ရက်ရက်စက်စက် နှိပ်ကွပ်ခြင်း
Vol. 57 Ch. 794
အချင်းမီတာထောင်ချီ ကျယ်ဝန်းသော ဧရာမရင်ပြင်ကြီး၏အလယ်တွင် မီတာရာချီမြင့်မား၍ ကျောက်စိမ်းဖြူဖြင့် ထုလုပ်ထားသောကြောင့် တောက်ပခမ်းနားသော ယွမ်တ၏ ရုပ်တုကြီးတစ်ခု ရှိနေသည်။ သို့သော် နတ်ဆိုးတိုက်လှေထံမှ အနက်ရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ဘုန်းခနဲမြည်သံကြီးနှင့်အတူ ၎င်းက ချက်ချင်း အပိုင်းပိုင်းအစစ ပေါက်ကွဲသွားသည်။ ရင်ယွမ်ကြယ်၏ ကျင့်ကြံသူအားလုံးက ထိုမြင်ကွင်းကြောင့် တုန်လှုပ်သွားကာ တစ်ယောက်မှ ရှေ့မထွက်ရဲပေ။ ယွမ်တ၏သားအရင်းများပင် စကားတစ်ခွန်းမှ မပြောရဲလောက်အောင် ကြောက်လန့်နေကြသည်။
"ဒူးထောက်စမ်း"
ကောင်းကင်မူလကြယ်၏ နတ်အစေခံတစ်ယောက်က ရှေ့တိုးလာပြီး ထုံပေပေလုပ်နေသော ယွမ်ဖန်းမင်၏မျက်နှာကို ဖြောင်းခနဲ ရိုက်ချလိုက်သောအခါ ချက်ချင်းရောင်ကိုင်းသွားသည်။ သူက ဒေါသမီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကာ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သော်လည်း တစ်ဖက်လူ၏တိမ်နက်ချပ်ဝတ်ကို သတိထားမိသောအခါ စိတ်ပျက်သွားခဲ့သည်။ ၎င်းက သူ၏ဖခင်ဖြစ်သော ယွမ်တကိုယ်တိုင်ပင် တိမ်နက်ချပ်ဝတ်ကို ကျော်လွန်၍ တစ်ချက်တည်းဖြင့် သတ်နိုင်မည်မဟုတ်ရာ သူ၏အစွမ်းက မလုံလောက်ချေ။ ထို့ကြောင့် သူက နားရွက်များနီရဲ၍ ဒူးထောက်ချလိုက်ရပြီး သူ၏ဘဝတွင် အကြီးမားဆုံးအရှက်ကွဲခြင်းဖြစ်သော်လည်း သေရမည်ကို ကြောက်နေသောကြောင့် ရွေးချယ်စရာမရှိခဲ့ပေ။ သူကိုယ်တိုင် ဒူးထောက်လိုက်သောအခါ ကျန်ကျင့်ကြံသူများလည်း ဒူးထောက်လိုက်ကြပြီး ခေါင်းငုံ့၍ မော်ပင်မကြည့်ရဲချေ။ ကျိယုက မူလတွင် ခုခံချင်သော်လည်း တိမ်နက်ချပ်ဝတ်တပ်ဖွဲ့မှ သုံးယောက်က သူ့ထံလျှောက်လာသောအခါ ဒူးများပျော့ခွေကျသွားကာ ဒူးထောက်လိုက်ရ၏။ အချို့က ဒူးမထောက်လိုသဖြင့် ပေကပ်ကပ်လုပ်နေသော်လည်း ဆက်တိုက်ရိုက်နှက်ခံလိုက်ရသောအခါ ဒူးထောက်သွားကြသည်။
ယဲ့ချန်သည် ရင်ယွမ်ကြယ်မှ ကျင့်ကြံသူများ ဒူးထောက်သည်ကို မြင်လိုက်ရသောအခါ စိတ်ထဲ၌ ကဲ့ရဲ့လိုက်သည်။ အတိတ်တွင် တုန်းလင်ပြည်နယ်၏ ဒုတိယမင်းသားက ယဲ့အိမ်တော်ကို သူ၏တပ်ဖွဲ့ဖြင့် လာရောက်ခြိမ်းခြောက်ခဲ့သော်လည်း ယဲ့မျိုးနွယ်ဝင်များက ဒူးထောက်ရမည့်အစား သေခြင်းတရားကို ရွေးချယ်ခဲ့ကြသည်။ ကောင်းကင်မူလကြယ်သို့ အခြားလူများ ကျူးကျော်လာစဥ်ကလည်း ကာကွယ်သူများဦးဆောင်၍ ပြန်လည်တိုက်ခိုက်ရာ၌ နောက်မတွန့်ခဲ့ပေ။ ဤအရာက သတ္တိဖြစ်ပြီး ရင်ယွမ်ကြယ်မှ ကျင့်ကြံသူများ မပိုင်ဆိုင်နိုင်သောအရာဖြစ်သည်။ ယွမ်တကဲ့သို့ လူယုတ်မာမျိုးက ဤကဲ့သို့ ငကြောက်နောက်လိုက်များနှင့် လိုက်ဖက်ပြီး ရင်ယွမ်ကြယ်၏ရှင်းဟွမ်သာ ဤမြင်ကွင်းအားမြင်လျှင် သေချာပေါက် အရှက်ရပေလိမ့်မည်။ ထိုအချိန်၌ သူတို့အားလုံးက စိတ်များလေးလံနေပြီး မခန့်မှန်းနိုင်သော စီရင်ချက်ကို စောင့်ဆိုင်းနေရင်း ယဲ့ချန်က ရူးသွပ်စွာဖြင့် သတ်ဖြတ်လာမည်ကို ကြောက်လန့်နေကြသည်။ သို့သော် ယဲ့ချန်က စတင်သတ်ဖြတ်လျှင်ပင် သူတို့က ထွက်ပြေးရန် သတ္တိမရှိပေ။
သူတို့ကို တိမ်နက်ချပ်ဝတ်စစ်တပ်က ဝိုင်းထားပြီး ကောင်းကင်၌လည်း မရဏမျှော်စင်များ ရှိနေသောကြောင့် ရင်ပြင်မှ ထိုးဖောက်ထွက်ပြေးနိုင်လျှင်ပင် သတ်ဖြတ်ခံရပေလိမ့်မည်။ သူတို့တွင် ထွက်ပြေးရန် နေရာမရှိသကဲ့သို့ လည်ပင်းကို ဓားထက်ထက်တစ်လက်က အချိန်မရွေး ထိုးစိုက်လာနိုင်သော အခြေအနေဖြစ်သည်။ မျှော်စင်များ၏ ခြိမ်းခြောက်မှုကြောင့် ရင်ယွမ်ကြယ်တစ်ခုလုံးရှိ သက်ရှိအားလုံးက ကြောက်စိတ်ကြောင့် တုန်ရီနေသည်။ သို့သော် သူတို့၏အဖြစ်ကို ယဲ့ချန်က သနားညှာတာစိတ် လုံးဝမရှိပေ။ ရင်ယွမ်ကြယ်သာ ကောင်းကင်မူလကြယ်၏ ပိုင်ဆိုင်မှုများကို တစ်ဖက်လှည့်ဖြင့်လုယူခဲ့ပြီး ကျောက်စိမ်းနန်းတော်အကြောင်း သတင်းမဖြန့်ခဲ့လျှင် သူ၏ရဲဘော်ရဲဘက်များစွာ အသတ်ခံခဲ့ရမည် မဟုတ်ပေ။ ကံကြမ္မာသည် အမြဲတမ်းလည်ပတ်နေပြီး ဤတစ်ကြိမ်က သူတို့လုပ်ရပ်၏ အကျိုးဆက်ကို ခံရမည်ဖြစ်သောကြောင့် သူက ယွမ်တရောက်မလာခင် ပြင်းထန်စွာနှိပ်ကွပ်ရန် ဆုံးဖြတ်လိုက်၏။ ယွမ်တ ပြန်ရောက်လာလျှင် ကြောက်မက်ဖွယ်တိုက်ပွဲတစ်ခု ဖြစ်ပွားမည်ဖြစ်သောကြောင့် သူက ရန်သူများကို မသတ်လျှင်ပင် တိုက်ခိုက်နိုင်စွမ်းကို ဖျက်ဆီးထားရပေလိမ့်မည်။
"ဒီကောင်တွေရဲ့ဒန်တန်ကို ဖောက်ခွဲပြီး လျှို့ဝှက်ကျင့်စဥ်နဲ့ ချုပ်နှောင်ထားကြ"
"ဟုတ်ကဲ့"
သူက အေးစက်စက် အမိန့်ပေးလိုက်သောအခါ တိမ်နက်တပ်ဖွဲ့က ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။ သူ၏အမိန့်ကြောင့် ရန်သူများက ချက်ချင်းတုန်ရီသွားပြီး ဒူးထောက်နိုင်သော်လည်း ကျင့်ကြံဆင့်ဖျက်ဆီးခံရလျှင် အသတ်ခံရန် စောင့်ဆိုင်းနေသော သိုးများပမာ ဖြစ်သွားပေလိမ့်မည်။
"ကျင့်ကြံဆင့်ကို ဖျက်ဆီးချင်တာလား။ မဖြစ်နိုင်ဘူး"
"ဒီအကြောင်း တွေးတောင်မတွေးနဲ့၊ မင်းတို့ကို တိုက်ခိုက်မယ်"
ဒူးထောက်နေသူများက မကျေမနပ်အော်ဟစ်ရင်း ခုန်ထလာကာ တာအိုလက်နက်များထုတ်ယူ၍ တိမ်နက်တပ်ဖွဲ့ကို တိုက်ခိုက်လိုက်ကြသည်။
"ထန် ထန် ထန်"
သို့သော် တိုက်ခိုက်မှုများက တိမ်နက်ချပ်ဝတ်ပေါ်ရှိ အစီအရင်များကိုသာ လှိုင်းထသွားစေပြီး ထိုးဖောက်နိုင်ရမည့်အစား ခြစ်ရာတစ်ခုပင် ဖြစ်ပေါ်မလာခဲ့ပေ။ ကောင်းကင်မူလကြယ်၏ နတ်အစေခံများက ဒေါသထွက်သွားကာ သူတို့ကို တဘုန်းဘုန်း ကန်ကျောက်လိုက်ကြသဖြင့် ပုစွန်များပမာ ကွေးသွားကြသည်။ အများစုက နာကျင်စွာအော်ဟစ်ရင်း မျက်ကွင်းများညိုမည်း၍ မျက်နှာများ ရောင်ကိုင်းကုန်သည်။
"မသတ်ပါနဲ့ဗျာ"
"မရိုက်ပါနဲ့တော့"
ရိုက်နှက်ခံလိုက်ရရုံဖြင့် ရင်ယွမ်ကြယ်၏ ကျင့်ကြံသူများက ညှာတာရန်တောင်းဆိုလိုက်ပြီး ဆက်လက်တိုက်ခိုက်နေလျှင်လည်း တိမ်နက်ချပ်ဝတ်ကို မထိုးဖောက်နိုင်ပေ။ သူတို့က ခွန်အားမဲ့မှုကို ခံစားလိုက်ရပြီး အသက်ရှင်ရန်က ပို၍အရေးကြီးသောကြောင့် တောင်းပန်လာကြသည်။
"ချမ်းသာပေးဖို့ တောင်းပန်ပါတယ်"
သူတို့က တောင်းပန်အော်ဟစ်ရင်း မြေပြင်၌ ပြန်လည်ဒူးထောက်သွားကြသည်။
"အမှိုက်ကောင်တွေ"
ယဲ့ချန်က အထင်သေးစွာဖြင့် ထွီခနဲ တံတွေးထွေးထုတ်လိုက်စဥ် ယုရင်အပါအဝင် နတ်အစေခံသုံးယောက်နှင့် စစ်ဧကရာဇ်ဆယ်ယောက်ကျော်က ရုတ်တရက်ခုန်ထ၍ ဘက်ပေါင်းစုံသို့ ထွက်ပြေးလိုက်ကြသည်။ သူတို့က ဖရိုဖရဲဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ထွက်ပြေးချင်နေကြသည်။
"ထွက်ပြေးချင်တာလား။ မင်းတို့က မရဏအလင်းမျှော်စင်ကို အထင်သေးထားတယ်ပေါ့"
ယဲ့ချန်က အေးစက်စက်ရေရွတ်ကာ အတွေးတစ်ချက်တွင် မျှော်စင်ဆယ်ခုက ပြိုင်တူအသက်ဝင်လာ၍ ထိပ်ဖျားတွင် စွမ်းအင်များ စုစည်းလာကြသည်။ အနက်ရောင်အလင်းများက ပြေးထွက်သွားကာ ထွက်ပြေးသူများကို တဘန်းဘန်းထိမှန်၍ ပြာကျသွားစေသည်။ မျက်တောင်တစ်ခတ်အတွင်း ဆယ်ယောက်ကျော်က သုတ်သင်ခံလိုက်ရသော်လည်း ကျန်ခြောက်ယောက်က အတော်ဝေးဝေးသို့ ရောက်သွားပြီဖြစ်သည်။ ကျိယုအပါအဝင် လူခြောက်ယောက်က ရင်တဒိန်းဒိန်းခုန်နေသော်လည်း သွေးရူးသွေးတန်း ထွက်ပြေးနေကြသည်။
"ဒီကောင် လွတ်သွားပြီလား"
ယွမ်ဖန်းမင်က ခပ်တိုးတိုး ရေရွတ်လိုက်ခြင်းဖြစ်သည်။ ကျိယုက အတူထွက်ပြေးရန် တိုင်ပင်ခဲ့သော်လည်း သူက မရဏအလင်းမျှော်စင်ကို ကြောက်လန့်ပြီး သေရမည်ကို စိုးရိမ်နေသောကြောင့် လိုက်မသွားခဲ့ပေ။ သို့သော် ကျိယုက လွတ်မြောက်ကာနီးဖြစ်နေသောကြောင့် သူက နောင်တရနေပြီး ဤအကြံအလုပ်ဖြစ်မည်ကို သိလျှင် စစ်ဧကရာဇ်အနည်းငယ်ကို အကာအကွယ်ယူကာ ထွက်ပြေးခဲ့ပေလိမ့်မည်။ ဤသို့စွန့်စားခြင်းက ကျင့်ကြံဆင့်ဖျက်ဆီးခံရမည်ကို စောင့်နေသည်ထက်စာလျှင် ပို၍ကောင်းပေသည်။
ကျိယုက လင်းယုန်နက်ကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ ကောင်းကင်လှေများ ရပ်နားထားသော နေရာသို့ ပျံပြေးနေသည်။ ကောင်းကင်မူလကြယ်၏ ငွေများကို လိမ်လည်ရယူပြီးနောက် ယွမ်တက နောက်ထပ်ကောင်းကင်လှေနှစ်စီး ဝယ်ယူခဲ့သောကြောင့် လက်ရှိတွင် ရင်ယွမ်ကြယ်၌ ငါးစီးရှိနေသည်။ သစ္စာဖောက်များက တစ်စီးကို ခိုးယူသွားပြီး ယုရင်က တစ်စီး၊ ယွမ်ချင်းယုက တစ်စီးနှင့် ယွမ်တက တစ်စီး ယူဆောင်သွားသောကြောင့် နောက်ဆုံးတစ်စီးသာ ကျန်ရစ်ပြီး ကျိယု၏တစ်ခုတည်းသော မျှော်လင့်ချက်လည်း ဖြစ်သည်။ ကျိယုသာ ဤလှေဖြင့် ထွက်ပြေးသွားနိုင်လျှင် အခွင့်အရေး လုံးဝမရှိသောကြောင့် ယွမ်ဖန်းမင်က စိတ်ဓာတ်ကျနေသည်။
ကျိယုတစ်ဖြစ်လည်း လင်းယုန်နက်ကြီးက အလွန်လျင်မြန်သောကြောင့် တောင်ပံများ တစ်ချက်ခတ်လိုက်သောအခါ ကောင်းကင်လှေအနီးသို့ ရောက်သွားခဲ့သည်။ ထွက်ပြေးရန်အခွင့်အရေးက လက်တစ်ကမ်းအလိုသို့ ရောက်လာသောကြောင့် ကျိယုက အပျော်လွန်သွားပြီး လှေပေါ်သို့ ပြေးတက်သွားခဲ့သည်။ သူက စိတ်အေးနေစဥ် အနက်ရောင်အလင်းတစ်ခုက ရုတ်တရက်ရောက်ရှိလာကာ မြန်လွန်းသောကြောင့် ရှောင်တိမ်းရန် အချိန်မရှိသောအခါ မျက်လုံးများ ပြူးကျယ်လာ၏။ သေခြင်းတရားက သူ၏မျက်နှာကို ပွတ်သပ်ကျီစယ်လာပြီး ဘုန်းခနဲမြည်ဟီးသွားကာ ခန္ဓာကိုယ်နှင့် လှေက အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။ ရင်ယွမ်ကြယ်၏ နောက်ဆုံးကောင်းကင်လှေက ဤနည်းဖြင့် ဖျက်ဆီးခံလိုက်ရပြီး တူဖြင့် ထုနှက်ခံလိုက်ရသည့်ပမာ ကွဲကြေသွားသော မြင်ကွင်းက ယွမ်ဖန်းမင်ကို ဦးခေါင်း မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်ယင်သွားစေကာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်သွားစေသည်။ သူ၏ထွက်ပြေးမည့်အကြံက အိပ်မက်တစ်ခုပမာ လွင့်ပါးပျောက်ကွယ်သွားလေသည်။
အနက်ရောင်အလင်းက ကောင်းကင်လှေကို ဖျက်ဆီးလိုက်ပြီး ကောင်းကင်ထက်တွင် သတ္တုအပိုင်းအစများနှင့် အနက်ရောင်ငှက်မွေးများ လွင့်ပျံနေသည်။ ကျိယုက အဆင့်တစ်ဆယ်နတ်အစေခံဖြစ်ပြီး ယွမ်တပြီးလျှင် အစွမ်းအထက်ဆုံးဖြစ်သော်လည်း အလင်းတစ်ချက်၌ ပြာကျသွားသည်။ ခဏအကြာတွင် ထွက်ပြေးသူများအားလုံး အသတ်ခံလိုက်ရပြီး တစ်ဦးတလေပင် လွတ်မြောက်မသွားသောကြောင့် ယွမ်ဖန်းမင်မှာ ခေါင်းငိုက်စိုက်ကျ၍ ထွက်ပြေးမည့်အတွေးများကို ဖျောက်ပစ်လိုက်ရသည်။ ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများက ရန်သူများ၏ဒန်တန်ကို ဖျက်ဆီးကာ ကျင့်ကြံဆင့်များကို ချိတ်ပိတ်ပစ်လိုက်သည်။
ယွမ်ဖန်းမင်အလှည့်က နီးကပ်လာနေပြီး သူက လက်မခံလိုသော်လည်း စကားတစ်ခွန်းပင် မထွက်ရဲသောကြောင့် နာခံစွာ ဒူးထောက်နေရသည်။ ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ကြယ်တစ်ခုလုံးကို ဖြန့်ကျက်ထားကာ လက်သီးကို ဆုပ်ထားမိသည်။ လက်ရှိတွင် သူက ယွမ်တပြန်အလာကို စောင့်ဆိုင်းပြီး နောက်ဆုံးတိုက်ပွဲဖြင့် လက်စားချေရန်သာ ကျန်ရှိနေသည်။ သူက ရင်ယွမ်ကြယ်ကို အေးစက်စက်စောင့်ကြည့်နေပြီး ဤနေရာသည် စကြဝဠာအတွင်း ခြေဆန့်မည့်သူ၏ ပထမဆုံးခြေလှမ်း ဖြစ်လေသည်။