ယင်ထျန်းရှ၏ဘဝနောက်ဆုံးတိုက်ပွဲ
Vol. 87 Ch. 1214
အခန်း (၁၂၁၄) ယင်ထျန်းရှ၏ဘဝနောက်ဆုံးတိုက်ပွဲ
ယိုးမင်ဂမ္ဘီရစက်ဝန်း ရုတ်တရက် လှုပ်ရှားသွားခြင်းကြောင့် ရန်ကျောက်ကဲ အနည်းငယ် အံ့အားသင့်သွားရသည်။
ကံကောင်းသည်မှာ ယိုးမင်ဂမ္ဘီရစက်ဝန်းအပေါ် သူ၏ထိန်းချုပ်နိုင်စွမ်းက တစ်နေ့တခြား တိုးတက်လာခြင်း ဖြစ်၏။
ရန်ကျောက်ကဲ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကိုအသုံးပြုပြီး စိတ်အာရုံစူးစိုက်ကာ ယိုးမင်ဂမ္ဘီရစက်ဝန်း၏တုန်ခါမှုနှင့် စွမ်းအားလှိုင်းလုံးများကို ဖုံးကွယ်တားဆီးထားလိုက်သည်။
ထိုခဏတွင် အနက်ရောင်သံမဏိစက်ဝန်းကြီးထက်မှ အမြောင်းပေါက် (၁၁)ပေါက်က လုံးဝ မှောင်မိုက်သွားသည်။ နောက်ဆုံးကျန်ရှိသော အမြောင်းပေါက်တစ်ခုတည်းတွင်သာ မြူခိုးပမာ အလင်းရောင်သဲ့သဲ့ ထွက်ပေါ်လျှက် ရှိ၏။
ထိုအလင်းရောင်က တောက်ပခြင်းမရှိသလို မှိန်ဖျော့ခြင်းလည်းမရှိသည့်တိုင် ထင်ယောင်ထင်မှားနှင့် ပရမ်းပတာ အခြေအနေတွင် တည်ရှိနေသည်။
ယိုးမင်ဂမ္ဘီရစက်ဝန်းနှင့် တစ်ခါမှ ဤသို့နှယ် မချိတ်ဆက်ခဲ့ဖူးကြောင်း ရန်ကျောက်ကဲ ခံစားလိုက်မိသည်။
ထို့နောက် ယိုးမင်ဂမ္ဘီရစက်ဝန်း၏ ပြိုင်ဘက်ကင်းအဆုံးမဲ့တန်ခိုးစွမ်းအားက ရန်ကျောက်ကဲနှင့် ဆက်နွယ်သွားပြီး သူ၏စိတ်အာရုံထဲတွင် မြင်ကွင်းပေါင်းများစွာ ထွက်ပေါ်လာသည်။
ထိုခဏတွင် သူ၏စိတ်အစဉ်က ထိုမြင်ကွင်းများနှင့်အတူ အချိန်ရေစီးကြောင်အတွင်း ကျဆင်းသွားသည့်အလား ခံစားလိုက်ရ၏။
ရန်ကျောက်ကဲ သူ့ကိုယ်သူတည်ငြိမ်စေရန် အကောင်းဆုံး ကြိုးစားလိုက်ပြီး မြင်ကွင်းများထဲမှ ခုန်ထွက်ကာ ၊ ထိုမြင်ကွင်းအားလုံးကို အပြင်လူတစ်ယောက်အဖြစ် ကြည့်မြင်နိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်သည်။
သို့မှသာ ရန်ကျောက်ကဲအနေဖြင့် လက်တွေ့ကမ္ဘာတွင်ဖြစ်ပျက်နေသည့် အကြောင်းအရာများကိုလည်း အာရုံစိုက်နိုင်မည် မဟုတ်ပါလား။
လက်ရှိအချိန်ကာလတွင် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်းများက မီးလျှံထက်ယံအရှင်သခင်ကို ဖမ်းဆီးရန် ဤနေရာတွင် စုရုံးနေကြခြင်းဖြစ်လေရာ ၊ မျှော်လင့်ထားသည့်အတိုင်းပင် ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် အမတခုံရုံးကျင့်ကြံသူများကြား တိုက်ပွဲက အမတခုံရုံးမှ အခြားသောကျင့်ကြံသူများကို ဤနေရာသို့ ရောက်ရှိလာစေရန် ဆွဲဆောင်ခဲ့သည်။
ယခု ရောက်ရှိလာသော အမတခုံရုံးမှတန်ခိုးစွမ်းအားရှင်မှာ နက်ရှိုင်းနတ်ဘုရားအဆင့်ရှိသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ထိုသူထံမှထွက်ပေါ်နေသော စွမ်းအားရောင်ဝါက အလွန်ကြီးကျယ်ခမ်းနားသလို ကျယ်ပြန့်လွန်းလေရာ “အလင်းပျံသန်းနတ်ဘုရားကျမ်းစာ” ကို ကျင့်ကြံထားသော အမတခုံရုံးဧကရာဇ်ထက်ပင် တန်ခိုးစွမ်းအားကြီးမားကြောင်း ပြသနေသည်။
ထို ကျင့်ကြံသူရောက်ရှိလာသည်ကိုမြင်တော့ ဗုဒ္ဓဘာသာဘက်မှ လော်ဟန့်ကိုယ်တော်က...
“အော်မီတော်ဖော်...”
ဟု ထပ်မံရွတ်ဆိုလိုက်ပြီး ရန်သူများကို အပြင်းအထန်ထိုးနှက်တိုက်ခိုက်ကာ အခြားသောဗုဒ္ဓဘာသာကျင့်ကြံသူများကို ပြန်လည်ဆုတ်ခွာခိုင်းလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ ဆက်လက်တိုက်ခိုက်မည်ဆိုပါက အမတခုံရုံးမှ အခြားသောကျင့်ကြံသူများ ပိုမိုများပြားစွာ ရောက်ရှိလာမည် ဖြစ်သောကြောင့်ပင်။
သို့သော် အမတခုံရုံး ကျင့်ကြံသူများကလည်း ဗုဒ္ဓဘာသာဘက်မှရန်သူများကို ဤအတိုင်းလွှတ်ပေးရန် ဆန္ဒမရှိလှပေ။
“အလင်းပျံသန်းနတ်ဘုရားကျမ်းစာ” တွင် အချိန်နှင့် ဗလာနယ်အပြောင်းအလဲနှင့်ပတ်သက်သော ထူးခြားသည့်အသိပညာရပ်များ ပါဝင်သည်။
ထို့ကြောင့် ထို အမတခုံရုံးဧကရာဇ်က ဗုဒ္ဓဘာသာကျင့်ကြံသူများထက် ပိုမိုလျှင်မြန်သည်ဖြစ်ရာသူက ရန်သူများကို ချက်ချင်းပင်အမီလိုက်ကာ တားဆီးလိုက်၏။
ထိုအချိန်...
အဝေးတစ်နေရာမှ မှိန်ဖျော့သောရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
ထိုအလင်းရောင်က ဖုန်မှုန့်ကဲ့သို့ မှုန်မှိုင်းလျှက် ရှိသော်လည်း တစ်ခဏအတွင်း စကြာဝဠာတစ်ခုလုံး ပြည့်နက်သွားသည့် တောင်မြင့်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုတောင်မြင့်ကြီးက နှင်းဆီငှက်ပုတီးအနားသို့ ချဉ်းကပ်လာ၏။
ထိုတောင်မြင့်ကြီးနှင့်ရင်ဆိုင်လိုက်ရသည်နှင့် မီးပင်လယ်ကိုဖန်ဆင်းထားသော နှင်းဆီငှက်ပုတီး၏ခန္ဓာကိုယ်က ရုတ်ချည်းနှေးကွေးသွားပြီး အောက်သို့ကျဆင်းသွားသည်။
ထို့နောက်သူက စူးရဲသည့်မျက်ဝန်းများဖြင့် လော်ဟန့်ကိုယ်တော်မှ အသွင်ပြောင်းထားသော ဆင်သားရဲစစ်သည်တော်ကို တစ်ချက်ကြည့်လိုက်ပြီး အရှိန်အဟုန်ဖြင့် ပျံသန်းသွားသည်။
ထပ်မံရောက်ရှိလာသော အမတခုံရုံးမှ အခြားဧကရာဇ်သည်ပင် ထိုတောင်မြင့်ကြီးအား တားဆီးနိုင်ခြင်း မရှိပေ။
“ဗုဒ္ဓဘာသာဘက်က သူတို့ကိုအားဖြည့်ပေးမယ့် တခြားတန်ခိုးစွမ်းအားရှင်တစ်ယောက်ရှိနေသေးတာပဲ”
ရန်ကျောက်ကဲ အခြေအနေကို သဘောပေါက်သွားသည်။
“ဒါပေမဲ့ သူတို့အအတွက် အကောင်းဆုံးက ပြန်ဆုတ်တာပဲ ၊ တန်ပြန်တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ အမတခုံရုံးက တန်ခိုးစွမ်းအားရှင်တွေက အရေအတွက် အရမ်းများတယ် ၊ ဗုဒ္ဓဘာသာကျင့်ကြံသူတွေသာ ဆက်ပြီးတိုက်ခိုက်လို့ တိုက်ပွဲထဲနစ်မြုပ်သွားမယ်ဆိုရင် သူတို့အတွက် ပြန်ထွက်ဖို့ အရမ်းနောက်ကျသွားနိုင်တယ်”
အတွေးနှင့်အတူ ရန်ကျောက်ကဲက ဗုဒ္ဓအလင်းတန်းဆီတစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အခြားတစ်ဖက်ဆီသို့ ပြန်လည်အာရုံစူးစိုက်လိုက်သည်။
ထိုနေရာတွင် မိန်းမပျိုတစ်ယောက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
သူမက ခံစားချက်ကင်းမဲ့သောမျက်ဝန်းများကိုပိုင်ဆိုင်ပြီး အသက် (၃၀)အရွယ်ခန့် ရှိလေသည်။
“ရွှီမီကျန့် ... ကျင်းကန်းသွမ့် ... မင်းတို့နှစ်ယောက် သတ္တိကောင်းကောင်းနဲ့ ဒီနေရာကိုရောက်လာတာ ၊ ဘာလို့အခုမှ ပြန်ပြေးချင်နေရတာလဲ”
မိန်းမပျိုက တည်ငြိမ်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။
“အော်မီတော်ဖော်...”
အဝေးတစ်နေရာမှ ဘုရားစာရွတ်ဆိုသံ ပျံ့လွင့်ထွက်ပေါ်လာသည်။
“နှင်းပွင့်ဧကရီ... မင်းတို့တွေ တစ်ခုခု ကြီးကြီးမားမား ကြံစည်နေတယ်သတင်းကြားလို့ ငါတို့တွေ လာကြည့်ကြတာ ၊ ဒါပေမဲ့ မင်းတို့ဘက်က ငါတို့ကို မကြိုဆိုဘူးဆိုမှတော့ ပြန်တာအကောင်းဆုံးပဲ မဟုတ်ဘူးလား”
မိန်းမပျိုက...
“ဗုဒ္ဓဘာသာဘက်က သူခိုးနှစ်ကောင်က အတော် အပြောင်းအလဲမြန်တာပဲ”
ပြောပြီးသည်နှင့် မိန်းမပျိုက အခြားသော အမတခုံရုံး ကျင့်ကြံသူများရှေ့သို့ရောက်ရှိလာသည်။
“နှင်းပွင့်ဧကရီ” ဆိုသော မိန်းမပျိုကို ရန်ကျောက်ကဲလှမ်းကြည့်လိုက်မိသော်လည်း သူ၏စိတ်အစဉ်က တည်ငြိမ်နေဆဲပင်။
သို့သော် ယိုးမင်ဂမ္ဘီရစက်ဝန်းက ပိုမိုပြင်းထန်စွာ လှုပ်ရှားလာသည်ကို အာရုံခံလိုက်မိသည်။
တစ်ချိန်တည်းမှာပင် ယိုးမင်ဂမ္ဘီရစက်ဝန်းက အတိတ်ဆီမှ မြင်ကွင်းများစွာကို ရန်ကျောက်ကဲ၏ ဦးနှောက်မှတ်ဉာဏ်အတွင်းသို့ လျှင်မြန်စွာ လွှဲပြောင်းပေးပို့လာသည်။
ထိုအတိတ်ပုံရိပ်များထဲတွင် နှင်းပွင့်ဧကရီ၏ပုံရိပ်ကို ရန်ကျောက်ကဲ ရှင်းလင်းစွာ တွေ့မြင်နေရသည်။
ထိုမိန်းမပျို၏မျက်နှာက ရေကဲ့သို့တည်ငြိမ်နေပြီး မျက်ဝန်းများက သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နက်နေသည်။
သို့သော် အနည်းငယ် စိတ်တိုဒေါသထွက်နေဟန် ရှိသည်ပင်။
အဘယ်ကြောင့်ဆိုသော် သူမက နက်ရှိုင်းနတ်ဘုရားတစ်ပါး ဖြစ်သည့်တိုင် သူမရှေ့မှ အစစ်အမှန်နတ်ဘုရားကို အနိုင်မယူနိုင်သောကြောင့် ဖြစ်၏။
သူမသာ ‘သမ္မာတရားကပ်ဘေး’ ကို ဖြတ်ကျော်ထားနိုင်ခြင်း မရှိပါက ရန်သူ၏ အမတချီစွမ်းအားက သူမကို ထိခိုက်စေမည်ဖြစ်သည်။ သို့ဆိုလျှင် အစောကြီးကတည်းက သူမ ရှုံးနိမ့်သွားလောက်ပေပြီ။
ယခု သူမအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ရန် လုံးဝ မလိုအပ်သဖြင့် ရန်သူကို ရင်ဆိုင်နိုင်နေခြင်း ဖြစ်သည်။
နှင်းပွင့်ဧကရီ၏ တိုက်ကွက်များကိုကြည့်ရင်း ရန်ကျောက်ကဲစိတ်ထဲ ခံစားချက်မျိုးစုံ ခံစားလာရသည်။ ထို့နောက် သူက နှင့်ပွင့်ဧကရီနှင့် ရင်ဆိုင်တိုက်ခိုက်နေသူအား စူးစိုက်ကြည့်လိုက်၏။
ရန်ကျောက်ကဲ၏ စိတ်အာရုံထဲတွင် သက်ဝင်လှုပ်ရှားနေသည်မှာ ထိုသူ၏မှတ်ဉာဏ်များပင် မဟုတ်ပါလား။
ယိုးမင်ဂမ္ဘီရစက်ဝန်း၏ ယခင်ပိုင်ရှင်ဟောင်းဖြစ်သော ‘ယိုးမင်ဧကရာဇ် ယင်ထျန်းရှ’ ကို အမတခုံရုံးမှ ထိပ်တန်းအဆင့် ဧကရာဇ်တစ်ပါးဖြစ်သော ‘နှင်းပွင့်ဧကရီ’ သည်ပင် အနိုင်ယူနိုင်ခဲ့ခြင်း မရှိပေ။
“ဒါက ယင်ထျန်းရှ ဘဝမှာ နောက်ဆုံးတိုက်ပွဲပဲ...”
ရန်ကျောက်ကဲ သဘောပေါက်သွားသည်။
လက်ရှိအချိန်တွင် ဗုဒ္ဓဘာသာဘက်မှ လော်ဟန့်ကိုယ်တော်နှစ်ပါးကို အဝေးမှပင် ကြောက်ရွံ့အောင်ပြုလုပ်နိုင်သော ဤမိန်းမပျိုသည် ယင်ထျန်းရှ၏ဘဝ နောက်ဆုံးတိုက်ပွဲတွင် ရင်ဆိုင်ခဲ့ရသော ရန်သူများထဲမှတစ်ယောက် ဖြစ်ပေသည်။
ယင်ထျန်းရှ ဆုံးပါးသွားပြီးနောက် သူ၏ရုပ်အလောင်းတစ်စိတ်တစ်ပိုင်းကို ယိုးမင်ဂမ္ဘီရစက်ဝန်းအဖြစ် ပြောင်းလဲခဲ့သည်။ ထို့ကြောင့် ယိုးမင်ဂမ္ဘီရစက်ဝန်းတွင် ယင်ထျန်းရှ၏ဘဝမှတ်ဉာဏ်အပိုင်းအစများ ပါရှိနေသည်။
ယခု ယိုးမင်ဂမ္ဘီရစက်ဝန်းက ယင်ထျန်းရှ၏ ရန်သူဟောင်းဖြစ်သော နှင်းပွင့်ဧကရီ၏အရိပ်အယောင်ကို အာရုံခံမိသဖြင့် ပြင်းထန်စွာ တုံ့ပြန်ခြင်း ဖြစ်၏။
အတိတ်ပုံရိပ်များက ရန်ကျောက်ကဲ၏ စိတ်အာရုံထဲတွင် တစ်ခုပြီးတစ်ခု တောက်ပလျှက် ရှိသည်။
အတိတ်ကာလတိုက်ပွဲတွင် များပြားလှစွာသော ရန်သူများက ယင်ထျန်းရှ ရှိရာနေရာသို့ လျှင်မြန်စွာ စုရုံးရောက်ရှိလာကြသည်။
အမတခုံရုံးမှ ဧကရာဇ် (၆)ပါး ပူးပေါင်းပြီး တန်ခိုးစွမ်းအားများ ထုတ်လွှတ်လိုက်ကြလေရာ တိမ်နှင့်လေထုသည်ပင် အရောင်ပြောင်းသွားပြီး ကမ္ဘာလောကတစ်ခုလုံး ပြောင်းပြန်လန်သွားသည့်အလား ထင်မှတ်ရသည်။
သို့သော် မှိန်ဖျော့ဖျော့အလင်းရောင်တောက်ပနေသည့် လက်တစ်ဖက်ထွက်ပေါ်လာသည်နှင့် ထိုနိမိတ်ပုံများအားလုံး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။
လွှမ်းမိုးနိုင်စွမ်း မြင့်မားလွန်းပါသည်ဆိုသော ဧကရာဇ် (၆)ပါး၏ တိုက်ခိုက်မှုမှာ ထိုလက်တစ်ဖက်တည်းဖြင့် ထိပ်တိုက်ရင်ဆိုင်ရသည်နှင့် ပြိုကွဲသွားတော့သည်။
ထို့နောက် အမတခုံရုံးမှ ဧကရာဇ်များအားလုံး ထို မှော်ဆန်သောလက်တစ်ဖက်အောက်တွင် တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားရတော့၏။
ထိုအချိန်မှာပင် ယင်ထျန်းရှကို ရင်ဆိုင်ရန် နှင်းပွင့်ဧကရီ ထွက်ပေါ်လာခဲ့သည်။
သူမက စကြာဝဠာတစ်ခုလုံး အေးခဲသွားစေရန် ရေခဲလှိုင်းလုံးများ ထုတ်ဖော်တိုက်ခိုက်လိုက်သော်လည်း မှိန်ဖျော့သည့်အလင်းရောင်အား အေးခဲသွားအောင် မလုပ်နိုင်ခဲ့ပေ။
အလင်းရောင်က အလွန်တရာ စူးရှတောက်ပခြင်းမရှိသော်လည်း ရေခဲလှိုင်းလုံးနှင့် နှင်းပွင့်များကို တွန်းလှန်နေဆဲ ဖြစ်သည်။
ထို့နောက်မှာတော့ ယင်ထျန်းရှကို တိုက်ခိုက်ရန်အတွက် နောက်ထပ် ရန်သူတစ်ယောက် ထပ်မံရောက်ရှိလာသည်။
ထိုသူက နက်ရှိုင်းနတ်ဘုရားအဆင့်ရှိသော ‘ဧကရာဇ်’ တစ်ပါးဖြစ်ပြီး သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် မိုးနှင့်မြေက ပန်းချီကားတစ်ချပ်ပမာ ထက်ပိုင်းအက်ကွဲသွားသည်။
ထိုအချိန်တွင် မှိန်ဖျော့သောအလင်းရောင်က လင်းလက်တောက်ပလာသည်။ ထို့နောက် လုံးဝမှောင်မိုက်သွားပြီး ဝေဝါးစွာဖြင့် ပြန်လည်တောက်ပလာပြန်သည်။
ထိုအလင်းရောင်က အကြောက်အရွံ့မရှိသလို သိက္ခာအပြည့်ရှိပြီး အမတခုံရုံးမှ ဧကရာဇ် (၂)ပါးကို ပိတ်ဆို့တိုက်ခိုက်လျှက် ရှိသည်။
ထို့နောက် အမတခုံရုံးမှ တတိယမြောက်နှင့် စတုတ္ထမြောက် အုပ်စိုးရှင်များ ရောက်လာပြန်၏။
မှိန်ဖျော့သောအလင်းရောင်ကို ဝိုင်းဝန်းတိုက်ခိုက်ရန်အတွက် အမတခုံရုံးမှကျင့်ကြံသူများ ပိုမိုများပြားစွာ ရောက်ရှိလာခဲ့ကြသည်။
ကျင့်ကြံသူတစ်ယောက်က အေးစက်သည့်လေသံဖြင့်...
“ယင်ထျန်းရှ... မင်းနာမည်ကို ကြားဖူးနေတာကြာပြီ ၊ မင်းက မင်းတို့မျိုးဆက်မှာ အအေတာ်ဆုံးကျင့်ကြံသူတစ်ယောက်လို့ ငါ သိထားတယ် ၊ ဒါပေမဲ့ ကံဆိုးတာက မင်းက ကိုယ့်သေတွင်းကိုယ် တူးခဲ့တာပဲ”
ထိုသူက ဆက်ပြောသည်။
“မင်းကိုယ်မင်း ကယ်တင်ချင်တယ်ဆိုရင်တော့ နည်းလမ်းတစ်ခုပဲ ရှိတယ် ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ဆီမှာ လက်နက်ချပြီး မင်းကြောင့်ဆုံးရှုံးသွားရတဲ့ ကောင်းကင်အမြုတေကျောက်တုံးကို ပြန်ရှာဖို့ စီစဉ်ပေးပါ ၊ ဒီ အခွင့်အရေးကို လက်လွှတ်မခံသင့်ဘူးနော်”
ခဏမျှတိတ်ဆိတ်သွားပြီးနောက် ရင်းနှီးသလိုလို မရင်းနှီးသလိုလိုရှိသော အသံတစ်သံက ရန်ကျောက်ကဲ စိတ်အာရုံထဲတွင် ထွက်ပေါ်လာသည်။
“ပြီးတာတွေ ပြီးပြီပဲ ၊ ငါက နဂိုကတည်းက ကိုယ်ကျိုးအတွက် ထည့်စဉ်းစားခဲ့တာ မဟုတ်ဘူး ၊ ပြီးတော့ ငါက စန်းချင်း (၃)ပါးအဆက်အနွယ်ရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့အတွက် ဖြောင့်မတ်မှုအတွက် အသက်ပေးဝံ့တယ်”
“ယင်ထျန်းရှ... မင်း သေတာ အလကားဖြစ်စေရမယ်”
အမတခုံရုံးမှ ဧကရာဇ်တစ်ပါးက အော်ဟစ်လိုက်သည်။
“မင်းကို မြှုပ်စရာနေရာတောင်မရှိဘဲ အသက်ပျောက်သွားအောင် လုပ်ပစ်မယ်”
ထိုစကားများကြားသည့်တိုင် မှိန်ဖျော့သည့်အလင်းတန်းက ပြန်လည်ဆုတ်ခွာသွားခြင်းမရှိဘဲ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီး ရန်သူများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ယင်ထျန်းရှက...
“ငါ့ရဲ့ နောက်ဆုံးလားရာက စိတ်ဝိညာဉ်အနားယူနိုင်ဖို့ပါပဲ ၊ ငါ့အလောင်း မြေမြှုပ်စရာနေရာမရှိလည်း အရေးစိုက်စရာမလိုပါဘူး”