မီးလျှံထက်ယံအရှင်သခင်နှင့် မုယောက်ကြယ်စင်ထက်ယံအရှင်သခင်
Vol. 87 Ch. 1225
အခန်း (၁၂၂၅) မီးလျှံထက်ယံအရှင်သခင်နှင့် မုယောက်ကြယ်စင်ထက်ယံအရှင်သခင်
ကြီးမားသော သစ်ရွက်များဖြင့် ပြည့်နက်နေသည့် ဝိညာဉ်သစ်ပင်ကြီးက ကောင်းကင်ထိတိုင်မြင့်မားပြီး ပင်စည်က ဗလာနယ်တစ်ခုလုံး ပြည့်နက်နေသည်။
မြင့်မားလှသောသစ်ပင်ကြီးက ထိုနေရာတွင် အချိန်ကြာမြင့်စွာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ဟန်ပင်။
မီးလျှံထက်ယံအရှင်သခင် ရောက်ရှိလာချိန်မှာတော့ ဝိညာဉ်သစ်ပင်ကြီးက အစိမ်းရောင်အလင်းမှိန်မှိန်တောက်ပလာပြီး အဖြူရောင်ပန်းများ ရုတ်တရက် ပွင့်လန်းလာသည်။
အကိုင်းအခက်များက လေမတိုက်ပါဘဲ ယိမ်းနွဲ့နေသကဲ့သို့ ပန်းပွင့်များကလည်း နှင်းများကဲ့သို့ သစ်ပင်ထက်မှ လွင့်ပျံကျဆင်းလာသည်။
စောမင်ကျန့်က စကားတစ်ခွန်းမဆိုဘဲ ခေါင်းကိုမော့ကာ သစ်ပင်ကြီးကို အချိန်ကြာမြင့်စွာ စူးစိုက်ကြည့်နေသည်။
အမြဲတမ်း ကြည်ကြည်လင်လင်ရှိသော စောမင်ကျန့်၏မျက်နှာက အခုတော့ မှိုင်းညို့နေကြောင်း ရန်ကျောက်ကဲ တွေ့မြင်လိုက်ရသည်။
သို့သော် ထိုခဏမှာပင် စောမင်ကျန့်ထံမှ ထွက်ပေါ်လာသော ကြီးမားသည့် စိတ်ဖိစီးမှုက ပြင်းထန်သည့် စွမ်းအားရောင်ဝါအဖြစ် ထွက်ပေါ်လာသည်။
သူ့ကိုယ်သူ အချိန်အတန်ကြာအောင် ထိန်းသိမ်းထားသည့် မီးလျှံထက်ယံအရှင်သခင်က နောက်ဆုံးတော့ သူ၏ ပုံစံအမှန်ကို ပြသရန် ဆုံးဖြတ်လိုက်ပုံရသည်။
ထိုခဏတွင် စောမင်ကျန့်၏ တန်ခိုးစွမ်းအားက ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်ကိုပင် ချက်ချင်းဖျက်ဆီးပစ်နိုင်ကြောင်း ရန်ကျောက်ကဲ ယောင်ဝါးဝါး ခံစားလိုက်မိသည်။
သို့သော် တစ်စက္ကန့်အတွင်းအ ရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။
စွမ်းအားကြီးမားပြီး ခမ်းနားလွန်းသော စောမင်ကျန့်၏ အသွင်အပြင် ပျောက်ကွယ်သွားခဲ့ပြီး စောစောက တွေ့မြင်ခဲ့သမျှ လှည့်စားမှုသာဖြစ်သည်ဟု လူအများကို ထင်မှတ်စေသည်။
သို့သော် ရန်ကျောက်ကဲရော အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ပါ ဤသည်က ထင်ယောင်ထင်မှားဖြစ်ခြင်း မဟုတ်ကြောင်း သိရှိကြသည်။
ရန်ကျောက်ကဲကဲ့သို့ စိတ်ဓာတ်ခိုင်မာသော စရိုက်လက္ခဏာရှိသူပင် ထိုခဏတွင် စိတ်ထဲ ဝမ်းနည်းသလို ခံစားလာရသည်။
မုယောက်ကြယ်စင်ထက်ယံအရှင်သခင်က ရွှယ်ချူးချင်၏ ဘိုးဘေးဆရာသခင်ဖြစ်သော်လည်း ရွှယ်ချူးချင်က သူမနှင့် တစ်ခါမှ မဆက်သွယ်ခဲ့ဖူးပေ။
ထို့ကြောင့် မုယောက်ကြယ်စင်ထက်ယံအရှင်သခင် သေဆုံးခြင်းအတွက် ရန်ကျောက်ကဲအနေဖြင့် အလွန်တရာ ဝမ်းနည်းကြေကွဲခြင်း မဖြစ်စေခဲ့ပေ။
ယခု သူ ခံစားနေရသည်က အခြားသူတစ်ယောက်၏ ဝမ်းနည်းကြေကွဲခြင်းအား ထပ်တူခံစားနေရသည်နှင့် ဆင်တူသည်။
ထိုခဏတွင် ဝမ်းနည်းကြေကွဲမှုထဲတွင် သူ၏ စိတ်အစဉ်က နစ်မြုပ်သွားသည်။
ထို နက်နဲသောခံစားချက်က သူကိုယ်တိုင်ထံမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ တကယ်တော့ ဤသည်က မီးလျှံထက်ယံအရှင်သခင်ထံမှ လှုံ့ဆော်ပေးနေခြင်း ဖြစ်သည်။
စောမင်ကျန့်ကလည်း ထိုသို့ဖြစ်စေရန် တမင်တကာ ပြုလုပ်နေခြင်း မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူ၏ အသံမဲ့ဝမ်းနည်းမှုက ကမ္ဘာလောကတစ်ခုလုံးကို ထိခိုက်နေပြီဖြစ်ပြီး ဤနေရာမှ အရာအားလုံးက သူ၏ဝမ်းနည်းခြင်းဖြင့် ပဲ့တင်ထပ်နေသည်။
အချိန်နှင့်နေရာအားလုံးသည်ပင် ပျက်ဆီးသွားသည့်ပမာ ထင်မှတ်ရသည်။
ရန်ကျောက်ကဲက သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန်အတွက် နက်နဲသောသိုင်းပညာများကို လှည့်ပတ်ရင်း မျက်လုံးမှိတ်ထားလိုက်သည်။ ခဏအကြာတွင် သူ၏စိတ်များ ပြန်လည်ငြိမ်သက်သွားသည်။
သူက သစ်ပင်အောက်တွင် မတ်တတ်ရပ်နေသော စောမင်ကျန့်ကိုလှမ်းကြည့်ရင်း ဘေးနားတွင်ရှိနေသော အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို မအောင့်နိုင်ဘဲ မေးခွန်းထုတ်လိုက်မိသည်။
“အကြီးအကဲ... မီးလျှံထက်ယံအရှင်သခင်နဲ့ မုယောက်ကြယ်စင်ထက်ယံအရှင်သခင်တို့က ဘာလို့ လမ်းခွဲခဲ့ကြတာလဲ”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...
“မင်ကျန့်က ကလေးဘဝထဲက ကျင့်ကြံခြင်းကို စိတ်အားထက်သန်တယ် ၊ ကျင့်ကြံခြင်းအဆင့်မြင့်တက်လာတာနဲ့အမျှ ငါတို့နေထိုင်တဲ့လောကတစ်ခွင်ရဲ့ တာအိုမူဝါဒအားလုံးကို လေ့လာဆည်းပူးနိုင်မယ်လို့ မျှော်လင့်ခဲ့တယ် ၊ ဒါက သူတန်ဖိုးအထားဆုံးအရာပါပဲ”
ထိုသို့သော သဘောထားရှိခဲ့သဖြင့် စောမင်ကျန့်သည် အခြားအရာများကို အရေးမပါသောအရာများအဖြစ် မှတ်ယူခဲ့သည်။
သူရော အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ရော နှစ်ယော်ကလုံးက သွေးနှောများဖြစ်ပြီး သနားစရာကလေးဘဝကို ထပ်တူထပ်မျှ ပိုင်ဆိုင်ခဲ့ကြသည်။
သို့သော် စောမင်ကျန့်က ငယ်ဘတ ပြဿနာများကို လုံးဝ အရေးမစိုက်ခဲ့ပေ။
သူက စိတ်တိုစိတ်ဆတ်သူတစ်ယောက်ဖြစ်သဖြင့် အခြားသူများနှင့် ပဋိပက္ခများစွာ ကြုံတွေ့ခဲ့ရပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ခြင်းများရှိသော်လည်း ထိုအရာများအားလုံကို ဘယ်တော့မှ စိတ်ထဲ သိမ်းဆည်းမထားခဲ့ပေ။
သူ အမြဲတမ်း ရည်ရွယ်ထားသည့် တစ်ခုတည်းသောအရာမှာ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာရန်ပင် ဖြစ်သည်။
မည်သူ့အတွက်မှ သူ့ကိုယ်သူ သက်သေမပြချင်သလို နာကျင်ခံစားခဲ့ရသည်များအတွက် လက်စားချေလိုစိတ်လည်းမရှိပေ။ ပြီးတော့ သူ့ဘဝတွင် ဘာကိုမှလည်း လိုချင်တပ်မက်ခြင်း မရှိခဲ့ပေ။
တာအိုနိယာမများနှင့် အမည်မသိနယ်ပယ်များကို စူးစမ်းလိုစိတ်ကသာလျှင် သူ့အားရှေ့သို့တွန်းပို့သည့် တစ်ခုတည်းသောအရာ ဖြစ်ခဲ့သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အသေးစိတ်ရှင်းမပြသော်လည်း ဆိုလိုရင်းကို ရန်ကျောက်ကဲ သဘောပေါက်နားလည်ခဲ့၏။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သိမ်မွေ့သည့်လေသံဖြင့်...
“ပြီးတော့ တာအိုရောင်းရင်း ရှောက်ကျွင်းဟွမ်က အရမ်းစိတ်ထားရိုးသားတယ် ၊ သူက ယုံကြည်ချက်အတွက် နောင်တမရှိဘဲ အသေခံဖို့တောင် ဆန္ဒရှိခဲ့တယ်”
“ငါက တာအိုရောင်းရင်း ‘ရှောက်’ နဲ့ သိပ်မရင်းနှီးပေးမယ့် သူ့ရဲ့ အကြီးမားဆုံးအိပ်မက်က စန်းချင်း(၃)ပါး လမ်းမှန်တာအိုကို ပြန်လည်အသက်သွင်းဖို့ ၊ ပရမ်းပတာအခြေအနေတွေကနေ ရုန်းထွက်ပြီး အမတခုံရုံး မိစ္ဆာတာအိုကျင့်ကြံသူတွေကိုဖယ်ရှားဖို့ပဲ ၊ စကြာဝဠာထဲက မကောင်းမှုအားလုံးကို ဖယ်ရှားပစ်ဖို့ သူ ဆန္ဒရှိတယ်ဆိုတာ ငါ သိပါတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်လုံးများကို အနည်းငယ် မှေးမှိတ်လိုက်သည်။
ချစ်သူနှစ်ယောက် အဆုံးသတ်တွင် အဘယ့်ကြောင့် ရွှေလက်မတွဲနိုင်သည်ကို သူ ခန့်မှန်းမိသလို ရှိလာသည်။
မီးလျှံထက်ယံအရှင်သခင်က ဒေါသကြီးတတ်ပြီး သူ့လမ်းသူလျှောက်လှမ်းသူဖြစ်သော်လည်း အမှန်တကယ်တော့ သူက တိတ်ဆိတ်မှုကိုနှစ်သက်ပြီး အေးဆေးစွာနေလိုသည်။ အခြားစကားဖြင့်ဆိုရလျှင် သူက ခပ်အေးအေးနေချင်သူ ဖြစ်သည်။
ငယ်စဉ်က အဖြစ်အပျက်များက သူ့အပေါ် လွှမ်းမိုးမှုအချို့ ရှိနေဆဲ ဖြစ်နိုင်သည်။
သူက တစ်ယောက်တည်း သိုင်းပညာလေ့လာရှင်း မသိရှိသည်များကို လေ့လာရှာဖွေကာ ဘဝကိုနှစ်မြုပ်ထားရသည်ကို သဘောကျသူ ဖြစ်သည်။
ပြီးတော့ သူက မည်မျှ မာနကြီးသူဖြစ်ပါစေ သူလေ့လာသည့်အရာများအပေါ် အာရုံစိုက်နိုင်စွမ်း မြင့်မားသည်။
အနည်းငယ် ကွဲလွဲဟန်ရှိသော်လည်း သဘာဝကျသောအရာတစ်ခု ဖြစ်လေသည်။
မီးလျှံထက်ယံအရှင်သခင်က ထူးဆန်းပြီး စိတ်တိုစိတ်ဆတ်တတ်သော စာပေသမားတစ်ယောက်နှင့် ပိုမိုဆင်တူသည်ဟု ရန်ကျောက်ကဲ နိဂုံးချုပ် သုံးသပ်လိုက်သည်။
ခွန်လွန်အထင်ကရ (၉)ပါးတွင် မီးလျှံထက်ယံအရှင်သခင်သည် အဘယ့်ကြောင့် အမြဲတမ်း ကြားနေဝါဒကျင့်သုံးရကြောင်း ရန်ကျောက်ကဲ သဘောပေါက်သွားသည်။
သူက မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏အုပ်စုဘက်သော ဘယ်သောအခါမှ ဘက်မလိုက်သလို တောင်ပိုင်းချန်စန်းဧကရာဇ်၏အုပ်စုကိုလည်း ထောက်ခံခဲ့ခြင်း မရှိပေ။
မုယောက်ကြယ်စင်ထက်ယံအရှင်သခင် ‘ရှောက်ကျွင်းဟွမ်’ ကတော့ မိန်းကလေးတစ်ယောက်ဖြစ်သည့်တိုင် တာဝန်နှင့် ရည်မှန်းချက်ရှိပြီး ခံယူချက်ခိုင်မာသော တော်လှန်ရေးသမားတစ်ယောက်နှင့် ပိုတူသည်။
“တာအိုရောင်းရင်း ‘ရှောက်’ က သူ့အနားမှာ မင်ကျန့်က ရပ်တည်ပေးပြီး ကူညီနိုင်မယ်လို့ မျှော်လင့်ခဲ့တယ် ၊ ဒါပေမဲ့ မင်ကျန့်က သူတို့နှစ်ယောက်လုံးရဲ့အချိန်တွေကို တာအိုနိယာမ သဘောတရားတွေကို လေ့လာဖို့အတွက်ပဲ အာရုံစိုက်စေချင်တယ် ၊ သူက ဟိုပြေးဒီလွှားတွေ လုပ်မနေချင်ဘူး”
မီးလျှံထက်ယံအရှင်သခင်က စောမင်ကျန့်နှင့် ရှောက်ကျွင်းဟွမ်အကြား သဘောထားကွဲလွဲမှုများအကြောင်း အစွမ်းကုန်ရှင်းပြနိုင်ရန် ကြိုးစားခဲ့သည်။
“သူတို့က ဘဝကို အေးအတူပူအမျှ ဖြတ်သန်းခဲ့ကြတာပဲ ၊ ဒါပေမဲ့ နောက်ဆုံးတော့ အတူတူနေဖို့ လမ်းစ မရှိတော့တာကြောင့် လမ်းခွဲဖို့ ရွေးချယ်ခဲ့ကြရတယ်”
ရန်ကျောက်ကဲက မျက်မှောင်ကျုံ့ရင်း...
“ဒါပေမဲ့... သူတို့ရည်ရွယ်ချက်တွေက တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ကျွန်တော်တော့ မမြင်ပါဘူး ၊ သိုင်းပညာကျင့်ကြံတဲ့သူတစ်ယောက်က စစ်မှန်တဲ့ တိုက်ပွဲအတွေ့အကြုံတွေ အမြဲလိုအပ်တာပဲလေ ၊ ဒီတော့ မီးလျှံထက်ယံအရှင်သခင်က တာအိုနိယာမတွေကိုပဲ လေ့လာချင်တယ်ဆိုဦးတော့ မုယောက်ကြယ်စင်ထက်ယံအရှင်သခင်နဲ့ တိုက်ပွဲဝင်ပေးမယ်ဆိုရင် အပြန်အလှန် အကျိုးပြုနိုင်တာပဲ မဟုတ်ဘူးလား”
ရှောက်ကျွင်းဟွမ်ကဲ့သို့ ဟိုပြေးဒီလွှားနေထိုင်သူတစ်ယောက်က စောမင်ကျန့်အတွက် တည်ငြိမ်သောပတ်ဝန်းကျင် ပေးနိုင်သလို ကျင့်ကြံခြင်းတွင်လည်း ကူညီပေးနိုင်သည်ပဲ ဖြစ်သည်။
အပြန်အလှန်အားဖြင့် စောမင်ကျန့်ကဲ့သို့ လူတစ်ယောက်သည်လည်း ရှောက်ကျွင်းဟွမ်အတွက် အချိန်ပေးနိုင်မည် ဖြစ်သလို ၊ သူ၏ တာအိုလေ့လာမှု အောင်မြင်ပြီးသည့်နောက် စန်းချင်း (၃)ပါး အဆက်အနွယ် လမ်းမှန်တာအိုသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ရန်ကျောက်ကဲအား အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်ရင်း...
“အဲဒီအတိုင်းသွားမယ်ဆိုရင်တော့ သူတို့ကြားမှာ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ပြဿနာရှိတာက စန်းချင်း (၃)ပါး လမ်းမှန်တာအို ပြန်လည်ရှင်သန်လာဖို့အတွက် ရှောက်ကျွင်းဟွမ်က အသက်ပင်သေသေဆိုတဲ့ ဆန္ဒသဘောထား ရှိနေတာပဲ”
“မင်ကျန့်ကလည်း တာအိုနဲ့ပတ်သက်တဲ့အမှန်တရားကို ရှာဖွေဖို့ဆိုရင် ဘာအန္တရယ်ကိုမှ အရေးစိုက်တဲ့သူမျိုး မဟုတ်ဘူး”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ သက်ပြင်းချလိုက်သည်။
“သူ့ဟာနဲ့သူတော့ မှန်နေကြတာချည်းပဲ...”
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
စောမင်ကျန့်နှင့် ရှောက်ကျွင်းဟွမ်တို့က တစ်ယောက်အန္တရယ်ကင်းရေးအတွက် အခြားတစ်ယောက်က အသက်ပင်စွန့်လွှတ်ရန် ဆန္ဒရှိကြသူများ ဖြစ်သည်။
သို့သော် တစ်ယောက်အတွက် အခြားတစ်ယောက်က မိမိ၏ စိတ်ကူးအိပ်မက်များကို စွန့်လွှတ်လိုက်ပြီး ဘဝကို မြှုပ်နှံရန် ဆန္ဒမရှိကြပေ။
သူတို့နှစ်ယောက်လုံးက မာနကြီးသောသူများ ဖြစ်ကြလေရာ သူတို့ကိုယ်ပိုင်အလုပ်အတွက် အခြားသူ၏ ရည်မှန်းချက်အိပ်မက်များ ပျက်သုဉ်းမည်ကို အဖြစ်မခံနိုင်ကြပေ။
သို့ဖြစ်ရာ ညှိနှိုင်းမှုများအားလုံး ပြီးဆုံးသည့်နောက် တစ်ယောက်ကိုတစ်ယောက် စွန့်လွှတ်ရန် ရွေးချယ်ခဲ့ကြသည်။
ရန်ကျောက်ကဲ ဝါဒတောင်မှ ထွက်ခွာမလာခင် မိခင်ဖြစ်သူပြောသည့်စကားများကို ပြန်သတိရမိသည်။
ရွှယ်ချူးချင်က ‘မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ ရှောက်ကျွင်းဟွမ်ကို လူကိုယ်တိုင်မတွေ့ဖူးသော်လည်း ဆရာဘွားဘွားဖြစ်သူ ဟူယွဲ့ရှင်းထံမှ သူမအကြောင်း ဇာတ်လမ်းများစွာ ကြားခဲ့ဖူးသည်။
“အရမ်းခေါင်းမာတယ် ၊ သူ တစ်ခုခုကိုဆုံးဖြတ်ပြီးရင် ပြန်ပြင်ဖို့ ဘယ်သူကမှ ဖြောင်းဖျနိုင်မှာ မဟုတ်ဘူး...”
“ပြီးတော့ သူက သေရည်ကောင်းကောင်းကိုလည်း သဘောကျတယ် ၊ ဒါပေမဲ့ လုံးဝ မသောက်နိုင်ဘူး ၊ တစ်ငုံလောက်သောက်ပြီးတာနဲ့ မူးပြီး ရမ်းတော့တာပဲ”
“ပြီးတော့ သူက အိပ်ရတာ နှစ်သက်တယ် ၊ နေ့ခင်းဘက် တစ်ရေးလောက်အိပ်ရတာကို သူ သဘောအကျဆုံးပဲ ၊ အဲဒါကြောင့် နေ့တိုင်း နေ့ခင်းဘက်မှာ ခဏလောက် အနားယူလေ့ရှိတယ် ၊ သူ အိပ်နေတာကို သွားနှိုးမိလို့ကတော့ အကျိုးဆက်က တွေးကြည့်စရာမလိုအောင် အရမ်းကြောက်စရာကောင်းတယ်”
ထိုစကားများကို ပြန်သတိရမိတော့ ရန်ကျောက်ကဲ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။
“ဒီလိုပြောတာ ထုန်းမင်ဧကရာဇ်က သူ့ဆရာကို မလေးမစားလုပ်လိုတဲ့ ရည်ရွယ်ချက်တော့ ရှိဟန်မတူပါဘူး ၊ ဒါပေမဲ့ တခြားတပည့်တစ်ယောက်သာ ဆရာလုပ်တဲ့သူကို အဲဒီလိုမှတ်ချက်ပေးလို့ကတော့ အဲဒီတပည့် တစ်ခါတည်း ဂိုဏ်းထဲက နှင်ထုတ်ခံရပြီးသား ဖြစ်သွားနိုင်တယ်”
သို့သော် ဟူယွဲ့ရှင်းက ရှောက်ကျွင်းဟွမ်မှာ စိတ်ဓာတ်ခိုင်မာပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသည့်အပြင် ကရုဏာတရားထားတတ်ပြီး သနားကြင်နာတတ်ကာ နူးညံ့သိမ်မွေ့သော စိတ်နှလုံးကို ပိုင်ဆိုင်သူဖြစ်ကြောင်းကိုလည်း ထပ်စောင်းပြောပြခဲ့လေသည်။