ရင်ယွမ်ကြယ်သို့ စစ်ချီခြင်း
Vol. 57 Ch. 792
ရင်ယွမ်ကြယ်တစ်ခုလုံးက အပြာရင့်ရောင် ပုလဲတစ်လုံးကဲ့သို့ စကြဝဠာအတွင်း တောက်ပစွာ တည်ရှိသည်။ ၎င်းတွင် မျက်စိတဆုံး၌ ပင်လယ်ရေပြင်ကိုသာ မြင်နေရပြီး တိမ်များ ၊မြူခိုးများအောက်တွင် ကျွန်းများ ပြန့်ကြဲလျက်ရှိသည်။ ကျွန်းများပေါ်တွင် ခမ်းနားလှပသော နန်းတော်များ ဆောက်လုပ်ထားပြီး မြင်ကွင်းက နတ်ပြည်နတ်နန်းပမာ လှပနေသည်။ ၎င်းက ကောင်းကင်မူလကြယ်ထက် ပို၍သေးငယ်ပြီး ကိုးဆယ်ရာခိုင်နှုန်းကို ရေပြင်က လွှမ်းခြုံထားသဖြင့် သက်ရှိအများစုက ရေနေများဖြစ်ကာ လူသားများက ကျွန်းများပေါ်တွင် နေထိုင်ကြသည်။ လူသားအရေအတွက်က နည်းပါးသော်လည်း အာဏာကို ဆုပ်ကိုင်ထားနိုင်ပြီး ရှင်းဟွမ်ဖန်တီးသမျှ အဆင့်သုံးမျိုးနွယ်များတွင် အထူးချွန်ဆုံးဖြစ်သည်။ ပတ်ဝန်းကျင်နှင့်ယှဥ်လျှင် ၎င်းက ချမ်းသာသည့်အပြင် ယွမ်တက အဆင့်မြင့်ကြယ်သခင်ဖြစ်သောကြောင့် ခေါင်းဆောင်ပမာ အုပ်စိုးနိုင်သည်။ ထို့ကြောင့် ၎င်း၏ကျင့်ကြံသူများက အခြားကြယ်များသို့ရောက်လျှင် မောက်မာတတ်ကြသည်။
ရင်ယွမ်ကြယ်က အစွမ်းထက်သော်လည်း အန္တရာယ်များ ဝန်းရံနေသောကြောင့် ယွမ်တက သူ့ကိုယ်သူကာကွယ်ရန်အတွက် အဖိုးတန်အရင်းအမြစ်များ ဝယ်ယူခဲ့ပြီး ကြယ်၏ငွေကြေး ရှစ်ဆယ်ရာခိုင်နှုန်းကို အသုံးချခဲ့သည်။ ထို့ကြောင့် ၎င်းက ငွေကြေးပြတ်လပ်သွားပြီး စစ်ဧကရာဇ်အဆင့်နှင့်အထက် တက်နိုင်သူ နည်းပါးသွားသော်လည်း မည်သူမှ ယွမ်တကို စောဒကမတက်ရဲချေ။ မည်သူမှ ကြယ်သခင်၏အာဏာကို မေးခွန်းမထုတ်ဝံ့သော သက်ဦးဆံပိုင်စနစ် ဖြစ်သည်။ နောက်ပိုင်းတွင် ကျိရင်က ကောင်းကင်မူလကြယ်သို့ ရောက်လာပြီး ပုံမှန်စျေးနှုန်းထက် အဆများစွာပိုမြင့်သော စျေးဖြင့် ရတနာများရောင်းချကာ ငွေရှာခဲ့သဖြင့် ရင်ယွမ်ကြယ်က ပြန်လည်ချမ်းသာလာသည်။ သူတို့၏အမြင်၌ ကောင်းကင်မူလကြယ်မှ ကျင့်ကြံသူများက ငတုံးများဖြစ်ကာ နဂါးဘုရင်ကိုယ်တိုင်ပင် မျိုးနွယ်ကြီးများ ပိုင်ဆိုင်ထားသော ကြွယ်ဝမှုပမာဏကို မသိချေ။ ကောင်းကင်မူလကြယ်က ချမ်းသာသော်လည်း စကြဝဠာအတွင်း ခရီးထွက်နိုင်စွမ်းမရှိသောကြောင့် ရင်ယွမ်ကြယ်အတွက် အသတ်ခံရန် စောင့်နေသော သိုးဝဝကြီးတစ်ကောင် ဖြစ်နေသည်။ ကျိရင်က အောက်တန်းကျစွာဖြင့် ကုန်သွယ်ပြီး ပြန်ရောက်လာသောအခါ ယွမ်တကိုယ်တိုင်ပင် အစည်းအဝေးခေါ်၍ တိုက်ခိုက်သိမ်းပိုက်ရန် သင့်မသင့် တိုင်ပင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အကြောင်းအရင်းအချို့ကြောင့် ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းခဲ့ပြီး ကောင်းကင်မူလကြယ်ကို သူတို့အပိုင်ပမာ မှတ်ယူထားကြသည်။
ယွမ်တက ကောင်းကင်မူလကြယ်မှ အပြင်းအထန်ဒဏ်ရာရပြီး ပြန်ရောက်လာသောအခါ သူတို့က ၎င်းကို ဖျက်ဆီးချင်သော်လည်း အကြောင်းအရင်းကို သိလိုက်သောအခါ တွန့်ဆုတ်သွားကြသည်။ အဆင့်မြင့် ကြယ်သခင်တစ်ယောက်ကိုပင် အခြေအနေဆိုးသွားစေနိုင်သော ရတနာက သူတို့အားလုံးကို အလွယ်တကူ သုတ်သင်နိုင်သည်ဖြစ်ရာ မတိုက်ခိုက်ရဲတော့ပေ။ အောက်တန်းကျသော ယွမ်တသည် ကျောက်စိမ်းနန်းတော်၏သတင်းကို လွှင့်လိုက်သောကြောင့် ပတ်ဝန်းကျင်ကြယ်များ အုတ်အော်သောင်းတင်းဖြစ်သွားကာ ကြယ်သခင်များစွာက နောက်လိုက်များ စေလွှတ်ခဲ့သကဲ့သို့ ကိုယ်တိုင်သွားရောက်သော အဆင့်နိမ့်ကြယ်သခင်များလည်း ရှိသည်။ ကောင်းကင်မူလကြယ်၏ အခြေအနေကို စောင့်ကြည့်ရန် သူက နောက်လိုက်နှစ်ဦးကို အမိန့်ပေးထားပြီး ကြယ်ပျက်စီးလျှင် သိမ်းပိုက်ရန် ကြံစည်ထားခြင်းဖြစ်သည်။ သို့သော် မည်သူမှမမျှော်လင့်ထားသော အဖြစ်တစ်ခုကြောင့် အဆင့်နိမ့်ကြယ်သခင်တစ်ယောက်သာ လွတ်မြောက်ခဲ့ပြီး ကျူးကျော်လာသူအားလုံး အသတ်ခံလိုက်ရ၏။ ဤသတင်းက တုန်လှုပ်ဖွယ်ရာကောင်းပြီး ယုံကြည်ရန် ခက်ခဲသော်လည်း ကျောက်စိမ်းနန်းတော်၏အစွမ်းကို ကိုယ်တိုင်ခံစားဖူးသော ယွမ်တအဖို့ မထူးဆန်းပေ။ သို့သော် ဤသတင်းကို ကြားပြီးနောက် သူက အကြောက်လွန်သွားကာ ကောင်းကင်မူလကြယ်၌ နောက်ထပ်ဝှက်ဖဲများရှိနေမည်ကို စိုးရွံ့နေသည်။ သူက တံခါးပိတ်ကျင့်စဥ်ဝင်၍ ဒဏ်ရာများကုသနေစဥ် ယွမ်ချင်းယုက နောက်လိုက်များခေါ်ဆောင်ပြီး ထာဝရကြယ်သင်္ချိုင်းသို့ ခိုးထွက်သွားခဲ့ပြီး ပြန်ရောက်မလာချေ။ သူက နောက်လိုက်များ စေလွှတ်လိုက်သည့်အပြင် အဆက်အသွယ်များစွာ အသုံးပြု၍ ရှာဖွေခဲ့သောကြောင့် သဲလွန်စများမှတဆင့် အလောင်းများကို ရှာတွေ့ခဲ့သည်။ ယွမ်ချင်းယု၏သေဆုံးမှုက သူ့ကို ယမ်းပုံမီးကျဒေါသထွက်စေခဲ့ပြီး အခင်းဖြစ်ရာသို့ ကိုယ်တိုင်သွားရောက်ကာ တရားခံကို ရှာဖွေရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့သည်။
ယွမ်တ ထွက်ခွာသွားချိန်တွင် ရင်ယွမ်ကြယ်၌ နတ်အစေခံဆယ်ယောက်ကျော်နှင့် စစ်ဧကရာဇ်ခြောက်ရာကျော်သာ ကျန်ရစ်ခဲ့ပြီး ကိုယ်စားအုပ်ချုပ်သူက နတ်အစေခံအဆင့်တစ်ဆယ် ကျိယုဆိုသူဖြစ်ပြီး ယွမ်တပြီးလျှင် အစွမ်းအထက်ဆုံးဖြစ်ကာ ကျိရင်၏အစ်ကို ဖြစ်သည်။
"ငါ့အဖေ ဘယ်ချိန်ပြန်လာမလဲ သိချင်မိတယ်"
ဖက်တီးနတ်အစေခံတစ်ယောက်က ရေရွတ်လိုက်ခြင်းဖြစ်သည်။ သူက စပါးကြီးမြွေအရေခွံ ဝတ်ရုံကို ဆင်မြန်းထားပြီး ရွှေသရဖူတစ်ခု ဆောင်းထားသဖြင့် ခမ်းနားပုံပေါ်သော်လည်း မျက်နှာထားက ကောက်ကျစ်မှုတို့ ပေါ်လွင်နေသည်။ သူက ယွမ်ဖန်းမင်ဖြစ်ပြီး ယွမ်တ၏သားခုနစ်ယောက်အနက် အစွမ်းထက်ဆုံးဖြစ်သည်။ ထူးဆန်းသော အကြောင်းပြချက်တစ်ခုကြောင့် သူ၏မျက်ခမ်းများ တုန်လှုပ်နေသဖြင့် စိတ်မတည်ငြိမ်နိုင်တော့ဘဲ ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်နိုင်ကြောင်း ခံစားနေရသည်။
"မင်းသမီး အသတ်ခံလိုက်ရတာက အရှင့်ကို ဒေါသထွက်စေခဲ့တယ်။ ဘယ်သူလုပ်တာဖြစ်ဖြစ် သေချာပေါက် လက်စားချေရမယ်။ အရှင်က လူသတ်သမားရဲ့ မျိုးနွယ်တစ်ခုလုံးကို လိုက်သတ်မှာ သေချာတယ်"
ကျိယုက မုန်းတီးစွာ ပြောလိုက်ခြင်းဖြစ်သည်။ သူ ဒေါသထွက်နေရသော ကြောင်းအရင်းမှာ ယွမ်ချင်းယုသေ၍မဟုတ်ဘဲ ညီဖြစ်သူ သေသွားသောကြောင့်ဖြစ်သည်။ ယွမ်ချင်းယု၏ အလောင်းနှင့် အတူတွေ့ရသော အလောင်းများကြားတွင် ကျိရင်၏အလောင်း ရှိနေခဲ့သည်။ သူက ညီဖြစ်သူကို ချစ်မြတ်နိုးပြီး အကြောင်းအရင်းမရှိ အသတ်ခံလိုက်ရသောကြောင့် လူသတ်တရားခံအပြင် ယွမ်ချင်းယုကိုလည်း မကျေနပ်ပေ။ သူမကြောင့်သာ မဟုတ်လျှင် ကျိရင်က အသတ်ခံရစရာ အကြောင်းအရင်း မရှိပေ။
"အဖေက ဘာမှမဟုတ်တာကို ရေးကြီးခွင်ကျယ်လုပ်နေသေးတယ်။ ထာဝရကြယ်သင်္ချိုင်းထဲမှာ လူသေတာက ပုံမှန်ပဲ။ ကောင်းကင်နတ်ဆိုးတွေ လုပ်တာတောင် ဖြစ်နိုင်တယ်။ ဒီကိစ္စကိုသာ အဆုံးထိလိုက်စုံစမ်းနေရင် ဘာအကျိုးရှိမှာလဲ"
ကျိယု၏ အတွေးအစစ်အမှန်ကို မသိသော်လည်း ယွမ်ဖန်းမင်က နှာခေါင်းရှုံ့လိုက်သည်။ ညီမဖြစ်သူ သေသွားသော်လည်း သူက ဝမ်းနည်းမနေသည့်အပြင် ကျေနပ်နေခဲ့သည်။ ယွမ်တသည် ယွမ်ချင်းယုကို များစွာအလေးပေးပြီး ရတနာတိုင်းကို ပေးအပ်သည့်အပြင် နှစ်ပေါင်းများစွာ ပျိုးထောင်လာသော ဝိညာဥ်လင်းတကိုပင် ချီးမြှင်ခဲ့သည်။ ဤအချက်က သူမ၏အစ်ကိုများကို လွန်စွာမနာလိုဖြစ်စေခဲ့ပြီး သူတို့၏စိတ်ထဲတွင် ယွမ်ချင်းယုကို မြန်မြန်သေပါစေဟု ဆုတောင်းနေကြသည်။ ကျိယုသည် မွေးချင်းများကြားမှ ဆက်ဆံရေးကို သိထားသဖြင့် ယွမ်ဖန်းမင်၏စကားကို တုံ့ပြန်မနေခဲ့ပေ။ သူစိုးရိမ်နေသည်မှာ ယုရင်က နောက်လိုက်အနည်းငယ်ခေါ်ဆောင်ပြီး ကောင်းကင်မူလကြယ်၏ သစ္စာဖောက်နှစ်ယောက်ကို လိုက်ဖမ်းနေရာမှ ပြန်မလာခြင်းဖြစ်သည်။
"အရှင် ခန့်မှန်းထားတဲ့အတိုင်းဆိုရင် မင်းသမီးသေတာက ကောင်းကင်မူလကြယ်နဲ့ ပတ်သက်နေလိမ့်မယ်"
ကျိယုက သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ကာ ရေရွတ်လိုက်သည်။
"ဒီလိုဆိုရင် ဘာကြောင့် ထာဝရကြယ်သင်္ချိုင်းမှာ သက်သေ သွားရှာနေမှာလဲ။ ကောင်းကင်မူလကြယ်ကို ချက်ချင်းသွားဖျက်ဆီးလိုက်ရင် ပြီးနေတာပဲ"
ယွမ်ဖန်းမင်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
"အရှင်က ပတ်ဝန်းကျင် ကြယ်သခင်တွေကြားမှာ ခေါင်းဆောင်လိုမျိုး ဖြစ်နေတယ်။ ဒါကြောင့် အကြောင်းအရင်းမရှိ လူသတ်လို့ မဖြစ်ဘူး"
"အဖေက စိတ်ပျော့လွန်းတယ်။ ငါတို့က အစထဲက ကောင်းကင်မူလကြယ်ကို သိမ်းပိုက်လိုက်ရင် ဘယ်သူက ဘာပြောရဲမှာလဲ။ အခုတော့ ကျောက်စိမ်းနန်းတော်ကြောင့် လူတိုင်းက ဒီကြယ်ကို အာရုံစိုက်နေကြတယ်။ အဖေက အပြင်းအထန်ဒဏ်ရာရသွားလို့ လူရယ်စရာတောင် ဖြစ်နေပြီ"
ယွမ်ဖန်းမင်၏အမြင်တွင် နိမ့်ကျသော ကြယ်တစ်လုံးကို အလေးအနက်ထားနေခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်သည်။ လက်ရှိတွင် သူတို့နှစ်ယောက်အပါအဝင် ရင်ယွမ်ကြယ်၌ နတ်အစေခံ၁၄ယောက်နှင့် စစ်ဧကရာဇ်ခုနစ်ရာကျော် ကျန်ရစ်ပြီး ကျွန်းများနှင့် ပင်လယ်ရေအောက်၌ အသီးသီးကျင့်ကြံနေကြသည်။ ရင်ယွမ်ကြယ်၌ စစ်မက်မဖြစ်ပွားခဲ့သည်မှာ နှစ်ထောင်ချီနေပြီး သာမန်ကောင်းကင်နတ်ဆိုးများကလည်း မကျူးကျော်ရဲသဖြင့် လူတိုင်းက စိတ်အေးလက်အေးရှိနေသည်။ သူတို့၏ကြယ်သခင်က အဆင့်မြင့်ကြယ်သခင်ဖြစ်သဖြင့် ယုံကြည်ချက် ပြည့်ဝနေကြသည်။ ထိုအခိုက်တွင် ကောင်းကင်၌ အနက်ရောင် ဧရာမတိုက်လှေကြီးတစ်စင်း ထွက်ပေါ်လာကာ တိမ်များကို လွင့်ပြယ်သွားစေပြီး ဖိအားကြီးတစ်ရပ် ကျဆင်းလာသည်။ ၎င်းကိုပြုလုပ်ထားသော ကုန်ကြမ်းကို မသိရသော်လည်း အနက်ရောင်မျက်နှာပြင်ထက်တွင် ရွှေရောင်ရုန်းများစီးဆင်းနေကာ ကြီးကျယ်ခမ်းနားမှုကို ဖော်ဆောင်နေသည်။ ၎င်း၏ကုန်းပတ်တွင် အနီရောင်မျှော်စင်များရှိနေပြီး ပြန့်ထွက်နေသော အရှိန်အဝါများက သာမန်လူများ၏စိတ်ကို တုန်ယင်စေသည်။ မီတာခြောက်ထောင်ကျော် ရှည်လျား၍ မီတာနှစ်ထောင်ကျော်မြင့်သော လှေကြီးက ကောင်းကင်ကို ဖုံးအုပ်သွားကာ ခဏအတွင်း ရင်ယွမ်ကြယ်၏ ကျင့်ကြံသူများအားလုံးကို အာရုံစိုက်စေခဲ့သည်။
"ဘုရားရေ ဒါကြီးက စွမ်းအားရှင်တွေသာ ပိုင်ဆိုင်နိုင်တဲ့ နတ်ဆိုးတိုက်လှေမလား"
"ဒါကြီးက ဘာကြောင့် ရောက်လာရတာလဲ။ စွမ်းအားရှင် တစ်ယောက်ယောက်များ ရောက်လာတာလား"
"ကုန်းပတ်ပေါ်က အနီရောင်မျှော်စင်တွေကို ကြည့်စမ်း။ မရဏအလင်းမျှော်စင်တွေ ထင်တယ်"
သူတို့က ခပ်တိုးတိုးဆွေးနွေးနေကြပြီး ကြောက်စိတ်ကြောင့် တုန်ရီနေသည်။ တစ်ဖက်လူ၏ အကြောင်းအရင်းကို မသိသောကြောင့် မရဏအလင်းမျှော်စင်များ၏ အရှိန်အဝါနှင့် ထိပ်ဖျားတွင် စုစည်းနေသော စွမ်းအင်လုံးများက သူတို့ကို စိုက်ကြည့်နေသော သားရဲကြီးများပမာ ထင်မှတ်ရသည်။ ထိုအခိုက်တွင် ယဲ့ချန်က လှေ၏ကုန်းပတ်တွင်ရှိနေပြီး ဝိညာဥ်အသိစိတ်ကိုဖြန့်ကျက်၍ ကြယ်တစ်ခုလုံးကို စစ်ဆေးလိုက်သောအခါ ယွမ်တ မရှိကြောင်း သိလိုက်ရသည်။ ဤအရာက စိတ်ပျက်ဖွယ်ဖြစ်သော်လည်း ယွမ်တက အနှေးနှင့်အမြန် ပြန်ရောက်လာပေလိမ့်မည်။
"ငါက ကောင်းကင်မူလကြယ်ရဲ့ ယဲ့ချန် ဖြစ်တယ်။ အခုအချိန်ကစပြီး ရင်ယွမ်ကြယ်ကို သိမ်းပိုက်လိုက်တယ်။ ခုခံသူမှန်သမျှ သတ်ပစ်မယ်။ ငါ့အမိန့်ကို ဆန့်ကျင်သူမှန်သမျှ သေရမယ်။ ကောင်းကင်မူလကြယ်ကို စော်ကားသူမှန်သမျှ သေရမယ်"
သူ၏ အေးစက်စက်ကြွေးကြော်သံက ရင်ယွမ်ကြယ်တစ်ခွင် ပျံ့နှံ့သွားလေသည်။