← Chapters

စစ်ဆေးပွဲကို ​ဖြေဆိုခြင်း

Vol. 1-8 Ch. 30

စစ်ဆေးပွဲကို ​ဖြေဆိုခြင်း

Vol. 1-8 Ch. 30

ဖော်ပြ၍ မရနိုင်သော နာကျင်မှုတစ်မျိုးဖြင့် ပြည့်နှက်နေသည့် စူးရှကျယ်လောင်သော အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်သွား၏။ ဝမ်ပေါင်လဲ့မှာ ဒေါသတကြီးဖြင့် အရိုးအဆစ်များကို အားသုံးကာ လိမ်ချိုးလိုက်ခြင်း ဖြစ်သည်။ သူသည် အားအကုန် မထုတ်ခဲ့သောကြောင့် ထို စစ်ဆေးရေးမှူး၏ လက်ကောက်ဝတ်မှာ ကျိုးမသွားပါသော်လည်း လက်ကောက်ဝတ်အဆစ် အလိမ်ခံလိုက်ရသည့် ကြီးမားသော နာကျင်မှုဝေဒနာကြီးကြောင့် ထိုလူငယ်လေးမှာ သတိမေ့မြောလုမတတ် ဖြစ်သွားရတော့သည်။

" အတင့်ရဲလှပါလား "

" ဝမ်ပေါင်လဲ့ … မင်းက ကျောင်းစည်းကမ်းထဲက နံပါတ်နှစ်အချက်နဲ့ နံပါတ်လေးအချက်ကို ချိုးဖောက်လိုက်တာပဲ။ မင်းက အဖမ်းအဆီး မခံတဲ့အပြင် အကြမ်းဖက်လိုက်တာပဲကွ "

" သူ့ကို ဖမ်းလိုက်စမ်း "

အနက်ရောင်ဝတ် အခြားစစ်ဆေးရေးမှူးများမှာ အထိတ်တလန့်ဖြစ်သွားကြပြီး ဒေါသအမျက်ချောင်းချောင်း ထွက်သွားကြတော့သည်။ သူတို့ကိုယ်သူတို့ ဥပဒေ၏ အထက်တွင်ရှိသည်ဟု မှတ်ယူထားကြသည်ဖြစ်ပြီး ယခုကဲ့သို့သော အခြေအနေမျိုးနှင့် တစ်ခါမှ မကြုံတွေ့ဖူးပေ။ ထို့ကြောင့် သူတို့သည် ချက်ချင်းပင် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်ကြပြီး အော်ဟစ်ကာ ဝမ်ပေါင်လဲ့ထံ ပြေးဝင်လာကြတော့သည်။

ထိုအခြင်းအရာမှာ အနီးအနားရှိ လူအားလုံး၏ အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့မှာ မျက်လုံးများပြူးသွားကြပြီး ပင့်သက်များ ရှိုက်သွားကြတော့သည်။

" ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ... စစ်ဆေးရေးမှူးတွေကိုတောင် အကြမ်းဖက်ရဲတာပဲ "

" မင်းမေဘ … ဒီလိုမျိုး တစ်ခုမှ မဖြစ်ဖူးဘူး။ ပွဲအကြီးကြီး ဖြစ်တော့မယ်ဟေ့ "

လူတိုင်း ထိုကဲ့သို့ အံ့ဩတုန်လှုပ်နေကြစဉ် စည်းကမ်းထိန်းသိမ်းရေးအဆောင်မှ စစ်ဆေးရေးမှူးများမှာ ဝမ်ပေါင်လဲ့ဆီသို့ ဒေါသတကြီး ပြေးဝင်လာနေပြီ ဖြစ်သည်။ သူတို့အားလုံး၏ ကျင့်ကြံခြင်းအဆင့်မှာ မတူညီကြပေ။ အားအနည်းဆုံးတစ်ယောက်မှာ သွေးချီအဆင့်တွင် ရှိနေသည်ဖြစ်ပြီး အစွမ်းထက်ဆုံးမှာ ခန္ဓာအချုပ်အနှောင်အဆင့်တွင် ရှိနေ၏။

ဝိညာဉ်ကျောက်တုံးခန်းမမှ ကျောင်းသားခေါင်းဆောင် ယုံကြည်အားကိုးရသော နောက်လိုက်များ ဖြစ်လာရန်အတွက် ဓမ္မလက်နက်ဌာနမှ ကျောင်းသားများ ဖြစ်နေလျှင်တောင် သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာ အလွန်အမင်း အားနည်းနေ၍ မဖြစ်ပေ။ သူတို့က လူအရေအတွက် အသာစီးရနေသည့်အပြင် သူတို့ကိုယ်သူတို့ ကျောက်စည်းကမ်းများကို ထိန်းသိမ်းနေခြင်းဖြစ်သည်ဟု ယုံကြည်မှတ်ယူထားကြသောကြောင့် အရှိန်အဝါများ ထုတ်လွှတ်လျက် ဝမ်ပေါင်လဲ့ထံ ပြေးလာသည်။

" မင်းတို့တွေ တိုက်ခိုက်တော့ စည်းကမ်းထိန်းသိမ်းတာတဲ့။ မှန်တယ်၊ မှားတယ်ဆိုတာကို မင်းတို့ပါးစပ်နဲ့ ဆုံးဖြတ်နေတာပဲ။ ငါက ရှောင်ရုံလေး ရှောင်လိုက်တာကို အဖမ်းမခံဘူးဆိုပြီး အမှုတပ်လိုက်တဲ့အပြင် လက်ကောက်ဝတ်လေးတစ်ခုကို တားလိုက်တာတောင် နောက်ထပ် အမှုတစ်ခုက တိုးလာရသေးတယ်။ တော်တော်ကို အထင်ကြီးဖို့ကောင်းတဲ့ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်ပဲကွ။ ဒီပုံစံကိုကြည့်ရင် ကျောင်းသားခေါင်းဆောင်က မင်းတို့တွေကို ထိန်းသိမ်းကြပ်မတ်မှု မရှိတဲ့အပြင် မင်းတို့ရဲ့ လုပ်ရပ်တွေကိုပါ မျက်နှာလွှဲ ခဲပစ်လုပ်ပေးထားတယ်ဆိုတာ သိသာပေါ်လွင်နေတယ် "

ဝမ်ပေါင်လဲ့မှာလည်း ဒေါသထွက်နေရပြီ ဖြစ်သည်။ သူ့ထံ သူတို့ ရောက်ရှိလာသည်မှာ လုံးဝပုံမှန် မဟုတ်ပေ။ သူသည် အကြောင်းအရင်းကို သေသေချာချာ မသိပါသော်လည်း တမင်တကာ လုပ်နေခြင်းဖြစ်ကြောင်း ရိပ်မိလိုက်သည်။

" မင်းက ငါတို့အလုပ်တွေထဲမှာ ဝင်ရှုပ်ရဲတယ်ပေါ့။ မင်းမှာ ဘာ လုပ်ပိုင်ခွင့်မှ မရှိဘူးကွ "

" မင်းက လျာစောင်းထက်တဲ့ကောင်ပဲကွ။ စည်းကမ်းထိန်းသိမ်းရေးဆောင်ထဲကိုရောက်ရင် အဲဒီလိုမျိုး ဆက်ပြီး နေနိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့ "

အနက်ရောင်ဝတ် စစ်ဆေးရေးမှူးများမှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ ယမ်းပုံနီးကျ ဒေါသထွက်သွား၏။ သူတို့၏မျက်လုံးများထဲတွင် ဝမ်ပေါင်လဲ့အား ဖမ်းဆီးရန်မှာ ကျောင်းသားခေါင်းဆောင်က သူတို့အား ပေးအပ်ခဲ့သည့် တာဝန်တစ်ခု မဟုတ်တော့ဘဲ ဝမ်ပေါင်လဲ့အား စည်းကမ်းထိန်းသိမ်းရေးဆောင်က မည်မျှကြောက်မက်ဖွယ်ရာကောင်းကြောင်း သိသွားအောင် သင်ခန်းစာပေးချင်နေကြတော့သည်။

အနက်ရောင်ဝတ်ရုံများနှင့် စစ်ဆေးရေးမှူးများမှာ အော်ဟစ်၍ သူ၏အနားသို့ ချဉ်းကပ်လာကြသည်။

အကယ်၍ တခြားအချိန်မှာသာ ယခုလိုဖြစ်နေမည်ဆိုပါက ဝမ်ပေါင်လဲ့က အခြားနည်းလမ်းများဖြင့် ဤအ‌ခြေအနေကို ကိုင်တွယ်ဖြေရှင်းလိုက်မည်ဖြစ်သော်လည်း ယခုတွင်မူ သူသည် ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လုနီးနီးအခြေအနေသို့ ရောက်နေပြီဖြစ်သည်။ စာမေးပွဲတစ်ပွဲ ဖြေလိုက်ရုံနှင့် သူတို့၏ အကြီးအကဲအဖြစ်သို့ ချက်ချင်း‌ ရောက်သွားတော့မည် ဖြစ်သည်။

ထို့ကြောင့် သူတို့၏လုပ်ရပ်များကို သူ သည်းမခံနိုင်လောက်အောင် ဖြစ်သွား၏။ ထိုအနက်ရောင်ဝတ်ရုံများနှင့် စစ်ဆေး‌ရေးမှူးများ ချဉ်းကပ်လာသောအခါ သူသည် အေးစက်စက်သာ နှာမှုတ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်၏။

" မင်းတို့ရဲ့ ကျောင်းသားခေါင်းဆောင်က မင်းတို့ကို စည်းကမ်းကြပ်မတ်မှု မရှိမှတော့ ငါက လုပ်ပေးရတာပေါ့ကွာ "

ဝမ်ပေါင်လဲ့က ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏အမြန်နှုန်းက ရုတ်တရက် လက်ဖျားခါရလောက်အောင် မြင့်တက်သွား၏။ သူသည် ညာလက်ကိုမြှောက်လိုက်ပြီး လူတစ်ယောက်၏ လက်ချောင်းကို ဖမ်းဆုပ်ကာ ၎င်းအား အညှာအတာကင်းမဲ့စွာ လှန်ချိုးလိုက်တော့သည်။ ထိုအခါ အရိုးကျိုးသံ ပေါ်ထွက်လာပါသော်လည်း စူးရှကျယ်လောင်သော အော်သံတစ်သံက ၎င်းအား ဖုံးလွှမ်းသွား၏။ ထို့နောက် သူက ညာခြေထောက်ကိုမြှောက်၍ ထိုလူအား ကန်ထုတ်လိုက်ပြီး ခန္ဓာကိုယ်အား လှည့်ကာ တခြားလူတစ်ယောက်၏ လက်ကောက်ဝတ်အား လှမ်း၍ ဖမ်းဆုပ်ကာ ထိုလက်ကောက်ဝတ်အဆစ်အား လိမ်ချိုးလိုက်၏။

ထိုအခါ ထိုနေရာတစ်ခုလုံး စူးရှကျယ်လောင်သော အော်ဟစ်သံများဖြင့် ပဲ့တင်ထပ်နေရတော့သည်။ ဝမ်ပေါင်လဲ့ကမူ လှစ်ခနဲ လှုပ်ရှားလိုက်ပြီး လူသုံးယောက်၏ ပူးပေါင်းတိုက်ကွက်များကို ရှောင်တိမ်းလိုက်သည်။ သူက လက်သီးကို ဆုပ်လိုက်သောအခါ ခန္ဓာအချုပ်အနှောင်အဆင့် စွမ်းအားများ ပေါ်ထွက်လာ၏။ သူသည် လက်သီးဖြင့် ထိုးနှက်လိုက်ပြီးနောက် ခန္ဓာကိုယ်အား အသာအယာ ယိမ်းနွဲ့ကာ အခြားလူတစ်ယောက်၏ ပေါင်ကြားကို ကန်ကျောက်လိုက်တော့သည်။

သူ၏ ခန္ဓာကိုယ်မှာ ရပ်တန့်သွားခြင်း မရှိဘဲ ရှေ့သို့ဆက်၍ လျှောက်လှမ်းလာပြီး ရစ်ပတ်ခြင်းပညာရပ်အား စတင်အသုံးပြုလိုက်သည်။ ထိုအခါ ဘေးတွင်ရှိနေသည့် အနက်ရောင်ဝတ်ရုံနှင့် စစ်ဆေးရေးမှူးအားလုံး ဟန်ချက်ပျက်သွားကြသောကြောင့် အော်ဟစ်မြည်တမ်းလိုက်ကြတော့သည်။

ထိုအဖြစ်အပျက်အားလုံးမှာ လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ လူရိပ်မှာ စီးဆင်းနေသောရေကဲ့သို့ ဖြစ်နေပြီး အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် စစ်ဆေးရေးမှူး ဆယ်ယောက်ကျော်အား ကျော်ဖြတ်သွားလိုက်သည်။ ထို့နောက် နေရာအနှံ့ သနားစဖွယ်ကောင်းသော ငိုကြွေးသံများနှင့် စူးရှကျယ်လောင်သော အော်ဟစ်သံများဖြင့် ပြည့်နှက်သွား၏။

တခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ ရပ်တန့်သွားပြီး ပတ်ပတ်လည်မှ အနက်ရောင်ဝတ်ရုံနှင့် စစ်ဆေးရေးမှူးအားလုံး မြေကြီးပေါ်သို့ လဲကျနေကြသည်။ သူတို့ တစ်ယောက်ချင်းစီတိုင်း လက်ကောက်ဝတ်များ၊ လက်ချောင်းများ သို့မဟုတ် ပေါင်ကြားများကို ဆုပ်ကိုင်ထားကြပြီး အော်ဟစ်မြည်တမ်းနေကြသည်။

သူတို့၏ ခန္ဓာကိုယ်များမှာ ချွေးများရွှဲနစ်နေပြီး ရန်လိုသောကြည့်များဖြင့် ဝမ်ပေါင်လဲ့အား ဒေါသတကြီး စိုက်ကြည့်နေကြတော့သည်။

" ဝမ်ပေါင်လဲ့ … မင်း သေချာပေါက် ကျောင်းထုတ်ခံရတော့မှာကွ "

" ဝမ်ပေါင်လဲ့ … ငါ ဒီကိစ္စကို ကျောင်းသားခေါင်းဆောင်ဆီ သတင်းပို့ပြီးသွားပြီ။ မင်း ပြစ်မှုအကြီးကြီးတစ်ခုကို ကျူးလွန်လိုက်တာပဲကွ "

သူတို့အဖွဲ့က ဒေါသတကြီး အော်ဟစ်နေကြ၏။ ထိုစဉ် ဓမ္မလက်နက်ဌာန တောင်ထိပ်ရှိ ဝိညာဉ်ချီများ ပေါကြွယ်သော အရပ်တွင် ဝမ်ပေါင်လဲ့၏ နေအိမ်ထက်ပင် ပို၍ကြီးကျယ်ခမ်းနားသော နတ်ဝိဇ္ဇာဂူတစ်လုံး ရှိနေ၏။ ထို နတ်ဝိဇ္ဇာဂူထဲတွင် ခရမ်းရောင် ကျောင်းသားခေါင်းဆောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် လူငယ်လေးတစ်ယောက် ရှိနေ၏။ သူ၏ရုပ်ရည်မှာ သာမန်ပင်ဖြစ်ပြီး မျက်နှာပေါ်တွင် မှဲ့ခြောက်အနည်းငယ် ပေါက်နေ၏။ သူက ဝိညာဉ်ကျောက်တုံးတစ်တုံးကို ကိုင်ထားပြီး ၎င်းအပေါ် စာလုံးများရေးထိုးရာမှာ အာရုံအပြည့်စိုက်ထား၏။

သူသည် အာရုံလွှဲရန် မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်နေဟန်တူ၏။ ထိုအခိုက် သူ၏ အသံလွှင့်လက်စွပ်မှာ တုန်ရီသွားသည်။ ထို့ကြောင့် ထိုလူငယ်လေးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး သူ၏လက်မှာ တုန်ရီသွားရသောကြောင့် သူ ရေးထိုးနေခဲ့သည့် စာလုံး မှားယွင်းသွားရတော့သည်။ ထို့နောက် ဒုန်းခနဲ မြည်သွားပြီး

ထိုဝိညာဉ်ကျောက်တုံးမှာ တစ်စစီကွဲအက်ကာ ဖုန်မှုန့်အသွင် ပြောင်းလဲသွား၏။

" တောက်ကွာ "

လူငယ်လေးမှာ မကျေနပ်ချက်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ခေါင်းမော့လာ၏။ သူသည် ဝိညာဉ်ကျောက်တုံးဌာန၏ ကျောင်းသားခေါင်းဆောင်ဖြစ်သူ ကျန်းလင်ပင် ဖြစ်သည်။ သူ၏ အသံလွှင့်လက်စွပ်မှာ စည်းကမ်းထိန်းသိမ်းရေးအဆောင်အတွက် အထူးပြုလုပ်ပေးထားခြင်း ဖြစ်သည်။ သူ၏လက်အောက်မှ စစ်ဆေးရေးမှူးများမှာ သူ၏ အမူအကျင့်များကို သိထားကြသည်ဖြစ်ရာ သာမန်ဆိုလျှင် အများစုက တံခါးအပြင်ဘက်တွင်သာ ရပ်၍ သူ့အား သတင်းပို့လေ့ ရှိကြသည်။ သူ့အား အသံလွှင့်၍ သတင်းပေးပို့သူများမှာ မရှိသလောက် နည်းသည်။

ယခုတွင်မူ တစ်ခါတစ်ရံမှသာ လာလေ့ရှိသော အသံလွှင့် သတင်းစကားတစ်ခွန်းကြောင့် သူ၏ စာလုံးရေးထိုးခြင်း ပျက်ပြားသွားရပြီဖြစ်သည်။ ထို့ကြောင့် ကျန်းလင်မှာ မျက်နှာစူပုပ်သွားပြီး အသံလွှင့်လက်စွပ်ကို ထုတ်ယူကာ ကျိန်ဆဲရန်ပြင်လိုက်သည့် အချိန်တွင် ထိုလက်စွပ်ထဲမှ ပေါ်ထွက်လာနေသည့် ဝမ်းနည်းပူဆွေးစရာကောင်းသော အသံကြီးတစ်သံကို ကြားလိုက်ရသည်။ ထိုအခါ သူ၏ မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်လာတော့သည်။

" ဝမ်ပေါင်လဲ့ ဟုတ်လား။ သူက အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက် ဖြစ်နေတော့ရော ဘာလုပ်ရမှာလဲ "

သူသည် အေးစက်စက်သာ နှာမှုတ်လိုက်ပြီး နတ်ဝိဇ္ဇာဂူအပြင်ဘက်သို့ ချက်ချင်းပင် ထွက်သွားလိုက်သည်။ သူသည် စည်းကမ်းထိန်းသိမ်းရေးအဆောင်အား စိန်ခေါ်ရဲသည့် လူများကို လျင်မြန်သွက်လက်စွာ သုတ်သင်ရှင်းလင်းလေ့ ရှိသည်သာ ဖြစ်သည်။

ထိုစဉ် ဝိညာဉ်ကျောက်တုံးခန်းမဆီသို့ သွားသည့် လမ်းကျဉ်းလေးပေါ်ရှိ ဖြစ်ရပ်ကြီးကို အာရုံစိုက်နေကြသည့် လူအုပ်ကြီးမှာ အံ့ဩတုန်လှုပ်နေကြပြီး ပါးစပ်များအဟောင်းသား ဖြစ်နေကြတော့သည်။ ဝမ်ပေါင်လဲ့တစ်ယောက် ပြန်လည် တိုက်ခိုက်ခဲ့သည့်အချက်ကြောင့် သူတို့ အံ့သြမှင်တက်နေရ၏။ လူတချို့ဆိုလျှင် သူ၏ တိုက်ကွက်များမှာ လတ်တလောတွင် တာအိုကျောင်းထဲ၌ ခေတ်စားနေခဲ့သည့် ရစ်ပတ်ခြင်းပညာရပ်တစ်ခုဖြစ်ကြောင်း ချက်ချင်းပင် သတိထားမိလိုက်ကြသည်။

ထိုပညာရပ်မှာ ခေတ်စားနေသောကြောင့် မည်သူကမှ သေသေချာချာ မတွေးတောနိုင်ကြတော့ပေ။ ထို့အပြင် သူတို့က ဝမ်ပေါင်လဲ့တစ်ယောက် စည်းကမ်းထိန်းသိမ်းရေးအဆောင်အား ရက်ရက်စက်စက် အကြမ်းဖက်နေသည်ကိုကြည့်၍ တုန်လှုပ်ခြောက်ခြားနေကြဆဲပင်။ သူတို့ စိတ်ထဲမှာေတာ့ ကျေနပ်နေကြ၏။ သူတို့ထဲမှ အများစုမှာ စည်းကမ်းထိန်းသိမ်းရေးဆောင်ကို ရွံရှာမုန်းတီးနေကြပါသော်လည်း ပြန်၍ လက်စားချေခံရမည် စိုးသောကြောင့် ဝမ်ပေါင်လဲ့အား အားမပေးရဲကြဘဲ တအံ့တဩ အော်ဟစ်နေကြတော့သည်။

" ဆိုးတယ်ဟ … ဒီကောင်က စည်းကမ်းထိန်းသိမ်းရေးဆောင်က လူတွေကို တကယ်ကြီး ဆော်ပလော်တီးတာပဲ "

" စည်းကမ်းထိန်းသိမ်းရေးဆောင်ကို အကြမ်းဖက် ရင်ဆိုင်ရမယ့် အကျိုးဆက်တွေက တော်တော် ကြီးတယ်နော်။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ရူးများရူးနေတာလား "

လူအုပ်ကြီးမှာ ထိုကဲ့သို့ ဆွေးနွေးငြင်းခုန်နေကြပြီး အနက်ရောင်ဝတ်ရုံနှင့် စစ်ဆေးရေးမှူး ဆယ်ယောက်ကျော်က ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် စိုက်ကြည့်နေကြစဉ် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကျောက်တုံးခန်းမဆီသို့ လျှောက်လှမ်းသွား၏။ အခြားလူများအတွက်မူ စည်းကမ်းထိန်းသိမ်းရေးဆောင်ကို သူ အကြမ်းဖက်ခဲ့သည့် လုပ်ရပ်မှာ ကြီးကြီးမားမား ကိစ္စကြီးတစ်ခု ဖြစ်ပါသော်လည်း သူ့အတွက်မူ ထိုကိစ္စကို ဖြေရှင်းနိုင်ရန်အတွက် အလွန် ရိုးရှင်းသော အဖြေတစ်ခု ရှိနေသည်။

ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်သွားလျှင် ထိုကိစ္စကို ဖြေရှင်းနိုင်ရန် လုံလောက်ပြီ မဟုတ်ပါလား။

ဝမ်ပေါင်လဲ့က ထိုသို့တွေးလိုက်ပြီး မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် သူသည် ခြေသွက်သွက် လှမ်းလိုက်ပြီး ဝိညာဉ်ကျောက်တုံးခန်းမဆီသို့ ရောက်ရှိသွားတော့သည်။

လက်ရှိတွင် မည်သည့်အတန်းမှ ရှိမနေပေ။ စာသင်ခန်းမ၏ အပြင်ဘက်တွင် ကျောင်းသားများ ရှိနေကြပါသော်လည်း များများစားစားတော့ မဟုတ်ပေ။ ဝမ်ပေါင်လဲ့ ရောက်ရှိလာသည်ကို သူတို့ သတိထားမိလိုက်ကြပါသော်လည်း အပြင်ဘက်မှ သတင်းများကို မသိကြသေးပေ။ သူတို့ ထိုအကြမ်းဖက်မှုအကြောင်း သိသွားသောအချိန်တွင်မူ ဝမ်ပေါင်လဲ့မှာ စာသင်ခန်းမထဲသို့ ဝင်ရောက်ကာ သူတို့ရှေ့မှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့က မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းတစ်စုံဖြင့် စင်မြင့်ကြီး၏ဘေးတွင်ရှိသော အပြာရောင် ဧရာမ ကျောက်သားနံရံကြီးရှေ့၌ ရပ်နေ၏။ သူသည် ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ယူကာ ထိုကျောက်သားနံရံကြီးပေါ်သို့ ချက်ချင်းပင် ဖိချလိုက်ပြီး တည်ကြည်စွာဆိုလိုက်၏။

" ကျောင်းသားဝမ်ပေါင်လဲ့ … ဝိညာဉ်ကျောက်တုံးစာမေးပွဲ အတွက် စာရင်းပေးသွင်းပါတယ် "

ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလိုပင် အပြာရောင် ကျောက်တိုင်ကြီးဆီမှ အလင်းတန်းတစ်တန်း ပေါ်ထွက်လာပြီး ဝမ်ပေါင်လဲ့၏ ကျောက်စိမ်းတံဆိပ်ပြားထဲတွင် အလျင်အမြန် စုစည်းသွား၏။ ထို့နောက် ထိုကျောက်သားနံရံကြီးမှာ ဣန္ဒြေအပြည့်ရှိသော အသံတစ်သံဖြင့် ဆိုလိုက်၏။

" ခွင့်ပြုတယ် "

ထိုအခါ ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှုလိုက်ပြီး တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ထို့နောက် သူသည် ကျောက်တုံးလွတ် တစ်တုံးကို ထုတ်ယူကာ လက်ထဲတွင်ကိုင်၍ ဝိညာဉ်ကျောက်တုံးအား ချက်ချင်း သန့်စင်လိုက်၏။ ထို့ကြောင့် ဝိညာဉ်ချီများမှာ ချက်ချင်းပင် သူ့ထံသို့ အရှိန်အဟုန်အပြည့် စီးဆင်းလာကြသဖြင့် ဝမ်ပေါင်လဲ့၏ မျက်လုံးများ ဝင်းလက်တောက်ပသွား၏။ သူ၏ လက်ထဲမှ ကျောက်တုံးအလွတ်မှာ ချက်ချင်းပင် တောက်ပလာပြီး မျက်စိတစ်မှိတ်အတွင်း သန့်စင်မှု ခြောက်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားတော့သည်။ ထို့အပြင် ၎င်းမှာ အဆက်မပြတ် ပို၍ သန့်စင်လာနေဆဲပင်။

ထိုစဉ် မှဲ့ခြောက်များပေါက်နေသည့် လူငယ်လေးတစ်ယောက်ဖြစ်သော ဝိညာဉ်ကျောက်တုံးခန်းမ၏ ကျောင်းသားခေါင်းဆောင် ကျန်းလင်မှာ ဝမ်ပေါင်လဲ့ အကြမ်းဖက်ခဲ့သည့်နေရာသို့ အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားကြသည့် စစ်ဆေးရေးမှူး ဒါဇင်ပေါင်းများစွာကို ဦးဆောင်၍ ခေါ်လာ၏။ သူ ရောက်ရှိလာမှုကြောင့် ဘေးပတ်ပတ်လည်မှ လူအုပ်ကြီး တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။ ထိုးနှက်ခံထားရသည့် အနက်ရောင်ဝတ်ရုံနှင့် စစ်ဆေးရေးမှူးများမှာမူ စိတ်လှုပ်ရှားသွားကြသည်။

" ကျောင်းသားခေါင်းဆောင်။ အဲဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ဝိညာဉ်ကျောက်တုံးခန်းမဘက်ကို ထွက်သွားတာ။ သူက တော်တော်ကို တရားလွန်သွားပြီ "

" ဝမ်ပေါင်လဲ့က ကျောင်းစည်းကမ်းထဲက ဒုတိယမြောက်၊ တတိယမြောက်၊ စတုတ္ထမြောက်နဲ့ သတ္တမမြောက် စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာ။ ကျောင်းသားခေါင်းဆောင်ခင်ဗျား။ ကျေးဇူးပြုပြီး ကျနော်တို့အတွက် တရားမျှတမှု ပြန်ရအောင် လုပ်ပေးပါ "

ကျန်းလင်မှာ သူ၏ လက်အောက်ငယ်သားများ ထိုကဲ့သို့ စိတ်မချမ်းသာဖွယ်ရာ အခြေအနေသို့ ရောက်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများထဲမှ ဒေါသမီးတောက်များ ပို၍ အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းလာ၏။ သူသည် စကားတစ်ခွန်းမှ ပြောမနေဘဲ တည်တည်ငြိမ်ငြိမ်သာ မှတ်ချက်ပေးလိုက်၏။

" ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်ပြီးတော့ ဆင်ခြင်တုံတရားမရှိတဲ့ ကျောင်းသားက ကောင်းကင်တာအိုကျောင်းထဲမှာ ကျောင်းသားတစ်ယောက်အနေနဲ့ ဆက်ပြီးတော့ ရှိမနေသင့်ဘူး "

သူသည် ထိုသို့ဆိုလိုက်ပြီး အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် စစ်ဆေးရေးမှူး ဒါဇင်ပေါင်းများစွာကိုခေါ်၍ ဝိညာဉ်ကျောက်တုံခန်းမဆီသို့ လျှောက်လှမ်းသွားလိုက်၏။ သူတို့က ဒေါသတကြီးဖြင့် သူတို့မိတ်ဆွေများကို ဆွဲထူလိုက်ကြပြီး ဒေါသတကြီး ခြေဆောင့်ကာ ဝိညာဉ်ကျောက်တုံးခန်းမဆီသို့ ဦးတည်သွားကြ၏။

ထို့ကြောင့် လူအုပ်ကြီးမှာ အထိတ်တလန့် ဖြစ်သွားကြပြီး သူတို့နောက်မှ ကပ်၍ လိုက်သွားကြသည်။ ထိုသတင်းမှာလည်း အလျင်အမြန် ပျံ့နှံ့သွား၏။

ထိုစဥ် ဝမ်ပေါင်လဲ့၏ အကြမ်းဖက်မှု သတင်းမှာ ချက်ချင်းပင် ပျံ့နှံ့သွားတော့သည်။ ထိုသတင်းများမှာ ဝိညာဉ်ကွန်ရက်ပေါ်တွင်လည်း လျင်မြန်စွာ ပျံ့နှံ့သွား၏။ ထိုသတင်းများကို အခြားဌာနမှ လူများကပါ စိတ်ဝင်စားသွားကြရုံသာမက ထိုအကြောင်းနှင့် ပတ်သက်သည့် ဆွေးနွေးငြင်းခုံမှုများနှင့် အုတ်အော်သောင်းနင်း ဖြစ်နေကြသည့် လူအရေအတွက် တစ်စတစ်စ ပို၍ ကြီးထွားလာနေပြီ ဖြစ်သည်။

ထိုကိစ္စကြောင့် တိုက်ရိုက်ထုတ်လွှင့်ခြင်း ဝါသနာအိုးတစ်ယောက်ဖြစ်သော တာအိုလေး၏မျက်လုံးများ ဝင်းလက်တောက်ပသွား၏။ သူသည် သူ၏ ထောင်ချောက်ဌာနမှနေ၍ ဓမ္မလက်နက်ဌာနဆီသို့ တန်းတန်းမတ်မတ်ပင် ပြေးသွားလိုက်တော့သည်။

တာအိုလေးမှာ အလွန် စိတ်လှုပ်ရှားနေ၏။ သူသည် ဓမ္မလက်နက်တောင်ထိပ်ဆီသို့ ပြေးနေရင်း မှတ်တမ်းတင်ကိရိယာကိုကိုင်၍ အော်ဟစ်နေတော့သည်။

" ကိုယ့်လူတို့အားလုံး ဝမ်ပေါင်လဲ့နဲ့ စည်းကမ်းထိန်းသိမ်းရေးဆောင်ကြားက အခြေအနေကို ကြားထားပြီးသား ဖြစ်မှာပေါ့။ တစ်ယောက်ယောက်ကသာ ဒုန်းပျံတစ်စင်း လက်ဆောင်ပေးမယ်ဆိုရင် ကျနော် အရဲစွန့်ပြီးတော့ ဝမ်ပေါင်လဲ့ကို နောက်ထပ်တစ်ကြိမ် ချဉ်းကပ်ပေးပါ့မယ်။ ဒီတိုက်ရိုက်ထုတ်လွှင့်မှုအတွက် ကျနော့်အသက်ကိုပါ စွန့်ပေးပါ့မယ် "

ဝမ်ပေါင်လဲ့၏ တည်နေရာကိုလည်း လူအများက သိသွားကြသည်။ ထိုခန်းမထဲသို့ပင် ဝင်၍ သူတို့ မြင်နေရသည့်မြင်ကွင်းများကို ထုတ်လွှတ်နေကြသော လူများလည်း ရှိနေ၏။ ဝမ်ပေါင်လဲ့တစ်ယောက် ဝိညာဉ်ကျောက်တုံးသန့်စင်မှုစာမေးပွဲဖြေဆိုနေသည်ဆိုသော သတင်းကြောင့် လေမုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွား၏။

" တကယ်ကြီးလား။ ဝမ်ပေါင်လဲ့က အကြမ်းဖက်ပြီးတော့ စာမေးပွဲဖြေဖို့ ထွက်သွားခဲ့တာလား "

" သူက ဘာတွေများ တွေးနေတာတုန်း။ မဟုတ်မှလွဲရော ... သူ ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်လို့ ထင်နေတာလား။ ဟားဟား … ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "

" မဖြစ်နိုင်တာ ... ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာအောင် လုပ်နေတယ်တဲ့လား "

ကောင်းကင်တာအိုကျောင်းသို့ ဝင်ခွင့်ရသူများမှာ အဆင့်အတန်းတစ်ခုအထိ ဗဟုသုတရှိကြသူများဖြစ်သည်။ လူတစ်ယောက်မှာ ချက်ချင်းဆိုသလိုပင် အဖြေကို ရှာတွေ့သွားခဲ့ပါသော်လည်း ထိုအဖြေကို သိလိုက်ရသူမှာ ကြောက်ရွံ့တုန်လှုပ်သွားရ၏။ ထိုလူမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ တုန်လှုပ်ချောက်ချားသွားပြီး ထိုကိစ္စမှာ လုံးဝ ဖြစ်နိုင်မည်မဟုတ်ဟု မှတ်ယူလိုက်ကြသည်။

ဓမ္မလက်နက်တောင်ထိပ်သို့ နောက်ထပ်လူများစွာ အပြေးရောက်လာကြချိန်တွင် ကျောင်းသားခေါင်းဆောင် ကျန်းလင်မှာ ဝိညာဉ်ကျောက်တုံးခန်းမ၏ အပြင်ဘက်သို့ ရောက်နေပြီဖြစ်သည်။ သူ၏ဘေးမှ လူတစ်ယောက်က ဝိညာဉ်ကွန်ရက်အား ဂရုတစိုက် ကြည့်ရှုနေပြီး ထိုဝိညာဉ်ကွန်ရက်ပေါ်တွင် ပျံနှံ့နေသည့် ထင်မြင်ယူဆချက်များကို သူ့အား တိုးတိုးလေး ပြောပြနေ၏။

" သူက ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်ချင်တာတဲ့လား။ သူက ကျောင်းသားသစ်အဆင့်ပဲ ရှိသေးတာကို။ အရည်အချင်း ပြည့်မီဖို့ဆိုတာ ဝေလာဝေးပဲ "

ကျန်းလင်က ထိုသတင်းများကို ကြားလိုက်ရသောအခါ ရယ်မောလိုက်၏။ သူ၏ မျက်လုံးများထဲတွင် အထင်သေးသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားပြီး ဤကိစ္စအား စိတ်ထဲပင် လုံးဝ မထည့်ထားသည့် ပုံပေါက်နေ၏။

သူ၏နောက်မှ ဒါဇင်ပေါင်းများစွာသော စစ်ဆေးရေးမှူးများမှာလည်း လှောင်ပြောင်ရယ်မောနေလိုက်ကြတော့သည်။

" သူက ကြံရာမရတဲ့အဆုံး လျှောက်လုပ်နေတာပါကွာ။ သူ ဘယ်လိုပဲ ကြိုးစားကြိုးစား သူ့ရဲ့ ကံကြမ္မာဆိုးကြီးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး "

" သူမလို့ ငါတို့ စည်းကမ်းထိန်းသိမ်းရေးဆောင်က လူတွေကို ရိုက်နှက်ရဲတယ်။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။ တခြားဘယ်သူ့ကိုမှ အပြစ်တင်နေစရာ မရှိဘူး "

" ခဏနေရင် ဘာဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့။ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင် စောစောကလိုမျိုး မောက်မောက်မာမာ ပြုမူနိုင်ဦးမလားဆိုတာ ကြည့်ရသေးတာပေါ့ကွာ။ သူ လူတစ်ယောက်ကို ရိုက်နှက်ခဲ့တာမလား။ သူ ပြန်ထွက်လာတဲ့အချိန်ကျရင် အသနားခံမလားဆိုတာ ငါ သိချင်တယ် "

ကျန်းလင်က သူ့လက်အောက်ငယ်သားများ၏ မှတ်ချက်များကို ကြားလိုက်ရသောအခါ ဝိညာဉ်ကျောက်တုံးခန်းမအား လှမ်း၍ကြည့်လိုက်၏။ သူ၏ မျက်လုံးများထဲမှ အထင်သေးသည့် အရိပ်အယောင်များမှာ ပို၍ ကြီးထွားလာတော့သည်။ ထို့နောက် သူသည် ရပ်တန့်မနေဘဲ စည်းကမ်းထိန်းသိမ်းရေးဆောင်မှ စစ်ဆေးရေးမှူးများကို ဝိညာဉ်ကျောက်တုံးခန်းမသို့ တန်းတန်းမတ်မတ် ခေါ်သွားလိုက်တော့သည်။

ထိုခန်းမကြီးအနားသို့ သူတို့ ချဉ်းကပ်လာသောအခါ စစ်ဆေးရေးမှူးများမှာ သက်ဆိုင်ရာ လက်နက်များကို ထုတ်လိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ပေါ်လာကြတော့သည်။ ထိုမြင်ကွင်းကြီးကြောင့် လူအုပ်ကြီး ကြောက်ရွံ့သွားကြပြီး အနားသို့ မကပ်ရဲကြတော့ပေ။ သူတို့က အသက်ကိုပင် ထိန်း၍ ရှူနေကြရတော့သည်။

All Chapters