မတည်နိုင်ခဲ့သော တတိယမြောက်ကတိ
Vol. 87 Ch. 1226
အခန်း (၁၂၂၆) မတည်နိုင်ခဲ့သော တတိယမြောက်ကတိ
ရန်ကျောက်ကဲ အတွေးထဲနစ်မျောသွားသည်။
ဟူယွဲ့ရှင်းက ဆရာဖြစ်သူအကြောင်း ပေါ့ပေါ့ပါးပါးပင် ပြောဆိုခဲ့သော်လည်း ရှောက်ကျွင်းဟွမ်က အမှန်တကယ်ပင် ပြောင်းလဲလွယ်သူတစ်ယောက် မဟုတ်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ဟူယွဲ့ရှင်းသည်လည်း ဆရာဖြစ်သူ၏လွှမ်းမိုးမှု များစွာခံခဲ့ရသည်ပင်။
မဟုတ်ပါက သူမအနေဖြင့် ရှောက်ကျွင်းဟွမ်၏ အမှာစကားများနှင့် သတ်မှတ်ချက်များကို သူမဘဝ နောက်ဆုံးအခိုက်အတန့်အထိ အခိုင်အမာ လိုက်နာလိမ့်မည် မဟုတ်ပေ။
ပန်းတိုင်တစ်ခု ချမှတ်ပြီးသည်နှင့် တစိုက်မတ်မတ်လုပ်ဆောင်တတ်ပြီး နောက်ပြန်မဆုတ်တတ်သော စိတ်နေစိတ်ထားမှာ ဟူယွဲ့ရှင်း ရှောက်ကျွင်းဟွမ်ထံမှ သင်ယူခဲ့သော အရေးကြီးဆုံးအရာ ဖြစ်နိုင်သည်။
စိတ်ဓာတ်ခိုင်မာခြင်းနှင့် စွဲမြဲယုံကြည်တတ်ခြင်းက သာမန်ထက် ထူးချွန်သည့်လူတစ်ယောက်ဖြစ်လာရန် ထင်ရှားသည့် အင်္ဂါရပ်တစ်ခု ဖြစ်သည်။
သို့သော် ထိုအကြောင်းပြချက်ကြောင့်ပင် ထူးချွန်သူများအချင်းချင်း အယူအဆမတူညီကြသည့်အခါ ရလဒ်က အလွန်ကြောက်စရာ ကောင်းလာပေသည်။
မြေကမ္ဘာထက်ယံအရှင်သခင်ဟု လူသိများသော ကျန်းရှန်သည် စောမင်ကျန့်၏ ဆရာလည်းဖြစ်သလို မိတ်ဆွေလည်း ဖြစ်သည်။
သို့သော် သူတို့၏ရပ်တည်ချက် တဖြည်းဖြည်းကွဲလွဲခဲ့ကြပြီး နောက်ဆုံးမှာတော့ တစ်ယောက်နှင့်တစ်ယောက် ပြတ်ပြတ်သားသား ဆန့်ကျင်ဘက်များ ဖြစ်လာကြသည်။
စောမင်ကျန့်နှင့် ရှောက်ကျွင်းဟွမ်တို့သည်လည်း တစ်ယောက်နှင့်တစ်ယောက် ချစ်နေကြသေးသည့်တိုင် လမ်းခွဲရန်သာ ရွေးချယ်ခဲ့ကြသည်။
ရန်ကျောက်ကဲက ရှေးဟောင်းချမ်းဟွာသစ်ပင်အောက်မှ ဆံပင်တိုတိုနှင့်လူကို ကြည့်လိုက်သည်။
မီးလျှံထက်ယံအရှင်သခင်က ရှောက်ကျွင်းဟွမ်နှင့် လမ်းခွဲခဲ့သည့်တိုင် သူမ ပျောက်ဆုံးသွားကြောင်း သတင်းကြားသိသည်နှင့် ချက်ချင်းပင် စိတ်အားထက်သန်စွာ လိုက်လံရှာဖွေခဲ့သည်။
နှစ်ပေါင်း (၂၄၀၀) လုံးလုံး သူက သူမကို လိုက်လံရှာဖွေနေခဲ့သည်ပင်။
ယနေ့အချိန်ထိ ရှာဖွေနေခဲ့ပြီး အဆုံးသတ်မှာတော့ သူမကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့တိုင် သူမကတော့ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ဝိညာဉ်စွမ်းအားလည်ပတ်မှုနှင့် ပျက်ဆီးမှုအတိုင်းအတာအရ ဤနေရာက နှစ်ပေါင်းထောင်ကျော်ကြာအောင် တည်ရှိခဲ့သော နေရာတစ်ခုဖြစ်ကြောင်း ရန်ကျောက်ကဲ အကဲဖြတ်နိုင်ခဲ့သည်။
အမှန်တော့ ရှောက်ကျွင်းဟွမ် ရောက်မလာခင်ကတည်းက တည်ရှိနေသည့် ကမ္ဘာတစ်ခု ဖြစ်နိုင်သလို ရှောက်ကျွင်းဟွမ်ရောက်လာမှ ဖန်တီးလိုက်သည့် ကမ္ဘာတစ်ခုလည်း ဖြစ်နိုင်၏။
ဝိညာဉ်စွမ်းအားအခြေအနေနှင့် ရှေးဟောင်းချမ်းဟွာသစ်ပင်၏ အနေအထားအရ သစ်ပင်၏သက်တမ်းကို ရန်ကျောက်ကဲ ကောက်ချက်ချနိုင်ခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း (၂၄၀၀) ၊ ရှောက်ကျွင်းဟွမ်ပျောက်ဆုံးသွားသည့်အချိန်ကတည်းက သူမ ကွယ်လွန်သွားခြင်း ဖြစ်ပေမည်။
“သူ့ရဲ့ ရုပ်အလောင်းက ရှေးဟောင်းချမ်းဟွာသစ်ပင်အဖြစ် ပြောင်းလဲသွားတာ ဖြစ်ရမယ် ၊ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ဒီသစ်ပင်ရဲ့ ဝိညာဉ်စွမ်းအား သဘောသဘာဝကို ငါ အာရုံမခံနိုင်သေးဘူး...”
ရန်ကျောက်ကဲ သက်ပြင်းချရင်း နက်နဲစွာ တွေးလိုက်သည်။
“ရှောက်ကျွင်းဟွမ်က မြစ်ဝါပန်းချီကားရဲ့ ကနဦးကောင်းကင် နက္ခတ်ဂမ္ဘီရပညာကို ကျွမ်းကျင်တယ် ၊ ဒါကြောင့် အဂ္ဂိရတ်ခန်းမကိုရှာဖွေဖို့အတွက် သူ့ရဲ့ တန်ခိုးစွမ်းအား အကုန်လုံးကို အသုံးပြုလိုက်တာ ဖြစ်နိုင်တယ် ၊ ဒါကြောင့် နောက်ဆုံးမှာ သူ့ရဲ့ ဝိညာဉ်တောင် ပျောက်ကွယ်သွားခဲ့တယ်”
“ဒီလောက် တန်ခိုးစွမ်းအားမြင့်မားတဲ့ ကျင့်ကြံသူတစ်ယောက်က ဘယ်လိုဖြစ်လို့ ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ ၊ ပြီးတော့ မီးလျှံထက်ယံအရှင်သခင်က ဒီ ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင် တည်နေရာကို သူဖမ်းဆီးမိတဲ့ အမတခုံရုံးကျင့်ကြံသူဆီက သိခဲ့ရတာ ဖြစ်ရမယ်”
“ကြည့်ရတာ ရှောက်ကျွင်းဟွမ်ကို အမတခုံရုံးကလူတွေ ဝိုင်းပြီး တိုက်ခိုက်ကြတဲ့အတွက် ဒဏ်ရာအပြင်းအထန်ရသွားတာ ဖြစ်ရတယ် ၊ ပြီးတော့ အဂ္ဂိရတ်ခန်းမကိုရှာဖွေဖို့အတွက်လည်း သူ အရမ်း စိတ်ပင်ပန်းနေခဲ့တယ် ၊ ဒီလို အကြောင်းတွေဆုံသွားတာက သူမကို အသက်သေတဲ့အထိ ဖြစ်သွားစေတာပဲ”
ရှောက်ကျွင်းဟွမ်က မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံနန်းတော်တွင် ရှိခဲ့သော အဂ္ဂိရတ်ခန်းမကို ရှာဖွေနေကြောင်း အမတခုံရုံးမှလူများက သိရှိကြဟန် မတူပေ။
အမတခုံရုံးမှ လူအများ၏ လိုက်လံဖမ်းဆီးခြင်း ခံရသည့်တိုင် ရှောက်ကျွင်းဟွမ်က ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်ထဲသို့ မရမက ဝင်ရောက်သွားခဲ့ဟန် ရှိသည်။
ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်က အချိန်နှင့်နေရာများအားလုံးဆီသို့ ဦးတည်သွားနိုင်သည်ဟု ယူဆသဖြင့် အမတခုံရုံးမှလူများက သူမကို ရှာမတွေ့နိုင်တော့ဟု ထင်မှတ်ခဲ့ကြပြီး နောက်ဆုံးတွင် လိုက်မရှာတော့ဘဲ လက်လျှော့လိုက်ကြသည်။
ရှောက်ကျွင်းဟွမ် ရှာဖွေနေသည့်အရာမှာ ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်ထဲတွင်ရှိနေကြောင်း သူတို့ မသိရှိခဲ့ကြပေ။
အမတခုံရုံးမှလူများက ဤနေရာတွင် ရှောက်ကျွင်းဟွမ်ကို နောက်ဆုံးအကြိမ် တွေ့မြင်ခဲ့ခြင်း ဖြစ်နိုင်သည်။
သူမ သေသည်လား ရှင်သည်လား မသိရသော်လည်း ထိုအချိန်မှစတင်ပြီး ရှောက်ကျွင်းဟွမ် လောကအလယ် ထွက်ပေါ်လာခြင်း မရှိတော့ပေ။
ထို့ကြောင့် ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်ထဲတွင် သူမ ကွယ်လွန်သွားခဲ့ပြီဟု ယူဆခဲ့ကြသည်။
ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ရန်မှာ အလွန်အန္တရယ်များသဖြင့် အမတခုံရုံးမှလူများက မလိုအပ်ဘဲ အထဲဝင်ကာ ရှောက်ကျွင်ဟွမ်ကိုရှာဖွေရန် ရည်ရွယ်ချက် မရှိခဲ့ကြပေ။
ယခင်က ရှောက်ကျွင်းဟွမ်အား ဝိုင်းဝန်းတိုက်ခိုက်ခဲ့သူများထဲမှတစ်ယောက်ကို စောမင်ကျန့် ဖမ်းဆီးမိပြီး ချစ်ရသူ၏သတင်းကိုရရှိကာ ယနေ့အဖြစ်အပျက်များ ဖြစ်ပေါ်လာခြင်း ဖြစ်၏။
အဖြစ်အပျက်များကို မှန်းဆပြီးနောက် ရန်ကျောက်ကဲ ဝမ်းနည်းသလို ခံစားလာရသည်။
ထိုအချိန် ရှေးဟောင်းချမ်းဟွာသစ်ပင်ကြီး၏ မှိန်ဖျော့သောအလင်းရောင်အောက်တွင် မိန်းမပျိုတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။
ဤသည်က ရှောက်ကျွင်းဟွမ်က စောမင်ကျန့်အတွက် နောက်ဆုံးစကားချန်ထားရစ်ခဲ့သော ပုံရိပ်ယောင်တစ်ခုပင်ဖြစ်သည်။
“စန်းချင်း (၃)ပါးအဆက်အနွယ်ရဲ့ လမ်းမှန်တာအိုဝါဒကို နောက်ဆုံးမှာ လူတိုင်းသဘောပေါက်နားလည်လာကြပြီး မိစ္ဆာတွေနဲ့ နတ်ဆိုးတွေအားလုံးကို ဖယ်ရှားပစ်တဲ့နေ့ ရောက်လာရမယ်”
“ပထမဆုံးအနေနဲ့ ... ကျွန်မ နောင်တအရဆုံးအရာက...”
သူမအသံက တဖြည်းဖြည်း တိုးလျသွားသည်။
သူမက မျက်လုံးများကို မှေးမှိတ်လိုက်ပြီး...
“ကျွန်မတို့ဟာ ကျွန်မတို့ယုံကြည်ချက်အပေါ်မှာ လက်မလျှော့နိုင်ခဲ့ကြတာပဲ”
“မင်ကျန့်... မဟာကပ်ဘေးကြီးမတိုင်ခင် ကျွန်မတို့မွေးဖွားလာဖို့ ဆန္ဒပြုမိပါတယ်”
စောမင်ကျန့်က အလင်းရောင်ထဲမှ ရှောက်ကျွင်းဟွမ်ပုံရိပ် ပျောက်ကွယ်သွားသည်အထိ ငေးကြည့်ရင်း ရှေးဟောင်းချမ်းဟွာ သစ်ပင်ကြီးရှေ့တွင် ရုပ်တုတစ်ရုပ်ပမာ မတ်တတ်ရပ်နေခဲ့သည်။
အရပ်မြင့်မြင့် ဆံပင်တိုတိုနှင့် ထိုလူငယ်က ခဏမျှ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီးနောက် လက်ကိုရှေ့သို့ဆန့်တန်းလိုက်လေရာ သစ်ကိုင်းထက်ရှိ အဖြူရောင်ပန်းပွင့်လေးများထဲမှ တစ်ပွင့်က သူ့လက်ဖဝါးထက်သို့ ကြွေကျလာသည်။
“ကျွင်းဟွမ်... ကိုယ် မင်းကိုပေးထားတဲ့ကတိကို မတည်နိုင်ခဲ့ဘူး”
သူက အိပ်ပျော်နေရင်း ယောင်ရမ်းပြောဆိုနေသူတစ်ယောက်ပမာ ရေရွတ်လိုက်၏။
ထိုစကားကြားတော့ ရန်ကျောက်ကဲက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို လှမ်းကြည့်လိုက်သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...
“သူတို့နှစ်ယောက် ပထမဆုံးစတွေ့တဲ့အချိန်ကတည်းက အကြောင်းတစ်ခုအတွက်နဲ့ မင်ကျန့်က တာအိုရောင်းရင်း ‘ရှောက်’ ကို ကိစ္စ (၃)ခု လုပ်ပေးဖို့ ကတိပေးခဲ့တယ် ၊ အဲဒီတုန်းက သူတို့ ချစ်သူတွေတောင် မဖြစ်ကြသေးဘူးလေ”
သူက ဆက်ပြောသည်။
“ငါသိသလောက်... သူပေးထားတဲ့ ကတိ (၃)ခုထဲက (၂)ခုကို လုပ်ပြီးသွားပြီ”
“နောက်တော့ သူတို့ ချစ်သူတွေဖြစ်သွားကြတယ် ၊ အချင်းချင်းပံ့ပိုးကူညီခဲ့ကြတယ် ၊ သူတို့ကြားမှာ တတိယကတိအကြောင်း ပြောစရာတောင် မလိုခဲ့ဘူး”
“ကိစ္စအတော်များများမှာ သူတို့က သဘောထားမတိုက်ဆိုင်ကြပေမယ့် မင်ကျန့်က ကတိတစ်ခုလုပ်ပေးစရာရှိသေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောက်ကျွင်းဟွမ်က မင်ကျန့်ကို ဘယ်တုန်းကမှ သူ့စကားနားထောင်ဖို့ မတောင်းဆိုခဲ့ဖူးဘူး”
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သက်ပြင်းချရင်း...
“မင်ကျန့်က ကတိအတိုင်း ကိစ္စတစ်ခုလုပ်ပေးဖို့ အကြွေးတင်နေပေမယ့် မလုပ်ပေးလိုက်ရဘူးလေ”
“တာအိုရောင်းရင်း’ရှောက်’ ပျောက်ဆုံးသွားပြီးတဲ့နောက် မင်ကျန့်က သူ့ကို ဆက်တိုက်ရှာဖွေခဲ့တယ် ၊ သူပေးခဲ့တဲ့ကတိ လုပ်မပေးနိုင်မချင်း သူ ဘယ်တော့မှာ စိတ်သက်သာရာ ရမှာမဟုတ်ဘူးတဲ့”
ပြောရင်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ခေါင်းခါယမ်းရင်း...
“အခုတော့ သူ့ကတိကို ဘယ်တော့မှ တည်နိုင်တော့မဟုတ်ဘူး ထင်ပါရဲ့ ...”
ထိုစကာကိုကြားတော့ ရန်ကျောက်ကဲ တိတ်ဆိတ်သွားပြီး သစ်ပင်အောက်မှ အရပ်မြင့်မြင့်ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။