ကျားဆီသွားပြီး ကျားသရေတောင်းသည့်ပမာ
Vol. 87 Ch. 1220
အခန်း (၁၂၂၀) ကျားဆီသွားပြီး ကျားသရေတောင်းသည့်ပမာ
နေခြည်ဧကရာဇ်က အနက်ရောင်ပိုးသားဧကရာဇ်ကိုကြည့်ရင်း...
“ငါက မီးလျှံထက်ယံအရှင်သခင်သတင်းကြားလို့ ဒီကိုရောက်လာတာ ၊ မင်းကရော တာအိုရောင်းရင်း’ဖု’”
ဤနေရာတွင် အချိန်နှင့်နေရာက ပရမ်းပတာဖြစ်နေလေရာ မည်သူမဆို အခြားကမ္ဘာတစ်ခုသို့ အချိန်မရွေး ရောက်ရှိသွားနိုင်သည်။
သို့သော် ပိုးသားဧကရာဇ် ဤနေရာသို့ ရောက်ရှိလာခြင်းက တိုက်ဆိုင်မှုဟု မဆိုနိုင်ပေ။
အနက်ရောင်ပိုးသားဧကရာဇ်က အေးဆေးစွာဖြင့်...
“ငါက အကြောင်းထူးတစ်ခုရှိလို့ ဒီကိုရောက်လာတာ”
သူက ဆက်ပြောသည်။
“ပြီးတော့ ငါက မီးလျှံထက်ယံအရှင်သခင်အတွက် ရောက်လာတာမဟုတ်ဘူး ၊ အခြားတစ်ယောက်အတွက် ရောက်လာတာ”
ထိုစကားကိုကြားတော့ နေခြည်ဧကရာဇ်က မျက်မှောင်ကျုံ့ရင်း...
“အခြားတစ်ယောက် ဟုတ်လား...”
အနက်ရောင်ပိုးသားဧကရာဇ်၏စကားကိုကြားတော့ ဖယောင်းတိုင်မီးအိမ်ထဲတွင် ပုန်းအောင်းနေသည့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် ရန်ကျောက်ကဲတို့နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
နေခြည်ဧကရာဇ်က...
“တာအိုရောင်းရင်း’ဖု’ ... ပွင့်ပွင့်လင်းလင်းမေးရတာ ခွင့်လွှတ်စေချင်ပါတယ် ၊ မင်းက အမတခုံရုံးနဲ့ ပူးပေါင်းတော့မှာလား”
နေခြည်ဧကရာဇ်၏မျက်နှာက တည်ကြည်လေးနက်နေပြီး ၊ သူ၏မျက်နှာအမူအရာက တစ်ခါမှ ဤမျှလောက် လေးနက်ခြင်း မရှိခဲ့ဖူးပေ။
အနက်ရောင်ပိုးသားဧကရာဇ်က ခေါင်းခါယမ်းရင်း...
“မပူးပေါင်းသေးပါဘူး...”
မပူးပေါင်းသေးဘူး...။
ဤစကားက အလွန်အဓိပ္ပါယ်ရှိပေသည်။
“မပူးပေါင်းသေးဘူးဆိုတော့... ပူးပေါင်းဖို့ကြံစည်နေပြီဆိုတဲ့ သဘောလား”
ရန်ကျောက်ကဲ တွေးလိုက်သည်။
“ငါတို သူ့ကိုဖိအားတွေ အများကြီးပေးခဲ့မိလို့လား... ဒါမှမဟုတ်...”
နေခြည်ဧကရာဇ်က အနက်ရောင်ပိုးသားဧကရာဇ်၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်း...
“တာအိုရောင်းရင်း’ဖု’ ... အမတခုံရုံးနဲ့ပူးပေါင်းမယ်ဆိုရင်တော့ တကယ့်ကိုမလျော်ကန်တဲ့လုပ်ရပ်လို့ ပြောပါရစေ”
အနက်ရောင်ပိုးသားဧကရာဇ် တည်ငြိမ်စွာဖြင့်...
“ငါ့ရဲ့ အဖြူရောင်ဘက်ခြမ်းက ငါ့ကိုသတ်တာမျိုး မဖြစ်ချင်ဘူး”
သူက ဆက်ပြောသည်။
“အဖြူရောင်က တခြားသူတွေအကူအညီနဲ့ ‘စစ်ထိုက်ရှန်းထျန်း’ အလံကို ရသွားတယ် ၊ ဒီတော့ ငါလည်း ငါ့ကိုယ်ပိုင် အကူအညီတွေ ရလာအောင် ကြိုးစားရမှာပဲ”
နေခြည်ဧကရာဇ်က...
“တခြားအကူအညီ ဟုတ်လား... အဖြူရောင်တာအိုရောင်းရင်း’ဖု’ ကရော အမတခုံရုံးဆီက အကူအညီယူခဲ့တာလား... ဒါမှမဟုတ် ဗုဒ္ဓဘာသာ သုခဘုံကလား”
အနက်ရောင်ပိုးသားဧကရာဇ်က...
“အဲဒီလူက သူ့ကို တိတ်တိတ်လေး ကူညီပေးခဲ့တာ ၊ ငါ သူ့ကိုတိုက်ခိုက်တဲ့အချိန်မှာ ပြန်ဆုတ်သွားတယ် ၊ ဒါပေမဲ့ ငါ့ဆီက စစ်ထိုက်ရှန်းထျန်းအလံကိုလုယူဖို့ အချိန်ကောင်းစောင့်ပြီး အကောင်းဆုံးအခွင့်အရေးကို အသုံးချသွားတယ် ၊ အခုတော့ အဖြူရောင်ကောင်က အဲဒီ အမတမှော်ဝင်ပစ္စည်းကို ရသွားတာပေါ့”
အနက်ရောင်ပိုးသားဧကရာဇ်က မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ ပြတ်ပြတ်သားသားပင် ဆက်ပြောသည်။
“ရုတ်တရက်ဖြစ်သွားလို့ အဲဒီလူဘယ်သူလဲဆိုတာ သေချာမသိလိုက်ဘူး ၊ ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အစစ်အမှန်နတ်ဘုရားထက် မြင့်မားမယ်လို့ ငါထင်တယ် ၊ ပြီးတော့ သူက အမတခုံရုံးကျင့်ကြံသူ မဟုတ်ဘူး”
နေခြည်ဧကရာဇ်က လေးလံသောအသံဖြင့်...
“အဲဒီလူက အမတခုံရုံးကျင့်ကြံသူမဟုတ်ဘူးဆိုရင် မင်းကရော ဘာလို့ အမတခုံရုံး ကျင့်ကြံသူတွေဆီက အကူအညီယူချင်ရတာလဲ”
သူက ဆက်ပြောသည်။
“မင်းနဲ့ မင်းရဲ့ တခြားဘက်ခြမ်းဖြစ်တဲ့ အဖြူရောင်ပိုးသားဧကရာဇ်ကြားက ပဋိပက္ခတွေကို ငါသိပြီးပါပြီ ၊ ပြီးတော့ မင်းနဲ့ ရွှေစင်ထက်ယံအရှင်သခင် အဆက်အနွယ်တွေကြားက ရန်ငြိုးရန်စကိုလည်း ငါ သိပြီးပြီ ၊ ဒါပေမဲ့ ဒါတွေအားလုံးက ငါတို့ စန်းချင်း(၃)ပါးအဆက်အနွယ် ကျင့်ကြံသူတွေရဲ့ အတွင်းရေးပဋိပက္ခတွေပဲမဟုတ်လား ၊ ဒီအတွက်ကြောင့်နဲ့ အမတခုံရုံး ကျင့်ကြံသူတွေကို ငါတို့ကိစ္စထဲဝင်ပါစေဖို့ မလုပ်သင့်ဘူးလေ...”
အနက်ရောင်ပိုးသားဧကရာဇ်က...
“တာအိုရောင်းရင်း ဖယောင်းနေခြည်ဧကရာဇ်... မင်းလည်း အမတခုံရုံးနဲ့ပေါင်းနေတာပဲ မဟုတ်ဘူးလား”
နေခြည်ဧကရာဇ်က ပွင့်လင်းစွာဖြင့်...
“ငါက ဟန်ဆောင်နေတာ ၊ ဒီလိုပဲ မီးစင်ကြည့်ကရတာပေါ့”
သူ့စကားကို ပိုးသားဧကရာဇ်က အမတခုံရုံးသို့ ပြန်လည်သတင်းပို့မည်ကို နေခြည်ဧကရာဇ်က အရေးစိုက်ခြင်း မရှိပေ။
အနက်ရောင်ပိုးသားဧကရာဇ်က တည်ငြိမ်စွာဖြင့်...
“ငါလည်း မင်းလိုပဲပေါ့ ၊ ဟန်ဆောင်နေတာလေ”
အနက်ရောင်ပိုးသားဧကရာဇ်၏စကားက မည်မျှယုံကြည်စရာ ကောင်းပါသနည်းဟုတွေးတောရင်း နေခြည်ဧကရာဇ်က အဓိပ္ပါယ်ပါပါ တစ်ချက်လှမ်းကြည့်လိုက်သည်။
ရန်ကျောက်ကဲကတော့ ပိုးသားဧကရာဇ် တကယ်ပြောနေခြင်းဖြစ်ကြောင်း ယုံကြည်လေ၏။
ဟုတ်ပေ၏ ၊ လက်ရှိခဏမှာတော့ သူပြောသည့်စကားက အမှန်တရား ဖြစ်နိုင်သည်ပင်။
အနက်ရောင်ပိုးသားဧကရာဇ် အမတခုံရုံးသို့ ဝင်ရောက်မည်ဆိုပါက အမတခုံရုံး၏ ပြန်လည်ပြုပြင်ခြင်းကို လက်ခံရပေလိမ့်မည်။
ထို့နောက် သူ၏ခန္ဓာကိုယ်ထဲတွင် ယုံကြည်ခြင်းတန်ခိုး၏ ရတနာအလင်းတန်းကို ရရှိမည်ဖြစ်ပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ထံ ဝပ်တွားကိုးကွယ်ရပေမည်။
ဤနည်းအားဖြင့် အနက်ရောင်ပိုးသားဧကရာဇ် နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်လာရန်အတွက် ထိုက်ယိဟွာတိမ်တိုက်နှင့် ထိုက်ယိလက်သီးသိုင်း ရရှိရန် မလိုအပ်တော့သလို မန်ဝမ်နှင့်ဖုထင်ကို သတ်ဖြတ်ရန်နှင့် အဖြူရောင်ပိုးသားဧကရာဇ်အား တိုက်ခိုက်ရန်လည်း မလိုအပ်တော့ပေ။
အားထုတ်မှုလည်းမရှိသလို အန္တရယ်လည်းမရှိလေရာ ဤသည်က ပြီးပြည့်စုံသည့်နည်းလမ်းတစ်ခုပမာ ထင်မှတ်ရသည်။
သို့သော် တကယ်တမ်းဆိုရလျှင် ဤနည်းလမ်းက အနက်ရောင်ပိုးသားဧကရာဇ်အတွက် အကောင်းဆုံးနည်းလမ်း ဟုတ်မည်မထင်ပေ။
ကျင့်ကြံသူတစ်ယောက်အား အမတခုံရုံးက ပြန်လည်ပြုပြင်လိုက်သည်ဆိုလျှင် ထိုသူ၏ သေခြင်းရှင်ခြင်း အရာအားလုံးကို အမတခုံရုံးက ထိန်းချုပ်သွားမည် ဖြစ်သည်။
သို့ဖြစ်ရာ အခြားသော ရွေးချယ်စရာရှိပါက အနက်ရောင်ပိုးသားဧကရာဇ်အနေဖြင့် ဘယ်သောအခါမှ ဤလမ်းကိုလျှောက်မည် မဟုတ်ပေ။
သူ့အတွက်အကောင်းဆုံးမှာ အမတခုံရုံးအကူအညီဖြင့် အဖြူရောင်ပိုးသားဧကရာဇ်ကိုအနိုင်ယူပြီး ထိုက်ယိဟွာတိမ်တိုက်ကို ရယူခြင်းသာ ဖြစ်သည်။
ရန်ကျောက်ကဲတို့သားအဖက အမတခုံရုံးအတွက် ဆူးညှောင့်ခလုတ်များ ဖြစ်ကြသည် မဟုတ်ပါလား။
လက်ရှိမှာတော့ အမတခုံရုံးအတွက် မည်သည့်ရွေးချယ်မှုက ပိုမိုကောင်းမွန်သနည်း ပြောရခက်သည်။
အုပ်စိုးရှင်တစ်ပါးဖြစ်သော အနက်ရောင်ပိုးသားဧကရာဇ်ကို သူတို့အဖွဲ့ဝင်ဖြစ်လာအောင် ပြုလုပ်မည်လား ၊ သို့မဟုတ် ထိုသူနှင့် မဟာမိတ်ဖွဲ့မည်လား။
ဤသည်က အနက်ရောင်ပိုးသားဧကရာဇ်အတွက် အပေးအယူ လျှို့ဝှက်ချက် ဖြစ်သည်။
ဟုတ်ပေ၏။
အားလုံးက သူဖြစ်ချင်သည့်အတိုင်း ဖြစ်လာနိုင်မည် မဟုတ်ပေ။
အမတခုံရုံးက အနက်ရောင်ပိုးသားဧကရာဇ်နှင့် မည်သည့်အပေးအယူမှ မလုပ်သည်လည်း ဖြစ်နိုင်သည်။ ညှိနှိုင်းခြင်း လိုက်လျောခြင်းများဆိုသည်က လက်ရှိတွင် ထွက်ပေါ်လာခြင်း မရှိသေးပေ။
နေခြည်ဧကရာဇ်က အနက်ရောင်ပိုးသားဧကရာဇ်ကို ကြည့်လိုက်ပြီး...
“တာအိုရောင်းရင်း’ဖု’ ... ငါ အကြံပေးတာကို နားထောင်ပါ”
သူက ဆက်ပြောသည်။
“မင်းဘာတွေဖြစ်ခဲ့လဲဆိုတာ အားလုံးနီးပါး ငါသိပါတယ် ၊ မင်းရဲ့ တခြားဘက်ခြမ်းဖြစ်တဲ့ အဖြူရောင်ပိုးသားဧကရာဇ်ကိုအနိုင်ယူပြီး ရွှေစင်ထက်ယံအရှင်သခင်ရဲ့ အဆက်အနွယ်တွေဆီက ထိုက်ယိဟွာတိမ်တိုက်ကို ရယူနိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်”
“ရွှေစင်ထက်ယံအရှင်သခင်ရဲ့ အဆက်အနွယ်တွေက ယိုးမင်ဧကရာဇ် ၊ ထုန်းမင်ဧကရာဇ်တို့နဲ့ ပတ်သက်နေတာကြောင့် အထက်ဘုံကမ္ဘာက ဘယ်နည်းနဲ့မှ လက်ခံမှာ မဟုတ်ဘူး ၊ ပြီးတော့ ရန်ကျောက်ကဲက ဝမ်ကျန်းချန်ကို သတ်ဖြတ်လိုက်တဲ့အတွက် တိဟွမ်မြေကမ္ဘာဧကရာဇ်ကလည်း သေချာပေါက် လက်စားချေမှာပဲ ၊ မီးလျှံထက်ယံအရှင်ကိစ္စပြီးရင် သူ သေချာပေါက် အထက်ဘုံကမ္ဘာကို ပြန်မှာပဲ ၊ တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့ ပူးပေါင်းလိုက်မယ်ဆိုရင် အတားအဆီးအားလုံးကို ဖယ်ရှားနိုင်မှာပါ”
“ငါက အဖြူရောင်ပိုးသားဧကရာဇ်နဲ့ ရန်ငြိုးမရှိပါဘူး ၊ ဒါပေမဲ့ သူက သူ့အရှုပ်နဲ့သူ ဘာမှတိုးတက်မှုရှိမှာမဟုတ်ဘူး ၊ မင်းက ရက်စက်တယ်လို့ထင်ရပေမယ့် ပြတ်သားတဲ့စိတ်ရှိတဲ့အတွက် မင်းကိုထောက်ခံဖို့ ငါ ဆုံးဖြတ်ထားတယ်”
နေခြည်ဧကရာဇ်က တည်ကြည်လေးနက်စွာဖြင့်...
“ဒါပေမဲ့ အမတခုံရုံးနဲ့ ပူးပေါင်းတာကတော့ ကျားကိုသွားပြီး ကျားသရေတောင်းသလိုဖြစ်နေတယ် ၊ အထက်ဘုံကမ္ဘာက စန်းချင်း (၃)ပါးအဆက်အနွယ်တွေရဲ့ အတွင်းပြဿနာကို အတွင်းမှာပဲ ဖြေရှင်းသင့်တယ် ၊ မိစ္ဆာလမ်းလိုက်တဲ့ ပြင်ပတာအိုကလူတွေနဲ့ မပတ်သက်မိပါစေနဲ့”
အနက်ရောင်ပိုးသားဧကရာဇ်က...
“ဒါပေမဲ့ ငါက စန်းချင်း (၃)ပါး အဆက်အနွယ်က လူတွေကြောင့်ပဲ ဒီလိုဖြစ်သွားရတာလေ”
နေခြည်ဧကရာဇ်က မျက်ခုံးများတွန့်ချိုးလိုက်ရင်း...
“မင်းက တောင်ပိုင်းထိပ်တန်းအရှင်သခင်ဟောင်း ‘ကျွမ်းရှန်’ ကို ပြောချင်တာလား”
အနက်ရောင်ပိုးသားဧကရာဇ်က ခေါင်းခါယမ်းရင်း...
“မဟုတ်ဘူး... လုံးဝမဟုတ်ဘူး ၊ ကျွမ်းရှန်က နောက်ဆုံးအချိန်ကျမှ ငါ့အပေါ် အမြတ်ထုတ်သွားတာ ၊ ငါ့ကို လုပ်ကြံတဲ့သူက အထက်ဘုံကမ္ဘာရဲ့ ဧကရာဇ် (၃)ပါးထဲက တစ်ယောက်ပဲ ၊ ဒါမှမဟုတ် ပျောက်ဆုံးနေတဲ့ နက္ခတ်ဧကရာဇ် ဖြစ်နိုင်တယ်”
သူက ဆက်ပြောသည်။
“နက်ရှိုင်းနတ်ဘုရားတစ်ပါး လုပ်ကြံတာမဟုတ်ဘဲနဲ့ ငါ ဒီလောက်လွယ်လွယ်နဲ့ ထောင်ချောက်ထဲ ကျမှာမဟုတ်ဘူး”
ထိုစကားကြားတော့ နေခြည်ဧကရာဇ် အံ့အားသင့်သွားပြီး...
“မင်းဆိုလိုတာက…”
အနက်ရောင်ပိုးသားဧကရာဇ်က တည်ငြိမ်စွာဖြင့်...
“အဲဒီလူက ကျန့်ဟွမ်ဓားဧကရာဇ်ဆိုရင်တောင် ငါ ဒီလောက် မစိုးရိမ်ဘူး ၊ ဒါပေမဲ့ တခြားဧကရာဇ်တစ်ယောက်လုပ်တာဆိုရင် ငါ သူတို့အပေါ် ဘယ်လို ယုံကြည်လို့ရတော့မလဲ”
သူက ဆက်ပြောသည်။
“ရန်ကျောက်ကဲတို့သားအဖက ဘာကောင်မှမဟုတ်ဘူး ၊ ထိုက်ယိဟွာတိမ်တိုက်အကြောင်းကိုလည်း ဘယ်သူမှ မသိကြဘူး ၊ ဒါပေမဲ့ နောက်ပိုင်းကိစ္စတွေကို စဉ်းစားကြည့်မယ်ဆိုရင် ပြဿနာတွေရဲ့ နောက်ဆက်တွဲကိုရင်ဆိုင်ဖို့အတွက် သူတို့က ဟို အဖြူရောင်ကောင်ကို ကူညီပေးမှာ သေချာတယ်”
နေခြည်ဧကရာဇ် တိတ်ဆိတ်ငြိမ်သက်နေသည်။
ဤကိစ္စများအားလုံးကို ဖြစ်ပေါ်စေသူက အဖြူရောင်ပိုးသားဧကရာဇ်ကို သူ့ဘက်သို့ဆွယ်ပြီး ကျင့်ကြံခြင်းအဆင့် တိုးတက်လာစေရန် ကူညီပေးနိုင်သည်။
အဖြူရောင်ပိုးသားဧကရာဇ်က အမြဲတမ်း ဝါဒတောင်အပေါ် ကူညီခဲ့ပြီး အနက်ရောင်ပိုးသားဧကရာဇ်ကတော့ အမြဲတမ်း ဝါဒတောင်နှင့် ပဋိပက္ခ ရှိခဲ့သည်။
သို့ဖြစ်ရာ အနက်ရောင်ပိုးသားဧကရာဇ်ဖြစ်စေ အဖြူရောင်ပိုးသားဧကရာဇ်ဖြစ်စေ ဝါဒတောင်မှ ကြိုးရှည်ရှည်နှင့် လှန်ထားသည်ကို ခံရမည်သာပင်။
ထို့ပြင် အနက်ရောင်ပိုးသားဧကရာဇ်က အဖြူရောင်ပိုးသားဧကရာဇ်ထက် ခြေတစ်လှမ်းနောက်ကျနေပြီ ဖြစ်သည်။
လက်ရှိတွင် အဖြူရောင်ပိုးသားဧကရာဇ်လက်ထဲတွင် ‘စစ်ထိုက်ရှန်းထျန်း’ အလံ ရှိရုံသာမက သူက ထိုက်ယိလက်သီးသိုင်းကိုလည်း နားလည်သဘောပေါက်နေပြီး ဖြစ်သည်။ တစ်နည်းဆိုရသော် အဖြူရောင်ပိုးသားဧကရာဇ်က အနက်ရောင်ပိုးသားဧကရာဇ်ကို အပြတ်အသတ်အနိုင်ရရန် ရာခိုင်နှုန်းများနေသည်။
တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ဝါဒတောင်နှင့်ပတ်သက်ပြီး အငြင်းပွားစရာများ ရှိလာနိုင်သော်လည်း တိဟွမ်မြေကမ္ဘာဧကရာဇ်ကတော့ အထက်ဘုံကမ္ဘာသို့ပြန်ရောက်ပါက ဝမ်ကျန်းချန်သေဆုံးရမှုအတွက် ဝါဒတောင်ကို သေချာပေါက် ပြန်လည်ပေးဆပ်ခိုင်းပေမည်။
ထို ဧကရာဇ် (၂)ပါးလုံးက ဝါဒတောင်ကို ဆန့်ကျင်သည်ဆိုဦးတော့ အဖြူရောင်ပိုးသားဧကရာဇ်နှင့် ပဋိပက္ခဖြစ်နေသော အနက်ရောင်ပိုးသားဧကရာဇ်ကို ကျောထောက်နောက်ခံပေးမည်ဟု မဆိုလိုပေ။
ဤသည်က မတူညီသောကိစ္စ (၂)ခု ဖြစ်သည် မဟုတ်ပါလား။
နေခြည်ဧကရာဇ်က...
“ဒါက မင်းဘဝ ၊ မင်းရဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ကိစ္စပဲ ၊ ငါ မြန်မြန်ဆန်ဆန် ကောက်ချက်မချချင်ဘူး”
ခဏမျှ တိတ်ဆိတ်သွားပြီးမှ နေခြည်ဧကရာဇ်က ပိုးသားဧကရာဇ်ကို စူးစိုက်ကြည့်ရင်း...
“ဒါပေမဲ့ ငါ မင်းကို နှစ်ခါပြန် စဉ်းစားစေချင်တယ် ၊ အမတခုံရုံးကို ဝင်ရောက်မယ်ဆိုရင် မင်းရဲ့ကံကြမ္မာ ၊ မင်းရဲ့ကျင့်ကြံခြင်း ၊ မင်းရဲ့ဘဝအတွက် ကောင်းတဲ့ရွေးချယ်မှုတော့ မဟုတ်နိုင်ဘူး”