အခန်း (၁၀၂၁)
Vol. 73 Ch. 1021
ချောင်ရီတို့က ကုန်ဆုံးသွားသော အချိန်များကို ဖြည့်ဆည်းရန် ကျင့်ကြံတော့မည့်အချိန်တွင် ဟန်မူယဲ့က လူတစ်ယောက်ကို သွားရှာခဲ့သည်။
ရှုဝေ ဖြစ်သည်။
သူက ထိုက်ချန်ဝိညာဉ်ကမ္ဘာသို့ ရောက်လာသော်လည်း ဟန်မူယဲ့ကို တမင်သက်သက် ရှောင်နေခဲ့သည်။
“ခင်ဗျားက ကျွန်တော်နဲ့ မတွေ့ချင်ဘူးလား”
ဟန်မူယဲ့က စားသောက်ဆိုင်တစ်ခုတွင် ရှုဝေကို တားဆီးပြီး အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။
“မင်းဘဝက ကောင်းမွန်နေတာပဲ။ ငါက အမနှောင့်ယှက်ချင်ဘူးလေ”
ရှုဝေက လက်ကို ဝှေ့ယမ်းလိုက်ပြီး သေရည်ဆက်သောက်နေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ကို လာရှာပြီဆိုတော့ ခိုင်းစရာရှိလို့ပဲ ဖြစ်ရမယ်”
ရှုဝေက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
“ငါက ဘာလုပ်ပေးရမှာလဲ”
ဟန်မူယဲ့က သေရည်အိုးကို ကောက်ယူပြီး ခွက်ထဲတွင် ငှဲ့လိုက်သည်။ ထို့နောက် ပြောသည်။
“ခန့်မှန်းကြည့်လေ”
ရှုဝေက သေရည်ခွက်ကိုကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။
“မင်းက ဝိညာဉ်ကမ္ဘာမှာ အရာအားလုံး စီစဉ်ထားတယ်လို့ နန်းမြို့တော်မှာ ပြောခဲ့တယ်”
“ကြည့်ရတာ မင်းက သင်္ချိုင်းအင်မော်တယ်မြို့တော်ကပဲ ဖြစ်ရမယ်”
သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
“ငါခန့်မှန်းကြည့်မယ်”
“ဝိညာဉ်ကမ္ဘာကို ငါက ထိန်းချုပ်ပေးရမှာလား”
ဟန်မူယဲ့က သေရည်ခွက်ကို တစ်ခါတည်းသောက်လိုက်ပြီး ပြောသည်။
“သွားကြစို့”
ရှုဝေက အပြုံးတစ်ခုနှင့်အတူ ခေါင်းခါလိုက်ပြီး ရေရွတ်သည်။
“ငါပုန်းမနေနိုင်ဘူးဆိုတာ သိနေတယ်”
ဟန်မူယဲ့က သူ့ကို မိုင်သိန်းချီအကွာအထိ ခေါ်သွားပြီး ရှုဝေနေထိုင်သော မြို့ဆီသို့ ရောက်လာသည်။
သူတို့နှစ်ယောက်က ရှုဝေ၏ စံအိမ်ဆီသို့ တိုက်ရိုက် ပျံသန်းလာကြသည်။ သူတို့က လမ်းတစ်လျှောက်တွင် ချပ်ဝတ်နှင့် ကျင့်ကြံသူများကို တွေ့လိုက်ရသည်။ သူတို့က သွေးချီကို ထုတ်လွှတ်နေသောကြောင့် အင်မော်တယ်ကမ္ဘာတွင် တိုက်ခိုက်ဖူးလိမ့်မည်။
ထိုလူများက အင်မော်တယ်ကမ္ဘာ၏ သတ်ဖြတ်ခြင်းဆန္ဒကို သယ်ဆောင်ထားကြသည်။
ထိုသတ်ဖြတ်ခြင်းဆန္ဒကို အစစ်အမှန်တိုက်ပွဲတွင်သာ စုစည်းနိုင်သည်။
“သူက ယွင်လန်ဓားအင်မော်တယ်နဲ့ တူလိုက်တာ”
ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် လူတစ်ယောက်က ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ရေရွတ်သည်။
“ယွင်လန်ဓားအင်မော်တယ်လား။ သူက အလုပ်များတယ်။ ဘာဖြစ်လို့ ဝိညာဉ်ကမ္ဘာကို လာမှာလဲ”
“မြို့က တာဝန်ထုတ်ပေးတာကြောင့် မဟုတ်ရင် ငါတို့က ဒီကို ရောက်လာမှာမဟုတ်ဘူး။ နတ်ဘုရားကမ္ဘာနဲ့ပဲ တိုက်ခိုက်နေလိုက်မယ်”
တခြားလူများကလည်း ခေါင်းခါလိုက်ကြသည်။
ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော ယွင်လန်ဓားအင်မော်တယ်က သေးငယ်သော ဝိညာဉ်ကမ္ဘာတွင် အဘယ်ကြောင့် ရှိနေမည်နည်း။
ဟန်မူယဲ့က အစောင့်အကြပ်ခန်းဆောင်၏ အပြင်ဘက်သို့ ရောက်လာသည်။ စစ်သည်တစ်ယောက် ရှေ့တက်လာသောအခါတွင် သူက လက်မြှောက်ပြီး ရွှေရောင်ဓားတိုတစ်ချောင်းကို ထုတ်ပြသည်။
ထိုစစ်သည်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မျက်လုံးပြူးသွားသည်။
“ယွင်လန်ဓားအင်မော်တယ်”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ရှုဝေကို ခန်းဆောင်ထဲသို့ ခေါ်သွားသည်။
ထိုအချိန်တွင် ရှုဝေက တစ်ခုခုမှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
အင်မော်တယ်ကမ္ဘာ၏ စစ်သည်များက ဟန်မူယဲ့ကို အလွန်လေးစားနေပုံပေါ်သည်။
“မြို့သခင်”
သူက ခန်းဆောင်ထဲသို့ ဝင်သွားသောအခါတွင် အသံတစ်သံကို ကြားရသည်။ အနက်ရောင်ချပ်ဝတ်နှင့် အသက်လေးဆယ်အရွယ် ဓားကျင့်ကြံသူတစ်ယောက်က လျင်မြန်စွာ ရှေ့တက်လာပြီး ဦးညွတ်လိုက်သည်။
“ဂိုဏ်းတူအစ်ကိုယွင်လန်”
တခြားလူများကလည်း လျင်မြန်စွာ ရောက်လာကြသည်။
“ဂိုဏ်းတူအစ်ကိုက တကယ်ပဲ ဒီကမ္ဘာမှာ ရှိနေတယ်”
“မြို့သခင်က ဒီကမ္ဘာကို ဘာဖြစ်လို့ ရောက်နေတာလဲ”
လူတိုင်းက စိတ်လှုပ်ရှားစွာ မေးလိုက်ကြသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။ သူက ရှုဝေကို လှည့်ကြည့်သည်။
“မင်းက ယွင်လန်ဓားအင်မော်တယ်လား။ အင်မော်တယ်ကမ္ဘာကို လွှမ်းမိုးထားတဲ့ ဓားကျင့်ကြံသူလေ”
ရှုဝေက မျက်လုံးပြူးသွားသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ရှုဝေက အံ့အားသင့်နေပြီး လှည့်ထွက်သွားရန် ကြိုးစားလိုက်သည်။
ဟန်မူယဲ့က ရယ်လိုက်ပြီး လက်မြှောက်၍ ရွှေအလင်းလွှာဖြင့် သူ့ကို တားဆီးသည်။
“ခင်ဗျားက မခန့်မှန်းနိုင်ခဲ့ဘူးမဟုတ်လား”
ဟန်မူယဲ့က ရှုဝေကိုကြည့်လိုက်ပြီး ရယ်သည်။
“သင်္ချိုင်းအင်မော်တယ်မြို့မှာ အစီအစဉ်ချပေးမယ့်လူ လိုအပ်နေတယ်။ ခင်ဗျားက အသင့်တော်ဆုံးပဲ”
‘သင်္ချိုင်းအင်မော်တယ်မြို့ကို စီမံပေးရမှာလား’
ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက တိတ်ဆိတ်သွားကြသည်။
ရှုဝေက မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“ငါက မလုပ်နိုင် ....”
“ခင်ဗျား လုပ်နိုင်တယ်လို့ ကျွန်တော်က ပြောရင် လုပ်နိုင်လို့ပဲ”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ကို ခန်းဆောင်၏အတွင်းပိုင်းသို့ ခေါ်သွားသည်။
ခန်းဆောင်၏နောက်တွင် တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတစ်ခု ရှိနေသည်။ သူက ရှုဝေကို ဝင်္ကပါထဲသို့ ပို့လိုက်ပြီး ဓားတိုလေးကို ပစ်လွှတ်သည်။
ဤဝင်္ကပါသည် သင်္ချိုင်းအင်မော်တယ်မြို့နှင့် ချိတ်ဆက်ထားသည်။ ထိုနေရာတွင်ရှိသော ကျောက်ချန်က ကောင်းမွန်စွာ စီမံပေးနိုင်လိမ့်မည်။
ရိုးရိုးသားသား ပြောရလျှင် ကျောက်ချန်က လုံလောက်သောစွမ်းရည် ရှိလျှင် ဟန်မူယဲ့က ရှုဝေကို လိုအပ်မည်မဟုတ်ပေ။
ဇောင်ပိုင်ချွမ်က ယွင်လန်မြို့ကို စီမံပေးနိုင်သော်လည်း သင်္ချိုင်းအင်မော်တယ်မြို့ကို ထိန်းချုပ်မပေးနိုင်ပေ။
ကျောက်ချန်က စီးပွားရေးသမားတစ်ယောက်သာ ဖြစ်သည်။
တစ်ဖက်တွင် ရှုဝေက တခြားလူများနှင့် မတူသော ထူးခြားသည့်ပါရမီကို ပိုင်ဆိုင်ထားသည်။
“ဝီ”
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါမှတစ်ဆင့် ရွှေရောင်အင်းကွက်တစ်ခု ပြန်ရောက်လာသည်။
ကျောက်ချန်ပို့လိုက်သော သတင်း ဖြစ်သည်။
သင်္ချိုင်းအင်မော်တယ်မြို့၏ အရောင်းအဝယ်ကို ဆက်လုပ်နေသည်။
ယွင်လန်မြို့ကလည်း အဆင်ပြေနေသည်။
သို့သော် ဖူယွီအင်မော်တယ်ကမ္ဘာက မတည်ငြိမ်ပေ။
တာအိုဂိုဏ်း၏ ခွဲထွက်လိုသောဆန္ဒက ပိုမိုထင်ရှားလာသည်။
ယခင်က တာအိုဂိုဏ်းသည် နှစ်ပိုင်းကွဲသွားခဲ့သည်။ တစ်ပိုင်းက ဖူယွီအင်မော်တယ်ကမ္ဘာကို ဆက်လက်စောင့်ရှောက်ချင်ပြီး နောက်တစ်ပိုင်းက နတ်ဘုရားကမ္ဘာသို့ သွားချင်သည်။
ယခင်နှစ်များတွင် ဖူယွီအင်မော်တယ်ကမ္ဘာက အားကောင်းလာသောကြောင့် ဖူယွီအင်မော်တယ်ကမ္ဘာကို စောင့်ကြပ်ချင်သော အင်အားစုက အသာစီးရလာခဲ့သည်။
သို့သော် နတ်ဘုရားကလန်၏ လက်အောက်ခံဖြစ်ချင်သော တာအိုတန်ခိုးရှင်များက ပိုမိုပြတ်သားလာကြသည်။
သူတို့၏အမြင်တွင် လက်မလျော့သောစိတ်ထားဖြင့် သစ္စာတရားကို ပြသချင်သည်။
ကျောက်ချန်၏ စကားအရ တာအိုဂိုဏ်းတွင် ရန်ပွဲအများအပြား ဖြစ်ခဲ့သည်။
သူတို့က ပြဿနာရှာချင်နေသည်။
ကံကောင်းစွာဖြင့် ဖူယွီအင်မော်တယ်ကမ္ဘာက သူတို့ကို ဖိနှိပ်ထားနိုင်သည်။
“အစ်ကိုကြီး ဘယ်တော့ပြန်လာမှာလဲ။ ဓားဂိုဏ်းက ခဏခဏ စာပို့နေတယ်”
ထိုအရာသည် ကျောက်ချန်၏ နောက်ဆုံးမေးခွန်း ဖြစ်သည်။
ဟန်မူယဲ့က ချက်ချင်းပြန်မဖြေခဲ့ပေ။
ဖူယွီအင်မော်တယ်ကမ္ဘာ၏ အရေးကိစ္စကို အင်မော်တယ်သခင်များက စိတ်ပူသင့်သည်။
ဖူယွီအင်မော်တယ်ကမ္ဘာတွင် ကျွမ်းကျင်သူများ ရှိနေသည်။
ဟန်မူယဲ့က အာခီမီကံကြမ္မာစံအိမ်သို့ ပြန်ရောက်လာပြီး လွတ်လပ်စွာ နေထိုင်နေခဲ့သည်။
သူက အာခီမီတွင် ကူညီမပေးလျှင် အလည်ရောက်လာသော မိတ်ဆွေများကို ဧည့်ခံနေခဲ့သည်။
သူက အင်မော်တယ်အသွင်ပြောင်းရေကန်သို့ မူဝမ်တို့နှင့်အတူသွားပြီး ချီစွမ်းအင်ကို သန့်စင်ပေးခဲ့သည်။
အင်မော်တယ်အသွင်ပြောင်းရေကန်သည် အင်မော်တယ်စွမ်းအင် ပိုမိုကြွယ်ဝသော နေရာတစ်ခု ဖြစ်သည်။
မြို့တိုင်းတွင် ထိုနေရာမျိုးကို တည်ဆောက်ထားပြီး ချီစွမ်းအင်ကို သန့်စင်၍ အင်မော်တယ်ကျင့်ကြံခြင်းကို ပြောင်းလဲနိုင်သည်။
ချီစွမ်းအင်ပျောက်ကွယ်ပြီး အင်မော်တယ်စွမ်းအင် တည်ရှိနေလျှင် အစစ်အမှန် အင်မော်တယ်ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မည်။
ထိုဖြစ်စဉ်သည် အနည်းဆုံး နှစ်တစ်ထောင်ကြာလိမ့်မည်။
“ဘုန်း ....”
အင်မော်တယ်အသွင်ပြောင်းရေကန်၏ အထက်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ အစိမ်းရောင်တာအိုဝတ်စုံနှင့် ကျင့်ကြံသူများ ထွက်လာကြသည်။
ခေါင်းဆောင်လူအိုကြီးက အပြုံးတစ်ခုနှင့်အတူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လက်မြှောက်၍ ဖိနှိပ်သည်။
အင်မော်တယ်အသွင်ပြောင်းရေကန်တွင် လူတိုင်းက လေဟာနယ်ထဲသို့ ပါသွားတော့မည်ဟု ခံစားနေရသည်။
‘ဆေးလုံးနဲ့ လက်နက်သန့်စင်ဖို့အတွက် ခေါ်သွားခံရတော့မှာလား’
ထိုဖြစ်ရပ်မျိုးသည် မကြာခဏ ဖြစ်တတ်သည်။
သို့သော် ကျင့်ကြံသူများက ရွေးချယ်စရာမရှိပဲ အင်မော်တယ်အသွင်ပြောင်းရေကန်သို့ ရောက်လာရသည်။
အကယ်၍ သူတို့က နှစ်တစ်ထောင်အတွင်း အင်မော်တယ်စွမ်းအင်ကို မပြောင်းလဲနိုင်လျှင် ကောင်းကင်ကပ်ဘေးကြောင့် သေဆုံးရလိမ့်မည်။
“ထွက်သွားစမ်း”
ခပ်အုပ်အုပ်အော်သံနှင့်အတူ အစိမ်းရောင်ဓားရှည်တစ်လက် ပေါ်ထွက်လာသည်။
ဓားအလင်းက ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး ကျင့်ကြံသူများအား ဆွဲယူနေသော စွမ်းအားကို ဖြတ်တောက်သည်။
ဆွဲယူခံလိုက်ရသော ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ဘောက် ပြန်ကျလာကြသည်။ သူတို့က ဓားနှင့်လူကို ကျေးဇူးတင်စွာ ကြည့်လိုက်ကြသည်။
အစိမ်းရောင်ဝတ်စုံနှင့် တည်ငြိမ်နေသော ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
အင်မော်တယ်အသွင်ပြောင်းရေကန်၏ အပြင်ဘက်တွင် ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။
“ကောင်းရှောင်ရွှမ်က မကောင်းမှုကို မုန်းတီးနေတုန်းပဲ”
ဓားဆွဲထုတ်လိုက်သောလူက ကောင်းရှောင်ရွှမ် ဖြစ်သည်။
သူနှင့် ပိုင်ဝူဟန်က အင်မော်တယ်ကမ္ဘာအဖြစ် အသွင်ပြောင်းသွားသောအချိန်တွင် အင်မော်တယ်ရင်းမြစ်ကမ္ဘာသို့ ပြန်လာခဲ့သည်။ သူတို့က ဟန်မူယဲ့နှင့် မကြာခဏ ဆုံတွေ့ခဲ့သည်။
ကောင်းရှောင်ရွှမ်က ဝမ်ချူ၏မှတ်ဉာဏ်များကို နိုးထနိုင်ခဲ့သောကြောင့် လျင်မြန်စွာ တိုးတက်လာသည်။
သို့သော် ဝိညာဉ်ချို့ယွင်းနေသော ပိုင်ဝူဟန်၏ တိုးတက်မှုက နှေးကွေးသည်။
သူတို့နှစ်ယောက်က လွတ်လပ်သောကြောင့် ဟွမ်ခြောက်က မနာလိုဖြစ်နေခဲ့သည်။
သူတို့နှင့် ယှဉ်နိုင်သောလူက ကောင်းချန်ကုန်းနှင့် ရှောင်ယွဲ့လီသာ ဖြစ်လိမ့်မည်။
ကောင်းရှောင်ရွှမ်က ဓားတာအိုတွင် ပါရမီရှိသည်။
ယခုအချိန်တွင် သူက လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ရောက်နေသည်။ သို့သော် ကမ္ဘာငယ်၏စွမ်းအားဖြင့် မပေါင်းစပ်ရသေးပေ။
ပိုင်ဝူဟန်က ကောင်းကင်အင်မော်တယ်အဆင့်တွင် ရှိသည်။ သူမက ကောင်းကင်ကိုဆန့်ကျင်ပြီး အဆင့်မတတ်နိုင်သောကြောင့် အင်မော်တယ်အသွင်ပြောင်းရေကန်ကိုသာ အားကိုးရမည်။
အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ကျင့်ကြံသူများကို ချုပ်နှောင်ထားသောအရာသည် အခွင့်အရေးနှင့် အင်မော်တယ်စွမ်းအင် မဟုတ်ပဲ ပါရမီဖြစ်သည်။
“ဘုန်း”
ဓားအလင်းက လေထုထဲတွင် လှုပ်ရှားနေသည်။ အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တချို့က ဓားအလင်းကြောင့် အသတ်ခံလိုက်ရသည်။ ကျန်ရှိနေသော လူများက ထွက်ပြေးသွားကြသည်။
“အရူး”
“မင်းက သေချင်နေတာလား”
“ဂိုဏ်းတူအစ်ကိုကြီး ကယ်ပါ”
အော်ဟစ်သံများ ပေါ်ထွက်လာသည်။ ကောင်းကင်၏ အက်ကွဲကြောင်းမှတစ်ဆင့် ဧရာမလက်ကြီးတစ်ဖက် ထွက်လာသည်။
ထိုလက်က ကောင်းရှောင်ရွှမ်၏ ဓားအလင်းများကို ဖမ်းဆုပ်ပြီး ဖျက်ဆီးလိုက်သည်။
ထို့နောက် မရပ်တန့်ပဲ ဆက်လက်ကျဆင်းလာသည်။
ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။
“ဘုန်း ....”
အဝေးတစ်နေရာတွင် အစိမ်းရောင်လှံတစ်စင်း ပေါ်ထွက်လာပြီး ဧရာမလက်ကြီးကို ထိုးစိုက်လိုက်သည်။
လက်ပုံရိပ်က တုန်ခါနေပြီး ပျက်စီးမသွားသော်လည်း ရှေ့ဆက်မတိုးနိုင်တော့ပေ။
“ဒီနှစ်မှာ အင်မော်တယ်တက်လှမ်းစင်မြင့်က သင်္ချိုင်းအင်မော်တယ်မြို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ မင်းတို့တာအိုဂိုဏ်းက အရမ်းလွန်နေတာမဟုတ်ဘူးလား”
အနက်ရောင်ချပ်ဝတ်နှင့် သက်လတ်ပိုင်းအရွယ်စစ်သည်တစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။