← Chapters

အကျပ်အတည်း

Vol. 10 Ch. 18

အကျပ်အတည်း

Vol. 10 Ch. 18

“သေလိုက်တော့...” မက်ဒါနာက နဂါးကြေးခွံတွေနဲ့ စီးချင်းထိုးလှံရှည်အဖြစ်ပြောင်းသွားတဲ့ ဓားကိုကိုင်ပြီး ဆာဂီဖစ်ကို အားကုန်ဝင်တိုက်လိုက်တယ်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို သက်ရောက်အားလှိုင်းတွေ ပြန့်နှံသွားပြီးတဲ့နောက်တော့ ဆာဂီဖစ်ရဲ့ကိုယ်က လေပေါ်မြောက်တက်သွားတယ်။ မက်ဒါနာက ဝတ်စုံရဲ့တောင်ပံကိုဖွင့်ပြီး ဆာဂီဖစ်ကို မြို့ရဲ့မိုးကောင်းကင်ယံပေါ်ရောက်တဲ့အထိ အားကုန်တွန်းတင်တယ်။

“မင်းက ငါ့ကိုကျောင်းနဲ့ဝေးရာ ခေါ်သွားဖို့ကြံနေတာလား။ ဒါပေမဲ့ အဲဒီပုံစံက ဆိုးတော့မဆိုးဘူးပဲ။”

ဆာဂီဖစ်က ချက်ချင်းပြန်မတိုက်သေးဘဲ ပြောပါတယ်။ ခဏနေတော့ သူ့ခန္ဓာကိုယ်က မြို့ရဲ့စွမ်းအင်ဒိုင်းနဲ့ဝင်တိုက်မိကာ တစ်ကိုယ်လုံးကို အဖျက်စွမ်းအင်တွေက ဖုံးလွှမ်းသွားတယ်။

“မင်းတို့ရဲ့မြို့တံတိုင်းက မဆိုးဘူးပဲ။ ဒါပေမဲ့ ငါ့ကိုဒါနဲ့သတ်ဖို့ကြံနေတာဆိုရင်တော့ အလကားပဲ။”

ဆာဂီစဖစ်က ​စွမ်းအင်ဒိုင်းကို တံတောင်ဆစ်နဲ့တွက်လိုက်တယ်။ မြို့ကြီးတစ်မြို့လုံးကို ကာကွယ်ပေးနေတဲ့ စွမ်းအင်ဒိုင်းက ဆာဂီဖစ်ရဲ့တံတောင်တိုက်ကွက်ကြောင့် တစ်စစီအက်ကွဲသွားပြီး ဆာဂီဖစ်က နဂါးပြာကို လက်သီးနဲ့ထိုးလိုက်တယ်။ နဂါးပြာကလည်းစီးချင်းထိုးလှံနဲ့ ပြန်ကာကာ ကြောက်စရာကောင်းတဲ့ နဂါး​မျက်လုံးတွေနဲ့ ဆာဂီဖစ်ကို စိုက်ကြည့်လိုက်ပါတော့တယ်။

“မင်းကျောင်းသားတွေကို ဒီအတိုင်းထားခဲ့လို့ဖြစ်ရဲ့လား။ ငါ့ရဲ့စစ်သည်တွေက ပိုးကောင်သန်းချီထဲကမှရွေးထုတ်ထားတဲ့ လက်ရွေးစင်တွေနော်။”

ဆာဂီဖစ်က ပြောလိုက်တယ်။ သူ့မျက်နှာပေါ်မှာတော့ အထင်သေးတဲ့အကြည့်မျိုးရှိနေပါတယ်။ နဂါးပြာကလည်း သူ့ရဲ့နဂါးတောင်ပံတွေကိုဖြန့်ပြီး ဆာဂီဖစ်ကို ဆက်တိုက်တယ်။ ဆာဂီဖစ်ကတော့ လေထုထဲမှာ နဂါးပြာရဲ့တိုက်ကွက်တွေကို ခုခံနေရင်းရယ်မောနေတယ်။ တစ်ချိန်တည်းမှာပဲ သူလေ့ကျင့်ပေးခဲ့တဲ့ နည်းလမ်းကိုပါ ပြောပြနေပါတယ်။

“ပိုးကောင်တစ်သန်းလောက်ကို နေရာတစ်ခုတည်းမှာ အလုံပိတ်ပြီးတော့ အချင်းချင်းတိုက်ခိုင်းခဲ့တာလေ။ နောက်ဆုံး ပိုးကောင်တစ်ရာကိုပဲ ငါ့အဖွဲ့ထဲထည့်ခဲ့တာ။ အစကတော့ သူတို့အချင်းချင်းအသေသတ်ခိုင်းမလို့ပဲ။ ဒါပေမဲ့ ငါ့တပည့်လေးတစ်ယောက်က ရဲဘော်တွေကို အလကားမသေစေချင်ဘူးဆိုလို့ ကျရှုံးသွားတဲ့ ပိုးကောင်တွေကို ပင်မတပ်ထဲထည့်ပေးပြီး မင်းတို့ကိုတိုက်ခိုင်းထားလိုက်တာ။”

ရဲဘော်တွေကိုဂရုစိုက်တဲ့ ပိုးကောင်ဗိုလ်ချုပ်ဆိုတာနဲ့မက်ဒါနာက ယင်ကောင်ကိုပဲပြေးမြင်တယ်။ နယ်စပ်မှာလည်း စစ်ဖြစ်နေတာဖြစ်လို့ ယင်ကောင်က မစ်ရှင်အဖွဲ့က တခြားလူတွေကို အာရုံလွှဲဖို့အတွက် ကျရှုံးသွားတဲ့ ပိုးကောင်တွေကို ထုတ်သုံးခဲ့တဲ့ပုံပါပဲ။

“ဒီတော့ မင်းတို့က ငါ့ကျောင်းကိုလာတိုက်ဖို့အတွက်ပူးပေါင်းကြံစည်ထားကြတယ်ပေါ့။”

နဂါးပြာက ဒေါသနဲ့ပြေးလိုက်ပြီး လှံကိုကိုင်ကာ ဆာဂီဖစ်ကို ပြင်းပြင်းထန်ထန်တိုက်တယ်။ သူ့အမြန်နှုန်းက ဖြည်းဖြည်းချင်းမြင့်တက်လာပြီး အသံမြန်နှုန်းရဲ့ခြောက်ဆအထိရောက်လာပေမဲ့ ဆာဂီဖစ်ကတော့ သာသာယာယာပါပဲ။ ဒါပေမဲ့ တစ်ချက်သတိလွတ်သွားတဲ့အချိန်မှာ စီးချင်းလှံက သူ့ရင်ဘတ်ကို လာထောက်မိပြီး သူ့ခန္ဓာကိုယ်က ထရိုပိုစပီးယားလေထုအလွှာကနေ ဆက်ထရိုစပီးယားလေထုအလွှာထိကို တွန်းပို့ခံလိုက်ရတယ်။

လေထုက ပါးလျလာပြီး နဂါးပြာရဲ့နောက်မှာတော့ အပြာရောင်အလင်းတန်းတစ်ခုက ကြယ်တံခွန်ရဲ့အ​မြီးလိိုမျိုး နောက်မှာပေါ်နေတယ်။

“ဟားဟား... စိတ်ဝင်စားဖို့တော့ကောင်းလာပြီပဲ။ မင်းက ငါ့ကို ကမ္ဘာ့အပြင်ဖက်အထိ တွန်းထုတ်နိုင်မယ့်ပုံပဲ။”

ဆာဂီဖစ်က ရယ်မောရင်းပြောလိုက်တယ်။ နောက်တော့ သူ့ရဲ့လူတစ်ဝက်ပိုးကောင်တစ်ဝက်ပုံစံက ပျက်ပြယ်သွားပြီး ပိုးကောင်လုံးလုံးဖြစ်သွားပါတယ်။ တကယ့်တိုက်ပွဲစပြီလို့ ဆိုရမှာပါ။

...

အရှေ့ဘက်ကမ်းရိုးတန်းကို ကာကွယ်ပေးထားတဲ့ မဟာမိတ်ခံစစ်ကြောင်းမှာတော့ နယ်ဆင်သင်္ဘောပျံကြီးက သာမန်စစ်တပ်တွေရဲ့အလံကိုင်သင်္ဘောအဖြစ်လုပ်ဆောင်နေပါတယ်။ ဒရုန်းဇုန်က ​ဟီးရိုးကျောင်းရဲ့သတင်းကို သိသိ​ပြီးချင်းမှာပဲ တခြားမစ်ရှင်အဖွဲ့ဝင်တွေကို ဆက်သွယ်လိုက်တယ်။

“ဘာ... ဒီတိုက်စစ်က ငါတို့ကို အာရုံလွှဲရုံသက်သက်ပဲလား။”

ဖရာလီတာက သူ့မျက်စိရှေ့မှာ လာရှုပ်နေတဲ့ အိုလီကို ရော့ကတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်လိုက်ရင်းနဲ့ပြောလိုက်ပါတယ်။ ဒေါသထွက်လို့ မျက်မှောင်ကိုလည်း ကြုတ်ထားသေးတယ်။ တိုက်ပွဲထဲက ချက်ချင်းထွက်ပြီး မက်ဒါနာကို သွားကူချင်ပေမဲ့ အိုလီရဲ့ရွံစရာအနံရှိတဲ့ အက်စစ်တွေကိုရှောင်နေရပြီး သူထွက်သွားတာနဲ့ လူသားစစ်တပ်က အန္တရာယ်ကျရောက်မှာပါ။

“ကြည့်ရတာ မင်းကိုမြန်မြန်အဆုံးသတ်မှထင်တယ်။” မိုးကြိုးစွမ်းအားနယ်မြေကို ဖန်တီးထားပြီး မိုးကြိုးဘီလူးကြီးကို ထိန်းချုပ်နေတဲ့ ဖရက်က သူ့အောက်မှာရှိနေတဲ့ သစ်ကိုင်းပုံစံဧရာမအင်းဆက်ကြီးကို ငုံကြည့်လိုက်တယ်။

“ဂျက်စပါက အိုလီကို အနှောင့်အယှက်မဖြစ်စေရဘူး။” သစ်ကိုင်းပိုးကောင်ဂျက်စပါက ကြိမ်းဝါးလိုက်ပြီး ခုန်တက်ကာ ဖရက်ကို စတင်တိုက်ခိုက်တယ်။

ဆိုဖီယာနဲ့ယင်ကောင်ကတော့ ဘတစ်ပြန်ကျားတစ်ပြန်တိုက်ခိုက်နေပြီး မျိုးစုံတဲ့ သဘာဝစွမ်းအင်တွေက လေထုထဲမှာပြည့်နှက်နေတယ်။

“နိမ့်ကျတဲ့ကောင်တွေကများ ငါ့အချစ်လေးကို ဒုက္ခပေးရဲတယ်ပေါ့။” ဆိုဖီယာကတော့ ဒေါသထွက်နေပုံပေါ်ပြီး သူနဲ့ယှဥ်တိုက်နေတဲ့ ယင်ကောင်ကို လက်ညိုးနဲ့ထိုးညွန်လိုက်ကာ အော်ဟစ်လိုက်တယ်။

“ချုပ်နှောင်စမ်း...” မြေပြင်ကနေ ရုတ်တရက်ဆိုသလို သစ်နွယ်တွေက ရှင်သန်ကြီးထွားလာပြီး ယင်ကောင်ကို ချုပ်နှောင်လိုက်တယ်။ ဒါပေမဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ အားလုံးက ဖျက်ဆီးခံလိုက်ရပြီး ယင်ကောင်ရဲ့လက်တံတွေက ဆိုဖီယာရှေ့ကိုရောက်လာနေပါပြီ။ ဆိုဖီယာက လက်တံတွေ သူ့ကိိုထိခင်မှာပဲ သာသာလေးရှောင်ထွက်လိုက်ရင်းပြောပါတယ်။

“အရင်တစ်ကြိမ်တွေ့တုန်းကထက် ပိုအစွမ်းထက်လာတာပဲ။”

“အဲဒီအဖိုးကြီးလေ့ကျင့်ပေးတာခံရရင် ငန်းတစ်ကောင်တောင်မှ ဖီးနစ်တစ်ကောင်အဖြစ်ပြန်မွေးဖွားလာနိုင်တယ်ကွ။” ယင်ကောင်က တကယ့်ကိုလေးစားနေတဲ့လေသံနဲ့ပြောလိုက်ပြီး ဆိုဖီယာကိုဆက်တိုက်ပါတယ်။ ဆိုဖီယာက အတော်လေးအစွမ်းထက်ပေမဲ့ တဖြည်းဖြည်းဖိအားဒဏ်ကိုခံလာရတယ်။

“မကောင်းတော့ဘူး... ဒီအတိုင်းဆိုရင် ငါ့ရဲ့နောက်ဆုံးကျန်တဲ့ အခွင့်အရေးကို ထုတ်သုံးရလိမ့်မယ်။”

ဆိုဖီယာက မျှော်လင့်ချက်ကင်းမဲ့လာသလို ခံစားရတဲ့အချိန်မှာပဲ ဧရာမအမြီးသုံးချောင်းက သူ့နောက်တစ်နေရာကနေ ထွက်လာပြီး ယင်ကောင်ကို ထိုးနှက်လိုက်တာကြောင့် ယင်ကောင်ဒဏ်ရာရသွားပြီး နောက်ကိုဆုတ်သွားရတယ်။ ဆိုဖီယာနောက်ကိုလှည့်ကြည့်လိုက်တော့ သားရဲတွေထဲက နောက်ဆုံးကျန်တဲ့လိပ်နက်ပါ။

“နည်းနည်းကူညီပေးရမလား...” လိပ်နက်ကြီးဆီကနေ ဖရန့်ရဲ့လေသံထွက်ပေါ်လာတယ်။ အခုတော့ လိပ်နက်ဝိညာဥ်နဲ့ဖရန့်က သူငယ်ချင်းအရင်းတွေလို ဖြစ်နေပြီမလို့ ထိန်းချုပ်ရမခက်တော့ပါဘူး။ ဆိုဖီယာကလည်း ပြုံးလိုက်တယ်။

“အကူအညီခံရတာမကြိုက်ပေမဲ့ ဒါပြီးရင် မက်ဒါနာကို သွားကူညီရဦးမယ်။” အဲဲဒီနောက်တော့ အယ်ဖာအဆင့်တွေရဲ့နှစ်ယောက်တစ်ယောက်တိုက်ပွဲကြီး စတင်ခဲ့ပါတော့တယ်။

...

“စိတ်မပူပါနဲ့၊ ငါက ဒီကိုတိုက်ခိုက်ဖို့လာတာမဟုတ်ဘူး။ ပွဲကြည့်ရုံသက်သက်ပဲ။ ကတိပေးထားသလိုပဲ ငါတို့တိုက်ပွဲက နှစ်နှစ်ပြည့်တဲ့အချိန်မှစမှာပါ။ နောက်နှစ်ထဲမှာလို့ ဆိုရမလား။”

အေမီကတော့ ဥစာကီနဲ့ရှိနေပါတယ်။ အေမီက ဥစာကီရဲ့လက်ထဲမှာ ချီထားတဲ့ ကလေးကိုပဲ စိုက်ကြည့်နေတယ်။

“အဲဒါက ပိုးကောင်ဗိုလ်ချုပ်အသစ်လား။” အေမီက မေးလိုက်တယ်။ သူတို့နှစ်ယောက်က အယ်ဖာအဆင့်တွေရဲ့တိုက်ပွဲအလယ်မှာ ရှိနေကြပေမဲ့ တည်ငြိမ်စွာ စကားပြောနေကြပြီး တစ်ဖက်နဲ့တစ်ဖက် ရန်လိုမှုမရှိပါဘူး။ ဒီအတိုင်း မြို့ထဲမှာတွေ့တဲ့ အသိတွေလိုမျိုး စကားချင်းဖလှယ်နေကြတာ။

“ဒါက ပိုးစုန်းကြူးဗိုလ်ချုပ် ကူရိုလေ။ ငါ့ရဲ့ရင်သွေးလို့ပြောရမလား။”

“ဂလင်းအရည်အမြောက်တွေပစ်နေတဲ့ ပိုးစုန်းကြူးတွေက သူ့လက်အောက်ခံတွေပေါ့။” အေမီက ပြောလိုက်တယ်။

“အခုတိုက်ပွဲတွေက ဆာဂီဖစ်ရဲ့ဆန္ဒအရ ဖြစ်လာတာတွေပဲ။ သူက ငါ့ကိုရုပ်သေးမဖြစ်စေချင်တော့ပေမဲ့ ငါအုပ်ချုပ်မယ့်လမ်းမှာ အနှောင့်အယှက်တွေမရှိအောင် ကူညီပေးချင်နေတယ်။”

ဥစာကီရဲ့စကားကြောင့် အေမီက မျက်မှောင်ကြုတ်လိုက်ပါတယ်။ “တဖြည်းအားဖြင့် နင့်ကိုသတ်နိုင်ခြေရှိတဲ့ သခင်မလေးကို ရှင်းပစ်ဖို့လား။”

“အင်း၊ ဒါပေမဲ့ ဆာဂီဖစ်က မက်ဒါနာကို သတ်နိုင်လိမ့်မယ်လို့ ငါမထင်ဘူး။ သူပြန်လာနိုင်ခြေကလည်း သိပ်ကိုနည်းတယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ။”

ဥစာကီက သက်ပြင်းချရင်းနဲ့ ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။ နောက်တော့ လှည့်ထွက်သွားပြီး သူ့နောက်မှာရပ်နေတဲ့ ပိုးဖလံကို ပြောလိုက်တယ်။

“ငါပြောစရာရှိတာ ပြောပြီးပြီ။ နင်တို့နှစ်ယောက်ရဲ့တိုက်ပွဲကို ရှေ့ဆက်လို့ရပြီ ပိုးဖလံ။”

...

“ဟမ်... နောက်ထပ်ကျောင်းသားတွေ ရောက်လာကြပြန်ပြီ။” ပိတ်ရက်မလို့ အနားယူမယ်ဆိုပြီး ဂစ်တာလေးတနောင်နောင်လုပ်နေတဲ့ အန်တီလေးအိုလီဗာက မက်ဒါနာသုံးခဲ့တဲ့ ကွန်တိန်နာအခန်းဟောင်းကို စိုက်ကြည့်နေလေရဲ့။

တကယ်တော့ မြို့တော်ရဲ့စွမ်းအင်ဒိုင်းကာကြီး ပွင့်သွားပြီးကတည်းက မက်ဒါနာရဲ့အခန်းဟောင်းထဲကနေပြီးတော့ နယူးယောက်ဟီးရိုးကျောင်းဝတ်စုံနဲ့ကလေးတွေ တစ်​ယောက်ပြီးတစ်ယောက် ထွက်လာနေကြတာပါ။

ဒီအတွက် အိုလီဗာအံ့ဩမိတယ်ဆိုပေမဲ့ ခဏနေတော့ အိုလီဗာရဲ့မျက်နှာပေါ်မှာ မကောင်းကြံတော့မယ့်အရိပ်အယောင်တွေပေါ်လာပြီး ဂစ်တာကိုကိုင်ကာ ကျောင်းသားတွေရှေ့မှာ ရပ်လိုက်တယ်။

“နယူးယောက်ဟီးရိုးကျောင်းက ကျောင်းသားလေးတွေကို ရွက်ပုန်းသီးအိုင်ဒေါအိုလီဗာရဲ့Dark Metal တေးသီချင်းဖျော်ဖြေပွဲကနေ ကြိုဆိုလိုက်ပါတယ်။”

ခုမှ ကျောင်းတိုက်ခိုက်ခံရရာက​နေ လွတ်မြောက်လာတဲ့ ကျောင်းသားတွေက တက်ကြွနေတဲ့ အစ်မကြီးတစ်ယောက် သူတို့ရှေ့ပေါ်လာတဲ့အတွက် စိတ်ဝင်တစားကြည့်လိုက်ကြတယ်။ ဒါပေမဲ့ သူတို့တွေဟာ ခဏနေရင်ရောက်လာတော့မယ့် အသ်လှိုင်းဘေးဆိုးကြီးကိုတော့ ကြိုတင်မခန့်မှန်းနိုင်ခဲ့ကြပါဘူး။

...

“တာလီယာ...” ယုတိုက အော်ဟစ်ပြီး ပြေးလာပါတယ်။ ရန်သူအုပ်က သိပ်ကိုအရေအတွက်များလွန်းတဲ့အတွက် S rank တွေဖြစ်တဲ့ လီဆာနဲ့မိရိုင်ရောက်

လာပြီးတာတောင်မှ ဒုတိယနှစ်ပင်မစခန်းမှာရှိနေတဲ့သူတွေက ဖိအားကြီးတစ်ခုကို ရင်ဆိုင်နေရဆဲပါ။

အခုလည်း ပိုးကောင်တစ်ကောင်က တာလီယာရဲ့ရင်ဘတ်ကို လက်တံနဲ့ထိုးစိုက်နိုင်သွားပြီ။ ယုတိုက အဲဒီပိုးကောင်ကို ရင်ဆိုင်ချင်ပေမဲ့ အင်အားအဆင့်ချင်းက ကွာခြားနေပြန်တယ်။ ဒါပေမဲ့ လီဆာက သူတို့ဒုက္ခရောက်နေတာကို သတိထားမိပြီး ချက်ချင်းလာကူပါတယ်။

ခရက်....

လီဆာက ပိုးကောင်ရဲ့လက်ကို လက်နဲ့ဆွဲဖြုတ်လိုက်ပြီး ရင်ဘတ်ကို ဆောင့်ကန်လိုက်တယ်။ အဲဲဒီနောက်တော့ သူက မိရိုင်ကိုကြည့်လိုက်ပြီး

“မိရိုင်၊ နုင့်ရဲ့နယ်မြေကို ထုတ်သုံးလိုက်တော့...”

“ဒါပေမဲ့၊ အဲဒီလိုလုပ်ရင် နင်တို့လည်းတိုက်ခိုက်လို့မရတော့ဘဲ ပိုးကောင်တွေကို သတ်လို့မရဖြစ်သွားလိမ့်မယ်။”

မိရိုင်ရဲ့နယ်​မြေစွမ်းအားက နှစ်ဖက်သွားဓားလိုပဲ။ ရန်သူတွေက သူတို့ကိုမတိုက်နိုင်တော့သလို သူတို့ကလည်း ပြန်တိုက်ဖို့မဖြစ်နိုင်တော့ဘူး။

“အဲဒါတွေ တွေးနေဖို့အချိန်မရှိဘူး၊ ဒီတစ်ယောက်သေသွားနိုင်တယ်။” လီဆာတောင်းဆိုတဲ့အတွက် မိရိုင်ကလည်း သက်ပြင်းချလိုက်ပြီး လက်နှစ်ဖက်ကိုပူးကပ်ကာ ဆုတောင်းလိုက်တယ်။ ကြယ်မှုန်လေးတွေက ဒုတိယနှစ်ပင်မစခန်းတစ်ခုလုံးကို ချက်ချင်းဖုံးအုပ်သွားပြီး ဆက်လက်ကျယ်ပြန့်လာနေတယ်။

“ပိုးကောင်တွေက အရေအတွက်များလွန်းတယ်။ ငါ့နယ်မြေက အကန့်အသတ်မဲ့စွမ်းအားရှိနေတာမဟုတ်ဘူး။ စွမ်းအားမကုန်ခင် ဒီကကျောင်းသားတွေကို တခြားနေရာပို့မှဖြစ်မယ်။”

...

ပထမနှစ်စခန်းကတော့ အများကြီးပိုပြီးအခြေအနေကောင်းတယ်။ အခုဆိုရင် ကျောင်းသားအများစုကို ရွေ့ပြောင်းလို့ပြီးသွားပြီဖြစ်ပြီး အင်အားကြီးတဲ့သူတွေပဲ ကျန်ပါတော့တယ်။

လီနာရဲ့တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေရှိနေပြီးဆက်တိုက်ပွဲဝင်ဖို့ မဖြစ်နိုင်တော့တာကြောင့် အီဗန်တစ်ယောက်တည်း လှုပ်ရှားနေရတယ်။ ဘယ်လာရဲ့ပေါင်ကနေ သွေးတွေစီးကျနေပြီး သတိလစ်နေပြီ။ ဒါကြောင့်ဂိုးလ်က ဘယ်လာကို ဆွဲပွေ့လိုက်ပြီး ပေါ်တယ်ထဲ ဝင်သွားတယ်။

“လီနာဆက်တိုက်နေရင် သားရဲအဖြစ်ပြောင်းသွားလိမ့်မယ်။ မကူညီနိုင်တဲ့အတွက် တောင်းပန်ပါတယ်။”

လီနာက အီဗန်ကို တောင်းပန်လိုက်တယ်။ အီဗန်က နားလည်တယ်ဆိုတဲ့ပုံစံနဲ့ ခေါင်းညိတ်ပြလိုက်ပြီး “နျူရေကို ဂရုစိုက်လိုက်၊ နင်တို့အားလုံးဖြတ်သွားပြီးမှ ငါပေါ်တယ်ထဲလိုက်ဝင်မယ်။”

လီနာရဲ့ရင်ခွင်ထဲမှာတော့ နျူရေရှိနေတယ်။ အီဗန်က နျူရေဆီကနေ သွေးအများကြီးယူထားတာကြောင့် လှုပ်ရှားဖို့အတွက် ခွန်အားမရှိတော့ဘူးလေ။ လီနာက နျူရေကိုခေါ်ပြီး ပေါ်တယ်ထဲဝင်သွားတယ်။

ပိုးကောင်တွေက ရှေ့တက်လာပေမဲ့ အီဗန်​ကြောင့် သေကုန်ပါတယ်။ အီဗန်က ပိုးကောင်အလောင်းပုံကြီးပေါ်မှာ ရပ်မိနေပြီးသားဖြစ်လို့ပေါ့။

“ကဲ... ငါသွားရမယ့်အချိန်ပဲ။ ကျန်တဲ့သူတွေကို ကူညီပေးချင်ပေမဲ့ ဒါက ငါလုပ်နိုင်တဲ့ အကောင်းဆုံးအ​ခြေအနေပဲ။” အီဗန်ကိုယ်တိုင်လည်း ဒီစကားနဲ့အတူပေါ်တယ်ထဲကို လိုက်ဝင်ပါတယ်။

...

“ဖီးလစ်... ဇွန်ဘီလေးကို ကာကွယ်ထား။ ငါတို့ကတခြားကျောင်းသားတွေကို ကာကွယ်မယ်။” ဖလေရာက ပြောလိုက်တယ်။

ပထမနှစ်စခန်းက ကျောင်းသားတွေ ရွှေ့ပြောင်းပြီးတဲ့နောက်တော့ တိုက်ပွဲကွင်းပြင်ထဲမှာ ဇွန်ဘီလေးပေါ်လာပြီး ပေါ်တယ်ဖွင့်ပေးပါတယ်။ အခုဆိုရင် ပိုးကောင်တွေက ဇွန်ဘီလေးကိုပါ ပစ်မှတ်ထားနေကြပြီ။ ဖီးလစ်က ခေါင်းညိတ်လိုက်ပြီး ဇွန်ဘီလေးရှေ့မှာရပ်ကာ ဇွန်ဘီလေးကို ပြုံးပြလိုက်တယ်။

“ဘာမှမကြောက်နဲ့ ညီမလေး၊ ဒီက အစ်ကိုကြီးက မင်းကိုကာကွယ်ပေးမယ်။”

သူက အကောင်းပြောလိုက်တာဆိုပေမဲ့ တိုက်ပွဲကွင်းပြင်မှာရှိနေတဲ့ တခြားကျောင်းသားတွေရဲ့သူ့အပေါ်အကြည့်က ပြောင်းလဲသွားတယ်။

“ဘာလို့ ငါ့ကိိုမင်းတို့ကောင်တွေက ကလေးကြိုက်နှာဘူးကောင်လို ကြည့်နေကြတာလဲ။” ဖီးလစ်က ပိုးကောင်တွေကို မီးတောက်တွေနဲ့ တိုက်ထုတ်လိုက်ရင်း ပြောလိုက်ပါတယ်။

“သေးသေးလေးတွေက တကယ်ပဲ ချစ်ဖို့ကောင်းတယ်လေ။ မင်းခံစားချက်တွေကို ဆရာနားလည်ပါတယ်။”

ခွန်အားတွေကုန်ခမ်းပြီး ကျောင်းသားတွေနဲ့အတူတူပေါ်တယ်ကနေ ထွက်သွားဖို့လုပ်နေတဲ့ ဆရာအီဂိုက ဖီးလစ်နားကိုကပ်ပြီးပြောလိုက်တဲ့အတွက် ဖီးလစ်က ဒေါသထွက်လာပြီး ထထိုးမိလုမတတ်ဖြစ်နေပြီ။

“ကျုပ်က ခင်ဗျားနဲ့တစ်ဂိုဏ်းတည်းမဟုတ်ဘူးဗျ၊ ညီမကြိုက်ဆရာရဲ့။”

...

ပိုးကောင်အရေအတွက်တိုးလာတာနဲ့အမျှ ပုံမှန်ဆရာတွေရဲ့လုပ်ဆောင်နိုင်တဲ့ လုပ်နိုင်စွမ်းကလည်း အကန့်အသတ်ရှိလာတယ်။ ဒါကြောင့် ဖလေရာနဲ့လင်ဒါတို့က A rank အောက်က ဆရာတွေအကုန်လုံးကို ဆုတ်မိန့်ထုတ်ထားပြီးပြီ။

“ဖလေရာ၊ ငါအပ်ထားတဲ့ ရဲဆိုင်ကယ်က မကြာခင်ပြီးတော့မှာမဟုတ်လား။ ဒီကိစ္စကြီးပြီးရင် မက်ဒါနာနဲ့အတူ တစ်မြို့လုံးဆိုင်ကယ်ပတ်စီးပစ်မယ်။”

လင်ဒါက သေနတ်နဲ့ပိုးကောင်တချို့ကို ပစ်လိုက်ပြီးအနားရောက်လာတဲ့တစ်ကောင်ကိုတော့ ခရာတေးကန်ချက်နဲ့ ဆောင့်ကန်ကာ အဝေးကိုအရောက်ပို့လိုက်တယ်။

ဖလေရာကတော့ ခြောက်ဆင့်အထိလင်းနေပြီဖြစ်တဲ့ တင်းပုတ်ရဲ့စွမ်းအားကုန်ကိုသုံးပြီး ပိုးကောင်အုပ်ကို ဖိချေပစ်လိုက်တယ်။

“နင့်မှာသာ မကောင်းတဲ့အကြံကြီးရှိမှန်းသိရင် ငါနင့်ကို ဆိုင်ကယ်လုပ်မပေးပါဘူး။” ပလာဒင်က Sheriff

ကို လက်မပြောင်းပြန်ထောင်ပြလိုက်တယ်။ လင်ဒါကလည်း အဲဒါကြောင့် စော်ကားခံရသလိုခံစားရပြီး ပလာဒင်ကို လက်ခလယ်ပြန်ထောင်ပြလိုက်ပါတယ်။

“ငါက နင့်ကိုအလကားလုပ်ခိုင်းတာမဟုတ်ဘူးနော်။ ရှိစုမဲ့စုလစာလေးတွေ အကုန်သုံးလိုက်ရတာ။”

သူတို့နှစ်​ယောက်က စကားတပြောပြောနဲ့တိုက်နေတဲ့အချိန် ဖီးလစ်က ဝင်ပြောလိုက်တယ်။ “စီနီယာတို့ တိုက်ပွဲကွင်းပြင်က ကျောင်းသားအကုန်လုံးရွှေ့ပေးပြီးပြီ။ ဘာဆက်လုပ်ရမလဲ။”

“ဒုတိယနှစ်စခန်းမှာ ကျောင်းသားတွေကျန်နေသေးတယ်ကြားတယ်။ ငါတို့က အဲဒီကိုသွားမှာ။ နင်က ပြန်လို့ရပြီ။”

ဒါပေမဲ့ ဖီးလစ်က ခေါင်းခါလိုက်ပြီး ဇွန်ဘီမလေးကိုလက်ညိုးထိုးပြလိုက်တယ်။ “စီနီယာတို့ ကျောင်းသားတွေကို ကယ်နေတဲ့အချိန် ကျွန်တော်က သူ့ကိုကာကွယ်ပေးမယ်လေ။”

“ကောင်းပြီလေ၊ နင့်သဘောပဲ ကလေးကြိုက်ကောင်လေး။” ဖလေရာက ရှေ့ကိုတက်လာပြီး ဖီးလစ်ခေါင်းက ဆံပင်တွေကို ထိုးဖွပေးလိုက်တယ်။

“.....” ဖီးလစ်ကတော့ ဖလေရာရဲ့စကားကြောင့် ဒေါသအကြီးအကျယ်ထွက်သွားပေမဲ့ ဘာမှမပြောတော့ဘူး။

...

ဘုန်း...

ကျောင်းသားတွေ ရွှေ့ပြောင်းလို့ပြီးခါနီးမှာပဲ မိုးကောင်းကင်ပေါ်ကနေ အတောင်ပံနဲ့အရာတစ်ခု ပြုတ်ကျလာတယ်။ ငွေရောင်စစ်သည်အဖြစ်ကနေ ပုံစံပြောင်းထားတဲ့ နဂါးပြာစစ်သည်ဖြစ်ပြီး ချပ်ဝတ်အစိတ်အပိုင်းတော်တော်များများက ပျက်စီးနေပါတယ်။

အမြင့်ကြီးနေ ပြုတ်ကျလာခဲ့တာဖြစ်ပြီး အတောင်ပံတစ်ဖက်ပဲ အကောင်းအတိုင်းရှိတော့တာမလို့ သူ့ကိုယ်သူမထိန်းချုပ်နိုင်ခဲ့ဘဲ ပြုတ်ကျလာချိန် ကျောင်းကွင်းပြင်မှာ ဧရာမတွင်းနက်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။

တစ်ဖက်မှာတော့ လူပုံစံပြန်ပြောင်းထားတဲ့ ဆာဂီဖစ်က သာသာလေးဆင်းသက်လိုက်တယ်။ “ဒါက မင်းရဲ့စွမ်းအားအကုန်ပဲဆိုရင်တော့ နောက်နေ့နေထွက်တာကို မြင်ရတော့မှာမဟုတ်ဘူးနော်၊ Silver Knight။”

All Chapters