ဗာဂျာရာဓမ္မခန္ဓာ
Vol. 008 Ch. 783
မြေရိုင်းပြည်နယ်မှ လူများ၏တိုက်ပွဲက အဆုံးသတ်သွားပြီ ဖြစ်သော်လည်း တခြားပြည်နယ်များ ကျန်ရစ်ပေသေးသည်။ ပါရမီရှင်များ တစ်ယောက်ပြီး တစ်ယောက် သူတို့၏ ထူးခြားသော စွမ်းရည်များဖြင့် ပြင်းထန်စွာ တိုက်ခိုက်ကြရာ တကယ့် ပါရမီရှင်များ၏ စစ်မှန်သော အရည်အသွေးများလည်း ထွက်ပေါ် လာခဲ့တော့သည်။
ပြည်နယ်ကိုးခုမှ ထိပ်သီး ပါရမီရှင်များကား နောက်ထပ် တိုက်ပွဲများတွင် ပိုမိုထွန်းတောက် လာခဲ့ကြ၏။ အချို့သော တော်ဝင်မြေများကား ပြိုင်ပွဲတွင် လက်ကျန် တစ်ယောက်မျှသာ ကျန်ရစ်ခဲ့ကြ ရတော့သည်။
ထိုတော်ဝင် မြေများအပြင် အရှေ့ဘက် ပြည်နယ်၏ တော်ဝင်မြေမှ မဟုတ်သော ပြိုင်ပွဲဝင် သုံးယောက်ထဲ တွင်ကား တစ်ယောက်တည်းသာ ကျန်ရစ်တော့ကာ သူမကား ထူးဆန်းသော မိန်းကလေးပင် ဖြစ်၏။ ယူချင်းကဲ့သို့ပင် သူမက လူအများ၏ အာရုံစိုက်မှုကို ရရှိသည်။
အသက်ဆယ့်ငါးနှစ် အရွယ် မိန်းကလေးကား ပြည်နယ်ကိုးခု ညီလာခံ၌ တစ်ခါမှ မရှုံးနိမ့်ခဲ့ပေ။ သူမက တိုက်ပွဲကား သုံးကွက်ထက် မကျော်ဘဲ အနိုင်ယူခဲ့သည်ချည်း ဖြစ်၏။ သူမနှင့်ယူချင်းက သည်ပြိုင်ပွဲတွင် လုံးဝ မထင်မှတ်သော စွမ်းရည်များအား ပြသခဲ့ကြ၏။ သူတို့နှစ်ယောက်အား မည်သူတို့က တားဆီးနိုင်မည်နည်း ဟူသော မေးခွန်းက အားလုံး၏ ခေါင်းထဲတွင် ရှိနေပေသည်။
ပွဲကြည့်စင်မြင့်ပေါ်တွင် ရီဖူရှင်းက လက်ကျန် လူငါးဆယ်ကို ကြည့်သည်။ လက်ရှိ ကျန်ရစ်သူများကား ပြည်နယ်ကိုးခုတွင် အကောင်းဆုံးများ ဖြစ်ကြကာ အလွယ်တကူ အနိုင်ရရန်လည်း မဖြစ်နိုင်တော့ပေ။
“တိုက်ပွဲကို ဆက်ကြရအောင်...” အကြီးအကဲက ကြေညာသည်။
အကြီးအကဲက ပြောသည်တွင် ထွားကျိုင်းသော ဘုန်းတော်ကြီး တစ်ပါးရှေ့ကို ထွက်လာ၏။ သူ့အား ရွှေရောင်အလင်းများ လွှမ်းခြုံထားသည်။ ထိုရွှေရောင်အလင်း ကလည်း သူကာလ တာရှည် လေ့ကျင့်သော ရလဒ်ကြောင့် ဖြစ်တည်လာသောပုံဟန် ရှိသည်။ သူကား ဗာဂျရာဒေသမှ တပည့်တစ်ယောက် ဖြစ်ကာ သူ၏နာမည်က ဝူလျန်ဖြစ်သည်။
“ဗာဂျာရာဒေသက ဝူလျန်တောင်မှ ရှေ့ကို ထွက်လာပြီးတော့ တိုက်ခိုက်တယ် ... သူက ဘယ်သူ့ကို စိန်ခေါ်မလဲ မသိဘူး...” လူအများအပြားက သူ့အား ကြည့်ကြသည်။ ပြိုင်ပွဲတွင် ဗာဂျာရာဒေသမှ လူနှစ်ယောက်သာ ကျန်တော့ပြီ ဖြစ်သည်။ ဆရာဝူလျန်ကား သူ၏ ဂျူနီယာဝူပေထက် အနည်းငယ် အားနည်းဟန် ရသည့်တိုင် သူကိုယ်တိုင်က သည်အဆင့်ကို ရောက်လာခြင်းမှာ အလွန်အမင်း အားကောင်း၍ ဖြစ်သည်။ သူက ဗာဂျာရာဒေသ၏ တော်ဝင်နည်းစနစ် ဖြစ်သော ဗာဂျာရာဓမ္မခန္ဓာအား လေ့ကျင့်ကာ သာမန် လက်နက်များက သူ၏ခန္ဓာကိုယ်အား ထိခိုက်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် ပုံမှန်အားဖြင့် အများစုက သူနှင့် ရင်ဆိုင်လိုခြင်း မရှိကြပေ။
ဗာဂျရာဒေသမှ လက်ကျန် နှစ်ယောက်ကား အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းကြပေသည်။
ဝူလျန်က တစ်နေရာကို ကြည့်ကာ ပြောသည်... “ဒကာတော် ယူချင်း... ဒကာတော်ရဲ့ ခန္ဓာလေ့ကျင့်နည်းစနစ်က အရမ်းကောင်းတာကို ကျုပ်မြင်တယ်... ကျုပ်ကလည်း ခန္ဓာကိုယ်ကို လေ့ကျင့်သူ ဖြစ်တဲ့အလျောက် ဒကာတော်နဲ့ လက်ရည် စမ်းကြည့်ချင်ပါတယ်...”
လူအများအပြား၏ အမူအရာများက ထူးဆန်း သွားကြသည်။ ဗာဂျရာဒေသမှ ပထမဆုံး စိန်ခေါ်လိုက်သူကား ယူချင်း ဖြစ်ပေသည်။
ပွဲကြည့်စင်ပေါ်မှ လူအများအပြားက ဝမ်လျန် ထွက်လာသည်နှင့် ပြောကြသည်... “ဝူလျန်က ဖြိုဖျက်မရနိုင်တဲ့ ရုပ်ခန္ဓာကိုယ် လေ့ကျင့်ထားတယ် ဆိုပြီးတော့ နာမည်ကြီးတယ်... ယူချင်းကလည်း ဒီပုံစံပဲ... အခုဝူလျန်က ယူချင်းကို စိန်ခေါ်တယ် ဆိုတာ့ စိတ်ဝင်စားစရာပဲ..."
“သူတို့ နှစ်ယောက်မှာ ဘယ်သူ့ရုပ်ခန္ဓာက ပိုအားကောင်းမလဲ သိချင်တယ်..."
လူအများအပြားက ပြောကြသည်။ အထူးဧည့်သည် စင်မြင့်တွင် ထိုင်နေကြသော ပုဂ္ဂိုလ်ကြီးများပင် စိတ်ဝင်စားစွာ ကြည့်နေကြ၏။ ဗဂျာရာဒေသမှ ဘုန်းတော်ကြီးက အမှန်ပင် ကောင်းမွန်သော ပြိုင်ဘက်ကို ရှာတွေ့ပေသည်။
ဟွာယွန်ရှု၊ ကျောက်ယို၊ ကျိဟွားနှင့် တခြားလူများ ကလည်း သေသေချာချာ အကဲခတ် နေကြသည်။ သည်တိုက်ပွဲတွင် ယူချင်း၏ စွမ်းရည်များအား ကောင်းကောင်း အကဲဖြတ်ခွင့် ရပေမည်။ ဝူလျန်က သူ၏ပြိုင်ဘက်အား အစွမ်းကုန် တိုက်ခိုက်ရန် ဖိအားများ ပေးနိုင်ပေမည်။
ယူချင်းက ရှေ့ကို တက်သွားသည်။ သူက စင်မြင့်ပေါ်တွင် သူ့အား လာရောက် စိန်ခေါ်ခြင်းများအား အသားကျနေပြီးဟန် ရသည်။
နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်ကြသည်။ ဝမ်လျန်ကား တည်ငြိမ် အေးဆေးစွာဖြင့် လက်အုပ်မိုးလိုက်ပြီး ပြောသည်... “ဒကာတော်.. စပါ...” ထိုသို့ ပြောပြီးသည်တွင် သူ့ထံမှရွှေရောင်အလင်းများ ဖြာထွက်လာသည်။ အဆုံးအစမဲ့သော အရွှေရောင် အလင်းများက တစ်ကိုယ်လုံးကို စီးဆင်းသွားကာ လေထုက ခေါင်းလောင်းသံ တညံညံ ထွက်လာသည်။ ရွှေရောင် ခန္ဓာကိုယ်၌ ရွှေရောင်အလင်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်နေ၏။
“ဗာဂျာရာဒေသရဲ့ ဗာဂျာရာဓမ္မခန္ဓာ...” ရှန့်ထိုများပင် တိုက်ပွဲကို စိတ်ဝင်တစား ကြည့်ကြရသည်။ ဗာဂျာရာ ဓမ္မခန္ဓာကား ဖျက်ဆီးဖြိုဖျက် မရနိုင်ဟု နာမည်ကျော်ကြား ပေသည်။ ထိုပညာရပ်အား အဆုံးစွန်အထိ လေ့ကျင့်သူသည်ကား တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသက် သေဆုံးသွားသည့်တိုင် အိုမင်းရင့်ရော်ခြင်း ကင်းကာ ခန္ဓာကိုယ်ကလည်း ပျက်စီးခြင်း မရှိတော့ဟု ဆိုကြသည်။
ထိုအခိုက်တွင် ဝူလျန်အား ရွှေရောင်အလင်းများ စီးဆင်းနေကာ ရွှေရောင်အရံအတား တစ်ခုဖြစ်စေပြီး သူ၏ရုပ်ခန္ဓာနှင့် ပေါင်းစပ်ကာ ဖြိုဖျက်မရနိုင်သော ရှေးဗုဒ္ဓတစ်ပါး အသွင်အဖြစ် ပြောင်းလဲစေ၏။
ဒုန်း..
ကျယ်လောင်သော အသံနှင့်အတူ ဝူလျန်က ယူချင်းထံသို့ လှမ်းသွားသည်။
ယူချင်း၏ မျက်လုံးများက တစ်ဖက်လူထံတွင်သာ ရှိသည်။ သူ့ကိုယ်တွင်လည်း ပြင်းထန်သော အငွေ့အသက်များ လှိုင်းထနေ၏။ အနက်ရောင် အငွေ့အသက်များက သူ့ခန္ဓာကိုယ်ကို စီးဆင်း ေကြသည်။ တစ်ချိန်တည်းမှာပင် သွေးကြောမနှစ်ခုကို ဖွင့်လိုက်သည်တွင် သူ၏လက်များအား စွမ်းအားများ လွန်ကဲစွာ စီးဆင်း သွားကြသည်။ ထိုအခိုက်တွင် ယူချင်း၏ ညာလက်က ဒေါသူပုန်ထသော စွမ်းအားများ ပြည့်နှက်နေပြီး တစ်ဖက်လူ၏ လှုပ်ရှားမှုအား စောင့်စား နေသည်။
ဗာဂျာရာ ဓမ္မခန္ဓာကား ရွှေရောင်များ ဝင်းလက်နေ၏။ ဝူလျန်က လေထဲမှ ဆင်းသက်လာကာ လေထုကို ဖြတ်သန်းသွားကော လက်ဝါး တံဆိပ်တော် တစ်ခုအား ရိုက်ထုတ် လိုက်သည်။
“ပြိုင်ဘက်ကင်း ဗာဂျာရာလက်ဝါး...” လူအများအပြားက ဧရာမလက်ဝါး ပုံရိပ်ကို ကြည့်ကြသည်။ ရွှေရောင်လက်ဝါး ပုံရိပ်က ယူချင်းကို ဖုံးအုပ်သွား၏။ လက်ဝါးပုံရိပ်အား သန့်စင်သော ရွှေအလင်းများဖြင့် တည်ဆောင် ထားသည်။ လေထုက တုန်ခါသွားကာ လက်ဝါး၏ ကြီးမားသော အရှိန်အဝါက ယူချင်းထံကို ဆင်းသက် လာ၏။
ယူချင်းကလည်း ရှေ့ကို မာန်ဟုန် ပြင်းစွာဖြင့် တက်လာကာ လက်ကို မြှောက်လျက် ကြီးမားသော စွမ်းအားဖြင့် သူ့ထံကို ရောက်လာသော ပြိုင်ဘက်ကင်း ဗာဂျာရာ လက်ဝါးကို ခုခံသည်။ သူ၏လက်ဝါးကလည်း နက်ရွှေရောင် အလင်းများဖြင့် ဖွဲ့စည်းထားကာ လေထုကို ဖြတ်သန်း သွားသည်။ လက်ဝါး တံဆိပ်တော်နှင့် ယူချင်း၏ လက်ဝါးတို့ ရင်ဆိုင်မိသည်တွင် အလင်းတစ်ချက် ကွဲထွက်သွားကာ လေထုက ပြင်းထန်စွာ တုန်ခါသည်။
ဘုန်း... လူအများအပြားက သူတို့၏နားစည်များ ကွဲထွက်သွားမတတ် ကျယ်လောင်သော အသံကို ကြားလိုက်ကြရကာ သူတို့၏နှလုံးကလည်း ရင်ဘတ်ထဲမှ ကွဲထွက် သွားတော့မည့််အလား ခံစားလိုက်ကြရ၏။ ဗာဂျာရာ ဓမ္မခန္ဓာနှင့် ယူချင်း၏ ခန္ဓာကိုယ်တို့အကြား ရင်ဆိုင်မှုက မည်သို့ ရလဒ်ဖြစ်ပေါ်လာမည်နည်း။
လူအများအပြားက တုန်ယင် သွားကြသည်။ နှစ်ယောက်သား ရင်ဆိုင်မိကြသည်တွင် ယူချင်း၏လက်ဝါးက လက်ဝါး တံဆိပ်တော်ကို ဖြတ်သန်းသွားကာ ဝူလျန်၏ ခန္ဓာကိုယ်ပေါ်ကို ကျဆင်းသည်အား မြင်လိုက် ကြရ၏။
ဘုန်း..
နောက်ထပ် ကျယ်လောင်သော အသံတစ်ချက်အား ကြားလိုက်ကြရကာ ရွှေရောင် ဓမ္မခန္ဓာ၌ အက်ကွဲကြောင်းများ ဖြစ်လာသည်။
ထိုအခိုက်တွင် ဝူလျန်ကား နောက်ကို လွင့်စဉ်သွားကာ မြေပြင်ပေါ်ကို ကျပြီး ပါးစပ်မှ သွေးများ အန်ကျ၏။
ထိုမြင်ကွင်းကို ကြည့်ကာ ပြည်နယ်ကိုးခု ညီလာခံက အလွန်အမင်း တိတ်ဆိတ် သွားကြသည်။ လူအမျာအပြား၏ စိတ်နှလုံးများကလည်း ပြင်းစွာ လှုပ်ရှား တုန်ခါသည်။
ဤသည်က အမှန်ပင် ဖျက်ဆီး မရနိုင်သော ခန္ဓာလား။
ဝူလျန်က အမှန်ပင် ဗာဂျာရာဒေသမှ လူငယ် ပါရမီရှင်လား။
သူတို့၏မျက်လုံးက အမြင်မှားခြင်း မဟုတ်ပေ။ တိုက်ပွဲက လက်ဝါးတစ်ချက်ဖြင့် အဆုံးသတ်ခဲ့၏။ ဝူလျန်ကဲ့သို့ အားကောင်းသူပင် လက်ဝါးတစ်ချက်ဖြင့် အဆုံးအဖြတ် ဖြစ်စေသည်။
“မင်းတို့ ဘာလို့ ဒီလို လုပ်ချင်ရတာလဲ...” ရီဖူရှင်းက တိတ်ဆိတ်စွာဖြင့် ခေါင်းယမ်းသည်။ ယူချင်းနှင့် ခွန်အားချင်း ရင်ဆိုင် တိုက်ခိုက်ခြင်းလား။ ခန္ဓာကိုယ် လေ့ကျင့်ခြင်း ပညာ၌ သူက ယူချင်းကို မည်သို့ ယှဉ်နိုင်မည်နည်း။
ယူချင်းကား ငယ်စဉ်ကတည်းက ငရဲခံလာသူ ဖြစ်သည်။ သူ၏ မွေးစားအဖေက ယူချင်းကား မိစ္ဆာလမ်းစဉ်ဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်စေကာ အဆုံးစွန်သော နာကျင်မှုများအား ခံစားစေခဲ့သည်။ ရလဒ်ကား ယူချင်း၏ ခန္ဓာကိုယ်က အလွန်အမင်း အားကောင်း လာခြင်းပင်။ ထို့အပြင် ယူချင်းကား ရီဖူရှင်း လေ့ကျင့်သော ခန္ဓာကိုယ် လေ့ကျင့်စနစ်နှင့် ကွဲပြားခြားနား၏။ ယူချင်းကား ရုပ်ခန္ဓာကိုယ် တစ်ခုတည်းကိုသာ လေ့ကျင့်သူဖြစ်ကာ သဘာဝက ပေးသော မွေးရာပါဗီဇနှင့် ပေါင်းစပ်ခြင်ဖြင့် သူကား ယနေ့ ကြောက်မက်ဖွယ်ရာ အခြေအနေကို ရောက်လာသည်။
ဗာဂျာရာဒေသမှ ခန္ဓာကိုယ် လေ့ကျင့်နည်းစနစ်က သူတို့၏ ဆရာထောင်ကျန်း ပညာထက်ပင် သာလွန်နိုင်သော်လည်း မွေးစားအဖေ၏ပညာကို မည်သို့ သာလွန် နိုင်မည်နည်း။
သန့်စင်သော ခွန်အားချင်း ယှဉ်မည်ဆိုပါက ယူချင်းနှင့် မည်သူကမှ ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။
ဝူလျန်ကိုထား၍ ဗာဂျာရာဒေသမှ နံပါတ်တစ်ဖြစ်သူ ဝူပေပင် ယူချင်းကို ယှဉ်နိုင်မည် မဟုတ်ပေ။
“ဒါဆို ဗာဂျာရာဒေသက ဝူလျန်တောင်မှ ယူချင်းအတွက် မလုံလောက်ဘူးပေါ့ ... ကြည့်ရတာ ဗာဂျာရာဒေသက ဝူပေအပေါ်မှာပဲ အားကိုးရတော့မယ်...” ကောင်းကင်ရှန့်ထိုက တည်ငြိမ်စွာ ပြောသည်။
ဗာဂျာရာဒေသမှ ပုဂ္ဂိုလ်ကြီးများစွာက တိုက်ပွဲကို သေသေချာချာ ကြည့်ရှုခဲ့ကြရာ ယူချင်းကား ဗာဂျာရာ ဓမ္မခန္ဓာအား လေ့ကျင့်ရန် လွန်စွာ သင့်တော်ကြောင်း သတိထားမိကြသည်။ ယူချင်းကား ရုပ်ခန္ဓာကိုယ်ကို လေ့ကျင့်ရန် မွေးရာပါ ပင်ကိုပါရမီမြင့်မားသူ ဖြစ်ကြောင်း ပြောနေစရာ မလိုပေ။
သူတို့က ဗာဂျာရာဒေသမှ နောက်ဆုံး လက်ကျန် ပြိုင်ပွဲဝင်ဖြစ်သော ဝူပေကို ကြည့်ကြသည်။ တကယ်၍ ဝူပေသာ စိန်ခေါ်လျှင် သူ့အား ယှဉ်နိုင်မည့်လူ သိပ်ရှိမည် မဟုတ်ပေ။ ဝူပေအား ယူချင်းက တားဆီးနိုင်မည်လား ဟူသော မေးခွန်းက လူအတော်များများ၏ ခေါင်းထဲတွင် ရှိနေပေသည်။
ယူချင်းက နောက်ဆုတ် သွားသည်တွင် နောက်တစ်ယောက်က စင်ထက်ကို တက်လာသည်။ သူကား ကျိဟွားဖြစ်၏။ နောက်ဆုံးအဆင့် တိုက်ပွဲများ၌မြေရိုင်းပြည်နယ်၏ အဆက်မပြတ် စိန်ခေါ်မှုကြောင့် ကျိဟွားကား တော်ဝင် အလင်းနန်းတော်၏ နောက်ဆုံး လက်ကျန် ပြိုင်ပွဲဝင် ဖြစ်ခဲ့ရသည်။ သူမှလွဲ၍ တခြားလူများ အားလုံး ပြိုင်ပွဲမှ ထွက်ခဲ့ရ၏။ နှိုင်းယှဉ်ရလျှင် မြေရိုင်းပြည်နယ်ကား လူငါးယောက်မျှပင် ရှိသေးသည်။ ထို့ကြောင့် ကျိဟွားက မြေရိုင်းပြည်နယ်မှ နောက်တစ်ယောက်ကို စိန်ခေါ်သည်။ သူစိန်ခေါ်လိုက်သူကား ယိရှောင်ရှီ ဖြစ်သည်။
ဖက်တီး၏ အမူအရာက အနည်းငယ် သုန်မှုန်သွား၏။ ယန်းကျန်းက ကျိဟွားထံတွင် ရှုံးနိမ့်ခဲ့ဖူးရာ သူ့အတွက်လည်း လွယ်ကူမည် မဟုတ်သည်ကို နားလည်၏။ ရှေးနတ်ဘုရားကို ဆင့်ခေါ်သည်တွင် ကျိဟွားက သူ့အား တားဆီးခြင်း မရှိပေ။ ရှေးဟောင်း နတ်ဘုရားအား အရွယ်အစား ကြီးမားလာသည့် တိုင်အောင် သူက စောင့်ဆိုင်းနေခဲ့သည်။ တစ်ဖက်တွင် ကျိဟွား၏ ခန္ဓာကိုယ်မှ စူးရှသော အလင်းများ ဖြာထွက်လာကာ လျှပ်စီးတန်းအလား ပျံသန်းလာသည်။ ရှေးနတ်ဘုရား၏ လက်က နွယ်ပင်များစွာ ထွက်ပေါ်လာကာ ကျိဟွားထံသို့ တိုးဝင်သွားကြသည်။ သို့သော်လည်း ကျိဟွားက ရှောင်တိမ်းမည့်ဟန်ပင် လုံးဝ မတွေ့ရပေ။ သူ့ရှေ့မှ အလင်းဓားများက လေထုကို ခွင်းကာ နွယ်ပင်များအား ဖြတ်တောက်သွားပြီး ရှေးဟောင်း နတ်ဘုရားအား အဆက်မပြတ် သွားရောက် ရိုက်ခတ်သည်တွင် တဝုန်းဝုန်း ပေါက်ကွဲပြီး လက်ကလည်း အပိုင်းအပိုင်း ပြတ်တောက် သွားတော့သည်။
လက်အသစ်က ကြီးထွား လာပြန်ကာ ကျိဟွားထံသို့ တိုးဝင် သွားကြသည်။ သို့သော်လည်း ကျိဟွား၏ ခန္ဓာကိုယ်က အလင်းတန်းအလား ပြောင်းလဲသွားပြီး ယိရှောင်ရှီထံသို့ တိုးဝင်သွား၏။
ထိုအခိုက်တွင် ကြီးမားသော အန္တရာယ် အငွေ့အသက်အား ခံစားလိုက်ရပြီး ယိရှောင်ရှီက မြန်ဆန်စွာပင် အော်ဟစ်လိုက်သည်... “ကျုပ် အရှုံးပေးတယ်...” သူကား နောက်တစ်ဆင့်ကို တက်ရောက်ခြင်း မရှိခဲ့ပေ။
ဤသို့ဖြင့် မြေရိုင်းပြည်နယ်တွင် လူလေးယောက်သာ ကျန်ရစ်တော့သည်။ သို့တိုင်အောင် သူတို့ကား တော်ဝင်မြေများထဲ၌ ပြိုင်ပွဲဝင် အများဆုံး ကျန်ရစ်နေဆဲပင်။
နောက်တစ်ယောက်က ရှေ့ကို ထွက်လာသည်။ သူ့အား မြင်သည်တွင် လူအများအပြားက အံ့အားသင့် သွားကြ၏။
သူကား စီကလန်၏ နံပါတ်တစ်ဖြစ်ကာ သတ်ဖြတ်ခြင်း ရှန့်ထို၏ဆက်ခံသူ စီမိန်ဖြစ်သည်။ သူက ရှေ့ကို တက်လာကာ စုချွဲအား ကြည့်သည်။ သူတို့ နှစ်ယောက်လုံးက ဆင်တူသော ပညာကို လေ့ကျင့်ကြ၏။
“ကြည့်ရတာ စုချွဲက မကြာခင် ပြိုင်ပွဲက ထွက်ရတော့မယ် ထင်တယ်...” လူအများအပြားက တွေးလိုက်ကြသည်။ ပိုဆိုးသည်ကား မြေရိုင်းပြည်နယ်မှ လူများက မကြာခင် တစ်ယောက်ပြီး တစ်ယောက်က ပြိုင်ပွဲမှ ကန်ထုတ် ခံရတော့မည့်ဟန်ကို သူတို့ ကြိုမြင် နေကြရသည်။
***