ရွှမ်လင်းနှင့် ပြန်ဆုံခြင်း
Vol. 57 Ch. 799
ယဲ့ချန်သည် လင်ယုအတွက် တိမ်နက်ချပ်ဝတ်တစ်စုံနှင့် နတ်အစေခံတစ်ရာခွဲပေး၍ ရင်ယွမ်ကြယ်အုပ်ချုပ်ခွင့်ကို လက်လွှဲပေးလိုက်သည်။ ယွမ်တကို သတ်ပြီးနောက် သူက ဤကြယ်နှင့်ပတ်သက်၍ စိတ်အေးနိုင်ပြီဖြစ်သည်။
"ငါ အခု ပြန်တော့မယ်။ မင်းလည်း ဒီမှာ ကိစ္စတွေ အခြေကျသွားရင် ကောင်းကင်မူလကြယ်ကို ကြိုက်တဲ့အချိန် ပြန်လာခဲ့"
သူက လင်ယု၏ပခုံးကိုပုတ်၍ ပြောလိုက်ပြီး နတ်ဆိုးလှေအတွင်း ဝင်ရောက်ကာ ၎င်းက လှစ်ခနဲမြည်၍ စကြဝဠာအတွင်း ထွက်ခွာလာသည်။ လင်ယုသည် ၎င်းကို လက်ဝှေ့ယမ်း၍ နှုတ်ဆက်ရင်း ရင်ယွမ်ကြယ်ကို ဝေ့ကြည့်လိုက်သည်။ သူ၏အစ်ကိုက ဤကြယ်အပေါ် အမြင်ကောင်းမရှိသည့်အပြင် ယွမ်တ၏ပြစ်မှုများကို စဥ်းစားမိသောအခါ သူကိုယ်တိုင်လည်း မကျေမနပ် ဖြစ်လာခဲ့သည်။
"ဒီလိုဆိုမှတော့ မင်းတို့က လူယုတ်မာ ကြယ်သခင်နဲ့ မောက်မာတဲ့ မင်းသမီးရဲ့ လုပ်ရပ်တွေအတွက် ခေါင်းခံရမှာပေါ့။ ငါက ဝိညာဥ်သားရဲတွေ မွေးမြူရေးမလုပ်တာကိုတောင် ကျေးဇူးတင်နေကြ"
သူက အေးစက်စက်ပြုံးလိုက်ပြီး ရင်ယွမ်ကြယ်၏ အနီးအနားရှိ သက်မဲ့ကြယ်ရာချီကို သိမ်းပိုက်လိုက်သည်။ ကံကောင်းစွာဖြင့် ၎င်းတို့ကို ဆက်သွယ်ထားသော လမ်းကြောင်းများက တည်ငြိမ်သဖြင့် အရင်းအမြစ်များကို သယ်ယူပို့ဆောင်နိုင်သည်။ သူ၏တွက်ချက်မှုအရ လအနည်းငယ်အတွင်း ဤနေရာမှ အရင်းအမြစ်များကို ကောင်းကင်မူလကြယ်ထံ ပုံမှန်ပို့ဆောင်နိုင်ပေလိမ့်မည်။ ထိုအချိန်တွင် ယဲ့ချန်သည် လှေအတွင်းမှ အပြင်ဘက်ရှိ စကြဝဠာအတွင်းမှ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော ကြယ်များကို ငေးမောရင်း အတွေးနက်နေသည်။ ၎င်းကြယ်များ၏ တည်နေရာကို သူက မသိနိုင်သည့်အပြင် အချို့ဆိုလျှင် နတ်ဆိုးတိုက်လှေဖြင့် ဆယ်စုနှစ်ချီသွားလျှင်ပင် ရောက်နိုင်မည် မဟုတ်ပေ။ ပြည်ထောင်သုံးခုက အလွန်ကျယ်ဝန်းပြီး အစွမ်းထက်အင်အားစုများ ဖြစ်သောကြောင့် ကောင်းကင်မူလကြယ်က မပြောပလောက်အောင် သေးငယ်နေပြီး စစ်ပွဲကြီးများဖြစ်ပွားလျှင် မြေစာပင် ဖြစ်ရပေလိမ့်မည်။ ယွမ်တကို သတ်ပြီးသော်လည်း အသေအချာ စဥ်းစားလိုက်သောအခါ ပြည်ထောင်များ၏စစ်ပွဲအပြင် သူသတ်လိုက်သော ကျူးကျော်သူများကြားတွင် ကြယ်သခင်များ၏ နောက်လိုက်များနှင့် မိသားစုဝင်များ ပါဝင်နေရာ စိတ်မအေးနိုင်တော့ပေ။ ကြယ်သခင်ရောင်လီ၏ဆရာဆိုသော ဘိုးဘေးလီယွမ်ဆိုသူလည်း အချိန်မရွေး ရောက်လာနိုင်ပြီး အဆင့်နှစ် မရဏအလင်းမျှော်စင်များက အရာရာကို တားမြစ်နိုင်မည် မဟုတ်ပေ။
ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းအတွင်း အင်အားစုများစွာရှိပြီး အစွမ်းထက်ဂိုဏ်းများအတွင်း ဝင်ရောက်ပြီး အဆင့်အတန်းတစ်ခု ပိုင်ဆိုင်မှသာ အခြားလူများက အလွယ်တကူစော်ကားရဲမည် မဟုတ်ချေ။ သူ့အနေဖြင့် ချစ်ရသူများကို ကာကွယ်ရန်အတွက် အစွမ်းထက်လာရန် လိုအပ်နေသေးသည်။ လှေက နောက်ဆုံးတွင် ကောင်းကင်မူလကြယ်သို့ ပြန်ရောက်လာသောအခါ ယဲ့ချန်သည် ကြယ်အပြင်ဘက်တွင် ကောင်းကင်လှေတစ်စီး ကျောက်ချရပ်နားထားသည်ကို သတိထားမိလိုက်၏။ သူက မျက်မှောင်ကြုတ်၍ တစ်ဖက်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ရွှမ်လင်းနှင့် ကောင်းကင်နတ်ဆိုးတစ်ယောက် ရှိနေကြောင်း သိလိုက်ရပြီး သူတို့ကလည်း နတ်ဆိုးလှေကို အာရုံခံမိဟန်ဖြင့် မျက်လုံးများ ပွင့်လာကြသည်။
"မင်း ပြန်လာပြီလား"
ရွှမ်လင်းက မေးလိုက်ခြင်းဖြစ်သည်။
"ရွှမ်လင်း မင်း ငါ့ကို လာတွေ့ရဲမယ်လို့ မထင်ထားဘူး"
သူက အေးစက်စက် တုံ့ပြန်လိုက်သည်။ သူက ကျိယွမ်ကြယ်သို့ ပထမဆုံးရောက်ခဲ့စဥ်ကဲ့သို့ အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ဘဲ ဤနှစ်များအတွင်း တစ်ဖက်လူကိုပင် ကျော်တက်သွားခဲ့သည်။
"မင်းက ဒီလောက်မြန်မြန် တိုးတက်လာမယ်လို့ မထင်ထားဘူး။ မင်းက မရဏအလင်းမျှော်စင်နဲ့ နတ်ဆိုးတိုက်လှေကိုတောင် ပိုင်ဆိုင်နေပြီ။ ရှင်းဟွမ်တွေက မင်းကို တန်ဖိုးထားတာ အကြောင်းမဲ့ မဟုတ်ဘူး ထင်ပါတယ်။ ငါက မင်းနဲ့ တိုက်ခိုက်ဖို့ ရောက်လာတာ မဟုတ်ဘူး"
ရွှမ်လင်းက တစ်ချက်ပြုံးလိုက်သည်။
"ဒါဆိုရင် ဘာလာလုပ်တာလဲ"
"မင်းနဲ့ ပူးပေါင်းချင်တယ်"
"ဟား ဟား ပူးပေါင်းမယ် ဟုတ်လား။ ကောင်းကင်နတ်ဆိုးတွေနဲ့ ဘာကြောင့်ပူးပေါင်းရမှာလဲ"
သစ္စာဖောက်တစ်ယောက်ဖြစ်သော ရွှမ်လင်းအပေါ် သူက အကောင်းမမြင်သောကြောင့် နှာခေါင်းရှုံ့လိုက်၏။
"ဒီလောကမှာ အမြဲတမ်း ရန်သူဆိုတာ မရှိဘူး။ ထာဝရတည်ရှိတာက အကျိုးအမြတ်ပဲ။ ငါတို့က မင်းနဲ့ မကွာပါဘူး"
ရွှမ်လင်းက သူ၏သဘောထားကို စိတ်ထဲမထားဟန်ဖြင့် တည်တည်ငြိမ်ငြိမ် ဆက်ပြောနေခဲ့သည်။
"ဘာပူးပေါင်းချင်တာတာလဲ ပြောစမ်းပါဦး"
ယဲ့ချန်က မျက်ခုံးပင့်၍ မေးလိုက်သည်။
"ရှင်းဟွမ်တိုင်းက လူကောင်း မဟုတ်ဘူးဆိုတာ မင်း သိပြီးပြီလို့ ထင်ပါတယ်။ ဒီကောင်တွေက တစ်ကိုယ်ကောင်းဆန်ပြီး အချင်းချင်း တိုက်ခိုက်နေကြတယ်။ ဒီလိုမျိုးနွယ်တစ်ခုကို ငါတို့က ဘာကြောင့် အမှုထမ်းရမှာလဲ။ ငါတို့အနာဂတ်အတွက် ကိုယ်တိုင်ကြိုးစားပြီး ကျွန်ဖြစ်ခံနေလို့ မရဘူး"
ရွှမ်လင်းက သူ ပြောနေသော အရာကို ယုံကြည်သက်ဝင်နေသောကြောင့် မျက်လုံးများ တောက်ပနေသည်။
"ရှင်းဟွမ်တွေက လူသားတွေကို အလေးမထားဘဲ ငါတို့ကို ကျွန်အဖြစ် အသုံးချပြီး ကောင်းကင်နတ်ဆိုးတွေနဲ့ တိုက်ခိုက်ခိုင်းတယ်။ ပြီးတော့ ငါတို့က ဉာဏ်ကောင်းလွန်းပြီး အဆင့်သုံးမျိုးနွယ်တွေထဲမှာ ချွန်ထွက်နေတဲ့အတွက် သူတို့က ကြောက်လန့်လာကြတယ်။ လူသားအချို့က သူတို့ကန့်သတ်ချက်ကနေ ရုန်းထွက်ပြီး စကြဝဠာထဲမှာ သူတို့တောင်မယှဥ်နိုင်တဲ့ ကျင့်ကြံသူတွေ ဖြစ်လာကြတယ်။ ဒါကြောင့် သူတို့က လူသားတွေပေါ်မှာ အမြဲတမ်း စောင့်ကြည့်နေကြတယ်"
ယဲ့ချန်သည် ရွှမ်လင်း၏စကားကို နားထောင်နေရင်း ကောင်းကင်မူလကြယ်နှင့် ကျိယွမ်ကြယ်မှ ရှင်းဟွမ်နှစ်ယောက်မှလွဲလျှင် ရှင်းဟွမ်တိုင်းက လူကောင်းများ မဟုတ်ကြောင်း တွေးမိလိုက်သည်။ ဥပမာအားဖြင့် ထိုရှင်းဟွမ်နှစ်ယောက်ကို ကာကွယ်ပေးရန် ထိုက်တန်သော်လည်း ရင်ယွမ်ကြယ်၏ ရှင်းဟွမ်ကဲ့သို့ ကောက်ကျစ်သူများလည်း ရှိသည်။
"အဆင့်သုံးမျိုးနွယ်တစ်ခု ဖြစ်တဲ့အတွက် လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို ရှင်းဟွမ်မျိုးနွယ်က ချုပ်ကိုင်ထားတယ်။ အရာရာက ငါတို့ထက် သာလွန်နေပြီး ငါကိုယ်တိုင်တောင် စကြဝဠာထဲကို ခြေဆန့်ပြီးမှသာ ကောင်းကင်နတ်ဆိုးတွေက ရန်သူအစစ်မဟုတ်ဘဲ ရှင်းဟွမ်ကသာ ရန်သူဖြစ်ကြောင်း နားလည်လာရတယ်"
ယဲ့ချန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ရွှမ်လင်းသည် သူ၏စကားက တစ်ဖက်လူကို ဆွဲဆောင်နိုင်သည်ဟု ထင်မြင်သောကြောင့် အားတက်သွားကာ ဆက်ပြောလိုက်သည်။
"ကျိယွမ်ကြယ်ရဲ့ ရှင်းဟွမ်က မင်းကို သစ္စာဖောက်ဖူးသလား"
ယဲ့ချန်က ထိုစကားကို ကြားသောအခါ အေးစက်စက် ပြန်မေးလိုက်သည်။
"မဖောက်ဖူးဘူး"
"ငါက ဒီလောကကြီးမှာ မွေးဖွားလာပေမယ့် ကြင်နာမှုကို ကြင်နာမှုနဲ့ ပြန်ပေးဆပ်ပြီး ရန်ကြွေးကို ရန်ကြွေးနဲ့ ပြန်ပေးဆပ်တတ်သူဖြစ်တယ်။ ကောင်းကင်မူလကြယ်နဲ့ ကျိယွမ်ကြယ်ရဲ့ ရှင်းဟွမ်တွေက ငါ့ကို ကူညီပေးနေတဲ့အတွက် ကျေးစွပ်ဖို့ မဖြစ်နိုင်ဘူး"
သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
"မင်းက ကလေးဆန်လွန်းတယ်။ မင်းရဲ့ကံကြမ္မာကို ကောင်းကင်မူလကြယ်ရဲ့ရှင်းဟွမ်က ထိန်းချုပ်ထားပြီး မင်းရဲ့အတွေးတွေကိုတောင် သူမက သိနေတယ်။ သူမရဲ့ရည်ရွယ်ချက်ကို ဘယ်သူမှ မသိနိုင်ဘူး။ မင်းကို သူမက လှည့်စားထားပြီး နှစ်သန်းချီရှင်သန်လာတဲ့အတွက် မင်းကို အလုပ်လုပ်ဖို့ စေခိုင်းရာမှာ လွယ်ကူလွန်းနေတယ်"
ရွှမ်လင်းက ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။ ထိုအချိန်တွင် သူ၏စကားက မှန်ကန်သောကြောင့် ယဲ့ချန်က စိတ်ရှုပ်ထွေးသွားပြီး အရာရာကို စိတ်ထဲမှ သုံးသပ်လိုက်၏။ သို့သော် သူ့အပေါ်တွင် ရှင်းဟွမ်က မကောင်းသော ရည်ရွယ်ချက်များရှိမနေလျှင် လုံလောက်ပြီဖြစ်သည်။ ရှင်းဟွမ်အချို့က လူယုတ်မာဖြစ်ကြောင်း သူက သိထားသော်လည်း ကောင်းကင်မူလကြယ်နှင့် ကျိယွမ်ကြယ်၏ ရှင်းဟွမ်များ မပါဝင်ပေ။ သူက အလိုလိုသိစိတ်ကိုသာ ယုံကြည်ထားပြီး မှားယွင်းသွားခဲ့လျှင်လည်း အကျိုးဆက်ကို ခံရမည်ဖြစ်သည်။ ထို့အပြင် ရှင်းဟွမ်၏ ဖန်တီးခြင်းခံထားရသော လူသားများအပေါ်တွင် ဖန်တီးသူ၏ ကိုယ်ကျင့်တရားက ထင်ဟပ်နေပြီး လူနည်းစုသာ ချွင်းချက်ဖြစ်သည်။ ကောင်းကင်မူလကြယ်၏ ကာကွယ်သူနတ်အစေခံများက သူရဲကောင်းများဖြစ်ပြီး ကိုယ်ကျင့်တရားကောင်းမွန်သူများကို ဖန်တီးရန်အတွက် ဖန်တီးသူကလည်း လူကောင်း ဖြစ်ရပေလိမ့်မည်။ ဘုရင်ရီနှင့် ဘုရင်ဟွမ်က သစ္စာဖောက်သွားသော်လည်း နောက်ဆုံးတွင် ကောင်းကင်မူလကြယ်သို့ ပြန်လာခဲ့ပြီး ကြယ်ကို ကာကွယ်ရန်အတွက် လမ်းမှားကို ရွေးချယ်မိခဲ့ခြင်းသာဖြစ်သည်။ ရင်ယွမ်ကြယ်၏ ရှင်းဟွမ်ကမူ သူနှင့် စရိုက်ချင်းတူသော လူယုတ်မာများကို ဖန်တီးထားခဲ့ကြောင်း တွေးမိသောအခါ သူ၏စိတ်သည် ပြန်လည်ကြည်လင်လာသည်။
"မင်းဘာပြောပြော ငါက ကောင်းကင်မူလကြယ်ကို သစ္စာဖောက်ပြီး ကောင်းကင်နတ်ဆိုးတွေနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး"
ထို့ကြောင့် သူက အေးစက်စက် ငြင်းဆန်လိုက်၏။
"မင်းကို ကမ်းလှမ်းဖို့ မလွယ်ဘူးဆိုတာ ငါ သိတယ်။ ဒါပေမယ့် ကောင်းကင်မူလကြယ်က ကောင်းကင်နတ်ဆိုးစစ်တပ်ကို မရပ်တန့်နိုင်ဘူးဆိုတာ သိထားသင့်တယ်။ နတ်ဆိုးဘုရင်ပြည်ထောင်နဲ့ ထာဝရပြည်ထောင်ကြားမှာ စစ်ပွဲဖြစ်ရင် မင်းတို့က မြေစာပင်ထက် မပိုဘူး။ မင်းတို့က နတ်ဆိုးစစ်တပ်ရှေ့မှာ အမှိုက်သာသာပဲ။ သူတို့ရောက်လာရင် မင်းတို့ကြယ် မဆိုထားနဲ့၊ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းတောင် အမှုန့် ဖြစ်သွားလိမ့်မယ်"
ရွှမ်လင်းက အကြောက်တရားနှင့် ခြိမ်းခြောက်ရန် ကြိုးစားလာသည်။
"ကောင်းကင်နတ်ဆိုးစစ်တပ်ကို ငါ ဂရုမစိုက်ဘူး။ ငါသိတာတစ်ခုက ကောင်းကင်မူလကြယ်ကို ကျူးကျော်လာသူတိုင်း သတ်ပစ်ခံရမယ်။ အနည်းဆုံးတော့ ဒီစစ်တပ်က နှစ်အနည်းငယ်အတွင်း ရောက်လာမှာ မဟုတ်ဘူး"
ယဲ့ချန်သည် မရဏအလင်းမျှော်စင်များ၏ အားကိုးကြောင့် နတ်အစေခံ ကောင်းကင်နတ်ဆိုးများကို လုံးဝဂရုမစိုက်ပေ။ ရွှမ်လင်းသည်လည်း ဤကြယ်အဖွဲ့အစည်းအတွင်းရှိ ကောင်းကင်နတ်ဆိုးများ၏အဆင့်အရ ကောင်းကင်မူလကြယ်နှင့် ကျိယွမ်ကြယ်ကို သိမ်းပိုက်ရန် မဖြစ်နိုင်ကြောင်း နားလည်ထားသည်။
"မင်းက တိုက်ခိုက်ဖို့ ရောက်လာတာမဟုတ်တဲ့အတွက် လွှတ်ပေးလိုက်မယ်။ ပြန်သွားပြီး မင်းသခင်ကို ပြောလိုက်စမ်း။ ငါ့ကို လာရှုပ်ရင် သေချာပေါက် နောင်တရသွားစေရမယ်"
ယဲ့ချန်က အေးစက်စက် သတိပေးလိုက်ရင်း နတ်ဆိုးတိုက်လှေကို ထိန်းချုပ်ကာ ရွှမ်လင်းအား လျစ်လျူရှုပြီး ကောင်းကင်မူလကြယ်သို့ ဆင်းသက်သွားခဲ့သည်။ ၎င်း ပျောက်ကွယ်သွားသောအခါ ရွှမ်လင်းသည် ရှိရင်းစွဲအသက်ထက် များစွာအိုစာသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ တစ်ဖက်လူသည် အစွမ်းထက်ယာဥ်နှင့် မရဏအလင်းမျှော်စင်များကို မည်သို့ရယူလာနိုင်ကြောင်း နားမလည်သည့်အပြင် ကျင့်ကြံနှုန်းကလည်း အလွန်မြန်ဆန်နေသည်။ ဤအရာက အဆင့်သုံးမျိုးနွယ်ဝင်တစ်ယောက်ထက် များစွာသာလွန်နေပြီး အဆင့်နှစ်မျိုးနွယ်များမှ ပါရမီရှင်အချို့ကိုပင် ကျော်လွန်နေသည်။ ကောင်းကင်နတ်ဆိုးသခင် ရွှမ်ကုန်းက ကောင်းကင်မူလကြယ်ကို တိုက်ခိုက်လိုသော်လည်း လက်ရှိအချိန်၌ ၎င်းသည် သံမဏိနံရံတစ်ခုပမာ မာကျောနေသောကြောင့် အချိန်ကောင်းကို စိတ်ရှည်ရှည်စောင့်ရန် လိုအပ်နေသည်။ ထို့နောက် သူက ကောင်းကင်လှေကို ထိန်းချုပ်ကာ ကြယ်အနားမှ ထွက်ခွာသွားပြီး စကြဝဠာအတွင်း ဦးတည်ပျံထွက်သွားသည်။
ယဲ့ချန်သည် ထွက်ခွာသွားသော ကောင်းကင်လှေကို အေးစက်စက်စိုက်ကြည့်ရင်း အတွေးနက်နေသည်။ ဖြစ်နိုင်သည်မှာ ကောင်းကင်နတ်ဆိုးများက သူ၏ကြယ်ကို ကျူးကျော်ရန် လက်မလျှော့လိုခြင်းဖြစ်သည်။ ထို့ကြောင့် ရန်သူများ နောက်ဆုတ်စေရန်အတွက် သူက ကြယ်၏အင်အားကို ထပ်မံတိုးမြှင့်ရန် လိုအပ်နေလေသည်။