ရန်သူနဲ့တွေ့ဆုံ
Vol. 87 Ch. 1218
အခန်း (၁၂၁၈) ရန်သူနဲ့တွေ့ဆုံ
ရန်ကျောက်ကဲက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဦးညွှတ်လိုက်ရင်း...
“ပြီးခဲ့တဲ့အကြောင်းတွေကို ပြောမနေပါနဲ့တော့ အကြီးအကဲ ၊ ဒီနေ့ အကြီးအကဲ ကူညီတာကိုပဲ ကျေးဇူးတင်နေပါပြီ”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး လေထုထဲသို့ ပျံသန်းသွားသည်။ အလင်းရောင်က ခဏမျှတုန်ခါသွားပြီးနောက် အုံ့ဆိုင်းသွားသည်။
“ယိုးမင်ဂမ္ဘီရဂိုဏ်းအဟောင်းပျက်ဆီးသွားပြီး အသစ်ပြန်တည်ထောင်တယ်လို့ ငါ သတင်းကြားတယ် ၊ ပြိုင်ဘက်ကင်းအဆုံးမဲ့ ပညာရပ်ရဲ့ လျှို့ဝှက်ချက်က တကယ်မှတ်သားထိုက်ပါပေတယ် ၊ ဒီနေ့ ကိုယ်တိုင်မြင်တွေ့ရတော့ တကယ့်ကို လေးစားသဘောကျမိတယ်”
ပြောပြီးသည်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က လက်တစ်ဖက်ဆန့်ထုတ်ပြီး ရန်ကျောက်ကဲအသွင်ပြောင်းထားသည့် မှိန််ဖျော့သည့်အလင်းတန်းကို ဖမ်းယူဆုပ်ကိုင်ကာ သူ၏ မီးတောက်မီးလျှံအလွှာများဖြင့် ဖုံးအုပ်လိုက်သည်။
ထို့နောက် မီးလျှံတစ်ခုအသွင်ပြောင်းလဲသွားပြီး ဗလာနယ်ကိုကျော်ဖြတ်ကာ အဝေးသို့ ပျံသန်းထွက်ခွာသွားလေသည်။
ရန်ကျောက်ကဲက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ အကာအကွယ်အောက်တွင်ရှိနေသော်လည်း ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်တွင် နစ်မြုပ်နေပြီး ပြင်ပကမ္ဘာနှင့်ပတ်သက်ပြီး ပိုမိုရှင်းလင်းပြတ်သားစွာ အာရုံခံနိုင်စွမ်း ရှိနေသည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကလည်း ရန်ကျောက်ကဲ၏ အာရုံခံနိုင်စွမ်းကို ပိတ်ဆို့ထားရန် ရည်ရွယ်ချက် မရှိပေ။ ထို့ကြောင့် ရန်ကျောက်ကဲက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ အကူအညီဖြင့် ပြင်ပသတင်းအချက်အလက်များကို လက်ခံရရှိခဲ့သည်။
လမ်းတစ်လျှောက်တွင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အမတခုံရုံးမှ ကျင့်ကြံသူများ သတိမထားမိအောင် ရှောင်တိမ်းခဲ့သည်။
တစ်နေရာအရောက်မှာတော့ သူက ရုတ်တရက် ရပ်တန့်လိုက်ပြီး အနီရောင်မီးလျှံ ပျောက်ကွယ်သွားကာ စကြာဝဠာတစ်ခုလုံး အမှောင်ထုထဲသို့ ကျရောက်သွားသည်။
ထိုခဏတွင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူ၏သဲလွန်စကိုဖုံးကွယ်ရန် စွမ်းအားရောင်ဝါကို လျှော့ချလိုက်သည်။
သူက ဤသို့ပြုလုပ်ရာတွင် တော်သူမဟုတ်သော်လည်း ၊ သူသာ ပုန်းအောင်းချင်သည်ဆိုလျှင် နတ်ဘုရားတစ်ပါးမဟုတ်ဘဲ သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
အချိန်များတိတ်ဆိတ်စွာပင် ကုန်ဆုံးသွားပြီး ရန်ကျောက်ကဲရော အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ပါ အသံမထွက်သလို စကားလည်းသိပ်မပြောဖြစ်ဘဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။
အချိန်မည်မျှကြာသွားသည်မသိ ဗလာနယ်အခြားတစ်ဖက်မှ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာသည်ကို တွေ့ရသည်။
အနားသို့ချဉ်းကပ်လာသည့် ရွှေရောင်အလင်းတန်းထဲတွင် ပုံရိပ်တစ်ခုရှိနေကြောင်း ရန်ကျောက်ကဲ တွေ့လိုက်ရသည်။
ထိုလူရိပ်က အသက် (၅၀)ခန့်ရှိသော တာအိုဆရာတစ်ယောက်ဖြစ်ပြီး ယင်နှင့်ယန် သင်္ကေတပါဝင်သည့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
တရားသူကြီးတစ်ယောက်၏မျက်နှာကဲ့သို့ တည်ကြည်လေးနက်သောမျက်နှာရှိပြီး မုတ်ဆိတ်မွှေးကအရှည် (၃)ပေခန့်ရှိကာ အသွင်အပြင်က ကြီးကျယ်ခမ်းနားပြီး ဆွဲဆောင်မှုရှိသော မျက်ဝန်းများကို ပိုင်ဆိုင်သည်။
သူ၏မျက်ဝန်းများက ကောင်းကင်ထက်တွင်ချိတ်ဆွဲထားသော မှန်ချပ်များပမာ ကမ္ဘာကြီးကို အလင်းပေးတော့မည့်အလား ခမ်းနားထည်ဝါလှ၏။
ထိုမျက်ဝန်းများက လူသားများ၏စိတ်နှလုံးကို သိမြင်နိုင်စွမ်းရှိပုံရပြီး လူသားများ၏နှလုံးသားထဲမှ အကောင်းအဆိုး အလင်းအမှောင် ဖုံးကွယ်ထားသည့် အတွေးများအားလုံးကို သိမြင်နိုင်စွမ်း ရှိနေဟန်ပင်။
ရန်ကျောက်ကဲက ထိုသူ၏ပန်းချီကားကို တွေ့မြင်ဖူးထားသည်ဖြစ်ရာ တစ်ချက်ကြည့်ရုံဖြင့် မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိလိုက်၏။
ထိုသူက အထက်ဘုံကမ္ဘာမှ အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ဖယောင်းနေခြည်ဧကရာဇ် ဖြစ်ပြီး ခွန်လွန်တောင် ၊ နှလုံးသားနှစ်လွှာတောင်ထွတ် ၊ ခရမ်းရောင်နေခြည်လိုဏ်ဂူ၏ အရှင်သခင်လည်း ဖြစ်သည်။
နေခြည်ဧကရာဇ်က မဟာကပ်ဘေးကြီးမတိုင်ခင် ယွိချင်အဆက်အနွယ်မှ ပုံရိပ်ယောင်အရှင်၏ တာအိုကျင့်ကြံခြင်းကို ရှာဖွေတွေ့ရှိပြီး အမွေဆက်ခံခဲ့သည်ဟု ဆိုကြသည်။
ပုံရိပ်ယောင်အရှင်၏ တာအိုနယ်မြေမှာ အစိမ်းရောင်တောင်ထွတ်မှ ခရမ်းရောင်နေခြည်လိုဏ်ဂူဟု ဆိုကြသည်။
ထို့ကြောင့် နေခြည်ဧကရာဇ် အစစ်အမှန်နတ်ဘုရားဖြစ်လာပြီးနောက် ခွန်လွန််တောင်၏ နှလုံးသားနှစ်လွှာတောင်ထွတ်တွင် ကိုယ်ပိုင်တာအိုနယ်မြေတစ်ခုတည်ဆောက်ပြီး ‘ခရမ်းရောင်နေခြည်လိုဏ်ဂူ’ ဆိုသောအမည်ကို အသုံးပြုခဲ့သည်။
ယခုတော့ နေခြည်ဧကရာဇ်၏မျက်နှာက တည်ကြည်လေးနက်နေပြီး အဝေးတစ်နေရာ အရှေ့ဆီသို့ တည်ငြိမ်စွာ စူးစိုက်ကြည့်နေသည်။
သူ၏ဦးခေါင်းထက်တွင် တောက်ပသည့်ကြေးမုံမှန်တစ်ချပ်ရှိနေပြီး ကြေးမုံမှန်အလင်းတန်းက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့လျှက်ရှိသည်။
ကြေးမုံမှန်ထဲတွင် အနည်းငယ် ယိမ်းနွဲ့နေသည့်အလင်းရောင်တစ်ခုကို ယောင်ဝါးဝါး တွေ့မြင်နေရသည်။
နေခြည်ဧကရာဇ်က ရန်ကျောက်ကဲနှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ပုန်းအောင်းနေသည့်နေရာသို့ရောက်ရှိလာသည့်တိုင် အရှိန်လျှော့ခြင်းမရှိသလို ရပ်တန့်လိုက်ခြင်းလည်း မရှိပေ။
သို့သော် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အခွင့်အရေးကိုလက်လွှတ်မခံဘဲ မီးအလင်းတန်းအဖြစ်ပြောင်းလဲကာ ကြေးမုံမှန်ဆီသို့ပျံသန်းသွားပြီး ကြေးမုံမှန်ထဲမှ ဖယောင်းတိုင်မီးအိမ်အလင်းရောင်နှင့် ပေါင်းစပ်လိုက်သည်။
ဖယောင်းတိုင်မီးအိမ်အလင်းတန်းက ပြင်းထန်စွာတုန်ခါသွားပြီး အတန်ကြာမှ ပုံမှန်ပြန်ဖြစ်သွားသည်။
ကြေးမုံမှန်ထဲတွင် စီးဆင်းနေသည့်အနီရောင်အလင်းတန်းက လျှင်မြန်စွာစုစည်းသွားပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
နေခြည်ဧကရာဇ်က ဘာမှမဖြစ်သည့်အလား ရှေ့သို့သာ ဆက်သွားနေသည်။
သို့သော် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏နားထဲတွင် စကားပြောသံ ကြားလိုက်ရ၏။
“တာအိုရောင်းရင်း... မင်းကို ငါ့ရဲ့ ဖယောင်းတိုင်မီးအိမ်ထဲမှာ ဝှက်ထားရတာ စိတ်မကောင်းပါဘူး”
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...
“အမတခုံရုံးက မိစ္ဆာတွေကို ရှောင်တိမ်းဖို့ ဒီလိုလုပ်ရတာပဲလေ ၊ ကိစ္စမရှိပါဘူး ၊ မင်းက ငါ့ကိုကူညီတဲ့အတွက် ကျေးဇူးတောင်တင်ရဦးမယ်”
နေခြည်ဧကရာဇ်က...
“ကိစ္စမရှိပါဘူး တာအိုရောင်းရင်း ၊ မီးလျှံထက်ယံအရှင်သခင်က အထက်ဘုံကမ္ဘာမှာ ကြာရှည်မနေတဲ့အတွက် သူ့နာမည်ကို လူတွေ သိပ်မသိကြဘူး ၊
ဒါပေမဲ့ ငါကတော့ သူ့အကြောင်းကို အရင်ကတည်းကကြားဖူးပြီး အမြဲတမ်းလေးစားနေခဲ့တာပါ ၊ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောစရာတစ်ခုတော့ ရှိတယ်”
နေခြည်ဧကရာဇ်က ခဏနားလိုက်ပြီးနောက် တည်ကြည်လေးနက်စွာဖြင့် ဆက်ပြောသည်။
“ငါတို့လမ်းမှန်ကျင့်ကြံသူတွေက မဟာကပ်ဘေးကြီးကြောင့် အများကြီး ထိခိုက်ခံစားခဲ့ရတယ် ၊ မဟာကပ်ဘေးကြီးပြီးတဲ့နောက်မှာ ပြန်လည်တည်ထောင်ရေးအတွက် လုပ်စရာတွေအများကြီး ရှိနေသေးတယ် ၊ ငါတို့ အခုချိန်ထိ ရရှိထားတဲ့ တိုးတက်မှုတွေ ပျောက်ပျက်မသွားဘဲ အန္တရယ်ကင်းဖို့ အရမ်းလိုအပ်တယ် ၊ ဒါပေမဲ့ အခု မီးလျှံထက်ယံအရှင်သခင်က အမတခုံရုံးမှာ အတော်လေး ပြဿနာရှာလိုက်တာက ကြောက်စရာပဲ မဟုတ်လား”
“ငါက အမြဲတမ်း ပွင့်ပွင့်လင်းလင်းပြောတတ်တယ် ၊ ဒီတော့ပြောသင့်တာတော့ပြောရမှာပဲ ၊ ဒါပေမဲ့ စိတ်မပူပါနဲ့... ဒီအတွက်ကြောင့်နဲ့ ငါတို့ကြားက သဘောတူညီချက် ထိခိုက်မှာ မဟုတ်ပါဘူး”
သူက ဆက်ပြောသည်။
“ငါတို့မှာ အတော်များများ သဘောထားကွဲလွဲမှုတွေ ရှိကောင်းရှိနိုင်ပါတယ် ၊ ဒါပေမဲ့ ငါတို့အားလုံးက စန်းချင်း(၃)ပါးအဆက်အနွယ် ကျင့်ကြံသူတွေဖြစ်တဲ့အတွက် ဘယ်သူ့ကိုမဆို အမတခုံရုံးက မိစ္ဆာတွေ သတ်ဖြတ်တာခံရမှာကို မမြင်ချင်ပါဘူး”
“ဒါကြောင့် မီးလျှံထက်ယံအရှင်သခင်နဲ့ ဆုံတွေ့တဲ့အခါ သူ့ကိုနားချနိုင်ဖို့ မျှော်လင့်မိပါတယ်”
နဂါးမျိုးနွယ်များနှင့် ရင်မဆိုင်ရဘူးဆိုလျှင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က စိတ်တိုစိတ်ဆတ်လွယ်သူတစ်ယောက် မဟုတ်ပေ။
ထို့ကြောင့် သူက အေးဆေးတည်ငြိမ်စွာဖြင့်...
“တာအိုရောင်းရင်း... မင်းက တိဟွမ်မြေကမ္ဘာဧကရာဇ်ကို အမြဲတမ်းထောက်ခံတဲ့သူမဟုတ်လား ၊ မင်းရဲ့ရပ်တည်ချက်ကို ငါ နားလည်ပါတယ် ၊ ဒါပေမဲ့ နေရာတစ်ခုတည်းမှာရပ်တည်တာက လူတစ်ယောက်ရဲ့လွတ်လပ်မှုအတွက် မကောင်းဘူးဆိုတာ သိထားသင့်တယ်”
သူက ဆက်ပြောသည်။
“အခု အထက်ဘုံကမ္ဘာ အခြေအနေတည်ငြိမ်နေတာဟာ ဟူယွဲ့ရှင်း ၊ ယင်ထျန်းရှတို့လိုလူတွေက အထက်ဘုံကမ္ဘာအပြင်ဘက်မှာနေပြီး အကူအညီတွေပေးခဲ့ကြလို့ဆိုတာလည်း မေ့မထားသင့်ဘူး”
“မင်ကျန့်နဲ့ပတ်သက်လို့တော့... သူက နှစ်ဘက်လုံးအပေါ်မှာ ဘက်လိုက်တဲ့သဘောထား မရှိပါဘူး ၊ ဒီတစ်ခေါက် သူ ပြဿနာရှာတာကလည်း သူ့စိတ်ဆန္ဒအတိုင်းလုပ်တာလို့ပဲ ငါသိထားတယ်”
“ဒါပေမဲ့ အမှန်အတိုင်းပြောရရင် မင်ကျန့် ဒီကမ္ဘာမှာရှိနေရတဲ့အကြောင်းရင်းက ဟူယွဲ့ရှင်းတို့လိုလူမျိုးတွေ ရှိနေရတဲ့အကြောင်းရင်းနဲ့ အတူတူပါပဲ”
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဆက်ပြောသည်။
“မင်းတို့အုပ်စု(၂)ခုက ဆန့်ကျင်ဘက်ရပ်တည်ပြီး အချင်းချင်းမတည့်ကြဘူးဆိုပေမယ့် ငါပြောတာကို မင်း နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်”
နေခြည်ဧကရာဇ်က ဖြည်းညင်းစွာဖြင့်...
"မင်းရဲ့စကားတွေက အဓိပ္ပါယ်ရှိပါတယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ မီးလျှံထက်ယံအရှင်သခင် ဒီတစ်ခေါက်ပြဿနာရှာတာ အရမ်းများလွန်းတယ် ၊ အတော်ရှင်းရခက်လိမ့်မယ်”
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...
“မင်း ဒီလိုပြောတာ တာအိုရောင်းရင်း ကျန်းရှန်ရဲ့ အကြံအစည် မဟုတ်လား”
နေခြည်ဧကရာဇ်က ခေါင်းခါယမ်းရင်း...
“တိဟွမ်မြေကမ္ဘာဧကရာဇ်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားတယ်ဆိုတာ ငါ မသိပါဘူး”
သူက ဆက်ပြောသည်။
“ငါ အခုထိ သူတို့နဲ့ မတွေ့ရသေးဘူး ၊ ဒါပေမဲ့ တိဟွမ်မြေကမ္ဘာဧကရာဇ်ရော ကျန့်ဟွမ်ဓားဧကရာဇ်ရော ပြဿနာဖြေရှင်းဖို့အတွက် ဒီနေရာကိုရောက်နေတယ်လို့ အမတခုံရုံးက လူတွေဆီက သတင်းကြားထားတယ်”
“ဒါပေမဲ့... ဒီပြဿနာက သူတို့အတွက်လည်း ဖြေရှင်းဖို့ အရမ်းခက်ခဲလွန်းနေမှာပဲ ... ငါတို့တွေက အမတခုံရုံးကလူတွေရဲ့ တိုက်ခိုက်မှုကနေ မီးလျှံထက်ယံအရှင်သခင် လွတ်မြောက်သွားအောင် တိတ်တဆိတ်ကူညီပေးနိုင်ဖို့ပဲ မျှော်လင့်ကြတာပေါ့”
“ပြောသာပြောရတယ်... ငါသိသလောက်ဆိုရင် အမတခုံရုံးက တန်ခိုးစွမ်းအားရှင်တွေ ဒီနေရာမှာ အများကြီးစုရုံးနေတဲ့အတွက် ရလဒ်ကောင်းတော့ ထွက်မလာနိုင်ဘူး”
စကားဆုံးသွားသည်နှင့် နေခြည်ဧကရာဇ်က သက်ပြင်းတစ်ချက် ချလိုက်သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ခဏမျှ တိတ်ဆိတ်နေပြီးမှ...
“မင်ကျန့်ကိုတွေ့မှ ငါတို့တွေ ဒီအကြောင်း ဆက်ပြောကြရအောင် ၊ သူနဲ့ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် ကိစ္စရပ်တွေက ပိုပြီးလွယ်ကူလာမှာပါ”
နေခြည်ဧကရာဇ်က ခေါင်းညိတ်ရင်း...
“လောလောဆယ်တော့ ဒါက တစ်ခုတည်းသော အဖြေပဲပေါ့”
သူတို့နှစ်ယောက် စကားပြောနေကြစဉ် နေခြည်ဧကရာဇ်က ဗလာနယ်ထဲတွင် ပျံသန်းနေဆဲ ဖြစ်သည်။
ထိုအချိန်...
အဝေးတစ်နေရာမှ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး စွမ်းအားရောင်ဝါက ဗလာနယ်တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေလောက်အောင် မြင့်မားလွန်းသည်။
အမတခုံရုံးမှ စွမ်းအားကြီးမားသူတစ်ယောက် ရောက်ရှိလာခြင်းဖြစ်ကြောင်း သံသယဝင်စရာ မလိုပေ။
ဒါကိုမြင်တော့ နေခြည်ဧကရာဇ်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူ၏ရောင်ဝါ ထိန်းချုပ်လိုက်ပြီး နေခြည်ဧကရာဇ်ကလည်း သူ့ကိုကာကွယ်ပေးလိုက်သည်။
အမတခုံရုံးမှ နက်ရှိုင်းနတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရလျှင်ပင် နေခြည်ဧကရာဇ်က သူ၏ အမတမှော်ဝင်ပစ္စည်းဖြစ်သော ‘ကြေးမုံမှန်ထဲမှမီးအိမ်’ ကိုအသုံးပြုပြီး ခြေရာဖျောက်နိုင်စွမ်း ရှိသည်။
သို့သော် ထိုအလင်းတန်းနှင့်နီးကပ်လာပြီး ထိုကျင့်ကြံသူ၏စွမ်းအားရောင်ဝါကို အာရုံခံမိသည့်အခါ သူရင်ဆိုင်ရမည့်သူက အစစ်အမှန်နတ်ဘုရားတစ်ပါးမှန်းသိလိုက်ရသဖြင့် သူ့အတွက် အန္တရယ်မရှိနိုင်တော့ပေ။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်မှာ နေခြည်ဧကရာဇ်၏ အကာအကွယ်အောက်တွင်ရှိနေသော်လည်း ပြင်ပမှ သတင်းအချက်အလက်များကို လက်ခံရယူနိုင်ဆဲ ဖြစ်၏။
သို့သော် ရောက်ရှိလာသူများကို ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရသည့်အခါ အလွန်တရာ အံ့အားသင့်တုန်လှုပ်သွားရတော့သည်။
ထိုခဏတွင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏စိတ်ထဲတွင် ခံစားချက်များ ရောထွေးလျှက် ရှိသည်။
အကြောင်းမှာ သူတို့အနားသို့ ရောက်ရှိလာသူမှာ အလွန်တရာ ရင်းနှီးသူတစ်ဦး ဖြစ်နေသောကြောင့်ပင်။
ထိုသူမှာ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ၏ အုပ်စိုးရှင် (၅)ပါးမှ တစ်ပါးအပါအဝင်ဖြစ်သော ထိုက်ချင်အဆက်အနွယ်ဖြစ်သည့် ပိုးသားဧကရာဇ် ‘ဖုယွင်ချီ’ ဖြစ်နေသည် မဟုတ်ပါလား။