← Chapters

ကျိဟွား

Vol. 008 Ch. 781

ကျိဟွား

Vol. 008 Ch. 781

ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ရီဖူရှင်းဘက်ကို လှည့်ကာ ပြောသည်… “ကျောက်မဟာ ပြည်ထောင်က ပါရမီရှင် သုံးယောက်ကို အနိုင်ယူခဲ့တဲ့အတွက်… ရီဖူရှင်း… မင်းရဲ့ မြေရိုင်းပြည်နယ်က လူတွေ ငါ့ကို တကယ်ပဲ​ အံ့အားသင့်စေခဲ့တယ်… ပြည်နယ်ကိုးခု ညီလာခံကို လာရောက်တဲ့ လူတွေအားလုံးက မင်း အရူးလုပ်တာကို ခံခဲ့ရတာပဲ… မင်းက မိမိကိုယ်ကို နှိမ့်ချ ဆက်ဆံတတ်တယ်လို့ ရှီဟွာတောင် ရှန့်ထိုကိုယ်တိုင်က ယုံကြည်ခဲ့တယ်… အခုကတော့ မင်းက တော်တော် ရည်မှန်းချက် မြင့်ပုံရတယ်…  အားလုံး၏အကြည့်က ရီဖူရှင်းထံကို ရောက်လာသည်။ ရီဖူရှင်းက အားလုံးကို အရူးလုပ်ခဲ့ပါသလော။

“စီနီယာ… မြေရိုင်းပြည်နယ်က ပြည်နယ်ကိုးခု ညီလာခံကို ပထမဆုံး ဝင်ပြိုင်ဖူးတာပါ… ကျွန်တော့်အတွက်လည်း ပထမဆုံးအကြိမ် မြေရိုင်းပြည်နယ် ပြင်ပကို ထွက်ဖူးတာပါ… ကျွန်တော်က အရှေ့ဘက်ပြည်နယ်ကို ရောက်တာ နှစ်တစ်ဝက်ပဲ ရှိသေးတော့ ဘယ်တော်ဝင်မြေက ဘယ်လောက် အားကောင်းတယ် ဆိုတာကိုလည်း အတိအကျ မသိပါဘူး… ကျွန်တော်က ပြည်နယ်ကိုးခု ညီလာခံကို သင်ယူဖို့ တက်ရောက် လာတာပါ… ဒီနည်းနဲ့ မြေရိုင်းပြည်နယ်က တခြား ပြည်နယ်တွေနဲ့ တန်းတူ ယှဉ်နိုင်လာပြီး တိုးတက် ထွန်းကားလာဖို့ မျှော်လင့်နေတာပါ… ဒါပေမဲ့ မြေရိုင်း ပြည်နယ်ရဲ့ တပည့်တွေ ကိုယ်တိုင်ကလည်း ကျွန်တော့်ကို အံ့အားသင့်ဖွယ်​ စွမ်းဆောင်ရည် ကောင်းတွေ ပေးခဲ့ကြပါတယ်…” ရီဖူရှင်းက ဘုရင်မင်းမြတ်အား တည်ငြိမ် အေးဆေးသော အမူအရာဖြင့် ပြောသည်။ အားလုံးက အခြေအနေကို ထူးဆန်းစွာ ကြည့်နေကြသည်။ ရီဖူရှင်းကား သူ၏ စကားလုံးများတွင် ရိုးသားဟန်ရကာ သူပြောသည်ကလည်း မမှားပေ။

ရီဖူရှင်းကား မြေရိုင်းပြည်နယ် အပြင်ဘက်ကို ထွက်ကာ ပြည်နယ်ကိုးခု ညီလာခံ၌ ပါဝင်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူတို့ကား ထိုအချက်ကို ဘာမှ မပြောနိုင်။

“ကျွန်မတို့က ဖြစ်လာတဲ့ အခြေအနေကို လိုက်ပြီး သူများတွေကိုချည်း အပြစ်တင်လို့ မရဘူး… မြေရိုင်းပြည်နယ်က ရှန့်ထိုမရှိလို့ သူတို့တပည့်တွေက အားနည်းမယ်လို့ အကုန်လုံး တွေးခဲ့ကြတယ်.. တကယ်တမ်း သူတို့​တွေ စွမ်းဆောင်ရည် ကောင်းကို ပြသခဲ့တဲ့အချိန်မှာ နန်းတော်သခင်ရီရဲ့ လှည့်စားခြင်းကို ခံရတယ်လို့ စွပ်စွဲတာကတော့ မဖြစ်သင့်ပါဘူး…” မှန်နန်းတော်သခင်မက ပြုံးလျက် ထပ်ပြောသည်… “မြေရိုင်းပြည်နယ်က တပည့်တွေက ဒီအထိ လာခဲ့တာတောင် တော်တော် ခက်ခဲကြရမှာပဲ…”

ရီဖူရှင်းက မှန်နန်းတော် သခင်မကို ကြည့်သည်။ သူမ၏ ပြုံးမယောင်မျက်နှာက အလွန်ဆွဲဆောင်အား ကောင်းလှသည်။ ရီဖူရှင်းက သူမပါဝင် ပြောကြားပေးမှု အပေါ် အသိအမှတ်ပြုကာ ကျေးဇူးတင်စွာဖြင့် တစ်ချက် ခေါင်းညိတ် ပြလိုက်သည်။

ဘုရင်မင်းမြတ်က မှန်နန်းတော် သခင်မကို ကြည့်ကာ သူအိပ်မက်ထဲတွင် အမြဲတမ်း ရှိနေတတ်သော သည်မိန်းကလေးကား ယခင်နှစ်များကကဲ့သို့ လှပ ချောမောနေဆဲဟု တွေးသည်။ သူက ပြုံးလျက်ပြောသည်… “မှန်တယ်.. ကျုပ်အတွေး တိမ်သွားတယ်…”

“ပြောရရင် မှန်နန်းတော် သခင်မပြောတဲ့အတိုင်း ကျုပ်လည်း တွေးမိခဲ့တယ်… မြေရိုင်းပြည်နယ်က တပည့်တွေ ဒီလောက်အထိ ရောက်လာမယ်လို့ ကျုပ်လုံးဝ မထင်ထားခဲ့ဘူး… လူအများက သူတို့ သိတဲ့အသိထဲမှာပဲ ပိတ်လှောင် မထားသင့်ဘူး… ကျုပ်တို့ကို ကျုပ်တို့ကပဲ​အရူးလုပ်ခဲ့တာ…” ရှီဟွာတောင် ရှန့်ထိုက ပြုံးလျက် ပြောသည်… “ပြီးတော့ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကလည်း အမြဲတမ်း စကားပြောရင် တဲ့တိုးဆန်တာကလွဲလို့ ရီဖူရှင်းအပေါ် တခြားဘာမှ ရှန်ဟန်မရဘူး.. ပြည်နယ်ကိုးခု ညီလာခံမှာ တပည့်တွေ အချင်းချင်း တိုက်ခိုက်တာမှာ တော်ဝင်မြေတွေ ကလည်း ကိုယ့်တပည့်တွေကိုပဲ အားပေးကြမှာပဲကိုး... ဒါပေမဲ့ လူငယ်တွေ ပြိုင်ပွဲမှာ ကျုပ်တို့လို အဘိုးကြီးတွေက ဘေးမှာထိုင်ပြီးပဲ​ ပွဲကို အေးအေးဆေးဆေးကြည့်သင့်တယ်…”

“အမှန်ပါပဲ.. ” မှန်နန်းတော် သခင်မက ပြုံးလျက် ပြောသည်။

“ပြောရရင် ကျုပ်က အခုတကယ် စိတ်ဝင်စားနေပြီ… မြေရိုင်းပြည်နယ် တပည့်တွေက ဒီအထိ ရောက်လာတော့ တခြား ပြည်နယ်တွေက တပည့်တွေကိုတောင် သူတို့က အသာစီး ယူထားသလို မြင်နေရတယ်… ကျုပ်တို့က တပည့်တွေကို သင်ကြားတဲ့အခါ ကျုပ်တို့ နည်းလမ်းတွေ အပေါ် ပြန်လည်သုံးသပ်ဖို့ လိုနေပြီ…” ရှီဟွာတောင်ရှန့်ထိုက ပြုံးလျက် ပြောသည်… “ကဲကဲ… တိုက်ပွဲကို ဆက်ရအောင်…”

ထိုအခိုက်တွင် လူတစ်ယောက် ရှေ့ကို ထွက်လာသည်။ လူအများအပြားက ထူးဆန်းသော အမူအရာဖြင့် လှမ်းကြည့်ကြသည်… “တော်ဝင် အလင်းနန်းတော်ရဲ့ ကျိဟွားပဲ…”

ကျိဟွား၏ စွမ်းရည်များက အလွန်မြင့်မားကာ သည်မတိုင်ခင် တိုက်ပွဲများ အားလုံးကိုလည်း စက္ကန့်ပိုင်းအတွင်း အဆုံးသတ်ခဲ့သူ ဖြစ်သည်။ သူ့အား မည်သူကမှ တားဆီးနိုင်ခြင်း မရှိခဲ့ရာ သူကား သည်နှစ် ပြည်နယ်ကိုးခု ညီလာခံတွင် အလွန် အားကောင်းသော ပြိုင်ပွဲဝင် ဖြစ်သည်ဟု အားလုံးက သတ်မှတ် ထားကြသည်။ သူကား ထိပ်သီး ဆယ်နေရာကို သေချာပေါက် တက်ရောက်နိုင်ကာ အတော်ဆုံး သုံးယောက် စာရင်းထဲကိုလည်း ပါနိုင်သည်။

ယခု ထွက်လာသူကား တော်ဝင်အလင်း နန်းတော်၏ ယခုနှစ် ပြိုင်ပွဲဝင်များထဲတွင် အားအကောင်းဆုံး ဖြစ်သော ကျိဟွားဖြစ်သည်။

ကျိဟွားက မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်များ ရှိရာကို ကြည့်သည်။ ယူချင်း၊ ရီဝူချင်းနှင့် ယန်ကျန်းတို့က မတိုက်ခိုက်ရသေးပေ။ သူတို့ သုံးယောက်လုံးက ကောင်းမွန်သော စွမ်းရည်များအား ပိုင်ဆိုင်ကြ၏။ ယူချင်းကား ထိုသုံးယောက်ထဲတွင် အားအကောင်းဆုံး ဖြစ်ကာ သူက မည်သည့် အဆင့်အထိ တက်နိုင်မည်ကို သူလည်း သိလိုပေသည်။ ထို့ကြောင့်ပင် သူက ယန်ကျန်းကို လက်ညှိုးထိုးကာ ပြောသည်.. “မင်းကို စိန်ခေါ်တယ်…”

“မြေရိုင်းပြည်နယ်ကို နောက်တစ်ယောက်က စိန်ခေါ်ပြန်ပြီ…” ဧည့်ကြည့်စင်မှ လူအများအပြားက ပြောဆိုကြသည်။ တော်ဝင် အလင်းနန်းတော်မှ ကျိဟွားက မြေရိုင်းပြည်နယ်မှ ယန်ကျန်းကို စိန်ခေါ်၏။ ကြည့်ရသည်မှာ မြေရိုင်းပြည်နယ်ကား ယခု အခိုက်အတန့်တွင် ထင်ပေါ်လွန်း နေသည်။ သူတို့ကား လက်ရှိတွင် ပြိုင်ပွဲဝင် ခြောက်ယောက်ဖြင့် တော်ဝင်မြေများထဲ၌​ ပြိုင်ပွဲဝင်အများဆုံး ဖြစ်နေသည်။ မည်သည့် ထိပ်သီး ပါရမီရှင်များကမှ သူတို့၏ တော်ဝင်မြေက မြေရိုင်းပြည်နယ်ထက် နိမ့်ကျသည်ဟူသော အချက်အား လက်ခံနိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် ကျိဟွားက မြေရိုင်းပြည်နယ်အား စိန်ခေါ်ခဲ့သည်။

မြေရိုင်း ပြည်နယ်ကား ပြိုင်ပွဲဝင် အရေအတွက် များပြားလွန်း နေသည်။

ယန်ကျန်းက ရှေ့ကို ထွက်လာသည်။ သူ၏ထွားကျိုင်းသော ခန္ဓာကိုယ်က တခြားလူများအား ဖိအားများ ဖြစ်စေ၏။ သူ၏ ကိုယ်ရောင်ကိုယ်ဝါက အလွန်အမင်း သိပ်သည်းသော်လည်း ကျိဟွား၏ ခန္ဓာကိုယ်မှ အလင်းများ ဖြာထွက်လာသည်တွင် ယန်ကျန်းက မျက်လုံးများကိုပင် လက်ဖြင့် ကာလိုက်ရသည်။

အလင်းကား စူးရှလွန်း၏။ ယန်ကျန်း တစ်ယောက်သာ ထိုသို့ ခံစားရသည် မဟုတ်ဘဲ တခြား ဧည့်ကြည့်စင်မှ လူများကလည်း အလင်းက စူးရှလွန်းသည်ဟု ခံစားကြရသည်။ သူကား နတ်ဘုရား၏ မျိုးဆက်တစ်ပါးလို အလွန်အမင်း လင်းလက် တောက်ပနေသည်။

ယန်ကျန်း၏ ကိုယ်ရောင်ကိုယ်ဝါက အလွန်အမင်း အားကောင်းသော်လည်း ကျိဟွားက သူ၏အလင်းကို ထုတ်လွှတ် လိုက်သည်တွင် သူသည်သာ စင်မြင့်ပေါ်မှ အဓိက ဇာတ်ဆောင် ဖြစ်သည်ဟု ခံစားရစေသည်။

ရီဖူရှင်းက မြေရိုင်းပြည်နယ်၏ နေရာမှ ထိုင်နေရင်းက ကျိဟွားကို ကြည့်သည်။ အလင်း လောကဓာတ်ကို ပိုင်ဆိုင်သော တော်ဝင် အလင်းနန်းတော်ကား အလွန် အားကောင်းသော စွမ်းရည်များအား အသုံးပြုနိုင်သည်။ တော်ဝင်အလင်း နန်းတော်၏ အခြေခံကျင့်စဉ် ဖြစ်သော တော်ဝင်အလင်း ကျင့်စဉ်အတွက် အဓိက လိုအပ်ချက်ကား အလင်း လောကဓာတ်ကို နားလည် ဆင်ခြင်နိုင်ခြင်းပင်။ ထို့ကြောင့် သူတို့တွင် ပင်ပမတပည့်များ အလွန် ရှားပါးလွန်း ပေသည်။ သို့သော် သူတို့၏ ပင်မတပည့်များကလည်း အလွန်တရာ ရှားပါးသော ပါရမီရှင်များ ဖြစ်ကာ ကြောက်မက်ဖွယ် စွမ်းရည်များအား ပိုင်ဆိုင်ကြ၏။

ယန်ကျန်းက ခက်ခဲသော တိုက်ပွဲတစ်ခုကို ရင်ဆိုင် ရတော့မည်ဟု ရီဖူရှင်းက တွေးလိုက်သည်။ သို့သော်လည်း သူက သိပ်မအံ့ဩပေ။ ယခု နောက်ဆုံး လက်ကျန်လူ တစ်ရာကား တော်ဝင်မြေ သုံးဆယ်ခန့်မှ အတော်ဆုံးလူများ ဖြစ်ကြသည်။ မြေရိုင်းပြည်နယ်က သည်အဆင့်ကို ရောက်လာသောအခါ အလွန် အားကောင်းသော ပြိုင်ဘက်များဖြင့် ရင်ဆိုင်ရသည်က မထူးဆန်းပေ။

အလင်းတန်းများက ယန်ကျန်းထံကို ဖျန်းပက်သည်တွင် သူ့အား မျက်လုံးများပင် ဖွင့်ရခက်စေသည်။ သူ့မျက်လုံးကို အတင်းဖွင့်သည်တွင်ပင် သူကား ဘာမှ မြင်နိုင်စွမ်း မရှိပေ။ သူ၏ပြိုင်ဘက်ကား အလင်းဓာတ်ကို အသုံးပြုရာ၌​ အလွန်တရာ ကျွမ်းကျင် လှပေသည်။

ယန်ကျန်းက မျက်လုံးကို ပြန်မှိတ်လိုက်သည်။ သူ့အသိစိတ်များပင် တော်ဝင် အလင်းဓာတ်များဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း အလင်းဓာတ်များ၏ ပင်မရင်းမြစ်နေရာတွင် ကျိဟွားရှိမည်မှာ သံသယ ရှိစရာမလိုပေ။

ဝုန်း…

ယန်ကျန်းက ကျိဟွားရပ်နေရာသို့ တစ်ဟုန်ထိုး ပြေးသွားသည်။ အလင်းက ပိုမို၍​သိပ်သည်းလာ၏။ ကျိဟွား၏ရှေ့တွင် ဓားအလင်းများ ဆက်တိုက် ပေါ်လာသည်။ ဓားနှင့် အလင်းပေါင်းစပ်မှုက အလွန်အမင်း အားကောင်းသော စွမ်းရည်ကို ပေး၏။

ဘုန်း… ယန်ကျန်း၏ ခန္ဓာကိုယ်က ပိုမို ထွားကျိုင်းသွားကာ ရွှေရောင်အလင်းများ သူ့ထံမှ ဖြာထွက်လာ၏။ သွေးကြောမများကို ဖွင့်လှစ်လိုက်သည်တွင် သူကိုယ်တိုင်က ရုန့်ရင်းသော အသွင်သို့ ပြောင်းလဲသွားပြီး တစ်ဖက်လူထံသို့ ခုန်ဝင်လိုက်သည်။ သည်တစ်ခေါက် ပြိုင်ဘက်ကလည်း သူ့အတွက် အလွန်ခက်ခဲသည်ကို ယန်ကျန်းက သိထားဟန်ရသည်။

ကျိဟွားမူကား သူ၏ မူလနေရာတွင်သာ ရပ်နေသည်။ အလွန်အမင်း ပြင်းထန်စူးရှသော အလင်းများက သူ့နေရာတွင် သိပ်သည်းစွာ တည်ရှိနေကာ သူက လက်ဝှေ့ယမ်း လိုက်သည်နှင့်ပင် ဓားအလင်းတန်းများက ယန်ကျန်းထံကို တိုးဝင်သွားကြသည်။ အလင်း၏ အမြန်နှုန်းဖြင့်လာသော တိုက်ခိုက်မှုအား ရှောင်ဖွယ်ရန် အလွန်တရာ ခက်ခဲပေသည်။

ယန်ကျန်းက မာန်သွင်း အော်ဟစ်ကာ သူ၏ရွှေနှင်တံကို ဝှေ့ယမ်းပြီး ဓားအလင်းများကို ရင်ဆိုင်သည်။ ရွှေရောင်အလင်း တစ်ခုကလည်း သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်သွားကာ အရံအတားအဖြစ် ဆောင်ရွက်သည်။

ဓားအလင်းများနှင့် နှင်တံက ဆုံတွေ့သည်တွင် လေထုက တဝုန်းဝုန်း ပေါက်ကွဲကြသော်လည်း ယန်ကျန်း၏ နှင်တံက အလင်းတန်းများ အားလုံးကို တားဆီးနိုင်ခြင်း မရှိရာ အလင်းတန်းများက သူ၏ခန္ဓာကိုယ် အနှံ့အပြားကို ကျဆင်းလာပြီး အရံအတားများအား ထွင်းဖောက် သွားသည်။

ယန်ကျန်းကား ဘာမှ မခံစားရသလိုပင် ရှေ့ကို ဆက်လက် တိုးဝင်သွားသည်။ သူက တိုက်ပွဲအား မြန်ဆန်စွာပင် အဆုံးသတ်လို၏။ သို့သော်လည်း ထိုအခိုက်တွင် ပိုမိုစူးရှသော အလင်းများက ကျိဟွား၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး သူက လက်ကို ဆန့်တန်း လိုက်သည်တွင် မရေမတွက်နိုင်သော ဓားအလင်းများက မိုးသီး မိုးပေါက်များပမာ ကျဆင်း လာကြပြန်သည်။ ယန်ကျန်းကလည်း တစ်ဖန်မာန်သွင်းကာ သူ၏နှင်တံကို ဝှေ့ယမ်းလျက် အရံအတား တစ်ခုကို ဖန်တီး ရိုက်နှက်သည်။

“တော်ဝင် အလင်းဓား…” ကျိဟွားက ပြောသည်တွင် မရေမတွက်နိုင်သော အလင်းတန်းများက ယန်ကျန်းထံကို တိုးဝင်လာသည်။ နှင်တံဝှေ့ယမ်းခြင်းမှ ဖြစ်လာသော အရံအတားကား အလင်းတန်းများ အားလုံးကို တားဆီးခြင်းငှာ မတတ်နိုင်ရာ သူ၏ ခန္ဓာကိုယ်တွင် အလင်းဓားချက်၏ ဖြတ်တောက်ခြင်းကြောင့် ဒဏ်ရာ ဒဏ်ချက်များ ဖြစ်ပေါ်လာသည်။

ယန်ကျန်းက နှင်တံကို ဝှေ့ယမ်းကာ ထပ်မံ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်တွင် ရီဖူရှင်း၏ စကားသံကို ကြားလိုက်ရသည်… “ယန်ကျန်း… တော်လောက်ပြီ…” ယန်ကျန်းက သည်တိုက်ပွဲကို အနိုင်ရရန် မဖြစ်နိုင်ဟု ရီဖူရှင်းက မြင်သည်။

ယန်ကျန်းက နောက်ကို ပြန်ဆုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တွင်ကား အလင်းဓားချက် များကြောင့် ဒဏ်ရာ ဒဏ်ချက်များစွာ ဖြစ်ပေါ်နေကာ သွေးများ ယိုစီး ကျနေသည်။

အလင်းများ ပျောက်ကွယ်သွားကာ ကျိဟွားက နတ်ဘုရားတစ်ပါး အလား လေထဲတွင် ရပ်နေဆဲဖြစ်သည်။

“ပြိုင်ဘက်ကင်းပဲ…” ကျိဟွား အနိုင်ရသည်တွင် ထိုစကားက လူအများအပြား၏ ပါးစပ်ဖျားပေါ် ရောက်လာသည်။ တော်ဝင် အလင်းနန်းတော်၏ တိုက်ခိုက်မှု နည်းစနစ်များကား အမှန်ပင် ကြောက်မက်ဖွယ် ကောင်းပေသည်။ ယန်ကျန်းကဲ့သို့သော အားကောင်းသူပင် သူ့အား မည်သည့် ထိခိုက်မှုမှ မလုပ်နိုင်ပေ။

“ဒါက တကယ်ပဲ တော်ဝင် အလင်းနန်းတော်ရဲ့ အတော်ဆုံး တပည့်ပဲ…” ရှီဟွာတောင် ရှန့်ထိုက ပြောသည်။ ချီပြည်နယ်၏ တော်ဝင် အလင်းနန်းတော်ကား အမှန်ပင် ကြောက်မက်ဖွယ် စွမ်းရည်များအား ပိုင်ဆိုင်သည်။

“ဒီနှစ်ပြည်နယ်ကိုးခု ညီလာခံက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်...” ကောင်းကင် ရှန့်ထိုက ပြုံးလျက် ပြောသည်။ တိုက်ပွဲကား တဖြည်းဖြည်း ပိုမိုပြင်းထန် လာပေသည်။

လူအများအပြားက ကျိဟွားကို လှမ်းကြည့်ကြသည်။ သူကား အတော်ဆုံး သုံးယောက် စာရင်းထဲကို ဝင်နိုင်ချေ အလွန် များပေသည်။

တစ်ဖက်တွင် ယန်ကျန်း၏ စွမ်းရည်ကလည်း မသေးပေ။ မြေရိုင်းပြည်နယ်မှ​ တပည့်များကား ယေဘုယျအားဖြင့် အလွန် အားကောင်း ကြပေသည်။ ထို့ကြောင့်လည်း အတော်ဆုံး လူစာရင်းတစ်ရာသို့ သူတို့ထဲမှ လူခုနစ်ယောက် အထိ တက်လှမ်း နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်များ အားလုံးက အားကောင်း ကြသော်လည်း သည်တိုက်ပွဲက သက်သေပြသည်မှာ သူတို့ကား တခြား တော်ဝင်မြေများမှ တကယ့်ထိပ်သီး ပါရမီရှင်များဖြင့် ယှဉ်ရာတွင် လိုအပ်ချက်များ ရှိနေသေးသည်ဟူ၏။ ထို့ကြောင့် လူအများဆုံး ကျန်ရစ်သည် ဆိုသည့်တိုင် သူတို့က နောက်ထပ် တိုက်ပွဲများ၌ အနိုင်ရရန် မသေချာသေးပေ။

ယန်ကျန်းက တိုက်ပွဲ ကွင်းပြင်ထဲမှ ထွက်ကာ ရီဖူရှင်းတို့ ရှိနေရာသို့ ရောက်လာသည်။ သူက ယန်ဟောင်၏ဘေးတွင် ထိုင်လိုက်သည်တွင် ယန်ဟောင်က ပြောသည်… “မင်းတိုက်ခိုက်တာ ကောင်းတယ်… ဒါပေမဲ့ ရန်သူကို ထိအောင် မရိုက်နိုင်ဘူး… မင်းနဲ့သူ ဘယ်လောက် ကွာလဲဆိုတာ သိပြီလား…”

ယန်ကျန်းက ခေါင်းကို ငုံ့လိုက်သည်။ သည်တိုက်ပွဲက သူ့အတွက် အမှန်ပင် စိတ်ပျက်ဖွယ်ရာ ကောင်း၏။

“အဘိုးယန်… ယန်ကျန်းက ကောင်းကောင်း လုပ်ခဲ့ပါတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်… “ကျိဟွားက အလင်း လောကဓာတ်ကို နိုင်နင်းတော့ ယန်ကျန်းရဲ့ ရိုက်ချက်က သူ့ဆီကို မရောက်နိုင်တာ ခက်တယ်… ဒါပေမဲ့ ကွာဟချက်ကတော့ သိပ်ကြီးမားတယ်လို့ မထင်ဘူး.. ”

ယန်ဟောင်က ခေါင်းညိတ်သည်။ ယန်ကျန်းက ခေါင်းကုပ်ကာ သူ၏နေရာတွင် ဝင်ထိုင်သည်။

“ပြီးတော့ ကျိဟွားက တော်ဝင် အလင်းနန်းတော်ရဲ့ အတော်ဆုံး တပည့်ပဲ… သူက အရမ်း အားကောင်းတယ် ဆိုတာကို သံသယ ရှိစရာမလိုဘူး… ဒါကြောင့် မင်းက စိတ်ပျက်စရာ မလိုဘူး… အနိုင်အရှုံးက သိပ်အရေးမကြီးလို့ နောက်ထပ် လေ့ကျင့်ရမယ့် ဟာတွေကိုပဲ ခေါင်းထဲ ထည့်ထားပါ…” ရီဖူရှင်းက ပြောသည်။ ယန်ကျန်းကလည်း ခေါင်းညိတ်သည်။

လူအများအပြားက စင်မြင့်ထက်ကို တစ်ဖန် လှမ်းကြည့်ကြသည်။ မြေရိုင်း ပြည်နယ်တွင်ကား လူငါးယောက်မျှသာ ကျန်ရစ်ပြီဖြစ်သည်။ ယူချင်းနှင့် ရီဝူချင်းတို့က မတိုက်ခိုက်ရသေးပေ။

ထိုအခိုက်တွင်ပင် ရီဝူချင်းက ရှေ့ကို တက်သွားကာ စင်မြင့်အလယ်၌​ရပ်သည်။ ရီဝူချင်းက ရှေ့ကို ထွက်လာသည်တွင် ပထမဆုံး တိုက်ပွဲငါးပွဲတွင် မြေရိုင်းပြည်နယ်မှ ဆက်တိုက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

လက်တစ်ဖက်ပြတ် ဓားသမားကား ယခင်ကဲ့သို့ပင် တည်ငြိမ်နေသည်။ သူက တော်ဝင်အလင်း နန်းတော်မှ ပြိုင်ပွဲဝင်များအား လှမ်းကြည့်သည်။

လူအများအပြားက ထူးခြားသော အမူအရာများ ဖြစ်လာကြသည်။ ကျန်းယိုက ဖီးနစ်အား စိန်ခေါ် အနိုင်ယူခဲ့ရာ မြေရိုင်းပြည်နယ်မှ တပည့်များက ကျောက်မဟာ ပြည်ထောင်မှ​ တပည့်များအား ပြန်လည် စိန်ခေါ်ခြင်းဖြင့် တော်ဝင်မြေ နှစ်ခုအကြား ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။ ယခုလည်း တော်ဝင် အလင်းနန်းတော်မှ တစ်ယောက်က ယန်ကျန်းအား အနိုင်ယူခဲ့ရာ ရီဝူချင်းက ရှေ့ကို တက်လာပြီး တော်ဝင် အလင်းနန်းတော် ဘက်ကို ကြည့်သည်။

မြေရိုင်းပြည်နယ်က သူတို့အား စိန်ခေါ်သူ မည်သည့်အဖွဲ့မဆို ပြန်လည် တိုက်ခိုက်နေသည် များလား။

***

All Chapters