← Chapters

အနန်းကုန်းဇီ ပြန်ရောက်လာခြင်း

Vol. 57 Ch. 800

အနန်းကုန်းဇီ ပြန်ရောက်လာခြင်း

Vol. 57 Ch. 800

ကောင်းကင်မူလကြယ်ထက်တွင် ပြည်ထောင်နှစ်ခုကြားရှိ ကုန်သွယ်ရေးလမ်းကြောင်း စတင်နေပြီဖြစ်ရာ ယဲ့မျိုးနွယ်ဝင်များက အလုပ်များနေကြသည်။ သူတို့က သွေးပြည်ထောင်သို့ သွားရောက်ပြီး ရှားပါးကုန်ကြမ်းများ ဝယ်ယူကာ ၎င်းတို့ကို ထာဝရပြည်ထောင်၏ မှောင်ခိုစျေးတွင် ပြန်လည်ရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေလမ်းကြောင်းတစ်ခု တည်ဆောက်ထားနိုင်သည်။ သွေးပြည်ထောင်ဘက်မှ ကျိရန်ရွယ်သည် မုကုန်း၏ အဆက်အသွယ်မှတဆင့် အဆင့်နှစ် မရဏအလင်းမျှော်စင် ၁၆ခုဝယ်ယူကာ အားလုံးကို ကောင်းကင်မူလကြယ်သို့ ပို့ဆောင်ပေးခဲ့သည်။ ယဲ့ချန်က အဆင့်သုံးကို လိုချင်သော်လည်း လက်ရှိအဆင့်အတန်းအရ လက်လှမ်းမမီသောကြောင့် မုကုန်းက ကြိုးစားပေးနေသည်။ အကယ်၍ ကောင်းကင်မူလကြယ်၌ အဆင့်သုံးမျှော်စင်တစ်ခုသာ ရှိနေလျှင် အဆင့်ကြယ်သခင်များ မဆိုထားနှင့် ကောင်းကင်ကြယ်သခင်တစ်ယောက် ကျူးကျော်လာလျှင်ပင် သေလမ်းရှာခြင်း ဖြစ်ပေလိမ့်မည်။ သူက မျှော်စင်၁၆ခုလုံးကို ကျိယွမ်ကြယ်နှင့် ကောင်းကင်မူလကြယ်တွင် နေရာချထားခဲ့ပြီး ကောင်းကင်ကြယ်သခင်တစ်ယောက်ကို ရန်မစလျှင် လုံခြုံပေလိမ့်မည်။

ယဲ့အိမ်တော်အတွင်း သူက မြက်ခင်းတစ်ခုပေါ်တွင် ရပ်နေပြီး ကောင်းကင်ကို မော့ကြည့်နေသည်။ နဂါးဘုရင်၊ ထန်းယွမ်၊ ဘုရင်ချင်စသော သူ၏ရဲဘော်ရဲဘက်များက စကြဝဠာအတွင်း ခြေဆန့်သွားပြီဖြစ်သောကြောင့် သူ၏အလှည့် ကျရောက်လာခဲ့သည်။ ယဲ့အိမ်တော်အတွင်း သူ အမြဲတမ်း ကာကွယ်ပေးထားခဲ့သော ပုံရိပ်များစွာက သက်ဝင်လှုပ်ရှားနေကြသည်။ သူက ဇနီးသည်လေးယောက်ကို ချန်ထားခဲ့ရမည့်အကြောင်း တွေးမိသောအခါ ဝမ်းနည်းနေပြီး ကိုယ်ပွားတစ်ခု ချန်ထားရစ်ခဲ့ချင်သော်လည်း သူ၏ကိုယ်တွင်း၌ စိတ်နှစ်ခုက အားပြိုင်နေဆဲဖြစ်ကာ မပေါင်းစပ်နိုင်သေးပေ။ ရှင်းဟွမ်၏အကြံအရ သူက လိုက်နာရန် လိုအပ်ပြီး နောက်ထပ်အသိစိတ်တစ်ခု ထပ်ပေါ်လာလျှင် လူတစ်ကိုယ် စိတ်သုံးမျိုး ဖြစ်သွားနိုင်သောကြောင့် ကိုယ်ပွားထပ်ထုတ်ရန်က အန္တရာယ်များလွန်းနေသည်။ စကြဝဠာအတွင်း အတူခေါ်သွားရန်ကလည်း အန္တရာယ်များလွန်းသောကြောင့် သူက မခေါ်သွားလိုပေ။ အကယ်၍ သူက စကြဝဠာအတွင်း လှုပ်ရှားမည်ဆိုလျှင် သရုပ်မှန်ကို ဖုံးကွယ်ထားရပေလိမ့်မည်။ သူ၏ ပထမဆုံးပန်းတိုင်က ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းအတွင်း အစွမ်းအထက်ဆုံးဖြစ်သော ထိပ်တန်းမဟာမိတ်သို့ ဝင်ရောက်ရန်ဖြစ်သည်။ ထိုအချိန်တွင် မနီးမဝေးရှိ မြက်ခင်းပြင်၌ အစွမ်းထက်အရှိန်အဝါတစ်ခုက ထွက်ပေါ်လာသည်။

"ဘယ်သူလဲ"

ယဲ့ချန်က သတိကြီးသွားပြီး ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ တစ်ဖက်လူ၏ တည်နေရာကို ရှာဖွေလိုက်သည်။ တစ်ဖက်ကလည်း ပုန်းကွယ်လိုပုံမရသောကြောင့် သူနှင့် မနီးမဝေးတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

"မင်းပါလား"

ယဲ့ချန်သည် တစ်ဖက်လူ၏ ခန့်ညားသော မျက်နှာကို မြင်လိုက်ရသောအခါ နန်းကုန်းဇီ ဖြစ်နေသောကြောင့် မင်သက်သွားခဲ့သည်။

"ဒါပေါ့"

သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရင်အတိုင်း မြင့်မြတ်သော အရှိန်အဝါကို ပိုင်ဆိုင်ထားကာ ယခင်ထက် ပို၍အစွမ်းထက်နေပြီး မည်သည့်အဆင့်ဖြစ်ကြောင်း မခန့်မှန်းနိုင်ပေ။

"မင်းရော မရဏကြယ်ကို ရောက်ခဲ့တာလား"

ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်ပြီး ရှေ့မှောက်မှ လူသည် နန်းကုန်းဇီဖြစ်ကြောင်း သေချာ၍ စိတ်အေးသွားခဲ့သည်။

"မင်းဆီက တစ်ခုခုယူဖို့ ပြန်ရောက်လာခဲ့တာ"

သူက ခေါင်းညိတ်ပြလိုက်သောအခါ ယဲ့ချန်က နားလည်စွာဖြင့် စီမုသံလိုက်အိမ်မြှောင်ကို လက်မောင်းကာအတွင်းမှ ထုတ်ယူကာ ပေးအပ်လိုက်သည်။

"ငါ ဘာကြောင့် လိုချင်တယ်ဆိုတာကို မမေးတော့ဘူးလား"

နန်းကုန်းဇီသည် ယဲ့ချန်က ဤမျှရက်ရောမည်ဟု ထင်မထားသောကြောင့် မျက်လုံးများတွင် ထူးဆန်းသော အလင်းများ ဖြစ်ပေါ်လာသည်။

"အစ်ကိုနန်ကုန်းမှာလည်း ကိုယ့်အကြောင်းနဲ့ကိုယ် ရှိမှာပေါ့"

သူက တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။ နန်းကုန်းဇီက ကောင်းကင်ချီကို ရတနာအတွင်း ထည့်သွင်းလိုက်ပြီး ခဏအကြာတွင် ၎င်းထံမှ ငွေရောင်အလင်းများ ပြန့်ထွက်လာ၏။ မြေပြင်အထက် ငါးမီတာတွင် အလင်းပြောက်များ ဖြစ်တည်လာကာ ပိုးစုန်းကြူးများနှင့် ဆင်တူသော်လည်း အနီးကပ်ကြည့်လျှင် ကြယ်မြေပုံတစ်ခုဖြစ်ကြောင်း သိရပေလိမ့်မည်။

"ဒီရတနာက တကယ်တော့ အစွမ်းထက်လွန်းလို့ ကြယ်သခင်တျန်းက ကျောက်စိမ်းနန်းတော်ထဲမှာ ဝှက်ထားခဲ့တယ်။ မသမာသူတွေကို လှည့်စားဖို့အတွက် မဟာတာအိုလက်နက်လို့ ရှင်းဟွမ်က အယုံသွင်းခဲ့တယ်။ တကယ်တော့ ဒါက နတ်ဘုံရဲ့ရတနာဖြစ်ပြီး ဘယ်အဆင့်လဲဆိုတာကို ငါ မသိဘူး။ ဒါက နတ်ဆိုးဘုရင်ပြည်ထောင်၊ ဒါက သွေးပြည်ထောင်နဲ့ ဒါက ထာဝရပြည်ထောင်ဖြစ်ပြီး ကောင်းကင်မူလကြယ်က ဒီနယ်စပ်မှာ ရှိတယ်"

နန်းကုန်းဇီသည် သူ၏ညာလက်ဖြင့် အလင်းပြောက်တစ်ခုကို ထောက်ပြ၍ ရှင်းပြလိုက်သည်။ ကြယ်မြေပုံကို ကြည့်ပြီးနောက် ယဲ့ချန်သည် ပြည်ထောင်များ၏ တည်နေရာကို ယေဘူယျသဘော နားလည်လိုက်သည်။

"စီမုရဲ့ အစစ်အမှန်တန်ဖိုးက ဒီမြေပုံ မဟုတ်ဘူး။ ငါကိုယ်တိုင်တောင် မသိသေးတဲ့ ဆန်းကျယ်မှုတွေ ရှိနေတယ်။ ငါက ဒါကို သွေးပြည်ထောင်ဆီ ယူသွားချင်တယ်။ မင်း မပေးချင်ဘူးဆိုရင်လည်း ပြန်ယူလို့ရတယ်"

"ရတနာတွေက ပိုင်ဆိုင်မှုသက်သက်ပါပဲ။ ငါက မင်းကို မိတ်ဆွေတစ်ယောက်အဖြစ် တန်ဖိုးထားတယ်"

ယဲ့ချန်က ခေါင်းယမ်း၍ ငြင်းဆန်လိုက်၏။

"ဟား ဟား ငါ နန်းကုန်းဇီမှာ မိတ်ဆွေတစ်ယောက်ရှိလာမယ်လို့ မထင်ထားဘူး။ ဒါပေမယ့် မင်းကို ငါ့မိတ်ဆွေအဖြစ် အသိအမှတ်ပါတယ်။ ဒီနှစ်ပေါင်းသန်းချီအတွင်း မင်းက ငါ့အတွက် တစ်ဦးတည်းသော မိတ်ဆွေ ဖြစ်လာပြီ"

သူ၏စကားကို ကြားသောအခါ နန်းကုန်းဇီက ကျေနပ်စွာရယ်မော၍ အလွန်ဝမ်းသာနေဟန်ဖြင့် ပြောလိုက်သည်။ ယဲ့ချန်သည် တစ်ဖက်လူ၏နောက်ခံကို မသိသော်လည်း လူကောင်းတစ်ယောက်ဖြစ်ကြောင်း ယုံကြည်ထားကာ နောက်ခံအကြောင်းမေးရန် တွေးမိလိုက်သော်လည်း နောက်ဆုံးတွင် မမေးဖြစ်ခဲ့ပေ။ သူတို့က မိတ်ဆွေများဖြစ်သောကြောင့် တစ်ပါးသူ၏အတိတ်ကို မပြောလိုလျှင် မေးမြန်းရန် မသင့်တော်ပေ။ နှစ်ပေါင်းသန်းချီဟူသော အချက်က သူ့ကို အံ့သြစေခဲ့ပြီး နန်းကုန်းဇီ၏ အသက်က အလွန်ရှည်ကြောင်း သိလိုက်ရသည်။

"သူက ငါနဲ့မတွေ့ခင် မိတ်ဆွေတစ်ယောက်မှ မရှိခဲ့တာလား။ ဒါမှမဟုတ် သူ့မိတ်ဆွေအဖြစ် သတ်မှတ်ဖို့ မထိုက်တန်လို့လား"

"ငါ သွားတော့မယ်"

ယဲ့ချန်က အတွေးနက်နေစဥ် နန်းကုန်းဇီက နှုတ်ဆက်လာခဲ့သည်။

"မင်း ဘာဆက်လုပ်ဖို့ စီစဥ်ထားလဲ"

"ငါက သွေးပြည်ထောင်ကို သွားမယ်။ မင်းရဲ့အာဏာကိုတော့ နည်းနည်း အသုံးလိုလိမ့်မယ်"

"မှော်မြို့တော်မှာ မိုရန်လို့ခေါ်တဲ့ ကျင့်ကြံသူတစ်ယောက်ကို ရှာလိုက်ပါ။ သူတို့ကို ငါက ညွှန်ကြားထားမှာဖြစ်လို့ မင်းအမိန့်ကို နာခံကြလိမ့်မယ်"

ယဲ့ချန်က ကူညီပေးရန် သဘောတူလိုက်ပြီး တစ်ဖက်လူ၏ ကိုယ်ကျင့်တရားကို ယုံကြည်သောကြောင့် ရည်ရွယ်ချက်ကို စပ်စုမနေခဲ့ပေ။

"ကျေးဇူးတင်ပါတယ်။ ငါတို့ နောက်တစ်ကြိမ်ပြန်တွေ့ရင် မင်းနဲ့ ငါက စကြဝဠာထဲမှာ အစွမ်းထက်သူတွေ ဖြစ်လာရမယ်"

နန်းကုန်းဇီက စိတ်ပါလက်ပါပြုံး၍ ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ နန်းကုန်းဇီ၏အကြံကို သူက မသိသော်လည်း ပေါ့သေးသေးမဟုတ်ကြောင်း နားလည်ထားသဖြင့် သူကလည်း နောက်ကျန်နေ၍ မဖြစ်ပေ။

"ကောင်းပြီး။ နောက်တစ်ကြိမ် ပြန်ဆုံရင် ငါတို့ညီအစ်ကိုက လောကကြီးကို ကိုင်လှုပ်ကြတာပေါ့"

"ဟား ဟား ကောင်းတယ် ညီလေး။ အနာဂတ်မှာ သေချာပေါက် ပြန်ဆုံမယ်"

နန်းကုန်းဇီက ရယ်မောရင်း သဲလွန်စမကျန်အောင် ဖြတ်ခနဲ ပျောက်ကွယ်သွားသောကြောင့် ယဲ့ချန်က အံ့သြသွားရသည်။ တစ်ဖက်လူက မည်သည့်ကျင့်စဥ် အသုံးပြုလိုက်မှန်းမသိရသော်လည်း ခွန်အားအရာတွင် သူ့အောက်မရောက်သည့်အပြင် များစွာပို၍ အစွမ်းထက်နေသည်။ ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်စဥ် နန်းကုန်းဇီသည် ကြယ်သခင်အဆင့်အောက်သာ ဖြစ်သော်လည်း အမှန်တကယ်၌ ကျင့်ကြံဆင့်ကို ဖိနှိပ်ထားခြင်းသာဖြစ်ကြောင်း သူက နားလည်လိုက်သည်။ တစ်ဖက်လူ၏ ဉာဏ်ရည်နှင့် ခွန်အားအရ သွေးပြည်ထောင်ကို ခြေကုပ်ရယူ၍ အင်အားစုတစ်ခု တည်ထောင်နိုင်ရန် သေချာသောကြောင့် သူက နောက်ကျန်ရစ်၍ မဖြစ်သဖြင့် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

မြက်ခင်းပြင်ထက်တွင် အင်းဆက်အော်သံများ ထွက်ပေါ်လာပြီး လေတစ်ချက်အဝှေ့တွင် ကိုယ်သင်းရနံ့လေးတစ်ခု ရောက်ရှိလာသည်။

"မောင်လေး ဘာတွေစဥ်းစားနေတာလဲဟင်"

ပိုလင်း၏ လှပသော ပုံရိပ်လေးက ယဲ့ချန်အနား ရောက်ရှိလာသည်။ သူမ၏ တောက်ပသော မျက်ဝန်းလေးများ၊ ကော့ညွှတ်နေသော မျက်တောင်လးများနှင့် ဖြူဖွေးနေသော ပါးပြင်လေးများက စာဖွဲ့မမီလောက်အောင် လှပနေသည်။ သူမက ကောက်ကြောင်းများပေါ်လွင်စေသော ပန်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသဖြင့် ရင်ဘတ်က ဟိုက်နေသောကြောင့် ယုန်နှစ်ကောင်၏ အထက်ပိုင်းက ရုန်းကြွထွက်ပေါ်နေသည်။ ဝတ်ရုံအောက်ပိုင်းတွင် ခွဲထားသဖြင့် ဖြောင့်စောင်းတောက်ပြောင်သော ပေါင်တံလေးများက ဆွဲဆောင်အားပြင်းစွာ ထွက်ပေါ်နေသည်။ သူမက ဆွဲဆောင်အားပြင်းလွန်းသောကြောင့် ယဲ့ချန်က ခါးသက်သက် ပြုံးလိုက်မိသည်။ သူက ကောင်းကင်မူလကြယ်၏ အရေးကိစ္စများကြောင့် သေရာမှ ပြန်ရှင်လာသော ပိုလင်းကို လွမ်းဆွတ်သတိရနေကြောင်း ပြောခွင့်မသာခဲ့ချေ။

"မောင်လေး မမက မင်းအတွက် တန်းအာလို ကလေးလေးတစ်ယောက်လောက် မွေးပေးချင်တယ်"

သူမ၏ ချိုသာယစ်မူးစေသော စကားသံလေးက ယဲ့ချန်၏နှလုံးသားကို တဒိန်းဒိန်းဖြစ်သွားစေကာ ကိုယ့်ကိုကိုယ် ထိန်းချုပ်မှု လွတ်ကင်းလုနီးပါး ဖြစ်လာသည်။

"သိပ်မကြာခင် ငါက ကောင်းကင်မူလကြယ်က ထွက်သွားရဦးမယ်"

ယဲ့ချန်က ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။

"လင်ယောကျ်ားထွက်သွားရင် ဇနီးက စောင့်နေရမှာ ပုံမှန်ပါပဲ။ မမက မင်းကို ကောင်းကင်မူလကြယ်ကနေ တစ်သက်လုံး စောင့်မယ်။ အခုတော့ ဘာမှမပြောနဲ့တော့"

ပိုလင်းသည် မျက်ရည်ဝဲနေသော မျက်ဝန်းလေးများဖြင့် ယဲ့ချန်၏ရင်ခွင်အတွင်း တိုးဝင်လာခဲ့သည်။ သူမက ဆွဲဆောင်အားပြင်းသော်လည်း ယဲ့ချန်ကသာ သူမ၏တစ်ဦးတည်းသော လင်ယောကျ်ားဖြစ်ကာ အရှေ့ပိုင်းတိုက်ကြီးရှိ ယဲ့တောင်ကြားတွင် သူမ၏နှလုံးသားကို ပိုင်ဆိုင်သွားခဲ့သည်။ သေရေးရှင်ရေးများကို ကျော်ဖြတ်ပြီးနောက် ငရဲတံခါးမှ ပြန်လည်လွတ်မြောက်လာချိန်တွင် သူမက အရာရာကို တန်ဖိုးထားတတ်လာသည်။

"ငါ ပြန်လာမယ်လို့ ကတိပေးပါတယ်"

ယဲ့ချန်က ရင်ခွင်အတွင်းမှ ကိုယ်လုံးလေးကို တင်းကျပ်စွာ ဖက်လိုက်သောအခါ နေရောင်က ပိုမိုတောက်ပနေပြီး ပတ်ဝန်းကျင်ရှုခင်းက ပို၍လှပနေခဲ့လေသည်။

All Chapters