← Chapters

ထိပ်ဆုံးလူ ငါးဆယ်စာရင်းသို့

Vol. 008 Ch. 782

ထိပ်ဆုံးလူ ငါးဆယ်စာရင်းသို့

Vol. 008 Ch. 782

“ကျုပ်က တော်ဝင် အလင်းနန်းတော်က ဝမ်ချိန်ကို စိန်ခေါ်တယ်…” ရီဝူချင်း၏ အသံကို ကြားသည်တွင် လူအများအပြားက အံ့အားသင့်ရသည်။ မြေရိုင်းပြည်နယ်မှ တပည့်များကား အမှန်ပင် ရဲတင်းလှသည်။

ပြည်နယ်ရှစ်ခုမှ တော်ဝင်မြေများ အားလုံး မြေရိုင်းပြည်နယ်ကို အထင်သေးကြသည်။ ထို့ကြောင့် သူတို့အား စိန်ခေါ်သူ မည်သည့် တော်ဝင်မြေမဆို သူတို့က ပြန်လည် စိန်ခေါ် တိုက်ခိုက်ကြသည်။ သည်ကဲ့သို့ သတ္တိနှင့် ရဲတင်းမှုကား လေးစားဖွယ် ကောင်း၏။ သူတို့က မည်သူ့ကိုမှ မကြောက်ရွံ့ဟူသော သဘောကို မြင်ရသည်။

ယခု အဖြူရောင် ဝတ်စုံဝတ်လူငယ်က စင်မြင့်ထက်တွင် ထီးထီးတည်း ရပ်နေသည်တွင် အမျိုးအမည် မသိရသော ဝမ်းနည်းဖွယ် အငွေ့အသက် တစ်ခုအား ခံစားကြရသည်။ သူတို့ကား နောက်ဆုံးလူ စာရင်းတစ်ရာသို့ အရေအတွက် အများဆုံး တက်ရောက် လာကြသော်လည်း မြေရိုင်းပြည်နယ်မှ ဖြစ်သည်ဟူသော အကြောင်းပြချက်မျှဖြင့် ကြီးမားသော ဖိအားကို ခံစားကြရသည်။ အကယ်၍ သူတို့ကသာ တခြားပြည်နယ်များမှ ဖြစ်ပါက ကွဲပြား ခြားနားသော အမြင်တစ်ခုအား သူတို့ ပိုင်ဆိုင်ခဲ့ရပေမည်။

ဝမ်ချိန်က ရီဝူချင်းထံကို လျှောက်လာကာ မျက်နှာချင်း ဆိုင်သည်။ သူ၏ခန္ဓာကိုယ်တွင် ငွေရောင် အလင်းဓာတ်များ စီးဆင်းနေ၏။ သူ့မျက်လုံးများ ကလည်း အလွန်အမင်း စူးရှသည်။ သူက ကျိဟွားနှင့် မနှိုင်းယှဉ် နိုင်သော်လည်း သူကလည်း အလင်းဓာတ်အား နားလည် ဆင်ခြင်နိုင်စွမ်းသော ပါရမီရှင် တစ်ယောက်ဖြစ်ရာ အလွန် အားကောင်းပေသည်။

မြေရိုင်းပြည်နယ်၏ တပည့်ရီဝူချင်းက ကျောက်မဟာ ပြည်ထောင်ကို ပြန်လည် တိုက်ခိုက်သလို တော်ဝင်အလင်း နန်းတော်ကို ပြန်လည်တိုက်ခိုက်တော့မည်ဟု ထင်ရသည်။

တော်ဝင်အလင်း နန်းတော်တွင် တပည့် အနည်းငယ်မျှသာ ရှိကာ ဤအဆင့်အထိ တက်လာသော သူများကလည်း သူတို့၏ပင်မ တပည့်များ ဖြစ်ကြသည်။ စုချွဲ အနိုင်ယူခဲ့သော တပည့်ကလည်း အလွန် အားကောင်းကာ နောက်ဆုံး အယောက်တစ်ရာ စာရင်းသို့ ဝင်နိုင်ချေ ရှိခဲ့သော်လည်း ကံမကောင်းစွာပင် သူက အမှောင်ဓာတ်တွင် အားကောင်းသော စုချွဲအား မှားယွင်း စိန်ခေါ်မိခဲ့သည်။

“မြေရိုင်းပြည်နယ်က ရီဝူချင်း … တွေ့ရတာ ဝမ်းသာပါတယ်…” ရီဝူချင်းက ပြောသည်။

“တော်ဝင်အလင်း နန်းတော်က ဝမ်ချိန်…” ဝမ်ချိန်က ပြောသည်။ သူ၏ခန္ဓာကိုယ်မှ အလင်းဓာတ်များ ဖြာထွက်လာကာ မျက်လုံးကလည်း အလွန်အမင်း စူးရှသွားပြီး အလင်းရောင်များ ပြိုးပြိုးပြက်ပြက် လင်းလက်လာကာ ရီဝူချင်း၏ မျက်လုံးသို့ တိုးဝင်သွားသည်။

အလင်းတန်းက ရီဝူချင်း၏ မျက်လုံးကို တိုးဝင်လာရာ ရီဝူချင်းက မျက်လုံးကို မှိတ်လိုက်ရသည်။ သူ၏နဖူးမှ တတိယမျက်လုံး တစ်လုံး ထွက်ပေါ် လာဟန်ရကာ ဓားတစ်လက်က စူးရှသော အလင်းတန်းအား ဖြတ်တောက်သွားပြီး ဝမ်ချိန်ထံသို့ ဆက်လက် တိုးဝင်သွားသည်။

ဝမ်ချိန်က တစ်ဖက်လူထံကို စတင် တိုက်ခိုက် လိုက်သည်နှင့်ပင် တစ်ဖက်လူ၏ ပြန်လည် တိုက်ခိုက်လိုက်သော ဓားအသိက သူ့အား ပြန်လည်၍​ ခြိမ်းခြောက်လာကာ သူ့အား တစ်ကိုယ်လုံး ဓားများဖြင့် ဖြတ်တောက်တော့မည် ကဲ့သို့ ခံစားလိုက်ရသည်။

“ပုံရိပ်ယောင်ဓား… စိတ်ဝိညာဉ်ကိုယ်ပွား…” ဝမ်ချိန်၏ မျက်လုံးများက အလွန်အမင်း စူးရှသွားသည်။ ရီဝူချင်းထံမှ အန္တရာယ်၏ အငွေ့အသက်ကို သူရသည်။ အာရုံကို စုစည်းကာ သူက ရီဝူချင်းထံသို့ အလင်းဓားတစ်ချက် ထုတ်လွှတ်လိုက်သည်။ ရီဝူချင်းကလည်း လှုပ်ရှားလိုက်သည်။ ကြောက်မက်ဖွယ် ဓားစွမ်းအင် မုန်တိုင်းတစ်ခု ချက်ချင်း ဖြစ်ပေါ်လာကာ သူကလက်ညှိုးကို ရှေ့သို့ ညွှန်လိုက်သည်။ ဓားမုန်တိုင်းက လေဟာနယ်ကို ရိုက်ခတ်လျက်ပင် တစ်ဖက်လူ၏ အလင်းဓားအား ပယ်ဖျက် သွားစေသည်။

ပုံရိပ်ယောင်များ တဖျတ်ဖျတ် လင်းလက်သွားကာ ကွယ်ပျောက် သွားကြသည်။ လက်တစ်ဖက်ပြတ် ဓားသမားကလည်း မူလနေရာမှ ပျောက်ကွယ် သွား၏။ ဝမ်ချိန်က အပေါ်ကို မော့ကြည့်သည်တွင် ရီဝူချင်းက ကောင်းကင် တစ်နေရာ၌ ပေါ်လာသည်ကို မြင်ရသည်။ စိတ်ဝိညာဉ် ဓားချက်တစ်ချက်က ဝမ်ချိန်၏ ခေါင်းထဲကို တိုးဝင်လာသည်တွင် သူကလည်း သူ့စိတ်စွမ်းအားကို ခွဲဖြာ၍ တစ်ဖက် အားလှိုင်းများအား ခုခံရသည်။ သူ၏မျက်လုံးများက မှိုင်းညို့သွားကာ ထိုအခိုက်တွင် လက်တစ်ဖက်ပြတ် ဓားသမားများစွာက လေထဲ၌ ပေါ်လာသည်။ ထိုပုံရိပ်များ အားလုံးက ရီဝူချင်းများ ဖြစ်ကြသည်။

လက်တစ်ဖက်ပြတ် ဓားသမားများ အားလုံးက လက်ကို ဆန့်တန်း လိုက်ကြသည်။ ချက်ချင်းပင် အဆုံးအစမဲ့သော ဓားအရောင်အဝါတစ်ခု ဖြစ်တည်လာသည်။ ကြောက်မက်ဖွယ် ဓားအားလှိုင်းက ကြီးမားသော ဖိအားနှင့်အတူ ဝမ်ချိန်ထံသို့ ဆင်းသက် လာသည်တွင် ဝမ်ချိန်ကား ပုံရိပ်ယောင် အစစ်အမှန်ကို ရှာဖွေနိုင်စွမ်း မဲ့ရသည်။ ပုံရိပ်ယောင် တစ်ခုစီက ရီဝူချင်း အစစ်အမှန် ဖြစ်နေဟန်ရသည်။

အားလှိုင်းများက ကြောက်မက်ဖွယ် ဓားများအဖြစ် ပြောင်းလဲသွားကာ တစ်ချက်ပြီး တစ်ချက် ကျဆင်း လာကြသည်။ ဝမ်ချိန်၏အမူအရာက​ လေးနက်သွားကာ အလင်းဓာတ်များက တစ်ကိုယ်လုံး စီးဆင်း လာကြသည်။ ထို့နောက် သူက လေထဲကို လက်ညှိုးထိုး လိုက်သည်တွင် ဓားအလင်းများက သူ့ရှေ့ လေဟာနယ်ထဲသို့ တိုးဝင် သွားသည်။

ဝမ်ရှင်း၏ မျက်လုံးများက သူ့ရှေ့မှ လေထုကို စူးစူးနစ်နစ် ကြည့်နေသည်။ ရုတ်တရက် သူက အလွန်ကြီးမားသော အန္တရာယ် အငွေ့အသက် တစ်ခုအား ခံစားလိုက်ရကာ ဆံပင်မွေးများပင် ထောင်တက် သွားသည်ဟု ခံစားလိုက်ရ … နောက်ကျောက အေးစိမ့်သွားသည်။ မျက်နှာက ပြာနှမ်းသွားပြီး သူက လုံးဝ မလှုပ်ရဲပေ။

ရီဝူချင်း၏ပုံရိပ်က သူ့ရှေ့တွင် ပေါ်လာသလို သူ့နောက်တွင်လည်း ရှိနေသည်။ လေထဲတွင် တခြား ရီဝူချင်း၏ပုံရိပ်များလည်း ရှိနေသည်။ သူကား နေရာတိုင်းတွင် ရှိနေ၏။

သို့သော် မည်သည့်ပုံရိပ်က အတုဖြစ်ပြီး မည်သည့်ပုံရိပ်က အစစ်ဖြစ်သနည်း။ သူက ခန့်မှန်းနိုင်စွမ်း မရှိရာ မလှုပ်ရဲပေ။ ထိုအခိုက်တွင်ပင် သူ၏လည်ပင်းကို လာထောက်သော အေးစက်စက် ခံစားချက် တစ်ခုကို ရသည်တွင် သူက အော်ဟစ်လိုက်သည်.. “ကျုပ် အရှုံးပေးတယ်…” သူ၏လည်ပင်ကား သွေးစို့နေပြီ ဖြစ်သည်။ ဓားကား အေးစက်၏။

ပုံရိပ်ယောင်များ ပျောက်ကွယ် သွားသည်။ ရီဝူချင်းကား အမှန် တကယ်အားဖြင့် သူ့ရှေ့တွင်ပင် တိတ်ဆိတ်စွာ ရပ်ကာ သူ့လည်ပင်းကို ဓားဖြင့် ထောက်ထားသည်။

“မင်းက ငါ့ကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ပြုလုပ်ပြီးတော့ အာရုံကို ထွေပြားအောင် လုပ်တယ်… ဒါကြောင့် ငါ့စိတ်စွမ်းအားက အတုနဲ့အစစ်ကို ခွဲနိုင်စွမ်း ကင်းမဲ့ခဲ့တယ်…” ဝမ်ချိန်က ပြောသည်။ ပုံရိပ်ယောင် ဓားသိုင်းဖြင့် ရင်ဆိုင်ရာတွင် သူကား တစ်ဖက်လူအား အတုနှင့်အစစ် မခွဲခြားနိုင်ခြင်းက အနိုင်အရှုံးကို ဆုံးဖြတ်ပေသည်။

သူ၏လည်ပင်းမှ ဓားက အငွေ့များအဖြစ် ပြောင်းလဲ ပျောက်ကွယ် သွားသည်။ ရီဝူချင်းက သူ့အား ဘာမှ မပြောတော့ဘဲ သူ၏နေရာသို့ ပြန်သွားခဲ့သည်။

ဝမ်ချိန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်ကာ သူ၏နေရာသို့ ပြန်သွားသည်။ သူက မြေရိုင်းပြည်နယ်မှ တစ်ယောက်ကို ရှုံးနိမ့်ခဲ့ရ၏။

ဧည့်ကြည့်စင်မှ လူများက သူ့နေရာကို ပြန်ရောက်သွားပြီ ဖြစ်သော လက်တစ်ဖက်ပြတ် ဓားသမားအား လှမ်းကြည့်ကြသည်။ သူနှင့် စုချွဲတို့ နှစ်ယောက်လုံးက ဓားပညာတွင် ထူးချွန်ကြသည်။ သို့သော်လည်း သူတို့၏ ဓားပညာများက ကွဲပြား ခြားနားပေသည်။ သို့သော်လည်း သူတို့ နှစ်ယောက်လုံး၏ ဓားပညာများက အလွန် အန္တရာယ်များပေသည်။

မြေရိုင်းပြည်နယ်က လေးပွဲနိုင်ကာ နှစ်ပွဲရှုံးသည်။ ယူချင်းကား အားကောင်းဆုံးဖြစ်ကာ မတိုက်ခိုက် ရသေးပေ။ မြေရိုင်းပြည်နယ်မှ လူငါးယောက်က လက်ကျန် ငါးဆယ်စာရင်းသို့ ဝင်နိုင်ခြင်းက အံ့အားသင့်စရာ မဟုတ်တော့ပေ။

ရီဝူချင်း ပြီးသွားသည်နှင့်ပင် ယူချင်းက ရှေ့ကို တက်လာပြီး တော်ဝင် အလင်းနန်းတော်ကို ကြည့်သည်။

လူအများအပြား၏ မျက်လုံးများက တစ်ဖန် အေးခဲသွားကြပြန်သည်။ ဤသို့ ဖြစ်နိုင်ဖွယ် ရှိသည်ကို သိကြသော်လည်း တကယ်တမ်း ဖြစ်လာသောအခါ သူတို့အားလုံးက တည်ငြိမ်နိုင်ခြင်း မရှိကြပေ။ ရီဝူချင်းက တော်ဝင် အလင်းနန်းတော်မှ တပည့် တစ်ယောက်အား အနိုင်ယူပြီးသည့်တိုင် ယူချင်းက ရှေ့ကို တက်လာကာ တော်ဝင် အလင်းနန်းတော်မှ နောက်တစ်ယောက်အား စိန်ခေါ်သည်။

တော်ဝင်အလင်း နန်းတော်ကလည်း ကျောက်မဟာ ပြည်ထောင်ကဲ့သို့ အဖြစ်ဆိုးဖြင့် ကြုံရတော့မည်လား။

ယူချင်းနှင့် တော်ဝင် အလင်းနန်းတော်မှ တပည့်တို့ ရင်ဆိုင်မိသည်တွင် ယူချင်း၏ခန္ဓာကိုယ်ကို နက်ရွှေရောင် အငွေ့အသက်များ ယှက်သန်းလာသည်။

တစ်ဖက်လူက အန္တရာယ် အငွေ့အသက် ကြီးမားပြင်းထန်သော အလင်းဓားဖြင့် စတင် တိုက်ခိုက်သည်။ သို့သော်လည်း ယခင်ကဲ့သို့ပင် သူ၏အလင်းဓာတ်က ယူချင်းအား မည်သို့မှ​ထိခိုက်နိုင်စွမ်း မရှိဘဲ​ ဝါးမျိုခြင်းကို ခံရသည်။

“သူ့ကို ဘယ်သူမှ မထိနိုင်သေးဘူး…” လူအများအပြားက တုန်လှုပ်ကြရသည်။ ကျိဟွား တစ်ယောက်သာ ယူချင်းကို ယှဉ်နိုင် လောက်ပေသည်။

ဘုန်း… အက်ကွဲသော အသံတစ်ခုနှင့်အတူ ယူချင်းက ရှေ့ကို ခုန်တက်သွားသည်။ သို့သော် တစ်ဖက်လူက အသက်ရှူမှားဖွယ် အမြန်နှုန်းဖြင့် အလင်းတန်းအလား နောက်ဆုတ် သွားသည်။

ယူချင်း၏ အမူအရာကား အေးစက်နေသည်။ အလင်းတန်းနှစ်ခု သူ၏ခန္ဓာကိုယ်ကို စီးဆင်းသွားကာ ချက်ချင်းပင် တစ်ဖက်လူထံသို့ ပိုမိုမြန်ဆန်သော နှုန်းဖြင့် ပြေးဝင်သွားသည်။

တစ်ဖက်လူကား ယူချင်းနှင့် ရင်ဆိုင်လိုဟန် မရှိဘဲ နောက်ကို ဆုတ်ပြေးနေသည်။ ယူချင်းကား အလွန်အားသန်ကာ ကြောက်မက်ဖွယ် ကောင်းသည်။ သူ၏ရိုက်ချက်ကို ခုခံရပါက သူက မည်သို့ အဆုံးသတ်မည်ကို မသိနိုင်ပေ။

ထိုအခိုက်တွင် ယူချင်းက လေထဲကို လက်ဖြင့် လှမ်းရိုက်လိုက်သည်။ သူ၏လက်တွင် နက်ရွှေရောင် အငွေ့အသက်များ စုစည်းလာကာ တစ်ဖက်လူထံသို့ ပိုမိုမြန်ဆန်စွာ တိုးကပ်သွားသည်။ ဧရာမလက်ဝါး ပုံရိပ်ကြီးက လေထဲကို ဖြတ်သန်းသွားကာ တစ်ဖက်လူရှိရာ လောဟာနယ်ကို အုပ်မိုးသွား၏။ တော်ဝင်အလင်း နန်းတော် တပည့်ကလည်း လက်ဝါးများကို အလင်းတန်းများဖြင့် ဖြတ်တောက်ကာ မြန်ဆန်စွာ ရှောင်တိမ်းသည်။

ထိုအချိန် အခိုက်အတန့်တွင်ပင် ယူချင်း၏ခန္ဓာကိုယ်က တစ်ဖက်လူ၏ ရှေ့ကို ရောက်လာပြီး နတ်ဘုရား တစ်ပါးအလား လက်ဝါးဖြင့် ရိုက်လိုက်သည်။ တစ်ဖက်လူ၏ မျက်နှာကလည်း ပြာနှမ်းသွားကာ လက်ဝါးကို ရင်ဆိုင် ခုခံရတော့သည်။

ဘုန်း…

ရွှေရောင်အလင်း အပိုင်းအစများ လေထဲ ပျံ့နှံ့သွားသည်။ တော်ဝင်အလင်း နန်းတော်တပည့်၏ ခန္ဓာကိုယ်က နောက်ကို အလွန့်အလွန် ဝေးကွာသွားအောင် လွင့်စဉ်သွားကာ မြေပြင်ပေါ်ကို ပြင်းထန်စွာ ကျပြီး ပါးစပ်မှ ​သွေးများ ယိုစီးကျ၏။

ဘုန်း..

ယူချင်း၏ ခန္ဓာကိုယ်က မြေပြင်ပေါ်ကို ပြန်လည် ကျဆင်းလာကာ စင်မြင့်အား တုန်ခါစေသည်။ လူအများအပြားက သူ့အား ကြည့်ကာ ဆွံ့အရသည်။

အပြတ်အသတ် အနိုင်ယူခြင်း။ ကျိဟွားကဲ့သို့ပင် သူ့အား မည်သူကမှ ရင်ဆိုင်နိုင်စွမ်း မရှိသေး။

တော်ဝင်အလင်း နန်းတော်မှလူများ အုပ်စုထဲတွင် ကျိဟွား၏ အမူအရာက ထက်ရှသွားသည်။ သူ့ထံမှ​ ပြင်းထန်သော၊ တိုက်ခိုက်လိုသော အငွေ့အသက်များ ထွက်လာသည်။ မြေရိုင်းပြည်နယ် တပည့်ယူချင်းက အဆုံးသတ်၌ သူ့ရှေ့တွင် ရပ်နိုင်ရန် သူမျှော်လင့်သည်။

“ဒါက တစ်ခုခုတော့ တစ်ခုခုပဲ…” လူအများအပြားက ရေရွတ်မိကြသည်။ ယူချင်းကား ထိပ်သီး ဆယ်နေရာ စာရင်းသို့ ဝင်နိုင်ပေသည်။ များစွာသော တော်ဝင်မြေများ၏ ထိပ်သီးတပည့်များက သူ့အား ယှဉ်နိုင်မည် မဟုတ်ပေ။ အကောင်းဆုံးများထဲမှ အကောင်းဆုံးများသာ သူနှင့် တိုက်ခိုက်နိုင်စွမ်း ရှိလောက်ပေသည်။

“သုံးပွဲ… တော်ဝင် အလင်းနန်းတော်က တစ်ပွဲနိုင်ပြီး နှစ်ပွဲရှုံးတယ်…” တစ်ယောက်က ပြောသည်။ မြေရိုင်းပြည်နယ်ကား တော်ဝင်အလင်း နန်းတော်နှင့် ယှဉ်ပြိုင်ရသည့်တိုင် အသာစီး ရယူထားနိုင်၏။ သူတို့ကား ကိုယ်ပိုင်စွမ်းရည်ဖြင့် သည်အဆင့်အထိ ရောက်လာရာ လေးစားမှုကို ရသင့်ပေသည်။

ယူချင်းက သူ၏နေရာကို ပြန်ရောက်သွားသည်။ ယခုကား မြေရိုင်းပြည်နယ်မှ ငါးယောက်က ထိပ်သီး ငါးဆယ်စာရင်းသို့ ဝင်နိုင်ခဲ့ပြီ ဖြစ်သည်။

***

All Chapters