← Chapters

ရှဲ့ချောင်၏ အကောက်ဉာဏ်

Vol. 57 Ch. 789

ရှဲ့ချောင်၏ အကောက်ဉာဏ်

Vol. 57 Ch. 789

"ဆရာ ကျုပ် မှားသွားပါတယ်။ အခုကစလို့ ဆရာ့စကားကို နားထောင်ပြီး သတ်ဖြတ်တာကို ရပ်လိုက်ပါ့မယ်"

ရှဲ့ချောင်က ဆက်တိုက်တောင်းပန်နေသည်။ ယဲ့ချန်က မရဏအလင်းမျှော်စင်များဖြင့် နောက်တစ်ကြိမ် ပစ်ခတ်ကာနီးတွင် ထွင်ထျန်းက သူ့ရှေ့၌ ဝင်ရပ်ပေးလိုက်သည်။

"ယဲ့ချန် ခဏနေပါဦး။ သူ့ကို အခွင့်အရေးတစ်ခုလောက် ပေးရအောင်။ ရှဲ့ချောင် အနာဂတ်မှာ မင်းက လူကောင်းတစ်ယောက် ဖြစ်လာရမယ်"

ထွင်ထျန်းက ဒေါသထွက်နေသော်လည်း သူ၏တပည့်ဖြစ်နေသော ရှဲ့ချောင်အပေါ် သနားသဖြင့် ယဲ့ချန်ကို ဖြောင်းဖျလိုက်၏။ ရှဲ့ချောင်ကဲ့သို့လူစားမျိုးက ပြောင်းလဲရန် မဖြစ်နိုင်သောကြောင့် ထိုအချိန်၌ ရုတ်တရက် ချောင်းတိုက်လာခဲ့သည်။

"အကြီးအကဲ သတိထား"

"ဆရာ နောက်မှာ"

ယဲ့ချန်က စိုးရိမ်တကြီး အော်ဟစ်လိုက်သကဲ့သို့ ရှောင်ရိလည်း ရင်ထိတ်သွားခဲ့သည်။

ရှဲ့ချောင်က ထွင်ထျန်းစိတ်ပျော့နေသည်ကို အခွင့်ကောင်းယူ၍ နတ်ဆိုးသံကြိုးများမှ ဘန်းခနဲ ရုန်းထွက်လာပြီး သွေးရေကန်ဖြင့် ဝါးမျိုလိုက်သောကြောင့် ရှောင်တိမ်းရန် နောက်ကျသွားခဲ့သည်။

"အဘိုးကြီး ငါက နတ်ဆိုးတစ်​ယောက်ပဲ။ မင်းကများ လူကောင်းဖြစ်စေချင်နေသေးတယ်။ ရယ်စရာကောင်းလိုက်တာ။ မင်းကို ဝါးမျိုပြီးရင် ငါ့ကျင့်ကြံဆင့် မြင့်တက်လာလိမ့်မယ်။ ပြီးရင် ဒီခွေးကောင်တွေကိုပါ စားပစ်မယ်"

ရှဲ့ချောင်က ကျေနပ်စွာရယ်မောနေစဥ် ထွင်ထျန်းက သွေးရေကန်အတွင်း နာကျင်စွာ ရုန်းကန်နေရ၏။

"ခွေးတိရိစ္ဆာန် ငါ မင်းကိုယုံကြည်ခဲ့ပေမယ့် ကောက်ကျစ်လှချည်လား"

သူက ဒေါသတကြီး ဆဲဆိုလိုက်သည်။

"မင်းကြိုက်သလောက် ဆဲစမ်း။ မင်းအသက်ရှင်လာတာ ကြာပြီဆိုတော့ အနားယူချိန်တန်ပြီ"

ရှဲ့ချောင်က ရက်စက်စွာ ပြုံးလိုက်သည်။

"အောက်တန်းကျတယ်"

ရှောင်ရိသည် ဆရာဖြစ်သူ သွေးရေကန်အတွင်းရောက်နေသည်ကို မြင်သောအခါ ဒေါသထွက်သွားခဲ့သည်။ ယဲ့ချန်မတားနိုင်ခင်မှာပင် သူက တောင်ပံများထုတ်ဖော်၍ လေထဲသို့မြင့်တက်ကာ မရေမတွက်နိုင်သော မြွေကြီးများဖန်တီးရင်း ရှဲ့ချောင်ထံ ဝင်ရောက်သွားခဲ့သည်။

"မင်းက ဒီအမှိုက်ကောင်ကြီးရဲ့ တပည့်အသစ်ဖြစ်ရမယ်။ သူက မင်းကို နတ်ဆိုးကျမ်းအကြောင်း အမှန်တကယ်သင်ပေးတယ်ပေါ့လေ။ မင်းက အားနည်းနေတာ နှမြောစရာပဲ။ မင်းတို့နှစ်ယောက်က ဆရာတပည့်ဆိုမှတော့ ဒီနေ့ အတူတူသေလိုက်ကြတော့"

ရှဲ့ချောင်က ရှောင်ရိကို တစ်ချက်ကြည့်လိုက်ပြီး ထက်ရှသောလက်သည်းများ ဖန်ဆင်းကာ ရင်ဆိုင်တိုက်ခိုက်လိုက်သည်။ ဤမြင်ကွင်းက ယဲ့ချန်ကို အလွန်စိုးရိမ်သွားစေပြီး မရဏအလင်းမျှော်စင်များလည်း အသုံးပြု၍မဖြစ်ချေ။ ၎င်းတို့သာ ပစ်ခတ်လိုက်လျှင် သွေးရေကန်အတွင်းရှိနေသော ထွင်ထျန်းသာမက ရှောင်ရိလည်း ထိခိုက်သွားနိုင်သည်။ ရှောင်ရိက နတ်ဆိုးကျင့်စဥ်များ​ကြောင့် အစွမ်းထက်သော်လည်း နတ်အစေခံတစ်ယောက်ဖြစ်နေသောအခါ တစ်ဖက်လူကိုမယှဥ်နိုင်ဘဲ ဝါးမျိုခံရနိုင်ချေရှိသည်။ သူ၏အကြည့်က လေထဲတွင် မျောလွင့်နေသော အနန္တရှေးဟောင်းကျောက်စာထံ ကျရောက်သွားကာ အေးစက်သွား၍ ချက်ချင်းချဥ်းကပ်သွားလိုက်သည်။

"ဒီကောင်က ကျောက်စာကို ထိခိုက်အောင်လုပ်ပြီး ငါ့ကို တိုက်ခိုက်ချင်နေတာလား။ မဖြစ်နိုင်ဘူး။ ငါမြင်ဖူးသမျှထဲမှာ ဒီကျောက်စာက အမာဆုံးဖြစ်လို့ ဘာမှမဖျက်ဆီးနိုင်ဘူး။ ပြီးတော့ ဒီကျောက်စာရဲ့ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခံရဖို့လည်း ပိုတောင်မဖြစ်နိုင်ဘူး"

ရှဲ့ချောင်က မြင်သော်လည်း ယုံကြည်မှုရှိစွာဖြင့် ကြည့်နေခဲ့သည်။ သူက ကျောက်စာအတွင်းနေထိုင်ခဲ့ပြီး ၎င်း၏အစွမ်းအချို့ကို ထိန်းချုပ်နိုင်သောကြောင့် ယဲ့ချန်တတ်နိုင်သော အရာမရှိဟု ယုံကြည်ထားသည်။ ထိုအချိန်၌ သူက ကျောက်စာထံ ရောက်ရှိသွားကာ ဖမ်းဆီးနေစဥ် ရှဲ့ချောင်က ရှောင်ရိနှင့် ထွင်ထျန်းကို တစ်ကိုယ်တော်ရင်ဆိုင်နေသည်။

"ဟား ဟား အဆုံးမရှိတဲ့ စွမ်းအားတွေ။ အဘိုးကြီး နတ်ဆိုးကျမ်းကို မင်းမသင်ပေးရင်လည်း ငါ့ဘာသာယူပြမယ်။ မင်းတို့က ငါ့ရုပ်ခန္ဓာရဲ့ အစိတ်အပိုင်း ဖြစ်လာလိမ့်မယ်"

ရှဲ့ချောင်က သွေးဆာရက်စက်စွာဖြင့် ပြုံး၍ ကျေနပ်နေခဲ့သည်။

"မင်းမှာ ဒီလိုအစွမ်းရှိမလား ကြည့်ရသေးတာပေါ့။ ဒီကျောက်စာက မင်းကို စွမ်းအားပေးထားရင် ဖျက်ဆီးပစ်မယ်"

ယဲ့ချန်က ကျောက်စာကို အေးစက်စက်စိုက်ကြည့်ရင်း ကောင်းကင်ဓားပျံတစ်လက်ဖန်ဆင်းကာ ထိုးစိုက်ချလိုက်သဖြင့် ဘန်းခနဲမြည်သံတစ်ခု ထွက်ပေါ်လာ၏။ ဓားပျံက ၎င်းကို မဖောက်ထွင်းနိုင်သောကြောင့် သူက အံ့သြသွားပြီး ဓားပျံမထွင်းဖောက်နိုင်သော အရာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သို့သော် ၎င်းက သူ၏စိတ်အတွင်းရှိ ဓားပျံမှ သရုပ်ထင်ခြင်းသက်သက်ဖြစ်ကာ အစစ်အမှန်ဓားကိုယ်ထည်မဟုတ်သောကြောင့် အထူးရတနာမျိုးကို မထိုးဖောက်နိုင်သည်က မဆန်းပေ။ ထို့နောက် ကျောက်စာထက်တွင် အက်ကြောင်းတစ်ခုဖြစ်လာသောကြောင့် ၎င်းက ဓားပျံအောက် နိမ့်ကျကြောင်း သိသာ၍ ပြင်းထန်စွာ တုန်ရီနေသည်။ ၎င်းက အချိန်ကြာမြင့်စွာတည်ရှိခဲ့ပြီး အသိစိတ်အနည်းငယ် ပိုင်ဆိုင်လာသောကြောင့် ကြောက်စိတ်ကြောင့် စွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ ရှဲ့ချောင်၏ကိုယ်တွင်းမှ စွမ်းအားများကို ၎င်းက ပြန်လည်စုပ်ယူလိုက်သောကြောင့် သွေးရေကန်အတွင်းရှိ သွေးပမာဏက ပို၍နည်းပါးလာ၏။

မရေမတွက်နိုင်သော နည်းလမ်းများ အသုံးပြုခဲ့သော်လည်း ကျောက်စာကို ထိခိုက်အောင် မလုပ်နိုင်ခဲ့သော ရှဲ့ချောင်က ယဲ့ချန်ကို မယုံနိုင်ဖြစ်နေခဲ့သည်။ သူ၏အမြင်၌ ၎င်းကိုထိုးဖောက်ရန် မဖြစ်နိုင်သောကြောင့် သေဆုံးသောအခါ၌ ဝိညာဥ်ဘဝဖြင့် ကပ်တွယ်နေခြင်းဖြစ်သည်။ သူသာ ကျောက်စာနှင့်ပေါင်းစပ်နိုင်လျှင် ပြိုင်ဘက်ကင်းသန်မာလာ၍ မဖျက်ဆီးနိုင်သော ဝိညာဥ် ဖြစ်လာပေလိမ့်မည်။ ဤနည်းဖြင့် သူက စိတ်ရှည်စွာ ပူးကပ်နေထိုင်ခဲ့ပြီး သိမ်းပိုက်ရန်အတွက် သန်မာသော ရုပ်ခန္ဓာတစ်ခုကို စောင့်မျှော်နေသည်။ သို့သော် အသန်မာဆုံးဟု သူထင်ထားသော ကျောက်စာက ယဲ့ချန်၏ဓားပျံလက်ချက်ဖြင့် ကြောက်လန့်နေသည်ကို ခံစားမိသောအခါ တစ်ဖက်လူကို အမြန်ဆုံးသတ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ ကျောက်စာသာ ပျက်စီးသွားလျှင် သူ၏ဝိညာဥ်က မှီတွယ်ရာပျောက်ကွယ်သွားပြီး အားနည်းသွားကာ သူများပြုသမျှ နုရမည့်ဘဝမျိုး ရောက်သွားပေလိမ့်မည်။

"ခွေးကောင် မင်းက ငါ့ကျောက်စာကို ဖျက်ဆီးချင်တာလား။ သေလိုက်စမ်း"

ရှဲ့ချောင်က အော်ဟစ်ရင်း ထွင်ထျန်းနှင့် ရှောင်ရိကို လျစ်လျူရှုကာ ယဲ့ချန်ထံ သွေးရေကန်နှင့်အတူ ဝင်ရောက်လာခဲ့သည်။ ကျောက်စာက အစွမ်းရှိသောကြောင့် ၎င်းကိုယ်၎င်း ကာကွယ်နိုင်နေသဖြင့် ဓားပျံက အချိန်တိုအတွင်း ဖျက်ဆီးရန် မဖြစ်နိုင်သော်လည်း ကြောက်မက်ဖွယ် သွေးရေကန်က နီးကပ်လာခဲ့သည်။ သွေးနံ့ပြင်းပြင်းက သူ၏မျက်နှာထံ တိုးဝင်လာပြီး ရှဲ့ချောင်က မြန်ဆန်လွန်းသောကြောင့် ရှောင်တိမ်းရန် အချိန်မရှိတော့ပေ။

"အစ်ကိုကြီး သတိထား"

ရှောင်ရိက အော်ဟစ်သတိပေးလိုက်သည်။

"ခွေးကောင်"

ထွင်ထျန်းကလည်း ဧရာမနတ်ဆိုးကြီးအဖြစ်ပြောင်းလဲကာ ရှဲ့ချောင်ကိုတားမြစ်ရန် ခုန်အုပ်လိုက်၏။ သို့သော် သူ၏ခွန်အားတစ်ဝက်ခန့်က စုပ်ယူခံထားရသဖြင့် အားနည်းနေကာ အချိန်နောက်ကျလွန်းနေသည်။ ယဲ့ချန်က နတ်အစေခံအဆင့်ကိုးသာ ဖြစ်သောကြောင့် ကြယ်သခင်အလယ်အဆင့်ဖြစ်သော ရှဲ့ချောင်ကို မယှဥ်နိုင်ပေ။ ထိုအချိန်၌ သူ၏စိတ်က အလုပ်များစွာ တပြိုင်နက်လုပ်လိုက်ပြီး ဘေးအန္တရာယ်ကိုရှောင်ရှားရန် အဖြေရှာနေခဲ့သည်။ သူ၏ခန္ဓာကိုယ်က အလွန်သန်မာသော ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာဖြစ်သောကြောင့် ဖျက်ဆီးရန် မဖြစ်နိုင်သောကြောင့် သွေးရေကန်ကို ထိပ်တိုက်ရင်ဆိုင်ချင်ခဲ့သည်။

"စွန့်စားတာပေါ့"

ယဲ့ချန်က စိတ်ထဲမှ ရေရွတ်လိုက်ပြီး ကောင်းကင်ကြယ်တာရာပင်မတံဆိပ်ကို ရှဲ့ချောင်ထံ ရုတ်တရက် ပစ်ပေါက်လိုက်သည်။ သာမန်ကျောက်တုံးတစ်ခုနှင့် ဆင်တူသော ၎င်းက သွေးရေကန်ကို ဖြတ်သန်းသွားသကဲ့သို့ သူ့ကိုလည်း သွေးများက ဖုံးလွှမ်းသွားခဲ့သည်။ သွေးရေကန်အတွင်းရောက်သောအခါ သူက နာကျင်မှုကို ခံစားလိုက်ရသော်လည်း နတ်ခန္ဓာက အလွန်သန်မာသဖြင့် သည်းခံနိုင်စွမ်းရှိနေသည်။ သူ၏ဝိညာဥ်အသိစိတ်က အပ်တစ်ချောင်းပမာစုစည်း၍ ပင်မတံဆိပ်ကို ထိုးဆွလိုက်ပြီး ယခုတစ်ခေါက် အသုံးပြုလိုက်သော အင်အားသည် ယခင်တစ်ခေါက်ထက် အဆပေါင်းရာချီ ပို၍ပြင်းထန်နေသည်။

"ပေါက်ကွဲစမ်း"

"ဘုန်း"

နားကွဲမတတ် ကျယ်လောင်လွန်းသော အသံကြီးတစ်ခု ထွက်ပေါ်လာကာ လောကတစ်ခွင်တုန်ခါသွားပြီးနောက် အသံများပျောက်ကွယ်သွားခဲ့သည်။ အကြောင်းအရင်းမှာ ယဲ့ချန်၊ ထွင်ထျန်း၊ ရှောင်ရိ၊ ရှဲ့ချောင်နှင့် နတ်အစေခံအားလုံး အကြားအာရုံ ပျောက်ကွယ်သွားသောကြောင့်ဖြစ်ကာ အရာရာက ရပ်တန့်သွားပုံရသည်။ သူတို့က မည်သည်ကိုမှမကြားရသကဲ့သို့ မျက်လုံးရှေ့တွင် အလွှာတစ်ခုခြားလိုက်သလို မည်သည်ကိုမှမမြင်နိုင်ခဲ့ပေ။ ထို့နောက် သူတို့က ပေါက်ကွဲသံအကျယ်ကြီးကို ကြားလိုက်ရကာ ပင်မတံဆိပ်ကိုဗဟိုပြု၍ ကြောက်မက်ဖွယ်စွမ်းအားတစ်ရပ် ပြန့်ထွက်လာ၏။ အရာရာက မြန်ဆန်လွန်းနေပြီး ယဲ့ချန်က သွေးရေကန်အတွင်းရှိနေကာ ထွက်မပြေးနိုင်ခဲ့ဘဲ ရင်ဘတ်၌ ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရသည်။ သူက သွေးများအန်ထုတ်၍ လူသားအမြောက်ဆံတစ်ခုပမာ သွေးရေကန်အတွင်းမှ လွင့်ထွက်သွားကာ တစ်ကိုယ်လုံး ကြောက်မက်ဖွယ်ဒဏ်ရာများ ပြည့်နှက်နေသည်။ ရှောင်ရိနှင့် ထွင်ထျန်းက စွမ်းအားနှင့်ရိုက်ခတ်ခံရလိုက်ပြီး ထွက်မပြေးနိုင်ခဲ့သော်လည်း အတန်ငယ်ဝေးကွာနေသဖြင့် ဒဏ်ရာရသွားသော်လည်း အသက်အန္တရာယ် မရှိခဲ့ချေ။

ထိခိုက်မှုအများဆုံးမှာ ရှဲ့ချောင်ဖြစ်ပြီး ပေါက်ကွဲစွမ်းအင်ကြောင့် သွေးရေကန်က အပိုင်းပိုင်းအစစဖြစ်သွားကာ လေထဲတွင် လောင်ကျွမ်းခံလိုက်ရ၏။ သူ၏ဝိညာဥ်က စက္ကူတစ်ရွက်ပမာ စုတ်ပြဲသွားပြီး သေလုမျောပါးဒဏ်ရာရသွားကာ အချိန်မရွေး ပျောက်ကွယ်သွားမည်အထိ အခြေအနေဆိုးသွားခဲ့သည်။

"အား အား အား"

သူက နာနာကျင်ကျင်အော်ဟစ်ရင်း ဝိညာဥ်က မှေးမှိန်လာသော်လည်း ကျောက်စာနှင့် ပတ်သက်နေသောကြောင့် လောလောဆယ် အသက်မသေဆုံးဘဲ နာကျင်မှုကို ခံစားနေရလေသည်။

All Chapters