အသက်ကိုစတေး၍
Vol. 87 Ch. 1215
အခန်း (၁၂၁၅) အသက်ကိုစတေး၍
အဆုံးသတ်မှာတော့ ယင်ထျန်းရှ အမှန်တကယ်ပင် မြှုပ်စရာမြေပင်မရှိဘဲ သေဆုံးခဲ့ရသည်။
နှစ်ပေါင်းများစွာ အထက်ဘုံကမ္ဘာကို လွှမ်းမိုးခဲ့သော ‘ယိုးမင်ဧကရာဇ်’ သည် အမတခုံရုံးနယ်မြေသို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီးနောက် အမတခုံရုံးမှ ဧကရာဇ် (၂)ပါးနှင့် အုပ်စိုးရှင် (၂)ပါး ဝိုင်းဝန်းတိုက်ခိုက်သည်ကို ခံခဲ့ရပြီး အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာခဲ့သည်။
အတိတ်ကိုကြည့်မြင်နေသော ရန်ကျောက်ကဲအနေဖြင့် အမတခုံရုံးမှ ဒုတိယမြောက်ဧကရာဇ် ရောက်လာကတည်းက ယင်ထျန်းရှ၏ ကံကြမ္မာကို သိရှိလိုက်ပြီ ဖြစ်သည်။
ထိုဧကရာဇ်က အမတခုံရုံးမှဧကရာဇ်ဖြစ်သော်လည်း သူ သန့်စင်ထားသည့် အမတချီစွမ်းအားအစုအဝေးထဲတွင် အမတချီစွမ်းအား နှစ်ခုတည်းသာ ပါဝင်သည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ယင်ထျန်းရှကတော့ လွတ်လမ်းရရန် ရုန်းကန်တိုက်ခိုက်နေဆဲပင်။
ယင်ထျန်းရှတွင်သာ ‘ငြိမ်သက်ခြင်းအဆင့်’ ရှိသော အမတမှော်ဝင်ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားမည်ဆိုပါက အမတခုံရုံးမှ ဧကရာဇ်များကို ကောင်းစွာရင်ဆိုင်နိုင်မည်ဟု ရန်ကျောက်ကဲ ယုံကြည်မိသည်။
မကြာသေးခင်ကပင် ရန်ကျောက်ကဲက မိခင်ဖြစ်သူ ရွှယ်ချူးချင်နှင့် စကားပြောဆိုခဲ့ပြီးဖြစ်ရာ အတိတ်အကြောင်းအရာအဖြစ်အပျက်များနှင့်ပတ်သက်သော အမှန်တရားများစွာကို သိရှိထားပြီး ဖြစ်၏။
ယင်ထျန်းရှက ယိုးမင်ဂမ္ဘီရဂိုဏ်းမှကျင့်ကြံသူအများစုကို ဦးဆောင်ကာ ပြင်ပဗလာနယ်ထဲသို့ ခရီးထွက်လာခဲ့သည်။ သူ၏ မူလရည်ရွယ်ချက်မှာ စွမ်းအားကြီးမားသော နတ်မိစ္ဆာမျိုးနွယ်တစ်စုကို ရှာဖွေနှိမ်နင်းရန် ဖြစ်သည်။
သို့သော် ရွှယ်ချူးချင်၏ ဆရာဘွားဘွားဖြစ်သူ ထုန်းမင်ဧကရာဇ် ‘ဟူယွဲ့ရှင်း’ က ယင်ထျန်းရှထံဆက်သွယ်ပြီး ‘ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစ’ အကြောင်း သတင်းပေးပို့ခဲ့သည်။
ဟူယွဲ့ရှင်းရရှိသည့်သတင်းက အနည်းငယ်နောက်ကျသွားသဖြင့် အချိန်သိပ်မရတော့ပေ။
ထို့ကြောင့် သူမက တာအိုနယ်မြေမှ အခြားသော တန်ခိုးစွမ်းအားရှင်များကို ဆက်သွယ်ရန် အချိန်မလုံလောက်တော့ပေ။
ပြီးတော့ သူမ ဆက်သွယ်သူများသည်လည်း ထိုသတင်းအချက်အလက်နှင့်ပတ်သက်ပြီး သံသယဝင်သည်များ ရှိလာနိုင်သည်။
သို့သော် ယင်ထျန်းရှကတော့ သူမပေးပို့သည့်သတင်းကို ယုံကြည်ခဲ့သည်။
ဟူယွဲ့ရှင်းထံမှ သတင်းရရှိပြီးသည့်နောက် ယိုးမင်ဂမ္ဘီရဂိုဏ်းက သူတို့၏ မူလရည်ရွယ်ချက်ကို ပြောင်းလဲလိုက်သည်။ ယင်ထျန်းရှသာမက ယိုးမင်ဂမ္ဘီရဂိုဏ်းမှ အခြားသောအကြီးအကဲများသည်လည်း ယင်ထျန်းရှနှင့်တူညီသောခရီးကိုသွားရန် ရွေးချယ်ခဲ့ကြသည်။
ထိုအကြီးအကဲများအနေဖြင့် ‘လူသားအထွတ်ထိပ်အဆင့်’ သို့ ရောက်ရှိကြခြင်း မရှိသေးပေ။
သို့သော် ယင်ထျန်းရှနှင့်အတူ အမတခုံရုံးနယ်မြေသို့ အတူတကွဝင်ရောက်ပြီး အမှန်တရားအတွက် အသက်ပေးဆပ်ရန် စိတ်ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
ဤအလုပ်ကို စတင်လုပ်ကိုင်ပြီဆိုကတည်းက သူတို့အားလုံး အထက်ဘုံကမ္ဘာသို့ အသက်ရှင်လျှက် ပြန်လာနိုင်မည်ဟု လုံးဝ မတွေးခဲ့ကြပေ။
ထိုစဉ်အချိန်က ယိုးမင်ဂမ္ဘီရဂိုဏ်းမှအကြီးအကဲများ၏ ကိုယ်ကျင့်တရားစံနှုန်းနှင့် ခိုင်မာသောသန္နိဋ္ဌာန် မြင့်မားလွန်း၍ ဤသို့ပြုလုပ်သည်လား ၊ သို့မဟုတ် သူတို့အားလုံးက ယင်ထျန်းရှအပေါ် အလွန်ယုံကြည်လေးစားလွန်း၍ ဤသို့ပြုလုပ်သည်လား ရန်ကျောက်ကဲ မသိရှိနိုင်ပေ။
သို့သော် နောက်ဆုံးရလဒ်က ဝမ်းနည်းစရာကောင်းလွန်းသည်ဖြစ်ရာ နောက်ပိုင်းမျိုးဆက်ဖြစ်သော ရန်ကျောက်ကဲသည်ပင် အချိန်အတန်ကြာအောင် စိတ်တုန်လှုပ်သွားခဲ့ရသည်။
သေဆုံးသွားသောကျင့်ကြံသူများ၏ ဝိညာည်များကို နှစ်သိမ့်ပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ အဆုံးသတ်တွင် သူတို့ အောင်မြင်ခဲ့ကြခြင်းဖ ြစ်သည်။
အမတခုံရုံးနယ်မြေနှင့် ဗုဒ္ဓဘာသာတို့၏ သုခဘုံ အပြင်းအထန်တိုက်ပွဲဖြစ်သည့်အခါ ယင်ထျန်းရှနှင့် ဟူယွဲ့ရှင်းတို့ ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစကို သိမ်းယူနိုင်ခဲ့ကြသည်။
ဤကိစ္စနောက်ကွယ်တွင် လမ်းမှန်တာအိုကျင့်ကြံသူများဘက်မှ တန်ခိုးစွမ်းအားရှင်များ ရှိနေနိုင်သည်ဟု ရန်ကျောက်ကဲ အာရုံခံမိသည်။
ဒဏ္ဍာရီထဲမှ ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ ကဲ့သို့သော ပုဂ္ဂိုလ်များ ဖြစ်နိုင်၏။
မဟုတ်ပါက ‘ဟူယွဲ့ရှင်း’ အနေဖြင့် ကောင်းကင်အမြုတေကျောက်တုံးနှင့်ပတ်သက်သည့် တန်ဖိုးကြီးမားသော အရေးကြီးသတင်းကို ရရှိနိုင်မည် မဟုတ်ပေ။
ထို့ပြင် ယင်ထျန်းရှကို လိုက်လံတိုက်ခိုက်ကြသော အမတခုံရုံးကျင့်ကြံသူများထဲတွင် နက်ရှိုင်းနတ်ဘုရားအဆင့်ထက် ပိုမိုမြင့်မားသူများသည်ပင် ပါဝင်ခဲ့ကြသည်။
ရန်ကျောက်ကဲက သူရရှိထားသည့် နည်းပါးသောသတင်းအချက်အလက်များမှတစ်ဆင့် အကြောင်းအရာများကို ကောက်ချက်ချနိုင်ခဲ့သည်။ သို့တိုင် မှန်းဆနိုင်ရုံမျှသာဖြစ်ပြီး အတည်ပြုရန် မဖြစ်နိုင်သေးပေ။
မည်သို့ပင်ဖြစ်စေ မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ပြန်လည်အသက်ဝင်လာသော စန်းချင်း (၃)ပါးအဆက်အနွယ်တာအိုကျင့်ကြံသူများ၏ ခရီးလမ်းမှာ များပြားလှစွာသော အလှည့်အပြောင်းများဖြင့် အတော်လေး ခက်ခဲကြမ်းတမ်းခဲ့မည်မှာ သံသယဝင်စရာ မရှိပေ။
အမှောင်ထဲတွင် မရေမတွက်နိုင်သော တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ကြသည် မဟုတ်ပါလား။
ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစနှင့်ပတ်သက်သည့် အဖြစ်အပျက်က လူတိုင်း၏စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်ဖြစ်ရာ ဖြစ်ပေါ်လာသော သက်ရောက်မှုလှိုင်းလုံးများက ယနေ့တိုင်မစဲနိုင်သေးပဲ ပိုမိုပြင်းထန်လာခဲ့သည်။
ရန်ကျောက်ကဲကတော့ ထိုကိစ္စရပ်များနှင့်ပတ်သက်ပြီး လက်ရှိခေတ်၏ မုန်တိုင်းများအလယ်သို့ ရောက်ရှိနေပေသည်။
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်... ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစ...”
ရန်ကျောက်ကဲ တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။
တစ်ချိန်တည်းမှာပင် သူ၏တည်ရှိမှုကို မည်သူမှ မသိရှိစေရန် စွမ်းအားရောင်ဝါကိုလည်း ထိန်းချုပ်ထားခဲ့သည်။
နှင်းပွင့်ဧကရီ ရောက်ရှိလာသဖြင့် ယိုးမင်ဂမ္ဘီရစက်ဝန်းက ပြင်းထန်စွာ လှုပ်ရှားသွားသော်လည်း ရန်ကျောက်ကဲက ထိုအရာကို ဖုံးကွယ်ထားနိုင်ခဲ့သဖြင့် သူရောက်ရှိနေကြောင်း မည်သူမှ မသိရှိခဲ့ကြပေ။
ရန်ကျောက်ကဲ ငရဲကိုးထပ်တွင်ရှိနေစဉ်က သူ့ဘေးတွင် အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်နှင့် ပိုးသားဧကရာဇ်တို့ ရှိနေခဲ့သဖြင့် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို အပြည့်အဝ အသုံးပြုနိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် အမတခုံရုံးမှ ဧကရာဇ် (၂)ပါး ချဉ်းကပ်လာသည့်အခါ ယိုးမင်ဂမ္ဘီရစက်ဝန်း၏ တည်ရှိမှုကို အာရုံခံမိကြခြင်း ဖြစ်သည်။
ယခုတော့ ရန်ကျောက်ကဲ၏ကျင့်ကြံခြင်းအဆင့်ပိုမိုမြင့်မားလာရုံသာမက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ၏ တန်ခိုးစွမ်းအားကိုလည်း အပြည့်အဝ ထုတ်ဖော်နိုင်သည်ဖြစ်ရာ အဆုံးမရှိသောဗလာနယ်နှင့် တစ်သားတည်းပေါင်းစပ်သွားသည်။
တစ်ချိန်တည်းပင် ယိုးမင်ဂမ္ဘီရစက်ဝန်း၏ တည်ရှိမှုကိုလည်း ဖုံးကွယ်ထားနိုင်ခဲ့သည်။
သို့ပေသိ အမတခုံရုံးမှကျင့်ကြံသူများ နေရာအနှံ့ စေ့စေ့စပ်စပ် ရှာဖွေမည်ဆိုလျှင်တော့ ရန်ကျောက်ကဲရှိနေကြောင်း ရှာတွေ့သွားနိုင်သေးသည်။
ကံကောင်းသည်မှာ ဗုဒ္ဓဘာသာကျင့်ကြံသူများ ပြန်လည်ဆုတ်ခွာသွားပြီး တိုက်ပွဲအဆုံးသတ်သွားခြင်း ဖြစ်သည်။
နှင်းပွင့်ဧကရီက လက်နှစ်ဖက်နောက်ပစ်ရင်း...
“ဒီ ကတုံးသူခိုးတွေက အတော်အနံ့ခံကောင်းတာပဲ ၊ ငါတို့လုပ်နေတဲ့အလုပ်ကို အမြန်ဆုံးအာရုံခံမိကြတယ်”
ထို့နောက်သူက ဗုဒ္ဓဘာသာကျင့်ကြံသူများထွက်ခွာသွားရာလမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်ပြီး...
“သူတို့ကိုထားလိုက်တော့... ငါတို့ကိစ္စပဲ ဆက်လုပ်ရအောင် ၊ ငါတို့ လူအများကြီးသုံးပြီး အလုပ်မအောင်မြင်လို့ကတော့ အဲဒီ ဗုဒ္ဓဘာသာကျင့်ကြံသူတွေ ငါတို့ကို လှောင်ရယ်နေကြလိမ့်မယ်”
အလင်းပျံသန်းနတ်ဘုရားကျမ်းစာကို ကျင့်ကြံထားသူဖြစ်သော ‘အလင်းပျံသန်းဧကရာဇ်’ က...
“သုခဘုံကမိစ္ဆာတွေ ငါတို့လှုပ်ရှားမှုကို စောင့်ကြည့်နေတဲ့အကြောင်း အမတခုံရုံးကို လူလွှတ်ပြီး အကြောင်းကြားသင့်တယ် ၊ ဒီ အယုတ်တမာ ဗုဒ္ဓဘာသာကျင့်ကြံသူတွေက ငါတို့ကိုနှောက်ယှက်ဖို့ လူတွေထပ်ပြီး စေလျွတ်လာနိုင်တယ် ၊ ပြီးတော့ သူတို့တွေ ငါတို့ အမတခုံရုံးနယ်မြေကို မကျူးကျော်ဖို့အတွက်လည်း တားဆီးရမယ်”
နှင်းပွင့်ဧကရီက ခေါင်းတစ်ချက်ညိတ်ရင်း...
“အမှန်ပဲ...”
ထို့နောက် သူမက အမတခုံရုံးမှ အခြားသော ကျင့်ကြံသူများကိုလှည့်ကြည့်လိုက်ပြီး...
“ဒီကိစ္စတွေကို အလင်းပျံသန်းဧကရာဇ် ကိုင်တွယ်စရာမလိုပါဘူး ၊ အမတခုံရုံးကို အကြောင်းကြားဖို့ ကျွန်မတို့လူတွေကို အုပ်စုခွဲပြီး စေလွှတ်လိုက်မယ်”
ထိုစကားကိုကြားတော့ အစစ်အမှန်ဧကရာဇ်များမှလွဲပြီး အမတခုံရုံးမှ ကျင့်ကြံသူများက နှင်းပွင့်ဧကရီကို ဦးညွှတ်လိုက်ကြသည်။
“အမိန့်အတိုင်းပါ နှင်းပွင့်ဧကရီနဲ့ အလင်းပျံသန်းဧကရာဇ်...”
ထိုသူများအားလုံး ထွက်ခွာသွားပြီးနောက် အမတခုံရုံးနယ်မြေမှ တန်ခိုးစွမ်းအားရှင် (၃)ယောက်က နှင်းပွင့်ဧကရီရှိရာသို့ အတူတကွလျှောက်လှမ်းသွားပြီး ပျောက်ကွယ်သွားကြသည်။
စောစောက တိုက်ပွဲအရှိန်အကြောင့် အဝေးတစ်နေရာတွင် ပြင်းထန်သည့် စွမ်းအားအတက်အကျများ ဖြစ်ပေါ်နေသေးသော်လည်း ဗုဒ္ဓဘာသာကျင့်ကြံသူများ ပြန်လည်ဆုတ်ခွာသွားပြီးနောက် တဖြည်းဖြည်း ငြိမ်သက်အေးဆေးသွားသည်။
အချိန်အတန်ကြာမှ ရန်ကျောက်ကဲလည်း သူ့ကိုယ်သူ ဖုံးကွယ်ထားရာမှ ထွက်ပေါ်လာခဲ့သည်။
သူက အရှေ့ဆီမှ ဗလာနယ်ကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်ရင်း ခဏမျှစဉ်းစားပြီးနောက် စတင်လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။
အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ စုစည်းပြီး မီးလျှံထက်ယံအရှင်သခင်ကို ဖမ်းဆီးရန် ထောင်ချောက်တစ်ခု ပြုလုပ်ထားသည်။
ရန်ကျောက်ကဲအနေဖြင့် အပြင်ဘက်မှနေပြီး ထို ဝိုင်းရံထားသော ထောင်ချောက်အတွင်း ဝင်ရောက်ရန် အလွန်တရာ ခက်ခဲသည်။
အမှန်တော့ အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ သူ့ကို ရှာမတွေ့သည့်အကြောင်းရင်းမှာ ဗုဒ္ဓဘာသာကျင့်ကြံသူများရောက်ရှိလာသဖြင့် အာရုံလွဲသွားသောကြောင့် ဖြစ်၏။
ယခု ဗုဒ္ဓဘာသာကျင့်ကြံသူများ ပြန်လာဦးမည်လား မသေချာသော်လည်း အမမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ၏ ပိတ်ဆို့ဝိုင်းရံထားမှုက ပိုမိုပြင်းထန်လာကြောင်း ရှေ့သို့ခရီးဆက်လာရင်း ရန်ကျောက်ကဲ တွေ့ရှိရသည်။
သူ့အတွက် အဓိကပြဿနာမှာ ဝိုင်းရံထားသည့်နေရာ နက်ရှိုင်းရာသို့ မည်သို့သွားရောက်မည်လဲ ဆိုသည့်အချက် ဖြစ်သည်။
“ဆရာဦးလေး’ယွဲ့’ လည်း ဒီကိုရောက်နေနိုင်တာပဲ”
အတွေးနှင့်အတူ ရန်ကျောက်ကဲက သတိထားပြီး ဗလာနယ်ထဲ လှည့်ပတ်သွားလာရင်း ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ ကိုရှာဖွေရန် ကြိုးစားလိုက်သည်။
တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့က အမတခုံရုံးမှ ထွက်ခွာသွားပြီ ဖြစ်နိုင်သော်လည်း ‘မီးလျှံထက်ယံအရှင်သခင်’ က ပြဿနာကြီးကြီးမားမား ဖန်တီးခဲ့သည်ဖြစ်ရာ ၊ သူတို့အနေဖြင့် အစီအစဉ်တစ်ခုလုံးကို အာရုံစိုက်နေပေမည်။
ရန်ကျောက်ကဲနှင့် ရန်တိကြောင့် အခြားသူများက ‘ယွဲ့ကျန့်ပေ’ ကို အယုံအကြည်မရှိကြဘဲ စောင့်ကြည့်နေခဲ့ကြသည်။
ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ပြင်ပဗလာနယ်ထဲတွင် ယွဲ့ကျန့်ပေကို ရှာဖွေတွေ့ရှိနိုင်မည်ဆိုလျှင် ဆရာဦးလေးဖြစ်သူ၏ ဂရုစိုက်ပေးမှုအောက်တွင် ပိုမိုလွှတ်လပ်စွာ လှုပ်ရှားနိုင်မည် ဖြစ်သည်။
လမ်းတစ်လျှောက်တွေ့ဆုံသမျှလူများကို ရန်ကျောက်ကဲက တစ်ယောက်မှ ကရုဏာမထားဘဲ သက်ဖြတ်ပစ်ခဲ့သည်။ ထို့ကြောင့် ဤနေရာသို့ သူရောက်ရှိနေကြောင်း မည်သူမှ သတိမထားမိကြပေ။
သို့ဖြစ်ရာ အမတခုံရုံးမှလူများ ရန်ကျောက်ကဲရောက်နေကြောင်း မသိရှိသဖြင့် သူ့ကိုထောင်ဖမ်းရန်အတွက် ယွဲ့ကျန့်ပေးအနီးဝန်းကျင်တွင် ထောင်ချောက်များဆင်ကာ အလစ်ချောင်းတိုက်ခိုက်ကြမည် မဟုတ်ပေ။
အန္တရယ်အရှိဆုံးနေရာက အလုံခြုံဆုံးနေရာဖြစ်နိုင်သလို အလင်းဆုံးနေရာသည်လည်း အမှောင်ဆုံး ဖြစ်နိုင်ပေသည်။
ရန်ကျောက်ကဲက ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ မည်သည့်နေရာတွင်ရှိကြောင်း စုံစမ်းရန်အတွက် ပုံမှန်မဟုတ်သည့်လမ်းကြောင်းတစ်ခုအတိုင်း ထွက်ခွာလာခဲ့သည်။
ထိုအချိန်...
“ဟမ်... ဒါက...”
ရန်ကျောက်ကဲက အဝေးတစ်နေရာအမှောင်ထုထဲမှ နေရာတစ်ခုကို စူးစိုက်ကြည့်လိုက်သည်။
ထိုနေရာတွင် ကြေးမုံမှန်အလင်းရောင်တစ်ခု အလွန်တရာ တောက်ပလျှက် ရှိ၏။
“ကြေးမုံမှန်အလင်းရောင်...”
ရန်ကျောက်ကဲ နက်နဲစွာ တွေးလိုက်သည်။
“ဖယောင်းနေခြည်ဧကရာဇ် ဒီကိုရောက်နေတာလား...”
နေခြည်ဧကရာဇ်ဟု လူသိများသော ‘ဖယောင်းနေခြည်ဧကရာဇ်’ က အထက်ဘုံကမ္ဘာမှ အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး မိန်းမပျိုဧကရာဇ် ၊ ပိုးသားဧကရာဇ် ၊ အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ် ၊ ချင်းယွမ်ဧကရာဇ်တို့နှင့် အဆင့်အတန်းတူညီသူဖြစ်သည် မဟုတ်ပါလား။