← Chapters

ရင်ယွမ်ကြယ်သို့ စစ်ချီခြင်း

Vol. 57 Ch. 793

ရင်ယွမ်ကြယ်သို့ စစ်ချီခြင်း

Vol. 57 Ch. 793

ယဲ့ချန်၏အသံ ထွက်ပေါ်လာသောအခါ ရင်ယွမ်ကြယ်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

"ရင်ယွမ်ကြယ်ကို ဘယ်သူမှ မကျူးကျော်ရဲတာ နှစ်ပေါင်းထောင်ချီနေပြီ။ မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ"

"ရယ်စရာကောင်းလိုက်တာ။ ငါထင်ထားတာက အစွမ်းထက်ကြယ်သခင်တွေများ ရောက်လာတာလားလို့၊ ကောင်းကင်မူလကြယ်က အမှိုက်ကောင်တွေ ဖြစ်နေတယ်"

"နိမ့်ကျတဲ့ ကြယ်တစ်ခုကများ ငါတို့ကို တိုက်ခိုက်ချင်နေတယ်။ ကိုယ့်နေရာကို သိစမ်း"

သူတို့က ကောင်းကင်မူလကြယ်ကို အလေးအနက်မထားသောကြောင့် ယဲ့ချန်၏စကားကို ကြားသောအခါ ကျိန်ဆဲလိုက်ကြသည်။ စွမ်းအားရှင်တစ်ယောက်ဆိုလျှင် သူတို့က ကြောက်လန့်နေမည်ဖြစ်သော်လည်း ကောင်းကင်မူလကြယ်ကိုမူ ပြက်ရယ်ပြုနေကြပြီး အရူးများဟု သတ်မှတ်လိုက်ကြသည်။ သူတို့၏အမြင်၌ ဤကြယ်က သီးသန့်ဖြစ်၍ ခေတ်နောက်ကျနေပြီး ကြယ်သခင်တစ်ယောက်ပင်မရှိရာ အစွမ်းထက်မည် မဟုတ်ပေ။

"နတ်ဆိုးတိုက်လှေကိုထားခဲ့ပြီး လာခဲ့တဲ့နေရာကို ပြန်စမ်း။ မဟုတ်ရင် အရှင်ပြန်ရောက်လာတာနဲ့ မင်းမှာ ပြန်လမ်းမရှိတော့ဘူး"

"ရင်ယွမ်ကြယ်ကို ကျူးကျော်ရဲရအောင် မင်းက ကျားအသည်းနဲ့ ဝက်ဝံနှလုံး စားထားတာလား"

"ငါတို့အရှင်က အဆင့်မြင့်ကြယ်သခင်ကွ။ မင်းတို့ကို အကုန်သတ်ပစ်မယ်"

သူတို့က နတ်ဆိုးတိုက်လှေကို အနည်းငယ်ကြောက်သော်လည်း ယွမ်တဆိုသော နောက်ခံရှိသောကြောင့် လှောင်ရယ်နေကြသည်။ အချို့က နတ်ဆိုးတိုက်လှေကိုပင် မနာလိုဖြစ်နေကြပြီး လောဘတက်ကာ သိမ်းပိုက်ချင်နေကြသဖြင့် ယဲ့ချန်၏မျက်နှာက မည်းနက်သွားသည်။ သူက ဤကျင့်ကြံသူများအပေါ် အကောင်းမမြင်နိုင်ဘဲ စိတ်ပျက်စရာကောင်းသော လူများအဖြစ် မှတ်ယူထားသည်။ ထိုလူများ၏အမြင်၌ ကောင်းကင်မူလကြယ်က နိမ့်ကျနေပြီး ရင်ယွမ်ကြယ်၏ လက်အောက်ခံ ဖြစ်နေပုံပေါ်သည်။ ကျိရင်က ကောင်းကင်မူလကြယ်သို့ ရောက်လာစဥ်က မောက်မာစွာဖြင့် ပြုလုပ်ခဲ့သော တောင်းဆိုချက်များအကြောင်း တွေးမိသောအခါ သူ၏နတ်ဆိုးစိတ်က ပြင်းထန်လာကာ သတ်ဖြတ်လိုစိတ်က ချက်ချင်းဖြစ်ပေါ်လာသည်။ တစ်ဖက်လူက အရင်းအမြစ်များနှင့် မိန်းမလှများအပြင် သားဖြစ်သူ ယဲ့တန်းရွှမ်ကိုပါ လုယူလိုခဲ့သောကြောင့် ဖြစ်သည်။

"နောက်တစ်ကြိမ် ထပ်ပြောမယ်။ အခုကစပြီး ရင်ယွမ်ကြယ်က ကောင်းကင်မူလကြယ်ရဲ့ လက်အောက်ခံဖြစ်တယ်။ ကောင်းကင်မူလကြယ်ကို စော်ကားရင် ချက်ချင်းအသတ်ခံရမယ်"

"ဟား ဟား ရယ်စရာပဲ။ မင်းကိုယ်မင်း ဘယ်သူထင်လို့ ရင်ယွမ်ကြယ်မှာ မောက်မာပြနေတာလဲ"

နတ်အစေခံတစ်ယောက်က အော်ဟစ်ရယ်မောရင်း ကောင်းကင်သို့ ပျံတက်လာကာ နတ်ဆိုးတိုက်လှေကိုကြည့်ရင်း ငေါက်ငမ်းလိုက်သည်။

ယဲ့ချန်၏စကားသံက ပြန်လှန်မေးခွန်းမထုတ်နှင့်ဟူသော သဘောမျိုးနှင့်အတူ ထွက်ပေါ်လာပြီး မရဏအလင်းမျှော်စင်များက ဆတ်ခနဲ တုန်ခါသွားကာ ရှုပ်ထွေးသော ရုန်းများ အသက်ဝင်လာ၍ ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်ပေါ်လာ၏။ ချက်ချင်းဆိုသလိုပင် အနက်ရောင်အလင်းလုံးတစ်ခုက မျှော်စင်ထိပ်ဖျား၌ ဖြစ်တည်လာပြီး အနက်ရောင်အလင်းက လှစ်ခနဲ ပြေးထွက်သွားကာ ထိုနတ်အစေခံကို ဘုန်းခနဲ ထိမှန်သွားသည်။ ထိုလူက ၎င်းကို မြင်လိုက်ချိန်တွင် ရှောင်တိမ်းရန် နောက်ကျသွားပြီး ခန္ဓာကိုယ်က ချက်ချင်းပေါက်ကွဲသွားကာ အော်ပင်မအော်နိုင်ခင် ပြာကျသွားသည်။ မရဏအလင်းမျှော်စင်ကို နတ်အစေခံအဆင့်ဖြင့် စိန်ခေါ်ခြင်းက ကိုယ့်ကိုကိုယ်သတ်သေခြင်းဖြစ်သည်။

"ဘယ်သူ ထွက်လာရဲသလဲ"

ယဲ့ချန်၏ အေးစက်စက်စိန်ခေါ်သံက ကြယ်တစ်ခွင် ပဲ့တင်ထပ်သွားရာတွင် အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။ နတ်အစေခံတစ်ယောက်က ချက်ချင်းအသတ်ခံလိုက်ရသောအခါ လူတိုင်း တုန်လှုပ်သွားကာ မရဏအလင်းမျှော်စင်၏အစွမ်းကို ပထမဆုံးအကြိမ် မြင်ဖူးရာ၌ အကြောက်လွန်ကာ ကြက်သေသေနေကြသည်။ နတ်ဆိုးတိုက်လှေကို မော့ကြည့်နေသော မျက်လုံးများတွင် ကြောက်စိတ်များ ထင်ဟပ်နေကာ ယွမ်တရှိနေလျှင် တန်ပြန်တိုက်ခိုက်ရဲမည်ဖြစ်သော်လည်း နောက်ခံမရှိသောအခါ ငကြောက်များ ဖြစ်ကုန်သည်။ ယွမ်ဖန်းမင်နှင့် ကျိယုသည် ယဲ့ချန်ကို မူလက လှောင်ရယ်နေသော်လည်း မရဏအလင်းမျှော်စင်၏အစွမ်းကို မြင်သောအခါ ထိတ်လန့်နေကြသည်။ သူတို့က ၎င်း၏ဖျက်ဆီးနိုင်စွမ်းကို အာရုံခံနိုင်ခဲ့ပြီး ထိမှန်ခံလိုက်ရလျှင် အသက်ရှင်ရန် လမ်းစမရှိကြောင်း နားလည်သွားကြသည်။ နှစ်ယောက်လုံးက ငကြောက်များဖြစ်ပြီး ယဲ့ချန်ကိုစိန်ခေါ်ကာ အသက်နှင့် လောင်းကြေးမထပ်ရဲကြပေ။ သူတို့နှစ်ယောက်ပင် နှုတ်ဆိတ်နေသောအခါ ကျန်ကျင့်ကြံသူများမှာလည်း စကားတစ်ခွန်းပင် ထွက်မလာဝံ့ဘဲ ယွမ်တပြန်အလာကို စောင့်ဆိုင်းရန်သာရှိတော့သည်။ တစ်ဖက်လူတွင် မရဏအလင်းမျှော်စင်များ ပိုင်ဆိုင်ထားသော်လည်း အဆင့်မြင့်ကြယ်သခင်တစ်ယောက်ကို ယှဥ်နိုင်မည် မဟုတ်ချေ။

"ဒီကောင်က နတ်ဆိုးတိုက်လှေထဲမှာ ပုန်းနေဖို့ပဲ တတ်နိုင်မှာပါ။ အရှင်ပြန်လာတာကို စောင့်တာ ကောင်းလိမ့်မယ်"

ယဲ့ချန်က သူ့အစွမ်းကို ပြသပြီးနောက် ရင်ယွမ်ကြယ်၏ ကျင့်ကြံသူအားလုံးက တိတ်ဆိတ်နေပြီး တစ်ယောက်မှ ရှေ့ထွက်မလာရဲပေ။

"ကြည့်ရတာ ဒီကောင်တွေအားလုံးက အားနည်းသူကိုသာ အနိုင်ကျင့်ရဲတဲ့ ငကြောက်တွေဖြစ်မယ်။ မောက်မာပြီး အစွမ်းထက်ချင်ယောင်ဆောင်နေပေမယ့် သေခြင်းတရားရှေ့မှာ အမြှီးကုပ်နေကြတယ်"

ယဲ့ချန်က နှာခေါင်းရှုံ့လိုက်သည်။ ကောင်းကင်မူလကြယ် အန္တရာယ်ကျရောက်နေချိန်တွင် သစ္စာဖောက်အနည်းငယ်မှလွဲလျှင် လူတိုင်းက ရန်သူကို အသက်စွန့်တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ရင်ယွမ်ကြယ် ပြဿနာတက်နေချိန်တွင် နတ်အစေခံတစ်ယောက်မှလွဲပြီး မည်သူမှ ရှေ့မထွက်ဝံ့ပေ။ ထိုနတ်အစေခံသည်လည်း မရဏအလင်းမျှော်စင်၏စွမ်းအားကို သိထားလျှင် သေချာပေါက် ရှေ့ထွက်လာမည် မဟုတ်ချေ။

"အမှိုက်ကောင်တွေ"

ယဲ့ချန်၏ ကဲ့ရဲ့စကားသံ ထွက်ပေါ်လာသောအခါ ရင်ယွမ်ကြယ်မှ လူတိုင်း အရှက်ခွဲခံလိုက်ရသဖြင့် မျက်နှာများ နီရဲကုန်သော်လည်း သေရမည်ကိုကြောက်သဖြင့် ရှေ့မတက်လာကြပေ။ နတ်အစေခံအဆင့်တစ်ဆယ်ဖြစ်သော ယွမ်ဖန်းမင်နှင့် ကျိယုပင် အမြှီးကုပ်နေရာ ကျန်ကျင့်ကြံသူများကလည်း ကိုယ့်ကိုကိုယ် သတ်သေမည့် အလုပ်မျိုး မလုပ်လိုကြပေ။

"အခုကစပြီး ရင်ယွမ်ကြယ်ရဲ့ စစ်ဧကရာဇ်တွေနဲ့ နတ်အစေခံတွေကို အကျဥ်းချမယ်။ ခုခံရင် ခြွင်းချက်မရှိ သေဒဏ်"

ယဲ့ချန်၏အမိန့်ကြောင့် နတ်ဆိုးတိုက်လှေအတွင်းမှ ပုံရိပ်များစွာက ကောင်းကင်ထက်သို့ တစ်​ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။

"ဒီကောင်တွေက နတ်ဆိုးတိုက်လှေအပြင်ကို အမှန်တကယ် ထွက်လာရဲတယ်ပေါ့။ ငါတို့က ဓားစာခံတွေ ဖမ်းဆီးထားလိုက်ရင် ဘယ်လိုတိုက်ခိုက်မလဲ ကြည့်ရအောင်"

ကောင်းကင်မူလကြယ်၌ ကြယ်သခင်မရှိသောကြောင့် နတ်အစေခံအဆင့်တစ်ဆယ်ဖြစ်သော ကျိယုက ယုံကြည်မှုရှိစွာဖြင့် ယွမ်ဖန်းမင်ကို အသံချင်းဆက်သွယ်လိုက်သည်။

"ဒါက အန္တရာယ်မများဘူးလား။ အဖေပြန်လာတာကို စောင့်သင့်တယ် ထင်တယ်"

ယွမ်ဖန်းမင်က မရဏအလင်းမျှော်စင်များကိုကြည့်ရင်း တစ်ကိုယ်လုံးတုန်ရီသည်အထိ ကြောက်လန့်နေခဲ့သည်။ ၎င်းတို့က အစွမ်းထက်လွန်းသောကြောင့် အသက်စွန့်ရင်ဆိုင်ရမည်ဖြစ်ရာ သတ္တိမရှိချေ။

"သူတို့က အနားကို ရောက်လာရင် လှုပ်ရှားကြမယ်။ ဓားစာခံတွေကို လက်ထဲမှာဖမ်းထားရင် မရဏအလင်းမျှော်စင်ကို သုံးရဲမှာ မဟုတ်ဘူး၊ ဟား ဟား"

ကျိယုက ကောက်ကျစ်စွာပြုံး၍ ယုံကြည်ချက်အပြည့်ရှိနေသော်လည်း ဝိညာဥ်အသိစိတ်ဖြင့် လှေပေါ်မှဆင်းလာသူများကို စစ်ဆေးလိုက်သောအခါ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ယွမ်ဖန်းမင်သည်လည်း မျက်လုံးများ ကျွတ်ကျလုမတတ် ပြူးကျယ်လာကာ ပါးစပ်က ဘဲဥတစ်လုံး ချောင်ချောင်လေးဝင်နိုင်သည်အထိ ဟသွားခဲ့သည်။ ရင်ယွမ်ကြယ်၏ အခြားကျင့်ကြံသူများလည်း ထူးမခြားနားဖြစ်ကာ မြင်နေရသောအရာကို မယုံနိုင်သဖြင့် မင်သက်နေကြသည်။ ကျိယုကဲ့သို့ မကောင်းကြံနေသူများမှာ သူတို့၏အကြံများကို စွန့်လွှတ်၍ ကြောက်လန့်တုန်ရီနေကြသည်။

နတ်ဆိုးတိုက်လှေမှ ထွက်လာသော ကျင့်ကြံသူများမှာ မင်ရည်ကဲ့သို့မည်းနက်သော ချပ်ဝတ်များကို ဝတ်ဆင်ထားကာ ရှုပ်ထွေးသော ရုန်းများ စီရင်ထားသည့် ချပ်ဝတ်များက ခန္ဓာကိုယ်နှင့် ကပ်ကပ်ရပ်ရပ်ဖြစ်နေသည်။ ၎င်းတို့၏ပတ်လည်တွင် တိမ်များဖုံးအုပ်နေသော အလင်းကွင်းများ ထွက်ပေါ်နေသောကြောင့် ခမ်းနား၍ ဆန်းကျယ်သော အရှိန်အဝါ ဖြစ်တည်နေသည်။ တစ်ချက်ကြည့်ရုံဖြင့် တိမ်နက်ချပ်ဝတ်များဖြစ်သောကြောင့် ရင်ယွမ်ကြယ်၏ ကျင့်ကြံသူများက သိရှိသွားကြသည်။ ၎င်း၏ခုခံနိုင်စွမ်းက ကြောက်စရာကောင်းလောက်အောင် မြင့်မားပြီး အဆင့်မြင့်ကြယ်သခင်တစ်ယောက်ပင် ထိုးဖောက်ရန် ကြိုးစားရနိုင်ချေရှိသည်။ မှောင်ခိုစျေးအတွင်း ၎င်း၏တန်ဖိုးက အလွန်မြင့်ပြီး ကောင်းကင်လှေဆယ်စီးကျော်၏တန်ဖိုးနှင့် တူညီ၍ နတ်အစေခံများ၏ အိပ်မက်ရတနာဖြစ်ကာ အလွန်ရှားပါးသဖြင့် သာမန်ကျင့်ကြံသူများ ဝယ်ယူခွင့်မရပေ။ သို့သော် ရင်ယွမ်ကြယ်၏ ကျင့်ကြံသူများရှေ့မှောက်တွင် ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူတစ်ရာကျော်က တိမ်နက်ချပ်ဝတ်ကိုယ်စီဝတ်ဆင်ကာ ထွက်ပေါ်လာကြသည်။

"ဘုရားရေ ဒါက တကယ်ဖြစ်နေတာလား"

မြင်ကွင်းက မယုံနိုင်စရာကောင်းလွန်းနေသောကြောင့် သူတို့အားလုံးက အံ့သြတုန်လှုပ်နေကြသည်။ တိမ်နက်ချပ်ဝတ်တစ်ရာကျော်၏ တန်ဖိုးစုစုပေါင်းက ရင်ယွမ်ကြယ်တစ်ခုလုံး၏တန်ဖိုးထက် ပို၍များသောကြောင့် အိပ်မက်ဟု ထင်မှတ်ချင်သော်လည်း အမှန်တရားက ရက်စက်လှသည်။ သူတို့၏မျက်လုံးထဲတွင် နိမ့်ကျသည်ဟု သတ်မှတ်ထားသော ကြယ်က နတ်ဆိုးတိုက်လှေတစ်စီးနှင့် တိမ်နက်ချပ်ဝတ်များကို ပိုင်ဆိုင်ထားသောအခါ ရူးသွပ်မတတ်ဖြစ်နေပြီး တိုက်ခိုက်ရန် သတ္တိများကို အလုံးစုံ ပျောက်ကွယ်သွားစေသည်။

ကျိယုနှင့် ယွမ်ဖန်းမင်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ခါးသက်သက်အမူအရာဖြင့် ရှိနေကြသည်။ တစ်ဖက်လူက တိမ်နက်ချပ်ဝတ်ကို ဝတ်ဆင်ထားလျှင် သူတို့၏ခွန်အားဖြင့် သွားရောက်တိုက်ခိုက်လျှင်လည်း မထိုးဖောက်နိုင်သည်ဖြစ်ရာ တစ်ဖက်သတ်ရိုက်နှက်ခြင်းသာ ခံရပေလိမ့်မည်။ ကောင်းကင်တွင် ရပ်နားထားသော နတ်ဆိုးတိုက်လှေထက်မှ မရဏအလင်းမျှော်စင်များ၏ အသွင်သဏ္ဍာန်ကလည်း ရင်ယွမ်ကြယ်တစ်ခုလုံးကို ခြိမ်းခြောက်နေသည်။

ကောင်းကင်မူလကြယ်၏ စစ်တပ်က ရင်ယွမ်ကြယ်တစ်ခုလုံးသို့ တပ်ဖြန့်ကာ နတ်အစေခံများနှင့် စစ်ဧကရာဇ်အားလုံးကို ဖမ်းဆီးချုပ်နှောင်လာ၍ အဓိကကျွန်းပေါ်ရှိ ရင်ပြင်တစ်ခုသို့ ကြက်များသဖွယ် ပစ်ချလိုက်လေသည်။

All Chapters