။

“သိုင်းအဆင့်တွေကို မေ့ထားလိုက်တော့... ချင်မူ့သိုင်းအဆင့်ကလည်း မြင့်တာမှမဟုတ်တာ”

ကောင်းကင်နတ်အရှင်ဟောင်သည် အံ့အားသင့်နေမှုကို မြိုသိပ်၍ ရယ်လိုက်၏။ “ဒီလူလည်ချင်ကလည်း နတ်ဘုရား မဟုတ်ပါဘူး... သူက ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် သုံးလေးခုလောက်ပဲ ‌ပေါင်းစည်းထားတာ... ဒီတပည့်ကို ခေါ်လာခဲ့”

ခွန်းဝူက ထွက်သွားပြီး အတော်လေးကြာမှ ကောင်းကင်နတ်သိုင်းပညာရှင်ကို သူနှင့်အတူ ခေါ်လာသည်။

ကောင်းကင်နတ်အရှင်ဟောင် ကြည့်လိုက်သည့်အခါ မိန်းကလေးဖြစ်နေကြောင်း တွေ့လိုက်ရ၏။ သူမက ကောင်းကင်နတ်အရှင်ဟောင်ကို မြင်လျှင်ချင်း အရိုအသေပေးသည်။ “တပည့်လျန်ဟွားဟွန် ဆရာ့ကို အရိုအသေပေးပါတယ်”

ကောင်းကင်နတ်အရှင်ဟောင်မှာ ရင်ခုန်သံမြန်လာပြီး ပြုံး၍ ပြောလိုက်သည်။ “ထပါ”

မိန်းကလေးလျန်ဟွားဟွန် ထရပ်သည့်အခါ ကောင်းကင်နတ်အရှင်ဟောင်သည် သူမကို အသေအချာ ကြည့်ရှုလိုက်ပြီး အတိုင်းထက်အလွန် လှပကြောင်း သတိထားမိလိုက်၏။

သေးငယ်သော ပခုံး၊ ချပ်ရပ်သော အဝတ်အစား၊ ဖွင့်ကားသော ရင်သားများ၊ သေးသွယ်လှသော ခါးသိမ်သိမ်.... ရွှန်းလဲ့နေသော မျက်ဝန်းများ... သူမနှင့် အကြည့်ချင်းဆုံလျှင် မည်သူဆို ရင်ခုန်ရလိမ့်မည်။

အင်္ကျီ၏ ခါးစည်းစလွယ်တို့က ပျံဝဲလျက် သူမအား ဝန်းရံထားသည်။ သူ၏ခေါင်းအ‌နောက်၌ ချီစွမ်းအင်ဖြင့် ဖွဲ့တည်လျက် သေမျိုးကမ္ဘာမှ အငွေ့အသက်များ စင်ကြယ်ရှင်းလင်းနေသော ရောင်ခြည်တော်စက်ဝန်းတစ်ခု ရှိသည်။

သူမ၏ပုံပန်းသွင်ပြင်သည် သူ့အမေ၊ အရှင်မယွမ်မုနှင့် အတော်လေး ဆင်တူ၏။

ကောင်းကင်နတ်အရှင်ဟောင်မှာ သူမကို စေ့စေ့စပ်စပ် ကြည့်ပြီးနောက် သူ၏ရာဂစိတ်အဟုန်ကို ဖိနှိပ်မြိုသိပ်ကာ တိတ်တိတ်ကလေး ချီးကျူးနေမိသည်။ ‘ငါ့လက်အောက်မှာ ဒီလိုမိန်းကလေးမျိုး ရှိတယ်လား’

သူက မျက်လုံးကို ပြူးနေအောင် ဖွင့်၍ အသေးစိတ် ကြည့်သော်လည်း ဤမိန်းကလေးသည် ဖန်ဆင်းကျင့်စဉ်များကြောင့်မဟုတ်ဘဲ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ပင်ကိုယ်သဘာဝအတိုင်း ဖြစ်ကြောင်း တွေ့လိုက်ရ၏။

သူသည် ‌ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို မိန်းမအလှဖြင့် ဖျက်စီးခဲ့သူ ဖြစ်သည့်အလျောက် သူ့နည်းတူ သူ့အား ပြန်လည်ဖျက်စီးမည့် လူတစ်ယောက် ပေါ်လာမည်ကြောက်၏။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ သားပီပီ၊ ဖအေ၏ အကျင့်ဆိုးများ အမွေရထားသော်လည်း သတိကြီးသူလည်း ဖြစ်ချေသည်။ အတော်များများက အလှပဂေးများဖြင့် သူ့ကို ဖျားယောင်းခဲ့သော်လည်း အမြဲတမ်း လက်ခံပြီးနောက် စားပစ်ခဲ့၏။

ကောင်းကင်နတ်အရှင်ဟောင်မှာ သူမကို ကြည့်ရင်းကြည့်ရင်း တဏှာရာဂတို့ မမြိုသိပ်နိုင်တော့ပေ။ “ကျန်တဲ့တပည့်တွေက ချင်မူ့ကို သတ်နိုင်မယ့် နည်းလမ်းတစ်ခု ငါ့ဆီက သင်ရမယ်... လျန်ဟွာဟွန်ကတော့ ဆယ့်ခုလုံး ကျင့်လို့ရတယ်.... ချင်မူ့ကို ဖယ်ရှားနိုင်အောင် ငါ့ကူညီပေးကြ... ငါ မင်းတို့ရဲ့အသိစိတ်အလျဉ် သူခိုးချင်မူရဲ့ ပုံရိပ်ယောင်ထဲ ပိတ်မိမသွားအောင် တားပေးမယ့် လက်နက်တစ်ခုစီ သွန်းလုပ်ပေးမယ်”

တပည့်များသည် ဦးညွှတ်အရိုအသေပေးကြ၏။

ခွန်းဝူက ပြောသည်။ “ဆရာ၊ ကောင်းကင်နတ်ဘုံမှာတော့ တိုက်ခိုက်ဖို့ ခက်တယ်... ကောင်းကင်နတ်အရှင်မူမှာ ဒီမှာ အာဏာသိပ်မရှိပေမယ့် သူ့ကို တိတ်တဆိတ် ကာကွယ်ပေးနေတဲ့ ကောင်းကင်နတ်အရှင်တွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေ အများကြီး ရှိနေတယ်”

ကောင်းကင်နတ်အရှင်ဟောင်သည် တိတ်ဆိတ်စွာ တွေးကြည့်ပြီးနောက် ပြောလိုက်၏။

“ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုက မဟာလေဟာနယ်ဆီ အတူတူထွက်သွားပြီး ကျရောက်လာနိုင်တဲ့အန္တရာယ်တွေ တွေ့ထားတယ်... အဲဒီနေရာက အင်မတန် အန္တရာယ်များတဲ့အတွက် ကောင်းကင်နတ်ဘုံအနေနဲ့ စစ်တပ်တစ်စိတ်လွှတ်ပြီး ဖိနှိင့်သင့်ကြောင်း သတင်းပို့ကြတယ်... ငါတို့ သူ့ကို ဒီမှာ မသတ်နိုင်မှတော့ မဟာလေဟာနယ်မှာ သတ်ကြတာပေါ့... မဟာလေဟာနယ်ဆီ သူ့ကို လွှတ်နိုင်မယ့် အကြောင်းရင်းရှာလိုက်... သိပ်မခက်လောက်ပါဘူး”

ခွန်းဝူက ခေါင်းညိတ်သည်။

“ခွန်းဝူပြန်တော့.... မင်းတို့တွေကတော့ ဒီမှာနေ... ချင်မူ့ကို သတ်နိုင်အောင် ငါ သင်ပေးမယ်”

ကောင်းကင်နတ်အရှင်ဟောင်၏ အကြည့်သည် ဤ ၁၉ ယောက်အပေါ် ကျရောက်သွားပြီး လျန်ဟွာဟွန်ဆီ ရောက်သည့်အခါ မျက်ဝန်းများ လှုပ်ခတ်သွား၏။ ကောင်းကင်နတ်ဧကရာဇ်ဆီမှ အမွေဆိုးများ ထကြွလာသော်လည်း ချင်မူ့ကို သုတ်သင်ရန် သူမအား လိုအပ်သည့်အတွက် စားမရ‌‌သေးပေ။ သူ့မှာ စိတ်ထိန်းပြီး ချင်မူ့ကို သတ်နိုင်မည့်နည်းလမ်း ၁၈ သွယ်ကိုသာ အားသွန်ခွန်စိုက် သင်ပေးလိုက်သည်။

နဂါးသွဲ့ရေကန်၊ မန့်လန်အဆောင်တွင် ချင်မူသည် မဟာဧကရာဇ်၏ ချိတ်တံဆိပ်ကို ကစားနေပြီး တခဏကြာသော် သူ့အသိစိတ်အလျဉ်အား အထဲ ပို့လွှတ်လိုက်၏။ “မြောက်တက်လိုက်”

ဘုတ်

‌‌တော်ဝင်တံဆိပ်တော်က မြေပေါ် ကျသွားသည်။

ချင်မူ ခေါင်းကုတ်ပြီး တံဆိပ်ကို ကောက်ကာ ချီစွမ်းအင်ဖြင့် ထိန်းချုပ်ကြည့်၏။ “မြောက်တက်လိုက်”

တံဆိပ်က လေထဲတွင် ပျံဝဲနေသော်လည်း စွမ်းအားမရှိပေ။ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံး ပွင့်လာပြီး တတိယမျက်လုံးဖြင့် တံဆိပ်အား ထိန်းချုပ်ကြည့်သော်လည်း မူမမှန်သည့်အရာ မမြင်ရချေ။

သူက အသိစိတ်အလျဉ်မှတစ်ဆင့် တံဆိပ်အတွင်း၌ အထွတ်အမြတ်နန်းတော်ဧရိယာ တည်ဆောက်ကြည့်သည်။ တံဆိပ်သည် ယိုင်တိုင်တိုင်ဖြင့် မြောက်တက်လာ၍ ချင်မူ ပျော်နေစဉ် မြေပေါ် ပြန်ပြုတ်ကျသွား၏။

“သောက်တံဆိပ်စုတ် သောက်သုံးကို မကျဘူး”

ချင်မူ ဒေါသထွက်သွားပြီး မူလသစ်ပင်၏အူတိုင်ကို ထုတ်ကာ တံဆိပ်အား ရိုက်ချလိုက်သဖြင့် မန့်လန်အဆောင်မှာ ပြိုကျလုနီးပါး တုန်ခါသွားသည်။ သို့သော် တံဆိပ်ကား ခြေရာလက်ရာမပျက်ပေ။ အူတိုင်ကဲ့သို့ မာကြောလှသော လက်နက်ပင် တံဆိပ်အား နည်းနည်းလေးမှ ပွန်းပဲ့မသွားစေခဲ့။

“မာလိုက်တာ... ဒါနဲ့ ကောက်ပေါက်ရင်တောင် လူသေလောက်တယ်”

ချင်မူ တံဆိပ်ကို သိမ်းနေသည့်အချိန် ရှုကျွင်း၏ရယ်သံက သူ့စိတ်ထဲတွင် ‌ပေါ်လာသည်။ “မဟာဧကရာဇ်ကျူယွီရှစ်ရဲ့ တံဆိပ်တော်မြတ်နဲ့ ကောက်ပေါက်စရာလား အဆင့်နိမ့်တဲ့သတ္တဝါလေးရဲ့.... ငါ့ကို မင်းရဲ့သွေး၊ အဆီအနှစ်နဲ့ အသိစိတ်အလျဉ်တွေ တစ်နှစ်တိတိ ပေး... ဒါဆို ဘယ်လိုသုံးရမလဲ သင်ပေးမယ်”

သုံးနှစ်တိုင် ထောက်ပံ့ပေးရန် တောင်းနေရာမှာ တစ်နှစ်ပြောင်းသွားခြင်းမှာ အတော်လေး စျေးလျှော့ပေးထားခြင်း ဖြစ်ပေသည်။

ချင်မူက သူ့ကို လျစ်လျူရှု၍ ကောင်းကင်နတ်အရှင်ယွင် ထားခဲ့သော ဘူးလေးကို ထုတ်ကာ အထဲရှိ ယဇ်ပလ္လင်အား ကြည့်သည်။

ရှုကျွင်းမှာ ရင်တထိတ်ထိတ် မဖြစ်မိဘဲ မနေတော့ပေ။ ‘ဒီကောင် သိသွားတာများလား’

ချင်မူ ဘူးပြန်ပိတ်လိုက်သည့်အခါမှ ရှုကျွင်း စိတ်သက်သာရာရသွားသည်။ ရုတ်တရက် ချင်မူက ပြောလေသည်. “ရှုကျွင်း၊ ကျွန်တော့်ကို အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာရဲ့ တခြားကျင့်စဉ်တွေ သင်ပေး... ခင်ဗျားရဲ့ မျက်လုံးနောက်တစ်လုံး ထွက်လာအောင် ကျွန်တော် ကူညီ‌ပေးမယ်’

ရှုကျွင်းသည် ညစ်ကျယ်ကျယ် ရယ်၏။ “အိပ်မက်ပဲ မက်နေလိုက်.... အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာက ကျင့်စဉ်အပြည့်အစုံရဲ့ သုံးပုံတစ်ပုံပဲ ရှိသေးတာ... အကုန်လုံး သင်ပေးတာတောင် မျက်လုံးတစ်လုံးပဲ ရမယ်တဲ့လား... အနည်းဆုံးတော့ ဦးနှောက်တော့ လိုတယ် ... ဒါ့အပြင် မင်း ကောင်းကင်နတ်ဘုံရဲ့ ဖန်ဆင်းရှင်ကို ရှာမပေးနိုင်သေးဘူး... မင့်ကတိ တည်ရဦးမယ်”

ချင်မူမှာ ဒေါသထွက်လွန်းသဖြင့် တဟားဟား ရယ်လိုက်သည်။

“လူလည်ကြီး၊ ကျုပ်တို့အပေးအယူက ခင်ဗျားအတွက် ဖန်ဆင်းရှင် ရှပေးမယ်၊ ခင်ဗျားက အသိစိတ်အလျဉ် ကျင့်ကြံနိုင်အောင် ကျင့်စဉ်သင်ပေးမယ်ဆိုတာလေ... ခင်ဗျားက သုံးပုံတစ်ပုံပဲ လာသင်ပေးပြီး ကျုပ်ကို ကတိမတည်ဘူးလို့ ပြောရဲသေးတယ်ပေါ့”

ရှုကျွင်းက အေးတိအေးစက် ရယ်သည်။ “ငါ မင်းကို မဟာကမ္ဘာဦးအစ မူလကျောက်တုံး သုံးပြီး ဘယ်လိုကျင့်ကြံရမလဲ သင်ပေးမယ့်လို့ပဲ ပြောခဲ့တာ... ကျင့်စဉ်အပြည့်အစုံပေးမဘ် ပြောလို့လား... ဒီတော့ ငါ ကတိမတည်ရာ မကျဘူး”

ချင်မူမှာ တဆတ်ဆတ် တုန်လာသည့်တိုင်အောင် ‌ဒေါသထွက်နေတော့သည်။ “ချီးထုပ်ကြီး”

မူလကျောက်တုံး၏ ယဇ်ပလ္လင်ထက်ရှိ အသားတုံးကြီးသည်လည်း ဒေါသကြောင့် တဆတ်ဆတ် တုန်နေကော ပြန်အော်ပြော၏။ “မင်းလည်း ချီးထုပ်ပဲကွ”

တခဏကြာသော် ချင်မူသည် တောက်ပစွာ ပြုံးပြီး အကြံပြုလိုက်၏။ “ကျင့်စဉ်အပြည့်အစုံ သင်ပေး၊ ဒါဆို ကျုပ် ခင်ဗျားရဲ့ခေါင်း ထွက်လာအောင် အဆီအနှစ်တွေ၊ သွေးတွေနဲ့ အသိစိတ်အလျဉ် ပို့ပေးမယ်... ဘယ်လိုလဲ”

ရှုကျွင်းက စဉ်းစားကြည့်ပြီးနောက် သဘောတူသည်။ “ရတယ်လေ... မင်း ငါနဲ့ ရိုးရိုးသားသား ပူးပေါင်းဖို့ လိုတယ်... မလှည့်မပတ်ရဘူး”

ချင်မူက ခေါင်းညိတ်ရင်း တွေးနေသည်။ “ခင်ဗျားရဲ့ ခေါင်းကို ပြန်ထွက်အောင် လုပ်ပေးမယ်... ဒါပေမဲ့ ဦးနှောက်၊ မျက်လုံး၊ နားရွက်၊ ပါးစပ်၊ သွားနဲ့ လျှာတွေ မပါစေရဘူး... ခင်‌ဗျားခေါင်းကို အခွံကြီးပဲ ထားမှာ’

All Chapters