ရှင်းဟွမ်ကို စိန်ခေါ်ခြင်း
Vol. 57 Ch. 797
ယွမ်တ၏စကားသံ ထွက်ပေါ်လာသောအခါ ရင်ယွမ်ကြယ်၏ ပင်လယ်က ပြင်းထန်လာပြီး ဧရာမလှိုင်းကြီးများ ထွက်ပေါ်လာကာ ဆန်းကျယ်သော စွမ်းအင်များက သူ့ထံ စုဝေးလာကြသည်။ သူ၏အရှိန်အဝါက ပို၍သန်မာလာပြီး အဖြူရောင်အလင်းလုံးကြီးပမာ ကောင်းကင်၌ တောက်ပနေသည်။
"ဘာတွေဖြစ်နေတာလဲ"
ကြယ်သခင်တစ်ယောက်က အလင်းရောင်ကို ကြည့်ရန် မျက်လုံးကို လက်ဖြင့်ကာရင်း မေးလိုက်သည်။
"ရှင်းဟွမ်လျှို့ဝှက်ကျင့်စဥ် ရှင်းဟွမ်က ကြယ်အမြုတေရဲ့ စွမ်းအားတွေကို ယွမ်တဆီ ပြောင်းပေးနေတယ်"
ရိလီက အလန့်တကြား အော်ဟစ်လိုက်သည်။ နတ်ဆိုးလှေအတွင်းရှိနေသော ယဲ့ချန်သည် ယွမ်တ၏အရှိန်အဝါ လျင်မြန်စွာ မြင့်တက်လာသည်ကို စောင့်ကြည့်နေသည်။ တစ်ဖက်လူ၏ခန္ဓာကိုယ်က မီးဟုန်းဟုန်း တောက်လောင်နေသကဲ့သို့ အစွမ်းများ ပြင်းထန်နေသည်။
"ကြည့်ရတာ မင်းက စွမ်းအားကို အတော်လိုချင်နေပုံရတယ်။ ဒါဆိုရင် နောက်ထပ်ထည့်ပေးလို့ ပြဿနာ မရှိလောက်ပါဘူး"
ယဲ့ချန်က အေးစက်စက်ပြုံးလိုက်သောအခါ မရဏအလင်းမျှော်စင်ဆယ်ခုလုံးသည် ရုတ်တရက်တောက်ပလာ၍ ရုန်းများက မျက်တောင်တစ်ခတ်အတွင်း အသက်ဝင်လာပြီး ထိပ်ဖျားများတွင် အနက်ရောင်အလင်းလုံးများ ဖြစ်တည်လာသည်။
"ဘုန်း"
မျှော်စင်ဆယ်ခုလုံးက ပြိုင်တူပစ်ခတ်လိုက်ကြပြီး ကောင်းကင်၌ ဧရာမစွမ်းအင်လုံးကြီးအဖြစ် ပူးပေါင်းသွားကာ ယွမ်တထံ တည့်တည့်ကြီး ဝင်ရောက်သွားခဲ့သည်။ မိုးချုန်းသံကဲ့သို့ အသံကြီးတစ်ခုက ကြယ်တစ်ခုလုံးကို ယိမ်းယိုင်သွားစေပြီး ကောင်းကင်ရှိတိမ်များ လွင့်ပြယ်သွားသကဲ့သို့ ရေပြင်ကလည်း တဝုန်းဝုန်း လှုပ်ခတ်နေသည်။ ယွမ်တ၏ကိုယ်တွင်းသို့ ကြယ်အမြုတေ၏ စွမ်းအင်များရှိနေသော်လည်း လွင့်ထွက်သွားကာ သွေးများစွာ အန်ချလိုက်ရပြီး တစ်ကိုယ်လုံးမှ အဖြူရောင်မီးခိုးများ ထွက်ပေါ်လာ၏။ ရှင်းဟွမ်က သန့်စင်သောချီများကို သူ့အတွက် ထောက်ပံ့ပေးနေချိန်တွင် သာမန်ကျင့်ကြံသူများက ချဥ်းကပ်လိုက်လျှင် ပြာကျသွားမည်ဖြစ်သော်လည်း မရဏအလင်းမျှော်စင်များ၏ မရဏစွမ်းအင်က ထိုးဖောက်နိုင်စွမ်းရှိသောကြောင့် ပစ်မှတ်ကို အပြင်းအထန် ဒဏ်ရာရစေသည်။ စွမ်းအင်နှစ်မျိုးက အချင်းချင်းဆန့်ကျင်နေကြသောအခါ ယွမ်တ၏အတွင်းအင်္ဂါများ ပျက်စီးသွားကာ သွေးကြောများ ပြတ်တောက်ကုန်သည်။ သူက နာနာကျင်ကျင် အော်ဟစ်ရင်း ဒေါသကြောင့် ရူးသွပ်မတတ် ဖြစ်နေခဲ့သည်။ သူက အချိန်တိုအတွင်း အလွန်အစွမ်းထက်လာပြီး ကြယ်သခင်ငါးယောက်ကို သတ်ရန်နှင့် ယဲ့ချန်ကို ရှင်းရန် ကြံစည်ထားသော်လည်း အလုပ်မဖြစ်ခဲ့ပေ။ သူက အသားကင်နံ့ထွက်နေပြီး အရေပြားကလောင်ကျွမ်းခံလိုက်ရသဖြင့် မည်းနက်နေ၍ တစ်ကိုယ်လုံး အမွေးများပြောင်ရှင်းသွားကာ ရင်ဘတ်တစ်ဝက်က ချိုင့်ဝင်နေသဖြင့် အထိနာနေပုံရသည်။
မရဏအလင်းမျှော်စင်က အဆင့်မြင့်ကြယ်သခင်ကို ချက်ချင်းမသတ်နိုင်သော်လည်း အပြင်းအထန်ဒဏ်ရာရစေရန် လုံလောက်သည်။ ယွမ်တ၏အဖြစ်ဆိုးကို မြင်သောအခါ ကျန်ငါးယောက်က ဆံပင်မွေးများ ထောင်ထသွားသည်အထိ ကြောက်လန့်နေကြ၏။ ကံကောင်းစွာဖြင့် သူတို့က ပစ်မှတ်မဟုတ်ခဲ့သော်လည်း ယွမ်တကမူ ကံဆိုးစွာဖြင့် အစွမ်းထက်သူတစ်ယောက်ကို ရန်စခဲ့သည်။ သူက ဆက်လက်တိုက်ခိုက်ရန် သတ္တိမရှိသောကြောင့် ချက်ချင်းခုန်ထ၍ ထွက်ပြေးလိုက်သည်။
"မင်းက ထွက်ပြေးချင်တာလား။ ငါ့လှေထက် ပိုမြန်မလား ကြည့်ရသေးတာပေါ့"
ယဲ့ချန်က နှာခေါင်းရှုံ့လိုက်ပြီး စိတ်ဖြင့် ထိန်းချုပ်လိုက်သောအခါ လှေက အာကာသခရီးသွားစွမ်းရည်ဖြင့် ချက်ချင်းပျောက်ကွယ်သွားကာ ယွမ်တရှေ့၌ ထွက်ပေါ်လာသည်။
"ဘုန်း ဘုန်း ဘုန်း"
တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာသော အနက်ရောင်အလင်းများက ယွမ်တကို ထိမှန်သွားသည်။ ယဲ့ချန်၏အမိန့်ပေးမှုဖြင့် မျှော်စင်ဆယ်ခုက ပြိုင်တူအသက်ဝင်လာသောကြောင့် မီးသွေးပမာ မည်းနက်နေအောင် လောင်ကျွမ်းခံထားရသော ပစ်မှတ်က အသားကုန်ထွက်ပြေးနေရသည်။ လှေက ဖြတ်ခနဲ ပျောက်ကွယ်သွား၍ သူ့အနားသို့ ရောက်ရှိလာပြန်ကာ မျှော်စင်များ၏လောင်စာအဖြစ် အသုံးပြုထားသည့် ကြယ်အမြုတေများက လောင်ကျွမ်းရင်း တတိယအကြိမ်ပစ်ခတ်ရန် အသက်ဝင်လာ၏။ ယွမ်တမှာ ထွက်ပြေးရန် မည်မျှကြိုးစားနေပါစေ၊ သူ၏အရှိန်က လှေကို မယှဥ်နိုင်သောကြောင့် အလုပ်မဖြစ်ပေ။ ရင်ယွမ်ကြယ်၌ သူ့အတွက် ပြေးစရာမြေမရှိသည့်အပြင် မရဏအလင်းမျှော်စင်များက သူ့ကို မသတ်နိုင်သေးသော်လည်း ပစ်ချက်တစ်ခုချင်းစီက ဒဏ်ရာများကို ပိုမိုဆိုးရွားစေသည်။
"ငါ မင်းကို သတ်ပစ်မယ်"
ယွမ်တက ကြံရာမရသည့်အဆုံး နတ်ဆိုးလှေထံခုန်ဝင်ကာ လက်ဝါးဖြင့် ကိုယ်ထည်အား ရိုက်ချလိုက်၏။ ဘန်းခနဲမြည်သံနှင့်အတူ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသော်လည်း သူ၏တိုက်ကွက်က လှေကိုယ်ထည်ကို မထိုးဖောက်နိုင်သည့်အပြင် တန်ပြန်အားလှိုင်းများကိုပင် ခံလိုက်ရသည်။ မျှော်စင်များကလည်း ထပ်မံပစ်ခတ်လာသောအခါ သူက နာကျင်စွာအော်ဟစ်ရင်း ဒေါသတကြီးဖြင့် ဆက်တိုက်သွေးအန်နေသည်။ သူက အနာဂတ်ကိုသာ ကြိုမြင်နိုင်လျှင် ယဲ့ချန်ကိုသတ်ပြီး ကောင်းကင်မူလကြယ်ကို ဖျက်ဆီးနိုင်ခဲ့ပေလိမ့်မည်။ လက်ရှိတွင်မူ နောင်တရရန် နောက်ကျလွန်းနေပြီဖြစ်သည်။
ရင်ယွမ်ကြယ်၏ရှင်းဟွမ်က ကောင်းကင်၌ ပြန်လည်ထွက်ပေါ်လာပြီး ယွမ်တက ဤမျှအသုံးမကျဟု ထင်မထားခဲ့ပေ။ ယေဘူယျသဘောပြောရလျှင် ယွမ်တ၏ခွန်အားဖြင့် သူ၏အထောက်အပံ့ကိုသာရလျှင် တစ်ဖက်လူကို မနိုင်သည့်တိုင်အောင် အလွယ်တကူ ရှုံးနိမ့်စရာမရှိချေ။ သို့သော် အမှန်တရား၌ ယွမ်တ၏ တိုက်ခိုက်ရေးအတွေ့အကြုံက နှစ်ပေါင်းထောင်ချီသည်အထိ တိုက်ပွဲမဝင်ခဲ့သောအခါ နည်းပါးနေသည်။ ထို့ကြောင့် သူ၏တိုက်ပွဲသိစိတ်က ပျောက်ကွယ်သွားကာ ကြယ်အမြုတေကြောင့် ပြိုင်ဘက်ကင်းမည်ဟု ထင်ထားသော်လည်း မရဏအလင်းမျှော်စင်များကြောင့် တွက်ကိန်း လွဲချော်သွားသည်။
"အမှိုက်ကောင်"
"မင်းတို့ ပြီးပြီလား။ အခုထွက်မသွားဘူးဆိုရင် ငါ့ကို အပြစ်မတင်ကြနဲ့"
ရှင်းဟွမ်က သူ့ကို အော်ငေါက်လိုက်ပြီးနောက် ယဲ့ချန်တို့ကို သတိပေးလိုက်သည်။ ယွမ်တကို ဝိုင်းဝန်းသတ်ဖြတ်ရန် ကြံစည်နေသော ကြယ်သခင်ငါးယောက်က ချက်ချင်းတုံ့ဆိုင်းသွားကြသည်။
"ကျေးဇူးပြုပြီး စိတ်ထိန်းပါဦး။ ယွမ်တကိုသတ်ဖို့ သိပ်မကြာလောက်ပါဘူး"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး မရဏအလင်းမျှော်စင်တစ်ခုကို အသက်သွင်းကာ ရှင်းဟွမ်အား ပစ်ခတ်လိုက်သည်။ သို့သော် ၎င်းက ရှင်းဟွမ်၏ခန္ဓာကိုယ်အား ထွင်းဖောက်သွားကာ မည်သည့်ထိခိုက်မှုမှ ဖြစ်ပေါ်မလာခဲ့ပေ။ တစ်ဖက်လူက ရုပ်ခန္ဓာရှိပုံ မရသောကြောင့် သူက မျက်မှောင်ကြုတ်လိုက်သည်။ ရှင်းသွမ်သည် ယဲ့ချန်က သူ့ကို အမှန်တကယ် တိုက်ခိုက်ရဲသောကြောင့် တစ်ကိုယ်လုံး တုန်ရီအောင် ဒေါသထွက်လာသည်။
"အဆင့်သုံးမျိုးနွယ်ဝင်တစ်ယောက်က ငါ့ကို စော်ကားရဲသလား"
"စိတ်မရှိပါနဲ့။ ကျုပ်က ယွမ်တကို ပစ်လိုက်တာလေ။ နည်းနည်းလောက် လွဲသွားရုံပါ"
ယဲ့ချန်က မျက်နှာပြောင်တိုက်နေရင်း ရှင်းဟွမ်အား ကိုင်တွယ်ရန် နည်းလမ်းကို စဥ်းစားနေသည်။ အကယ်၍ ရှင်းဟွမ်ကို ရှင်းပစ်ချင်လျှင် ကာကွယ်သူဖြစ်သော ယွမ်တကို အရင်ဆုံးသတ်ရမည်ဟု သူက ဆုံးဖြတ်လိုက်သည်။
"မင်း...မင်း"
ရှင်းဟွမ်က ယမ်းပုံမီးကျ ဒေါသထွက်သွားသောကြောင့် ရင်ယွမ်ကြယ်တစ်ခုလုံးကို တိမ်မည်းများ ဖုံးအုပ်သွားကာ ကောင်းကင်၌ အမိုက်အမှောင်ကြီး ကျရောက်လာ၍ မိုးကြိုးများ ကျဆင်းလာသည်။ ရှင်းဟွမ်ပိုင်နက် အသက်ဝင်လာသောအခါ ကြယ်သခင်ငါးယောက်က မျက်နှာပျက်သွားပြီး တစ်ဖက်လူက အမြုတေကို ဖောက်ခွဲပစ်မည်အား စိုးရိမ်နေကြသည်။ အကယ်၍ ရင်ယွမ်ကြယ်သာ ပေါက်ကွဲသွားလျှင် သူတို့တစ်ဦးတစ်ယောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
"ကျေးဇူးပြုပြီး စိတ်ထိန်းပါဦး အရှင်"
ရိလီက အလန့်တကြားအော်ဟစ် တောင်းပန်လိုက်သည်။
"အရှင် ကျုပ်တို့က ယွမ်တကို မတိုက်ခိုက်တော့ဘူးလို့ ကတိပေးပါတယ်။ ကျေးဇူးပြုပြီး ရှင်းဟွမ်ပိုင်နက်ကို ရုတ်သိမ်းပေးပါ"
ကျန်လေးယောက်ကလည်း အလွန်ထိတ်လန့်သွားကြသည်။
"မင်းက အမြုတေကို ဖောက်ခွဲပစ်မလို့လား။ ငါက မွေးထဲက ဒီလိုမြင်ကွင်းမျိုး တစ်ခါမှမမြင်ဖူးဘူး။ ဒီနေ့ မင်းကြောင့် အမြင်ကျယ်ရတော့မှာပေါ့။ လုပ်စမ်းပါ"
သို့သော် တစ်ဖက်လူ၏စရိုက်ကို ကောင်းစွာသိထားသော ယဲ့ချန်က စိန်ခေါ်ရင်း မရဏအလင်းမျှော်စင်ဖြင့် ယွမ်တကို ဆက်တိုက်ပစ်ခတ်နေသည်။ ယွမ်တက နှိပ်စက်ခံနေရပြီး ထပ်ကာထပ်ကာ အော်ဟစ်လိုက်သောအခါ ကြားရသူတိုင်း နားပင်းသွားစေလောက်အောင် ကျယ်လောင်နေသည်။ အဆင့်နိမ့်ကြယ်သခင်တစ်ယောက်က မရဏအလင်းမျှော်စင်ဖြင့် ပစ်ခတ်ခံရလျှင် သေဆုံးမည်ဖြစ်သော်လည်း အဆင့်မြင့်ကြယ်သခင်တစ်ယောက်က အလွယ်တကူမသေနိုင်ပေရာ သူက အရှင်လတ်လတ် နှိပ်စက်ခံနေရသည်။ ထို့ကြောင့် သူက ထိုအချိန်၌ သေဆုံးသွားရန်သာ ဆုတောင်းနေမိသည်။
"မင်းကများ ငါ့ကို အထင်သေးရဲတယ်"
ရှင်းဟွမ်က နတ်ဆိုးလှေကို လက်ညှိုးထိုးပြီး ကျိန်ဆဲလိုက်သည်။ ကိုယ့်ကိုကိုယ် အဆင့်တစ်မျိုးနွယ်ဟု သွေးနားထင်ရောက်နေသောကြောင့် ယဲ့ချန်၏လုပ်ရပ်က သူ့ကို ဒေါသူပုန်ထစေသည်။
"အရှင် ကျေးဇူးပြုပြီး စိတ်ထိန်းပါ"
ကြယ်သခင်ငါးယောက်သည် ရှင်းဟွမ်က စိတ်လွတ်သွားကာ အမြုတေကို ဖောက်ခွဲလိုက်မည်အား အလွန်စိုးရိမ်နေကြသည်။
"ကျေးဇူးပြုပြီး ဖောက်ခွဲလိုက်ပါ။ မင်းကို တမလွန်အထိ ငါ လိုက်ပို့မယ်"
ယဲ့ချန်က တစ်ချက်ရယ်မော၍ စိန်ခေါ်လိုက်သည်။
"ရင်ယွမ်ကြယ်ရဲ့ သက်ရှိတွေအတွက် ဒီလုပ်ရပ်မျိုး မလုပ်သင့်ပါဘူး။ အမြုတေကို မဖောက်ခွဲပါနဲ့"
ကြယ်သခင်ငါးယောက်ကမူ နဖူးမှ ချွေးများ စီးကျနေရင်း ဆက်တိုက်တောင်းပန်နေသည်။
"ရှင်းဟွမ် နောက်ထပ်တုံ့ဆိုင်းမနေနဲ့။ အမြုတေကို ဖောက်ခွဲတာက မျက်တောင်တစ်ခတ်လောက်ပဲ ကြာမှာပါ။ မင်းက ကောင်းကင်ကိုရောက်မှာ သေချာပါတယ်။ မင်းကို ထာဝရပြည်ထောင်ရဲ့အမြင့်ပိုင်းက ရှင်းဟွမ်တွေ လာခေါ်တာတောင် ဖြစ်နိုင်တယ်"
ယဲ့ချန်က ဆက်တိုက်စိန်ခေါ်နေရင်း ယွမ်တ မသေမချင်း မရဏအလင်းမျှော်စင်ဖြင့် ပစ်ခတ်နေသည်။
"ဒီကောင်က ယုတ်မာလွန်းတယ်"
ရှင်းဟွမ်၏မျက်နှာက ဒေါသကြောင့် သွေးဆုတ်ဖြူရော်နေသော်လည်း သူက တိုက်ခိုက်ရေးစွမ်းအားမရှိသည့်အပြင် ကာကွယ်သူဖြစ်သော ယွမ်တကလည်း တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။ သို့သော် သူက အမြုတေကိုဖောက်ခွဲပြီး ယဲ့ချန်တို့နှင့်အတူ သေဆုံးရန် သတ္တိမရှိချေ။ သူ့ကိုယ်သူ မြင့်မြတ်သည်ဟု အထင်ကြီးနေသောအခါ ဤသို့ဖောက်ခွဲရန် မတန်ဟု ယုံကြည်နေသည်။
"ထားလိုက်ပါတော့။ ကြယ်သခင်တစ်ယောက် သေသွားရင်လည်း နောက်ထပ်မွေးထုတ်လို့ရတယ်"
ရှင်းဟွမ်က ခဏသာစဥ်းစား၍ သူရဲဘောကြောင်သူပီပီ ယွမ်တကို တစ်ချက်ကြည့်ပြီး ပိုင်နက်အား ပြန်လည်ရုတ်သိမ်းလိုက်သည်။
"ငကြောက် ဥပျော့ကောင် မင်းရဲ့အမြုတေကို မဖောက်ခွဲရဲဘူးမလား။ လုပ်စမ်းပါ ကျေးဇူးပြုပြီး ဖောက်ခွဲလိုက်စမ်းပါ ဟား ဟား"
ယဲ့ချန်က ဆက်တိုက်လှောင်ရယ်နေသည်။
"ငါ မလုပ်ရဲဘူးလို့များ ထင်နေသလား။ မင်းကို သေတဲ့အထိ တိုက်ခိုက်ပစ်မယ်"
ရင်ယွမ်ကြယ်၏ ရှင်းဟွမ်က အဆင့်အတန်းကို အလွန်ဂရုစိုက်သော်လည်း ယဲ့ချန်၏လှောင်ရယ်သံများကြောင့် လူသားတစ်ယောက်ပမာ အော်ဟစ်ကျိန်ဆဲနေလေသည်။