ယဲ့ချန် ခရီးထွက်ခြင်း
Vol. 57 Ch. 801
"အမပိုလင်းက စိတ်တိုချင်စရာကောင်းလိုက်တာ"
မနီးမဝေးတွင် ဤမြင်ကွင်းကို သတိထားမိလိုက်သော နင်အာသည် နှုတ်ခမ်းဆူ၍ ခြေဆောင့်ရင်း ရှက်လွန်းသဖြင့် မျက်နှာကလေး နီရဲနေသည်။
"နင်အာလေး အမပိုလင်းနဲ့ အစ်ကိုကြီးက တန်းအာလို ချစ်စရာကလေးလေးရဖို့အတွက် ကြိုးစားနေကြတယ်။ မင်းရော မကြိုးစားချင်ဘူးလား"
နင်အာ၏စကားကို ကြားသောအခါ ယဲ့လော့က တစ်ချက်ပြုံး၍ စနောက်လိုက်သော်လည်း သူမက ပိုလင်း၏ညီးညူသံများကို ကြားသောအခါ ရှက်လွန်းသဖြင့် မကြည့်ဝံ့ပေ။
"အစ်ကိုကြီးမှာ မိန်းမတွေ အများကြီးရှိနေပြီ။ ညီမကတော့ သူ့ကို မချစ်တော့ဘူး"
နင်အာက စိတ်ဆိုးမာန်ဆိုး ရေရွတ်လိုက်၏။ သူမက စိတ်ဆိုးနေစဥ်ခဏသာ ပြောခြင်းဖြစ်ကြောင်း နားလည်သော ယဲ့လော့က တခစ်ခစ် ရယ်မောလိုက်သည်။ သို့သော် ယဲ့ချန် ထွက်ခွာသွားမည့်အကြောင်း တွေးမိသောအခါ သူမက ဝမ်းနည်းသွားသည်။ ခွဲခွာခြင်းက ထာဝရ မဖြစ်နိုင်သောကြောင့် လောကဓံ အတက်အကျများစွာကို ကျော်ဖြတ်ခဲ့ပြီးချိန်တွင် သူမက ပို၍စိတ်ဓာတ်ခိုင်မာလာသည်။ သူမသည်လည်း ကျယ်ဝန်းလှသော စကြဝဠာအတွင်း စပ်စုလိုနေသဖြင့် ကောင်းကင်မူလကြယ်က မလုံလောက်တော့ပေ။ လူသားများသည် အသိဉာဏ်မြင့်သော မျိုးနွယ်တစ်ခု ဖြစ်သောကြောင့် ရှင်းဟွမ်များက အားကိုးသကဲ့သို့ တစ်ချိန်တည်းမှာပင် စိုးရိမ်ခြင်း ဖြစ်နိုင်သည်။ ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်ကဲ့သို့ အနည်းစုသာ လူသားများကို ရိုးသားစွာ ဆက်ဆံခြင်းဖြစ်သည်။
ယဲ့ချန်သည် ကြယ်ပေါ်တွင် လဝက် ထပ်မံနေထိုင်ပြီး မိသားစုကို အချိန်ပေးကာ သားဖြစ်သူနှင့် အချိန်တိုင်း ဆော့ကစားပေးခဲ့သည်။ ပြည်ထောင်နှစ်ခုကြားတွင် ကုန်သွယ်ရေး အောင်မြင်သောကြောင့် ကြယ်က အလွန်ချမ်းသာလာပြီး သူက အဆင့်နှစ် မရဏအလင်းမျှော်စင်များ၊ နတ်အစေခံများနှင့် ကောင်းကင်လှေများကို ဝယ်ယူခဲ့သည်။ ယနေ့တွင် ၎င်းက အတိတ်ကနှင့်မတူ လုံးဝကွဲပြားသွားကာ နတ်အစေခံတစ်ထောင်ကျော်နှင့် စစ်ဧကရာဇ်ငါးသောင်းကျော် ပိုင်ဆိုင်လာခဲ့သည်။ အရှေ့ပိုင်းတိုက်ကြီးတွင် ဆိပ်ကမ်းတစ်ခု တည်ဆောက်ထားပြီး ထောင်ချီသော ကောင်းကင်လှေများ ရပ်နားထားကာ ကောင်းကင်တိုက်လှေ ဆယ်စီးကျော်လည်း ရှိနေသည်။ ပတ်ဝန်းကျင်တွင် မရဏအလင်းမျှော်စင်များက အနီရောင် တောက်ပစွာရှိနေပြီး ကြယ်ကို ကာကွယ်ပေးနေသည်။ လှေများစွာက မရပ်မနား ဝင်ထွက်သွားလာနေပြီး ယဲ့မျိုးနွယ်ဝင်များက အလကားမနေလိုသောကြောင့် နတ်အစေခံအစောင့်များ ခေါ်ဆောင်ကာ စကြဝဠာအတွင်း ကုန်သွယ်ရေး လုပ်ခဲ့ကြသည်။ သူတို့က ပတ်ဝန်းကျင်ကြယ်ဒေသများတွင် အဆက်အသွယ်များ တည်ဆောက်ပြီး ကုန်မျိုးစုံကို ရောင်းဝယ်ဖောက်ကားခဲ့ကြသည်။ အဆင့်မြင့်ကြယ်သခင်အချို့က ကောင်းကင်မူလကြယ်ကို ကျူးကျော်သူမှန်သမျှက သူတို့အား စော်ကားခြင်းဖြစ်သည်ဟု လူသိရှင်ကြား ကြေညာလိုက်သည်။ ယဲ့ချန်သည် အဆင့်နိမ့်ကြယ်သခင်များကို သတ်ခဲ့သောကြောင့် ဆက်စပ်သူများက မဟာမိတ်ဖွဲ့ကာ ကောင်းကင်မူလကြယ်ကို တိုက်ခိုက်လိုသော်လည်း ထိုကြေညာချက်ကြောင့် နောက်တွန့်သွားခဲ့သည်။
နောက်ပိုင်းတွင် ကြယ်က ပတ်ဝန်းကျင်နှင့် အဆက်အဆံရှိလာသောကြောင့် ရန်ကြွေးရှိသူများက အခြေအနေကို လာရောက်အကဲခတ်သောအခါ မရဏအလင်းမျှော်စင်များကို တွေ့လိုက်ရသဖြင့် ကြောက်လန့်ကုန်သည်။ အကယ်၍ သူတို့သာ အခြေအနေကို မစုံစမ်းဘဲ လက်စားချေမည်ဆိုလျှင် ရက်ရက်စက်စက် အဆုံးသတ်ခံရမည်ဖြစ်ကာ အပိုင်းပိုင်းအစစ ဖြစ်သွားပေလိမ့်မည်။ ကြယ်သခင်အချို့က ရန်ငြှိုးရှိသော်လည်း လက်ရှိအချိန်၌ မတိုက်ခိုက်ရဲသောကြောင့် သည်းခံနေရုံသာ တတ်နိုင်သည်။ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းရှိ ကြယ်များထံမှ ကောင်းကင်လှေထောင်ချီက နေ့စဥ်နေ့တိုင်း လာရောက်ကာ ဧည့်သည်အများစုသည် ၎င်း၏ကြွယ်ဝမှုကို မြင်သောအခါ အံ့သြမင်သက်ကုန်သည်။ ထို့အပြင် အဆင့်မြင့်ကြယ်သခင်များ၏ ထောက်ပံ့ပေးမှုဖြင့်ဆိုလျှင် ကောင်းကင်မူလကြယ်ကို တိုက်ခိုက်လိုသူများက သေချာပေါက် နောက်တွန့်သွားပေလိမ့်မည်။
သွေးပြည်ထောင်ဘက်တွင် မုကုန်း၊ ကျိရန်ရွယ်နှင့် မိုရန်တို့၏ အားထုတ်မှုကြောင့် အဆင့်သုံး မရဏမျှော်စင်တစ်ခု ဝယ်ယူနိုင်ခဲ့ပြီး ကောင်းကင်မူလကြယ်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းက အဆင့်နှစ်ထက် နှစ်ဆကျော်ပိုမြင့်၍ ပစ်ချက်တစ်ချက်၌ ကြယ်အမြုတေများစွာ ကုန်ခမ်းမည်ဖြစ်သော်လည်း ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်ဖော်နိုင်သည်။ သို့သော် ယဲ့ချန်က ကြယ်ရတနာများစွာ သိမ်းဆည်းထားနိုင်သောကြောင့် ၎င်းကို အကြိမ်ပေါင်းရာချီ ပစ်ခတ်ရန် လုံလောက်သည့်အပြင် ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် အမြတ်အစွန်းများစွာက နေ့စဥ်ပုံမှန် ဝင်ရောက်လာနေသည်။
မူလတွင် ယဲ့ချန်သည် ထာဝရပြည်ထောင်ဘက်တွင် နတ်ဆိုးလှေနှင့် မရဏအလင်းမျှော်စင်များကို ကုန်သွယ်ချင်ခဲ့ပြီး အမြတ်အစွန်းက သာမန်အရောင်းအဝယ်များထက် အဆပေါင်းရာချီမည် ဖြစ်သော်လည်း အလေးအနက်စဥ်းစားပြီးသောအခါ လက်လျှော့လိုက်သည်။ ၎င်းတို့က သွေးပြည်ထောင်အတွက် အထိမခံသော ရတနာများဖြစ်ကာ လုံလောက်အောင်မသန်မာလျှင် ကိုင်တွယ်၍မဖြစ်ချေ။ ကောင်းကင်မူလကြယ်က အလျင်အမြန် တိုးတက်လာနေပြီး အဆင့်သုံးမရဏအလင်းမျှော်စင်ဖြင့်ဆိုလျှင် လုံခြုံရေးအတွက် စိတ်ချနိုင်ပြီဖြစ်သည်။
နောက်ဆုံးတွင် ထွက်ခွာရန်အချိန် ကျရောက်လာသောကြောင့် ယဲ့အိမ်တော်အတွင်းမှ လူတိုင်းက မျက်ရည်ဝဲနေပြီး ယဲ့ချန်ကို နှုတ်ဆက်လိုက်ကြသည်။ သူက နတ်ဆိုးတိုက်လှေကို ထုတ်ယူလိုက်ပြီး ယဲ့အိမ်တော်မှ ပထမဆုံးအကြိမ် ထွက်ခွာခဲ့ဖူးသော ခရီးကိုပင် ပြန်လည်အမှတ်ရနေခဲ့သည်။
"ကောင်စုတ်လေး ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်။ ငါ့မိန်းမတွေကို မခွဲနိုင်ဘူးဆိုပေမယ့် မင်းတစ်ယောက်တည်းသွားရင် အန္တရာယ်များလွန်းတယ်"
ခရမ်းမီးတောက်ခြင်္သေ့ကြီး ရောက်ရှိလာခြင်းဖြစ်သည်။ သူ၏စကားကြောင့် ယဲ့ချန်က ကျေးဇူးတင်သွားပြီး ငိုယိုနှုတ်ဆက်နေကြသော ခြင်္သေ့မများကို ကရုဏာသက်နေခဲ့သည်။ ခြင်္သေ့မအရေအတွက်က ရာချီပြီး အချို့က ကိုယ်ဝန်ဆောင်ထားသောကြောင့် ခြင်္သေ့ကြီး၏စွမ်းဆောင်နိုင်စွမ်းကို သူက ချီးကျူးလိုက်မိသည်။
"ငါ့အိပ်မက်က ခရမ်းမီးတောက် ကြယ်ခြင်္သေ့မျိုးနွယ်ရဲ့ မျိုးစေ့တွေကို စကြဝဠာအနှံ့မှာ ဖြန့်ဝေဖို့ ဖြစ်တယ်"
သို့သော် ကောင်းကင်သို့ လေးနက်တည်ကြည်သော မျက်ဝန်းများဖြင့် မော့ကြည့်နေသည့် ခြင်္သေ့ကြီးထံမှ ထပ်မံထွက်ပေါ်လာသော စကားကြောင့် သူက အောင့်သက်သက်ဖြစ်သွားရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသလားဟုပင် တွေးမိလိုက်သည်။
"ကလေး အပြင်လောကမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"
ယဲ့ကျန့်တန်းက စိုးရိမ်တကြီး မှာကြားနေရင်း ယဲ့ချန်၏ပခုံးကို ဖက်လိုက်သည်။ ယဲ့ချိန်ရွှမ်းနှင့် ကျန်အကြီးအကဲများက ဝမ်းနည်းနေကြသော်လည်း ယဲ့တောင်ကြားပြင်ပသို့ ရောက်သောအခါ သူတို့၏ခေါင်းဆောင်က သာမန်လူမဟုတ်ကြောင်း သိလိုက်ရသည်။ သူက ဤကြယ်ကဲ့သို့ နေရာကျဥ်းကျဥ်းလေး၌ တစ်သက်လုံး ပိတ်မိနေမည့် လူစားမျိုး မဟုတ်ပေ။ အတိတ်တွင် သူတို့၏အမြင်၌ ယဲ့တောင်ကြားက လုံလောက်သော်လည်း လက်ရှိတွင် အမြင်ကျယ်လာခဲ့ပြီး စကြဝဠာနှင့်ယှဥ်လျှင် ကောင်းကင်မူလကြယ်က အစက်အပြောက်သာသာဖြစ်ကြောင်း နားလည်လာကြသည်။
"အဖေ ဘိုးဘိုး မစိုးရိမ်ပါနဲ့။ ကျုပ်က သူများတွေကို ရင်ဆိုင်ဖို့ ခွန်အားရှိနေပါပြီ။ ပြီးတော့ နတ်ဆိုးတိုက်လှေနဲ့ဆိုရင် ကြိုက်သလို ပြန်လာနိုင်ပါတယ်"
ယဲ့ချန်က ယုံကြည်မှုရှိစွာပြုံး၍ နှစ်သိမ့်လိုက်သည်။ သူ၏စကားကြောင့် ယဲ့မျိုးနွယ်ဝင်များက စိတ်အေးသွားကာ ကိုယ်စီပြုံးလိုက်ကြ၏။ ထိုအချိန်တွင် သူက တန်းအာကို ပွေ့ချီလိုက်ပြီး တန်းအာက တခစ်ခစ်ရယ်မောနေကာ ဖခင်ဖြစ်သူကို လက်ဖောင်းဖောင်းလေးများနှင့် ဖက်လိုက်၏။ သူက ငယ်ရွယ်နေသေးသော်လည်း အလွန်ဉာဏ်ကောင်းသဖြင့် ယဲ့ချန်၏မျက်နှာကို မှတ်သားထားနိုင်ပြီဖြစ်သည်။ ယဲ့ချန်က ချစ်စရာကောင်းသော သားဖြစ်သူကို ပွေ့ထားရင်း ဇနီးဖြစ်သူ ထန်တိုက်လင်ကို ကြင်နာစွာ ကြည့်လိုက်သည်။
"မကြာမကြာပြန်လာဖို့ သတိရနော်"
သူမက ချစ်ခင်မြတ်နိုးစွာ ပြုံး၍ မှာကြားလိုက်၏။
"ကောင်းပြီ"
နတ်ဆိုးတိုက်လှေ၏ အရှိန်အရ ယဲ့ချန်က ပြန်လာချင်လျှင် ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း၏ အခြားတစ်ဖက်သို့ ရောက်နေသည့်တိုင်အောင် လဝက်အတွင်း ပြန်လာနိုင်ပေသည်။
"နှုတ်ဆက်ပါတယ် အစ်ကိုကြီး"
မျက်ဝန်းတွင် လွမ်းရိပ်များထင်ဟပ်နေသော ယဲ့လော့က လက်ဝှေ့ယမ်းပြလိုက်သည်။ ပိုလင်းသည်လည်း မျက်ရည်ဝဲနေပြီး လင်ယောက်ျားဖြစ်သူကို နှုတ်ဆက်နေသည်။ နင်အာ ပျောက်ကွယ်နေသဖြင့် ယဲ့ချန်က နှုတ်ဆက်လိုသောကြောင့် ဝိညာဥ်အသိစိတ်ဖြင့် ယဲ့အိမ်တော်တစ်ခွင် ရှာဖွေလိုက်သော်လည်း မတွေ့ခဲ့ပေ။ သူက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့သော်လည်း သူမက ပေါ်မလာသောကြောင့် ယဲ့ချန်ထွက်ခွာသွားမည့် အရေးကို စိတ်ကွက်နေသဖြင့် ပုန်းအောင်းနေခြင်း ဖြစ်နိုင်သည်။
"ဆရာ သွားကြစို့"
ယဲ့ချန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ထွက်ခွာရန် အချိန်ကျလာသဖြင့် ခြင်္သေ့ကြီးကို ဆော်သြောလိုက်သည်။
"ကောင်းပြီ"
ခြင်္သေ့ကြီးကလည်း သူ၏ခြင်္သေ့မများကို လက်ဝှေ့ယမ်းပြကာ လှေပေါ်သို့ ခုန်တက်လိုက်သည်။ ယဲ့ချန်ကလည်း လှေပေါ်သို့ ရောက်လာပြီး ယဲ့မျိုးနွယ်ဝင်များ နှုတ်ဆက်နေစဥ် လေဟာနယ်ခရီးသွားခြင်း အသက်ဝင်လာကာ စကြဝဠာအတွင်း ထွက်ခွာသွားခဲ့သည်။ နတ်ဆိုးတိုက်လှေထက်သို့ ရောက်သောအခါ သူက နေရောင်အောက်မှသူခိုးကျင့်စဥ်ဖြင့် သာမန်လူငယ်တစ်ယောက် အသွင်ပြောင်းကာ ရုပ်ဖျက်လိုက်သည်။
"ကြည့်ရတာ မင်းက ဘာလုပ်ရမလဲဆိုတာ ကြံထားပြီးပြီထင်တယ်။ ငါတို့ ဘယ်သွားကြမှာလဲ"
ခြင်္သေ့ကြီးက စိတ်ဝင်တစား မေးလာခြင်းဖြစ်သည်။
"ကျုပ်က ထိပ်တန်းမဟာမိတ်ကို တစ်ချက်လောက် သွားကြည့်ဖို့ စဥ်းစားနေတယ်"
၎င်းက ဤကြယ်အဖွဲ့အစည်းအတွင်း အစွမ်းအထက်ဆုံးအဖွဲ့ဖြစ်သောကြောင့် သူက စကြဝဠာအကြောင်း နားလည်လိုလျှင် ထိုနေရာမှ စတင်ရပေလိမ့်မည်။ ဤခရီးတွင် သူက သိုလှောင်အိတ်များ၊ မိုးကြိုးလက်စွပ်နှင့် ရှဲ့ချောင်၏လက်စွပ်အတွင်း ကြယ်ရတနာများ၊ တိမ်နက်ချပ်ဝတ်၊ ရွှေခေါင်းလောင်းချပ်ဝတ်နှင့် ရတနာများစွာကို ထည့်သွင်းယူဆောင်လာခဲ့သည်။ ထို့အပြင် အဆင့်တစ်ဆယ် နတ်အစေခံနှစ်ယောက်ကိုလည်း သက်တော်စောင့်အဖြစ် ခေါ်ဆောင်လာခဲ့သည်။
"ဒါက စိတ်ဝင်စားစရာကောင်းပေမယ့် မင်းရဲ့လက်ရှိကျင့်ကြံဆင့်က အားနည်းနေတယ်"
ရှင်းဟွမ်တစ်ယောက် မကူညီလျှင် ကြယ်သခင်အဆင့်တက်ရန် ခက်ခဲသောကြောင့် ခြင်္သေ့ကြီးက မျက်မှောင်ကြုတ်လိုက်သည်။
"ကြယ်သခင်အဆင့်ရောက်ဖို့ ခက်ခဲတယ်ဆိုပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ကျုပ် သိထားသလောက်ဆိုရင် အဆင့်သုံးမျိုးနွယ်တွေသာ ကြယ်သခင်အဆင့်ကိုရောက်ဖို့ ရှင်းဟွမ်ရဲ့အကူအညီကို လိုအပ်တယ်။ ကျုပ်တို့က အဆင့်တစ်မျိုးနွယ်ရဲ့ ရုပ်ခန္ဓာနဲ့ တူညီတဲ့ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်ဆိုတော့ ကျုပ်တို့ကြိုးစားသရွေ့ ကိုယ်ပိုင်ခွန်အားနဲ့ ဖြစ်နိုင်တယ်"
ယဲ့ချန်က လေးလေးနက်နက် စဥ်းစား၍ သုံးသပ်ပြလိုက်လေသည်။