← Chapters

သူတို့က ချစ်သူတွေဖြစ်ခဲ့ကြဖူးတယ်

Vol. 87 Ch. 1217

သူတို့က ချစ်သူတွေဖြစ်ခဲ့ကြဖူးတယ်

Vol. 87 Ch. 1217

အခန်း (၁၂၁၇) သူတို့က ချစ်သူတွေဖြစ်ခဲ့ကြဖူးတယ်

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် အထက်ဘုံကမ္ဘာသို့ မပြန်သည်မှာ အတော်လေး အချိန်ကြာမြင့်နေပြီ ဖြစ်သည်။

ရန်ကျောက်ကဲပြောသည့်စကားများကို ကြားရသည့်နောက် ကြီးမားသောပုဆိန်သွားလှံရှည်ကြီး၏ ပတ်ပတ်လည်မှ မီးလျှံများ တဟုန်းဟုန်း ခုန်ပျံတောက်လောင်လာသည်။

“လူငယ်တွေက တကယ်လေးစားထိုက်တာပဲ...”

ရန်ကျောက်ကဲ၏စကားများကို အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သံသယမရှိ ယုံကြည်လေသည်။

သူက အာရုံခံနိုင်စွမ်း သိပ်မကောင်းသည့်တိုင် အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် အဆင့်တူညီသည့် ယိုစိမ့်ခြင်းမရှိ အမတမှော်ဝင်လက်နက်တစ်ခု ဖြစ်နေဆဲပင်။

သူ့ရှေ့တွင် သဲလွန်စများဖုံးကွယ်ပြီး လိမ်ညာပြောဆိုဝံ့သည့် သိုင်းသူတော်စင်ဆို၍ အနည်းငယ်သာလျှင် ရှိလေသည်။

ရန်ကျောက်ကဲက လူသားနတ်ဘုရား (လူသားအထွတ်ထိပ်) အဆင့်သို့ မရောက်သေးသော်လည်း သိုင်းသူတော်စင် နဝမအဆင့် ၊ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သတိပြုမိထားပြီး ဖြစ်၏။

သူ့အရှေ့မှလူငယ်သည် ပါရမီရှင် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်ပေသည်။ ရန်ကျောက်ကဲက အမုန်းတရားမဲ့တာအိုနန်းတော်တွင် သူဆုံတွေ့ခဲ့သည့် လူငယ်လေး မဟုတ်တော့ပေ။

ဝမ်ကျန်းချန်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် မိတ်ဆွေဟောင်းများ ဖြစ်သည်သာမက ၊ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် ပိုးသားဧကရာဇ်၏တိုက်ပွဲတွင် ဝမ်ကျန်းချန်က သက်သေလုပ်ပေးခဲ့သည်။

သူတို့က ရင်းနှီးသောမိတ်ဆွေများ မဟုတ်ကြသလို အကြောင်းအရာများစွာအပေါ်တွင် သဘောထားကွဲလွဲမှုများရှိကြသော်လည်း ဝမ်ကျန်းချန် ကွယ်လွန်ကြောင်း သတင်းကြားသည့်အခါ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် အနည်းငယ် စိတ်မကောင်းဖြစ်သွားမိသည်။

သူက သက်ပြင်းတစ်ချက်ချရင်း...

“မင်းက ရန်ရှင်းထန်နဲ့ တိချင်းလျန်တို့ရဲ့မြေးဆိုတာ အရင်ကတည်းက ငါ သတင်းကြားထားပါတယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မင်းအမေက ဟူယွဲ့ရှင်းရဲ့အဆက်အနွယ်ဖြစ်ပြီး နောက်ပိုင်းမှာ ဒီလိုမျိုး ကြီးမားတဲ့ကိစ္စတွေကို လုပ်လိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး”

ဝမ်ကျန်းချန်က လက်ရှိ တိဟွမ်မြေကမ္ဘာဧကရာဇ်ဟု လူသိများသော မြေကမ္ဘာထက်ယံအရှင်သခင် ‘ကျန်းရှန်’ ၏ တပည့်ဖြစ်သည်။

ဟူယွဲ့ရှင်းက မုယောက်ကြယ်စင်ထက်ယံအရှင်သခင် ‘ရှောက်ကျွင်းဟွမ်’ ၏ တပည့်ဖြစ်သည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ရှေးဟောင်းချောက်နက်ကြီးထဲတွင် ချိတ်ပိတ်မခံရစဉ်ကတည်းက သူတို့နှစ်ယောက်လုံးနှင့် သိကျွမ်းခင်မင်ခဲ့ဖူးသည်။

“မင်း မင်ကျန့်ကိုလာရှာတာ မအံ့သြတော့ပါဘူး”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အဓိပ္ပါယ်ပါသောလေသံဖြင့် ဆိုသည်။

“သူက တခြားကိစ္စတွေနဲ့ပတ်သက်ဖို့ စိတ်မဝင်စားပေမယ့်... မင်းအမေက ရှောက်ကျွင်းဟွမ်ရဲ့ အဆက်အနွယ်ဆိုတော့... အခြေအနေတွေက ကွဲပြားသွားနိုင်တယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲ ဝမ်းသာသွားပြီး...

“အကြီးအကဲ ဆိုလိုတာက...”

“ငါလည်း အပြင်လူတစ်ယောက်ဆိုတော့... မင်ကျန့်နဲ့ ရှောက်ကျွင်းဟွမ်ကြား ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောရခက်တယ် ၊ ကြည့်ရတာ... သူတို့ကိုယ်တိုင်တောင် ဒီအခြေအနေတွေကို အပြည့်အဝ ရှင်းပြနိုင်ပါ့မလား မသိဘူး”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို လွှမ်းခြုံထားသည့် ကြီးမားသောမီးတောက်မီးလျှံကြီးက ဗလာနယ်အဝေးတစ်နေရာသို့ လှမ်းကြည့်ရင်း စကားဆိုလိုက်သည်။

“ဒီတစ်ခေါက်တော့ မင်ကျန့်က ငါအကြံပေးတာကို နားမထောင်ဘဲ အမတခုံရုံးကို ထွက်သွားတာ ၊ သူပြောတာတော့ အမတခုံရုံးက အဲဒီ နက်ရှိုင်းနတ်ဘုရားနှစ်ပါးကို သတ်ပစ်မယ်တဲ့ ၊ ငါ့အတွက်လက်စားချေပေးလို့ သူ့ကို အရမ်းကျေးဇူးတင်ပေမယ့် အရမ်းလည်း စိတ်ပူနေမိတယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မင်ကျန့်က ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်ပြီးတဲ့နောက် ရုတ်တရက် ပြန်ဆုတ်သွားတယ်လို့သတင်းကြားတော့ ငါ စိတ်သက်သာရာရသလို စိတ်လည်း ရှုပ်သွားတယ် ၊ ဘာလို့လဲဆိုတော့ ငါသိတဲ့ စောမင်ကျန့်က လွယ်လွယ်နဲ့နောက်ပြန်ဆုတ်တတ်တဲ့သူ မဟုတ်လို့ပဲ”

ကြီးမားသောမီးတောက်မီးလျှံကြီး၏နောက်ကွယ်တွင်ရှိနေသောမျက်နှာက အနည်းငယ် ဝေဝါးသွားသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဆက်ပြောသည်။

“သူ အကြောင်းတစ်ခုခုကြောင့် စိတ်ပြောင်းသွားတာ ဖြစ်ရမယ်”

ရန်ကျောက်ကဲက...

“ဒါကြောင့် အကြီးအကဲက သူ့ကိုခြေရာခံပြီး ဒီနေရာအထိ လိုက်လာခဲ့တာလား”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“လေးစားစွာနဲ့ပဲ မေးပါရစေ... မီးလျှံထက်ယံအရှင်သခင်က ဘာလို့ ဒီနေရာကို လာရတာလဲ အကြီးအကဲ သိပါသလား”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...

“မင်ကျန့် အရာအားလုံးကို ထားခဲ့ရတဲ့အကြောင်းရင်း တစ်ခုပဲ ရှိတယ် ၊ အဲဒါက ရှောက်ကျွင်းဟွမ်နဲ့ပတ်သက်နေလို့ပဲ”

ရန်ကျောက်ကဲ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။

သူလည်း ယခင်က ဤသို့ပင်ဖြစ်မည်ဟု ခန့်မှန်းထားခဲ့သည် မဟုတ်ပါလား။

သို့သော် ရန်ကျောက်ကဲအနေဖြင့် သူ၏ခန့်မှန်းချက်မှန်ကန်ကြောင်း သက်သေပြစရာ မရှိခဲ့ပေ။

မီးလျှံထက်ယံအရှင်သခင်က မုယောက်ကြယ်စင်ထက်ယံအရှင်သခင်ကို နှစ်ထောင်ပေါင်းများစွာ တစိုက်မတ်မတ်ရှာဖွေနေသည်ဆိုသောအချက်အပေါ်တွင်သာ မူတည်ပြီးကောက်ချက်ချနိုင်ခဲ့သည်။

ယခုတော့ မီးလျှံထက်ယံအရှင်အကြောင်း အတော်များများသိရှိသော အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကလည်း အလားတူယူဆချက်ကို ပြုလုပ်ခဲ့သည်ဖြစ်ရာ ရန်ကျောက်ကဲ၏ခန့်မှန်းချက် (၈၀)ရာနှုန်းခန့် မှန်ကန်ကြောင်း ပြသနေသည်။

ရန်ကျောက်ကဲက...

“အကြီးအကဲ... မီးလျှံထက်ယံအရှင်သခင်နဲ့ မုယောက်ကြယ်စင်ထက်ယံအရှင်သခင်က...”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ရန်ကျောက်ကဲ၏မေးခွန်းကို မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

“ချစ်သူတွေလေ... အင်း... ချစ်သူတွေ ဖြစ်ခဲ့ဖူးကြတယ်ပေါ့ကွာ...”

ရန်ကျောက်ကဲက သူ့ကိုလှမ်းကြည့်ရင်း အနည်းငယ် အဆင်မပြေဖြစ်သွားဟန်ဖြင့်...

“ချစ်သူတွေ ဖြစ်ခဲ့ဖူးတယ် ဟုတ်လား...”

ကြီးမားသော မီးတောက်မီးလျှံကြီးက...

“ပြောရရင်တော့ အရှည်ကြီးပဲ...”

ထို့နောက် သူက အဝေးတစ်နေရာသို့ ငေးကြည့်ရင်း ခေါင်းခါယမ်းလိုက်ပြီး...

“မင်ကျန့် ဘာကိုမှအရေးမစိုက်ဘဲ ဒီနေရာကိုထွက်လာတယ်ဆိုကတည်းက ဒီနေရာမှာ ရှောက်ကျွင်းဟွမ် ရှိနေလို့ပဲ ဖြစ်ရမယ်”

ရန်ကျောက်ကဲ သူ၏ခန္ဓာကိုယ်အား တစ်ချက်ပွတ်သပ်လိုက်သည်။

ဤနေရာတွင် ရှောက်ကျွင်းဟွမ်ရှိသည်ဆိုသောအချက်ကို မီးလျှံထက်ယံအရှင်သခင် ဖမ်းဆီးမိခဲ့သော အမတခုံရုံး တန်ခိုးစွမ်အားရှင်ထံမှ သိရှိခဲ့ခြင်း ဖြစ်နိုင်သည်။

ဤနေရာတွင် မေးစရာရှိလာသည်မှာ ....

အမတခုံရုံးမှလူများက ရှောက်ကျွင်းဟွမ် ဤနေရာတွင်ရှိနေကြောင်း သိရှိသည်ဆိုလျှင် အဘယ့်ကြောင့် လှုပ်ရှားမှု မပြုလုပ်ကြပါသနည်း။

‘တောင်ပိုင်းချန်စန်းဧကရာဇ်’ ကို ထောက်ခံသော ရှောက်ကျွင်းဟွမ်က ကြားနေဝါဒကျင့်သုံးသော စောမင်ကျန့်ထက်ပိုပြီး အမတခုံရုံးအတွက် ရန်သူဖြစ်သည် မဟုတ်ပါလား။

မုယောက်ကြယ်စင်ထက်ယံ၏ တပည့်ဖြစ်သော ဟူယွဲ့ရှင်းနှင့် သူမ၏အဆက်အနွယ်များ၏ လုပ်ရပ်နှင့်အပြုအမူများကပင် ဤအချက်ကို ထင်ရှားနေစေပြီ ဖြစ်သည်။

သို့ဖြစ်ရာ ရှောက်ကျွင်းဟွမ်သာ ဤနေရာတွင် ရှိနေခဲ့ပါက အမတခုံရုံးမှတန်ခိုးစွမ်းအားရှင်များ သူမကိုတိုက်ခိုက်ရန် အစောကြီးကတည်းက ရောက်ရှိလာကြပေလိမ့်မည်။

ယခုတော့ ဖြစ်ရပ်များကို သုံးသပ်ကြည့်ရလျှင်...

ဤနေရာက ရှောက်ကျွင်းဟွမ် ပုန်းအောင်းနေသည့်နေရာမဟုတ်ဘဲ ရှောက်ကျွင်းဟွမ် သေဆုံးသွားသည့်နေရာသာ ဖြစ်ပလေိမ့်မည်။

နက္ခတ်ဧကရာဇ် သတိပေးပြီးတကည်းက ရန်ကျောက်ကဲအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သော်လည်း ၊ ယခုတော့ မည်သို့မှမတတ်နိုင်စွာ နှမျောတသ စိတ်မကောင်းဖြစ်မိသေးသည်။

ထိုအချိန် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဖုံးလွှမ်းထားသည့် မီးတောက်မီးလျှံများ အနည်းငယ် တုန်ခါသွားသည်။

သို့သော် သူက ရန်ကျောက်ကဲကို လျှို့ဝှက်ထားခြင်းမရှိဘဲ ဖွင့်ပြောလာသည်။

“ငါတို့ဆက်သွယ်ရေးလမ်းကြောင်းကနေတစ်ဆင့် ဖယောင်းနေခြည်ဧကရာဇ် သတင်းပို့လာတယ်”

သူက ဆက်ပြောသည်။

“သူက အမတခုံရုံးကျင့်ကြံသူတွေ ဝိုင်းရံထားတဲ့နေရာအတွင်းပိုင်းကို ငါ့ကိုခေါ်သွားဖို့ နည်းလမ်းရပြီလို့ ပြောတယ်”

ရန်ကျောက်ကဲက...

“ဆရာဦးလေး’ယွဲ့’ နဲ့ တိဟွမ်မြေကမ္ဘာဧကရာဇ်တို့လည်း အဲဒီနေရာကိုရောက်နေလောက်ပြီထင်တယ်”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...

“သူတို့ ရောက်နေနိုင်ပါတယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဖယောင်းနေခြည်ဧကရာဇ်ကတော့ လောလောဆယ် သူတို့နဲ့အဆက်အသွယ်မရသလို သူတို့ဘယ်နေရာရောက်နေလည်း မသိဘူးတဲ့”

စောမင်ကျန့်ကို လိပ်ဖမ်းသလို အိုးထဲထည့်ပြီး ဝိုင်းဝန်းဖမ်းဆီးရန်အတွက် ဝိုင်းဝန်းဖမ်းဆီးရန်အတွက် ဤနေရာတွင် အမတခုံရုံးတန်ခိုးစွမ်းအားရှင်များစွာ စုဝေးခဲ့ကြသော်လည်း ၊ ဤနေရာ၏ ဧရိယာက အထက်ဘုံကမ္ဘာထက်ပင် ကျယ်ပြန့်သေးသည်။

အမတခုံရုံးက စောမင်ကျန့်ကိုရှာဖွေရန် ဤနေရာအတွင်းပိုင်းကို မရမက ပိတ်ဆို့ထားသော်လည်း ယာယီမျှသာပြုလုပ်ထားနိုင်သည်။

ရန်ကျောက်ကဲက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ကြည့်လိုက်ရင်း...

“ဒီတော့ အခု ဘာလုပ်မလဲ အကြီးအကဲ...”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...

“နေခြည်ဧကရာဇ်ကတော့ ငါ့ကိုထောင်ချောက်ဆင်မယ် မထင်ပါဘူး...”

မဟုတ်ပါက စောစောက သူတို့နှစ်ယောက် တွေ့ဆုံကြစဉ်ကတည်းက နေခြည်ဧကရာဇ်က သူ့ကို အချိန်တိုအတွင်း ထွက်ခွာသွားခွင့်မပြုဘဲ အချိန်ဆွဲထားမည် ဖြစ်သည်။

ထိုသို့အချိန်ဆွဲထားခြင်းအားဖြင့် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ သတိပြုမိသွားပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကိုဖမ်းဆီးရန် ရောက်ရှိလာကြပေမည်။

ရန်ကျောက်ကဲက ခဏမျှ စဉ်းစားလိုက်ပြီးနောက်...

“ဒါဖြင့် ကျွန်တော် အကြီးအကဲနဲ့အတူ လိုက်ခဲ့လို့ ရမလား”

အချိန်ကုန်သွားသည့်တိုင် ကျန့်ဟွမ်ဓားဧကရာဇ်ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ အချိန်ကြာလာသည်နှင့်အမျှ အပြောင်းအလဲများစွာလည်း ဖြစ်ပေါ်လာနိုင်သည်။

အကယ်၍ ကျန့်ဟွမ်ဓားဧကရာဇ်က အမတခုံရုံးမှ ကျင့်ကြံသူများဝိုင်းရံထားသည့် ထောင်ချောက်အတွင်းပိုင်းသို့ ရောက်ရှိနေသည်ဆိုလျှင် သူ့ကို အပြင်ဘက်တွင် ရှာဖွေနေခြင်းက ရန်ကျောက်ကဲအတွက် အချိန်ဖြုန်းရာ ရောက်ပေလိမ့်မည်။

ယခု သူ့ခေါင်းထဲ အကြံတစ်ခုပေါ်လာပြီး အန္တရယ်များသော်လည်း ဖြစ်နိုင်ခြေရှိသည်။

ရန်ကျောက်ကဲက အရာအားလုံးကို ထိန်းချုပ်ထားရသည့် ခံစားချက်ကို သဘောကျသော်လည်း သူက အန္တရယ်ရှိသော ဆုံးဖြတ်ချက်များကိုလည်း လိုအပ်လျှင် ချမှတ်နိုင်သူ ဖြစ်၏။

ရန်ကျောက်ကဲက...

“ဒါပေမဲ့ ဖြစ်နိုင်ရင် ကျွန်တော် နေခြည်ဧကရာဇ်နဲ့တော့ မျက်နှာချင်းဆိုင် မတွေ့ချင်ဘူး ၊ အနေရခက်တယ်လေဗျာ...”

နေခြည်ဧကရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို အမတခုံရုံးမှလူများမသိအောင် ထောင်ချောက်နက်ရှိုင်းရာသို့ တကယ်ပဲ ခေါ်ဆောင်သွားလိုသည်ဆိုလျှင် ဤသည်က ပထမ အကာအကွယ် ဖြစ်ပေသည်။

ရန်ကျောက်ကဲက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ အကူအညီဖြင့် ပုန်းအောင်းနိုင်မည်ဆိုပါက ထိုအရာက ဒုတိယအကာအကွယ် ဖြစ်နိုင်သည်။

ဤနည်းအားဖြင့် ရန်ကျောက်ကဲ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ရန်အတွက် ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ကို အသုံးပြုနိုင်ပြီး ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို အသုံးပြုရန်မလိုအပ်တော့ပေ။ တစ်ချိန်တည်းမှာပင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်လည်း သူ၏ထူးခြားချက်ကို ရိပ်မိနိုင်ခြင်း မရှိတော့ပေ။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...

“အဲဒီနေရာက အမတခုံရုံးက တန်ခိုးစွမ်းအားရှင်တွေနဲ့ ပြည့်နေတာ ၊ မင်း အရမ်းဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ် ၊ သေချာစဉ်းစားပြီးပြီလား”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ကျွန်တော့်အတွက် စိတ်မပူပါနဲ့ ၊ အကြီးအကဲ မကူညီမှာကိုပဲ ကျွန်တော်က စိုးရိမ်နေတာ”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...

“ငါ့အမှားကြောင့် မင်း အမတခုံရုံးနယ်မြေကို ရောက်ရှိသွားခဲ့တယ်လေ ၊ ဒီတော့ မင်းကို ပြန်ပေးဆပ်ဖို့ ငါ့မှာတာဝန်ရှိပါတယ် ၊ ဒါကြောင့် မင်းတောင်းဆိုတာကို ငြင်းမှာမဟုတ်ပါဘူး”

All Chapters