ဖယောင်းနေခြည်ဧကရာဇ်
Vol. 87 Ch. 1216
အခန်း (၁၂၁၆) ဖယောင်းနေခြည်ဧကရာဇ်
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာရှိ အုပ်စိုးရှင် (၅)ပါးတွင် ရန်ကျောက်ကဲ (၄)ပါးနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ နေခြည်ဧကရာဇ်က သူမတွေ့ဆုံဖူးသေးသော တစ်ပါးတည်းသော အုပ်စိုးရှင် ဖြစ်၏။
ဤ အုပ်စိုးရှင်က တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့ကဲ့သို့ ပြင်ပဗလာနယ်ထဲတွင်သာအနေများပြီး အထက်ဘုံကမ္ဘာသို့ ပြန်လာလေ့ မရှိပေ။
ယခု ထိုအုပ်စိုးရှင်နှင့် တွေ့ဆုံရသည်ဖြစ်ရာ လမ်းမှန်တာအိုကျင့်ကြံသူအချင်းချင်း ဆုံတွေ့ရခြင်းဖြစ်သဖြင့် ဝမ်းသာစရာ ကိစ္စတစ်ခု ဖြစ်သင့်သည်။
သို့ပေသိ ရန်ကျောက်ကဲက ချက်ချင်းရှေ့ထွက်ပြီး သူ့ကိုယ်သူ မိတ်ဆက်ခြင်းမျိုးကို ထောင်လွှားစွာ ပြုလုပ်ခဲ့ခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော သူသိသလောက်ဆိုလျှင် နေခြည်ဧကရာဇ်က ချီလင်ကမ်းပါးကို ထောက်ခံသူဖြစ်သလို ချင်းယွမ်ဧကရာဇ်နှင့်လည်း ဆက်ဆံရေးကောင်းလေသည်။
လောလောလတ်လတ် နတ်ဘုရားတံခါး ဖွင့်လှစ်ထားသည့် ‘ချန်ချန်းဟွာ’ အပြင် ၊ မိန်းမပျိုဧကရာဇ်နှင့် ချင်းယွမ်ဧကရာဇ်တို့က အခြားသောအုပ်စိုးရှင်များထက်နောက်ကျပြီး အစစ်အမှန်နတ်ဘုရား ဖြစ်လာသူများ ဖြစ်၏။
နေခြည်ဧကရာဇ်နှင့် ပိုးသားဧကရာဇ်တို့ က မျိုးဆက်တူသူများဖြစ်ပြီး လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကပင် သူတို့နှစ်ယောက် နတ်ဘုရားတံခါး ဖွင့်လှစ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုစဉ်အချိန်က အထက်ဘုံကမ္ဘာရှိ အုပ်စိုးရှင် (၅)ပါးတွင် သူတို့နှစ်ယောက်နှင့်အတူ ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ သည်လည်း ပါဝင်ခဲ့သည်။
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်ကတော့ စောစီးစွာပင် နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်ခဲ့သူဖြစ်ပြီး အထက်ဘုံကမ္ဘာမှ အုပ်စိုးရှင် (၅)ပါးတွင် အသက်အကြီးဆုံး ဖြစ်သည်။
နေခြည်ဧကရာဇ်၏ ကျင့်ကြံခြင်းအခြေခံက ယွိချင်အဆက်အနွယ်ဖြစ်သော ပုံရိပ်ယောင်အရှင်ထံမှ မြစ်ဖျားခံသည်ဟု ဆိုကြသည်။ ထို့ပြင် ဤအုပ်စိုးရှင်က ယင်ယန်ကောင်းကင်ကျမ်းစာနှင့် အသင်္ချေစကြာဝဠာကောင်းကင်ကျမ်းစာကိုလည်း ကျွမ်းကျင်လေသည်။
နောက်ပိုင်း ချီလင်ကမ်းပါးတွင် တိဟွမ်မြေကမ္ဘာဧကရာဇ်၏ တရားဟောပြောခြင်းကိုနားထောင်ပြီးနောက် ‘စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ’ ကို ကျွမ်းကျင်တတ်မြောက်ခဲ့သည်ဟု ဆိုကြသည်။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသတွင် တာ့ရွှမ်တိုင်းပြည် ခြေကုပ်ရယူထားစဉ်က သူတို့အသုံးပြုသော ‘မီးငါးသွယ်ငှက်ခုနစ်ကောင်ယပ်တောင်’ မှာ ပုံရိပ်ယောင်အရှင်၏ ထူးခြားသောသိုင်းပညာကို ကူးယူထားဟန်ရှိသည်ဖြစ်ရာ ၊ ဖယောင်းနေခြည်ဧကရာဇ်က တာ့ရွှမ်တိုင်းပြည်အား နောက်ကွယ်မှ ပံ့ပိုးပေးနေသည်ဟု တွေးထင်သူများ ရှိခဲ့ကြသည်။
ထို့နောက် ဖယောင်းနေခြည်ဧကရာဇ်၏တပည့်တစ်ယောက်က ထိုကိစ္စကို ငြင်းချက်ထုတ်လိုက်တော့မှ ကောလဟလများ ရပ်တန့်သွားရလေသည်။
သို့ပေသိ ယခု စဉ်းစားကြည့်သည့်အခါ နေခြည်ဧကရာဇ်က ချင်းယွမ်ဧကရာဇ်နှင့် ဆက်ဆံရေးကောင်းသည်ဖြစ်ရာ သူ့အနေဖြင့် တာ့ရွှမ်တိုင်းပြည်ကို ကူညီခြင်းက အံ့သြစရာအချက် မဟုတ်ခဲ့ပေ။
ကျောက်စိမ်းကျောက်ဆောင်တွင် ရန်ကျောက်ကဲ နေထိုင်စဉ်က ‘ဝမ်ဖူ’ ပြောပြသည့်စကားအရဆိုလျှင် ချင်းယွမ်ဧကရာဇ် နတ်ဘုရားတံခါးဖွင့်လှစ်နိုင်ရန်အတွက် နေခြည်ဧကရာဇ်က ကူညီပေးခဲ့ခြင်း ဖြစ်၏။
“အင်း... သူက စန်းချင်း (၃)ပါး လမ်းမှန်တာအို အဆက်အနွယ်ဆိုပေမယ့်....”
ကြေးမုံမှန်အလင်းရောင်ထွက်ပေါ်နေသည့် အဝေးတစ်နေရာသို့ ရန်ကျောက်ကဲလှမ်းကြည့်ရင်း ခြေလှမ်းများ ရပ်တန့်လိုက်သည်။
ကြေးမုံမှန်အလင်းရောင်ထဲတွင် လှုပ်ခါယိမ်းနွဲ့နေသည့် ဖယောင်းတိုင်မီးတောက်တစ်ခုကို ယောင်ဝါးဝါး တွေ့မြင်ရသည်။
“ဒါက ဒဏ္ဍာရီဆန်တဲ့ ကြေးမုံမှန်ထဲကမီးအိမ် ဖြစ်ရမယ်”
ရန်ကျောက်ကဲ တွေးလိုက်၏။
ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာရှိ အုပ်စိုးရှင် (၅)ပါးအနက် မိန်းမပျိုဧကရာဇ်နှင့် ချင်းယွမ်ဧကရာဇ်တို့က အခြားသော အုပ်စိုးရှင် (၃)ပါးထက် နောက်ကျပြီးမှ အစစ်အမှန်နတ်ဘုရားများ ဖြစ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့အတွက် အမတမှော်ဝင်ပစ္စည်းများပြုလုပ်ရန် ကုန်ကြမ်းပစ္စည်းစုဆောင်းနိုင်ခြင်း မရှိကြသေးပေ။
မိန်းမပျိုဧကရာဇ်က နက္ခတ်ဧကရာဇ်၏တပည့်ဖြစ်သော်လည်း နက္ခတ်ဧကရာဇ်ကိုယ်တိုင်သန့်စင်ထားသည့် အစစ်အမှန်အမတမှော်ဝင်လက်နက်မှာ တိုက်ပွဲတစ်ခုတွင် ပျက်ဆီးသွားခဲ့ပြီ ဖြစ်၏။
သို့ဖြစ်ရာ မိန်းမပျိုဧကရာဇ်နှင့် ချင်းယွမ်ဧကရာဇ်မှလွဲပြီး အခြားသော အုပ်စိုးရှင် (၃)ပါးဖြစ်သည့် အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ် ၊ ပိုးသားဧကရာဇ်နှင့် ဖယောင်းနေခြည်ဧကရာဇ်တို့အားလုံးတွင် အမတမှော်ဝင်ပစ္စည်းများ ရှိကြသည်ပင်။
“ကြေးမုံမှန်ထဲမှမီးအိမ်’ က နေခြည်ဧကရာဇ်၏ အမတမှော်ဝင်ပစ္စည်းဖြစ်ပြီး မိုးနှင့်မြေကိုအလင်းပေးနိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ အလွန်တရာသြဇာကြီးမားပြီး နာမည်ကောင်းဖြင့်ကျော်ကြားသော ထိုလက်နက်ကို နေခြည်ဧကရာဇ်က တိုက်ပွဲများစွာတွင် အသုံးပြုခဲ့သည်။
“ဒါက...”
ကြေးမုံမှန်အလင်းရောင် ရုတ်တရက်တောက်ပလာကြောင်း တွေ့ရသည့်အခါ ရန်ကျောက်ကဲ မျက်ဝန်းများ ကျဉ်းမြောင်းလိုက်သည်။
မူလက ရွှေရောင်ဖြစ်သောမီးတောက်က ရုတ်တရက် အနီရောင်ပြောင်းသွားသည်။
ထို့နောက် ကြေးမုံမှန်အလင်းရောင်ထဲမှ အနီရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်ခွာလာပြီး ဗလာနယ်ထဲဝွင် အနီရောင်မျဉ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထို အနီရောင်မီးအလင်းတန်းက အလွန်ရင်းနှီးနေသည်ဟု ရန်ကျောက်ကဲ ခံစားလိုက်ရသည်။
သူ့မျက်ဝန်းများ ရုတ်တရက် တောက်ပသွားပြီး...
“အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်လား...”
မီးလျှံထက်ယံအရှင်သခင် အမတခုံရုံးနယ်မြေသို့ လာရောက်မွှေနှောက်သွားချိန် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူနှင့်အတူ ရှိဟန်မတူပေ။
နောက်ပိုင်းမှ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အခြေအနေအပြောင်းအလဲများကို ရိပ်မိသွားခြင်း ဖြစ်နိုင်သလို စောမင်ကျန့်ကလည်း သူ့ကို သတိထားမိသွားခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဤနေရာသို့ ရောက်လာခဲ့ခြင်းပင်။
သို့သော် ဤနေရာတွင် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ အလွန်တရာများပြားသည်ဖြစ်ရာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အနေဖြင့် ဝိုင်းရံထားသည့်ထောင်ချောက် အတွင်းပိုင်းနေရာသို့ ဝင်ရောက်နိုင်ခြင်းမရှိဘဲ ပြင်ပတွင်သာစောင့်ဆိုင်းရင်း အခွင့်အရေး ရှာဖွေနေခဲ့ရသည်။
ထိုအချိန်မှာပင် ဖယောင်းနေခြည်ဧကရာဇ်နှင့် ရင်ဆိုင်တိုးမိခြင်း ဖြစ်နိုင်၏။
“သူတို့နှစ်ယောက် ဘာတွေများပြောဖြစ်ကြသလဲ သိချင်လိုက်တာ”
ရန်ကျောက်ကဲ တွေးလိုက်သည်။
“ကြည့်ရတာ... သူတို့က ကိုယ့်လမ်းကိုယ်လျှောက်ဖို့ သဘောတူလိုက်ကြပုံပဲ”
စဉ်းစားရင်း ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်လိုက်ပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နောက်သို့ လိုက်ပါသွားသည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ရက်စက်ကြမ်းတမ်းစွာတိုက်ခိုက်တတ်သော်လည်း ကိုယ့်ကိုယ်ကိုယ် ပုန်းကွယ်ရာတွင် ကောင်းစွာလုပ်ဆောင်နိုင်စွမ်းရှိပေ။
ထို့ကြောင့် ဤနေရာတွင် လှည့်လည်သွားလာနေပါက အမတခုံရုံးမှတန်ခိုးစွမ်းအားရှင်များ သူ့ကို အချိန်မရွေးတွေ့ရှိသွားနိုင်သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကလည်း ထိုအကြောင်းကို ကောင်းစွာသိသဖြင့် အလွန် သတိထားနေခဲ့သည်။
ထိုအကြောင်းကိုနားလည်သဖြင့် ရန်ကျောက်ကဲက ရည်ရွယ်ချက်ရှိရှိဖြင့်ပင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ထံ အသံပို့လွှတ်လိုက်သည်။
ထိုအခါမှ သူ့နောက်သို့လိုက်လာသူမှာ ရန်ကျောက်ကဲဖြစ်ကြောင်း သိလိုက်ရသဖြင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် စိတ်သက်သာရာရသွားလေသည်။
သို့သော် အနည်းငယ်တော့ အနေရခက်စွာ ခံစားနေရဆဲပင်။
အဘယ်ကြောင့်ဆိုသော် ယခင်တစ်ချိန်က သူ၏တိုက်ခိုက်မှုကြောင့် ရန်ကျောက်ကဲနှင့်ဖုထင်တို့ အမတခုံရုံးနယ်မြေသို့ မှားယွင်းရောက်ရှိသွားခဲ့ကြောင်း သိရှိထားသည် မဟုတ်ပါလား။
ရန်ကျောက်ကဲကတော့ သူတို့နှစ်ယောက်ကြားတွင် ဘာမှမဖြစ်ခဲ့သလို အေးဆေးသက်သာစွာဖြင့် ပြုံးလျှက်ပင် နှုတ်ဆက်စကားဆိုလိုက်သည်။
“ခင်ဗျားကို အကြီးအကဲ’ယဲ့’ လို့ ခေါ်လို့ရနိုင်မလား”
ထိုစကားကြားတော့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ထက်မှ မီးတောက်မီးလျှံများက ခဏမျှငြိမ်သက်သွားပြီး...
“ယဲ့ယန်က သေသွားပါပြီ”
သူက ခေါင်းတစ်ချက်ခါယမ်းရင်း...
“ငါက အမတမှော်ဝင်လက်နက်တစ်ခုဖြစ်တဲ့ ‘အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်’ ပါပဲ”
ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း...
“ဒီနေရာမှာ စကားပြောရတာ အဆင်မပြေဘူး ၊ တခြားနေရာကိုသွားရအောင်... အကြီးအကဲအတွက် အဆင်ပြေနိုင်မလား”
သူက ဆက်ပြောသည်။
“အမတခုံရုံးကလူတွေက နေရာအနှံ့မှာရှိနေတယ် ၊ ကျွန်တော်လည်း သူတို့နဲ့ ပြဿနာတွေရှိထားတယ်”
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ခေါင်းညိတ်ရင်း...
“ငါလည်း ဒီအတိုင်းပဲ ဖြစ်ချင်နေတာပါ”
ထို့နောက် သူတို့နှစ်ယောက် ဗလာနယ်ထဲသို့ အတူတူပျံသန်းထွက်ခွာသွားကြပြီး အမတခုံရုံးမှလူများ ဝိုင်းရံထားသည့်ထောင်ချောက်နှင့် ဝေးကွာသည့်နေရာသို့ ယာယီထွက်ခွာသွားကြသည်။
ထို့နောက် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ခပ်မတ်မတ်ရပ်လိုက်ရင်း စကားဆိုလိုက်သည်။
“အဲဒီနေ့က ဖြစ်ပျက်ခဲ့တာတွေက မရည်ရွယ်ဘဲ အမှားအယွင်းတွေ ဖြစ်သွားခဲ့တယ် ၊ ငါ သတင်းကြားရတော့ စိတ်မကောင်းပါဘူး ၊ မင်းနဲ့ မိတ်ဆွေလေး ‘ဖုထင်’ အတွက် တကယ်တောင်းပန်ပါတယ် ၊ ငါက တာအိုဆရာရွှမ်ကျုန်းရဲ့ အဆက်အနွယ်တွေနဲ့ ရန်ငြိုးထားပေမယ့် ငါတို့လမ်းမှန်တာအိုကျင့်ကြံသူတွေကို အဲဒီမိစ္ဆာတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေချင်ပါဘူး”
ရန်ကျောက်ကဲက သူ့ကို ပေါ့ပါးစွာပင် ကြည့်လိုက်ရင်း...
“ငရဲကိုးထပ်မှာလည်း ပိုးသားဧကရာဇ်က အမတခုံရုံးကလူတွေနဲ့ပေါင်းပြီး အကြီးအကဲကို သေလုနီးပါးဖြစ်အောင် လုပ်ကြံခဲ့တာပဲ မဟုတ်လား”
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က တစ်ချက်မတုံ့ဆိုင်းဘဲ...
“ဒီကိစ္စအတွက်နဲ့တော့ မင်းတို့အငယ်တွေကို ရန်ငြိုးထားစရာအကြောင်း မရှိပါဘူး ၊ စာရင်းရှင်းမယ်ဆိုရင် ပိုးသားဧကရာဇ်နဲ့ပဲ စာရင်းရှင်းရမှာပေါ့”
သူက ဆက်ပြောသည်။
“ပြီးတော့ ငါ ပိုးသားဧကရာဇ်ကို လက်စားချေရင်တောင် ပြင်ပတာအိုမကောင်းဆိုးဝါးတွေရဲ့စနက် မပါဝင်စေရဘူး”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဒါနဲ့... အကြီးအကဲနဲ့ နေခြည်ဧကရာဇ် အတော်လေးမှ စကားကောင်းခဲ့ကြရဲ့လား”
မီးလျှံများဖုံးလွှမ်းနေသဖြင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏မျက်နှာအမူအရာကို မည်သူမှ မသိမြင်နိုင်ပေ။
သို့သော် သူက စကားဆိုလာသည်။
“ငါ ဖယောင်းနေခြည်ဧကရာဇ်နဲ့တွေ့ဆုံတုန်းက မင်းရောက်နေပြီလား ၊ မင်း ရှိနေတာ ငါတောင် မသိလိုက်ရပါလား ၊ အခုမှ စဉ်းစားကြည့်မိတယ်... မင်းကို ငါရှာတွေ့ခဲ့တာ မင်း တမင်သက်သက် သဲလွန်စပေးလိုက်လို့များလား”
ရန်ကျောက်ကဲက...
“အကြီးအကဲက ချီးကျူးလွန်းနေပါပြီ ၊ တကယ်တော့ အကြီးအကဲက ဖယောင်းနေခြည်ဧကရာဇ်ဆီက ထွက်ခွာလာတော့မှ ကျွန်တော်က မြင်မိတာပါ”
ကြီးမားသောမီးတောက်မီးလျှံကြီးက ဖြည်းညင်းစွာ ခေါင်းတစ်ချက်ညိတ်လိုက်သည်။
ပြီးမှ ခေါင်းခါယမ်းရင်း...
“ဖယောင်းနေခြည်ဧကရာဇ်က ငါနဲ့ အပြန်အလှန်သဘောတူညီမှုယူပြီးမှ လမ်းခွဲခဲ့ကြတာပါ ၊ မဟုတ်ရင် ပြင်ပတာအိုက မကောင်းဆိုးဝါးတွေ ငါတို့ကို ခြေရာခံမိနိုင်တယ်လေ ၊ ဒါကြောင့် သတင်းအချက်အလက်တွေရမှ သူက ငါ့ကိုအကြောင်းကြားမယ်လို့ သဘောတူထားတယ် ၊ ပြီးရင်တော့ ဘာလုပ်ရမလဲဆိုတာ အစီအစဉ် ဆွဲရမှာပေါ့”
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က နေခြည်ဧကရာဇ်ကို အပြည့်အဝ မယုံကြည်ကြောင်း ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း သတိထားမိသည်။
နေခြည်ဧကရာဇ်က တိဟွမ်မြေကမ္ဘာဧကရာဇ်အား အစဉ်အမြဲ ထောက်ခံသူ ဖြစ်သည်။
ယခုတစ်ခေါက် မီးလျှံထက်ယံအရှင်သခင်က အမတခုံရုံးကို ပြဿနာရှာသည်ဖြစ်ရာ အထက်ဘုံကမ္ဘာက ကြားညပ်သည့်အခြေအနေသို့ ရောက်ရှိနေရသည်။
ဤကိစ္စ မည်သို့အဆုံးသတ်မည်ဆိုသည်ကလည်း မသေချာသည့် အခြေအနေပင်။
“ဒါနဲ့ မိတ်ဆွေလေး’ရန်’... မင်းကရော ဘာလို့ ဒီကိုရောက်လာတာလဲ”
ကြီးမားသည့် မီးတောက်မီးလျှံကြီးက မေးမြန်းလိုက်၏။
“မင်း နဂိုကတည်းက ဒီနေရာမှာ ရှိနေတာလား ၊ ဒါမှမဟုတ် မင်ကျန့်ကိုရှာဖွေဖို့ ဒီကိုလာခဲ့တာလား”
ရန်ကျောက်ကဲက...
“ယိုးမင်ဂမ္ဘီရဂိုဏ်းကိစ္စတွေဖြစ်တုန်းက အကြီးအကဲက အေးစက်တဲ့ရှေးဟောင်းချောက်နက်ကြီးထဲမှာ ရှိနေခဲ့တာ မဟုတ်လား ၊ အကြီးအကဲ အပြင်ပြန်ရောက်လာတော့ အဲဒီအချိန်က အဖြစ်အပျက်တွေကို ဘယ်လောက်များများသိထားသလဲ”
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...
“တခြားသူတွေပြောတာ ကြားဖူးတာပဲရှိတယ် ၊ အသေးစိတ်ကိုတော့ ငါ မသိဘူး”
ထိုစကားကြားတော့ ရန်ကျောက်ကဲက ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အင်္ဂါဂြိုဟ် ပုဆိန်သွားလှံရှည် သိသင့်သည့်အချက်များကို ပြောပြလိုက်သည်။
အဆုံးသတ်တွင် ရန်ကျောက်ကဲက...
“ယိုးမင်ဂမ္ဘီရစက်ဝန်းနဲ့ ကျွန်တော့်အမေကြောင့်... ကျွန်တော်က အမတခုံရုံးအတွက် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်လာခဲ့တယ် ၊ ပြီးတော့ ကျွန်တော် ဝမ်ကျန်းချန်ကိုလည်း သတ်ပစ်လိုက်တယ်”