← Chapters

နတ်အစေခံအဆင့်တစ်ဆယ်

Vol. 57 Ch. 790

နတ်အစေခံအဆင့်တစ်ဆယ်

Vol. 57 Ch. 790

ကောင်းကင်ကြယ်တာရာပင်မတံဆိပ်က နီးကပ်လွန်းနေပြီး ပေါက်ကွဲမှုက ပြင်းထန်သောကြောင့် ယဲ့ချန်က အပြင်းအထန်ဒဏ်ရာရသွားကာ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာ ပိုင်ဆိုင်ထားသည့်တိုင်အောင် အရိုးများ ကျိုးကြေကုန်သည်။ သူ၏အမြင်အာရုံက အမှောင်ကျသွားပြီး အချိန်မရွေး သတိလစ်သွားနိုင်သော်လည်း လက်ကျန်အသိစိတ်တစ်မျှင်ကို ထိန်းသိမ်းထားကာ ဝိညာဥ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်အား ထောက်လှမ်းလိုက်သည်။ ရှဲ့ချောင်သာမသေဘဲ လွတ်မြောက်သွားလျှင် ကောင်းကင်မူလကြယ်က သွေးရေကန်အောက်တွင် ပျက်သုဥ်းသွားပေလိမ့်မည်။ သို့သော် မမျှော်လင့်ထားသော အရာတစ်ခုဖြစ်ပေါ်လာကာ မြေပြင်၌ နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေရသော ရှဲ့ချောင်၏ဝိညာဥ်က အလွန်လျင်မြန်စွာ ပြန်လည်ကောင်းမွန်နေသည်။ သူ၏ဒဏ်ရာများက မြင်သာစွာဖြင့် ပြန်လည်ကောင်းမွန်နေသဖြင့် ဤနည်းအတိုင်း ဆက်လက်ဖြစ်ပွားနေလျှင် တိုက်ခိုက်ရေးစွမ်းအားကို ပြန်လည်ပိုင်ဆိုင်ရန် အချိန်များစွာ မလိုအပ်တော့ပေ။

ယဲ့ချန်က ထိတ်လန့်သွားပြီး လေထဲရှိ အနန္တရှေးဟောင်းကျောက်စာကို တစ်ချက်ကြည့်လိုက်သောအခါ ၎င်းက အသက်ရှိနေသကဲ့သို့ လင်းလက်နေသောကြောင့် လက်သည်ဖြစ်ကြောင်း သိလိုက်ရ၏။ ၎င်းက အနက်ရောင်တောက်ပနေကာ ယဲ့ချန်၏ဓားပျံကို ကြောက်သောကြောင့် ရှဲ့ချောင်ကို ကူညီပေးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

"ဒီကျောက်စာရှိနေရင် ငါ့ကိုသတ်ဖို့ မလွယ်ဘူး၊ ဟား ဟား။ ဒီနေ့ မင်းတို့အားလုံး သေရမယ်"

ရှဲ့ချောင်က အောင်နိုင်သူအမူအရာမျိုးဖြင့် ရယ်မောနေသော်လည်း ထိုအချိန်၌ ပင်မတံဆိပ်ကို ယဲ့ချန်ဖွင့်လှစ်ထားသော အပေါက်မှတဆင့် ပြင်းထန်သော စုပ်အားတစ်ရပ် ဖြစ်ပေါ်လာသောကြောင့် ရယ်သံက တိခနဲ ရပ်သွားသည်။

"ဘာတွေဖြစ်နေတာလဲ။ အထဲက ဘာကြီးလဲ"

သူက ကြောက်လန့်တကြား အော်ဟစ်ရင်း သူ့ကိုဝါးမျိုရန် ကြိုးစားနေသော စုပ်အားထံမှ မလွတ်မြောက်နိုင်ကြောင်း ခံစားလိုက်ရသည်။ ပင်မတံဆိပ်ထံမှ ဟိန်းဟောက်သံကြီးတစ်ခုက ရှေးဟောင်းသားရဲကြီးတစ်ကောင် အော်ဟစ်လိုက်သကဲ့သို့ ထွက်ပေါ်လာကာ လောကတစ်ခွင် ဗြောင်းဆန်သွားစေနိုင်သော ဖိအားထွက်ပေါ်လာသဖြင့် လူတိုင်း တုန်ရီသွားသည်။ ကျောက်စာက ၎င်းအသံကို ကြားသောအခါ အလင်းရောင်တောက်ပနေရာမှ ချက်ချင်းမှိန်ကျသွားကာ မြေပြင်သို့ ဘုန်းခနဲ ပြုတ်ကျသွား၍ မလှုပ်ရှားတော့ပေ။

"ဘာကြီးလဲ"

ရှဲ့ချောင်က အကြောက်လွန်နေပြီး ပင်မတံဆိပ်အတွင်း စုပ်ယူခံနေရသောအခါ မည်မျှရုန်းကန်ပါစေ အသုံးမဝင်ပေ။ အလွန်အစွမ်းထက်သော အရာတစ်ခုက သူ၏ဝိညာဥ်ကို ဝါးမျိုစားသောက်လိုနေသည်။

"မလုပ်ပါနဲ့၊ ငါ့ကို မသတ်ကြပါနဲ့"

သူ၏အော်သံနက်ကြီးက ကြယ်တစ်ခွင် မြည်ဟီးသွားသော်လည်း ပင်မတံဆိပ်အတွင်း စုပ်ယူခံလိုက်ရပြီး ပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်က တိတ်ဆိတ်သွားခဲ့သည်။ ပင်မတံဆိပ်က မူလအခြေအနေအတိုင်း ပြန်လည်တည်ငြိမ်သွားကာ ကောင်းကင်မှပြုတ်ကျလာစဥ် ထွင်ထျန်းဖြစ်စေ၊ ရှောင်ရိဖြစ်စေ၊ အခြားလူများဖြစ်စေ ကြောက်စိတ်ကြောင့် တုန်လှုပ်နေသည်။

"ပင်မတံဆိပ်ထဲက ဘာကြီးလဲကွာ"

ပိုင်ရှင်ဖြစ်သော ယဲ့ချန်ကိုယ်တိုင် ရင်ထိတ်နေရပြီး အဝေးတစ်နေရာမှ စောင့်ကြည့်နေသော ခရမ်းမီးတောက်ခြင်္သေ့ကြီးပင် ကြောက်လန့်နေသည်။ သူက ယဲ့ချန်တို့ကိုကူညီရန် အခွင့်အရေးတစ်ခု စောင့်နေစဥ်မှာပင် ပင်မတံဆိပ်ထွက်ပေါ်လာသဖြင့် မကူညီနိုင်ခဲ့ပေ။ ရှဲ့ချောင်ကို ပင်မတံဆိပ်က စုပ်ယူသွားသောအခါ ယဲ့ချန်က စိတ်အေးသွားပြီး သူ၏အသိစိတ်က ဖြည်းဖြည်းချင်းဝေဝါးသွားကာ အိပ်မက်တစ်ခုအတွင်း ကျရောက်သွားသည်။ သူ၏အိပ်မက်အတွင်း နေရာတိုင်း သတ်ဖြတ်ခြင်းများပြည့်နှက်၍ သွေးချောင်းစီးနေသော စစ်မြေပြင်၌ ဧရာမ ကြောက်မက်ဖွယ် ပုံရိပ်ကြီးတစ်ခုကို မြင်ခဲ့ရသည်။ ၎င်းက စစ်မြေပြင်တွင် ပြိုင်ဘက်ကင်းခွန်အားဖြင့် တိုက်ခိုက်နေပြီး သူက ရှင်းရှင်းလင်းလင်း မမြင်နိုင်ခင်မှာပင် အိပ်မက်က အဆုံးသတ်သွားခဲ့သည်။ ပင်မတံဆိပ်က သူ့ကို ဤအိပ်မက်အတွင်း ဆွဲခေါ်သွားခြင်းဖြစ်ကာ ရုတ်တရက် ပြန်လည်သတိရလာသောအခါ တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်နေသည်။ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာနှင့် သာမန်ရုပ်ခန္ဓာ၏ ကွာခြားချက်မှာ နတ်ခန္ဓာက ထိခိုက်ခံရလျှင်ပင် သန့်စင်ခြင်းမခံရသည်အထိ လျင်မြန်စွာ ပြန်လည်ကောင်းမွန်နိုင်ခြင်းဖြစ်သည်။

ယဲ့ချန်သည် အချိန်ကြာမြင့်စွာ သတိလစ်သွားသည်ဟု ထင်မြင်နေသော်လည်း မျက်တောင်တစ်ခတ်သာ ကြာမြင့်ခဲ့သည်။ ရှဲ့ချောင် သေဆုံးပြီးနောက် သူ၏ရုပ်ခန္ဓာက အလွန်လျင်မြန်သောနှုန်းဖြင့် ကောင်းမွန်နေရာ စိတ်အေးလက်အေးဖြစ်သွားခဲ့သည်။ ကြွက်သားများ ပြန်လည်ဖြစ်တည်လာကာ အရိုးများ ပြန်လည်ဆက်သွားပြီး ကောင်းကင်ချီများ စီးဆင်းသွားသောအခါ ၎င်းတို့က မူလအတိုင်း ကောင်းမွန်နေရုံသာမက ပို၍သန်မာလာကြ၏။ ဒဏ်ရာများကလည်း ချက်ချင်းကောင်းမွန်သွားပြီး သွေးများကို သုတ်လိုက်သောအခါ မွေးကာစကလေးငယ်အတိုင်း အရေပြားက ထွက်ပေါ်လာသည်။

"မင်း အဆင့်ထပ်တက်တော့မလို့လား"

ခြင်္သေ့ကြီးသည် ယဲ့ချန်၏ကျင့်ကြံနှုန်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်နေသောကြောင့် တအံ့တသြဖြစ်နေခဲ့သည်။ ကျိုးလီ ပြုစုပျိုးထောင်ချင်သော ပါရမီရှင်က ထင်ထားသည့်အတိုင်းဖြစ်ပြီး ကျင့်ကြံနှုန်းက သာမန်ပါရမီရှင်များ စိတ်ကူးမရလောက်အောင်ဖြစ်သည်။ ကျိုးလီ၏ခွန်အားက ကြယ်သခင်များပင် မော့ကြည့်ရသော တည်ရှိမှုမျိုးဖြစ်ကြောင်း သူက စဥ်းစားမိလိုက်သည်။ ကျိုးလီအတွက် သာမန်လူတစ်ယောက်ကို နတ်အစေခံအဆင့်သို့ရောက်သွားစေရန် ကျင့်စဥ်အနည်းငယ် ထောက်ပြလိုက်ရုံသာဖြစ်သည်။ ယဲ့ချန် ကျင့်ကြံသော ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်သည် အစွမ်းအထက်ဆုံးကျင့်စဥ်များအနက် တစ်ခုဖြစ်ကာ အနာဂတ်တွင် မည်သည့်အဆင့်သို့ ရောက်နိုင်ကြောင်း သူက သိချင်နေခဲ့သည်။ ယဲ့ချန်၏ပါရမီက ကျိုးလီနှင့် အဆင့်တူဖြစ်သည်အထိ သန်မာလာနိုင်ချေရှိသည်။

ထိုအချိန်တွင် ဆက်တိုက်သန်မာလာနေသော ယဲ့ချန်၏ကိုယ်တွင်းမှ နတ်ခန္ဓာအရှိန်အဝါ ထွက်ပေါ်လာကာ ဆဲလ်တိုင်းရှိ ကြယ်ကိုးလုံးက လည်ပတ်နေသည်။ စကြဝဠာအတွင်းမှ အချိန်လေဟာနယ်တာအိုချီများက သူ့ကိုယ်တွင်းသို့ တဟုန်ထိုးစီးဝင်လာသော်လည်း ချက်ချင်းပျောက်ကွယ်သွားကာ မည်သည့်နေရာ၌ ထိန်းသိမ်းခံလိုက်ရကြောင်း မသိနိုင်ပေ။ အဆင့်တက်ရန် နီးကပ်လာသောကြောင့် သူက အချိန်လေဟာနယ်တာအိုနှင့် ဆက်သွယ်ရာ၌ ပိုမိုရင်းနှီးလာကာ တစ်စုံတစ်ခုကို ဖမ်းဆုပ်ထားနိုင်သော်လည်း မထင်မရှား ခံစားနေရသည်။ သူက ခြေတစ်လှမ်း ရှေ့တက်လိုက်ရုံသာဖြစ်သော်လည်း ၎င်းကို ဉာဏ်အလင်းရစေရန် ရှာဖွေရဦးမည်ဖြစ်သည်။

"ဘုန်း ဘုန်း ဘုန်း"

ကိုယ်တွင်းမှ ဆဲလ်များသည် မိုးချုန်းသံများမြည်ဟီး၍ ရွှေရောင်တောက်ပလာကာ အပြင်းအထန်ဒဏ်ရာရပြီးနောက် သူ၏ခွန်အားက များစွာမြင့်တက်လာသည်။ နတ်ခန္ဓာသည် ဒဏ်ရာများကြောင့် ပျက်စီးသွားလျှင် အလိုလိုပြန်လည်တည်ဆောက်ကာ ပိုမိုသန်မာနိုင်ကြောင်း ယဲ့ချန်က နားလည်လိုက်သည်။ သူ၏ဝိညာဥ် တည်ရှိနေသရွေ့ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာက ပြန်လည်ဖြစ်တည်လာပေလိမ့်မည်။ နောက်ဆုံးတွင် သူက ရာနှုန်းပြည့် ပြန်လည်ကောင်းမွန်လာသကဲ့သို့ နတ်အစေခံအဆင့်တစ်ဆယ်သို့လည်း ရောက်ရှိလာခဲ့သည်။ သူက ခြေလက်များကို ဆန့်ကြည့်လိုက်သောအခါ မိုးချုန်းသံများ ထွက်ပေါ်လာကာ လှုပ်ရှားမှုတိုင်း၌ အချိန်လေဟာနယ်စွမ်းအင်များ ပြန့်ထွက်လာသည်။ သူက ကောင်းကင်ကြယ်တာရာပင်မတံဆိပ်ကို ကောက်ယူ၍ သိမ်းဆည်းလိုက်သည်။ ၎င်းအတွင်းမှ တစ်စုံတစ်ရာက အလွန်အန္တရာယ်ရှိသော်လည်း သူ့ကို ကပ်ဘေးများမှ ကယ်တင်ပေးခဲ့သောကြောင့် စွန့်ပစ်ရန် အစီအစဥ်မရှိချေ။ သို့သော် သူက တံဆိပ်အတွင်း ဝင်ရောက်နိုင်စွမ်းလည်း မရှိပေ။ ၎င်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါသက်သက်ကပင် အပြင်းအထန်ဒဏ်ရာရစေခဲ့သောကြောင့် အတွင်းသို့ဝင်သွားလျှင် အပိုင်းပိုင်းအစစဖြစ်သွားနိုင်ကာ လက်ရှိစွမ်းအားဖြင့် ရင်ဆိုင်နိုင်သော အရာမျိုး မဟုတ်ချေ။

ရှဲ့ချောင် ဝါးမျိုခံရပြီးနောက် အသံတစ်ချက်ပင် မထွက်လာသောကြောင့် ပင်မတံဆိပ်က ကြမ်းကြုတ်လွန်းနေသည်။ ရှဲ့ချောင်က သူ၏ကျင့်ကြံရေးအတွက် အခြားကျင့်ကြံသူများကို သတ်ဖြတ်ဝါးမျိုခဲ့သော်လည်း နောက်ဆုံးတွင် ပင်မတံဆိပ်၏ ဝါးမျိုခြင်းခံလိုက်ရသောကြောင့် ကံကြမ္မာရဟတ် တစ်ပတ်လည်ခြင်းဖြစ်သည်။ နောက်ဆုံးတွင် နတ်အစေခံအဆင့်တစ်ဆယ်သို့ ရောက်လာပြီဖြစ်သောကြောင့် ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး ကျောက်စိမ်းနန်းတော်မှ ရတနာများထံ အတွေးရောက်သွားခဲ့သည်။ မြေပြင်၌ငြိမ်သက်နေသော အနန္တရှေးဟောင်းကျောက်စာကြောင့် သူက သတ်ဖြတ်ခံရလုနီးပါးဖြစ်သည်။ ကံကောင်းစွာဖြင့် ပင်မတံဆိပ်က ၎င်းကို ခပ်ကြမ်းကြမ်း ဖိနှိပ်ပစ်လိုက်ပြီး ရိုကျိုးသွားစေခဲ့သည်။ ၎င်းတွင် နတ်ဆိုးကျမ်းကို မှတ်တမ်းတင်ထားသောကြောင့် သူက ထွင်ထျန်းထံ ပြန်လည်ပေးအပ်သင့်သည်။

"အကြီးအကဲ ဒီကျောက်စာကို မူလပိုင်ရှင်ထံ ပြန်ပေးလိုက်ပါမယ်။ လက်ခံပေးပါ"

သူက ထွင်ထျန်းကို တစ်ချက်ကြည့်၍ ကျောက်စာအား ပေးအပ်ရန် ပြင်လိုက်သည်။

"ငါက နတ်ဆိုးကျမ်းဆယ့်နှစ်စောင်လုံးကို နားလည်ပြီးပြီဆိုတော့ ကျောက်စာက အသုံးမဝင်တော့ဘူး။ မင်းက ဒါကို သိမ်းထားလိုက်ပါ။ တစ်ချိန်ချိန်မှာ အသုံးဝင်လာနိုင်တယ်"

ထွင်ထျန်းက ခေါင်းယမ်း၍ အဓိပ္ပါယ်ပါပါတစ်ချက်ကြည့်ကာ ငြင်းဆန်လိုက်၏။ သူ၏စကားနောက်ကွယ်၌ ဆိုလိုရင်းတစ်ခု ရှိနိုင်သောကြောင့် ယဲ့ချန်က ခေါင်းညိတ်ကာ ကျောက်စာကို သိမ်းဆည်းလိုက်သည်။

"ေရှာင်ရိ အနာဂတ်မှာ အကြီးအကဲနဲ့အတူတူ ကောင်းကောင်းကျင့်ကြံပါ"

သူက ရှောင်ရိ၏ခေါင်းကို ပုတ်၍ ပြောလိုက်သည်။

"ဟုတ်"

ရှောင်ရိက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ပြီး ကလေးပင်ဖြစ်သော်လည်း အားနည်းသူများ အသတ်ခံရသည့် တောတွင်းဥပဒေကို နားလည်ထားသည်။ ရှေးဟောင်းတျန်းယွမ်မြို့က အပျက်အစီးပုံကြီး တစ်ဖန်ဖြစ်သွားသောကြောင့် ယဲ့ချန်က နောက်လိုက်များကို ပြင်ဆင်စေပြီး ကျောက်စိမ်းနန်းတော်ထံ ဦးတည်ပျံသန်းလာခဲ့သည်။ သူက ပျံသန်းနေရင်း ကျောက်စာကို စစ်ဆေးလိုက်သောအခါ ထောင့်တစ်နေရာ၌ နေရာလပ်နယ်မြေတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းက ရှဲ့ချောင်၏ ပုန်းအောင်းရာဖြစ်နိုင်ပြီး သူ၏ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးခြင်းကို ရှောင်ရှားနိုင်ပုံပေါ်သည်။ ရှဲ့ချောင် သေဆုံးသွားပြီးနောက် ထိုနယ်မြေက ထွက်ပေါ်လာကာ အတွင်း၌ လက်စွပ်တစ်ကွင်းသာ ရှိနေခဲ့သည်။ ၎င်းက နတ်ဆိုးအကျဥ်းထောင်နယ်မြေအတွင်း ယဲ့ချန်လက်တွင်းမှ ပျောက်ကွယ်သွားသော ရတနာ ဖြစ်နေခဲ့လေသည်။

All Chapters