← Chapters

သူဌေးနဲ့ မတူဘူး

Vol. 94 Ch. 1311

သူဌေးနဲ့ မတူဘူး

Vol. 94 Ch. 1311

ကောင်းကင်ဘုံပိုက်ကွန်အင်မော်တယ်ပိုင်နက်။

ဤပိုင်နက်က အင်မော်တယ်ကမ္ဘာတစ်ခုလုံးတွင် အကြီးမားဆုံးပိုင်နက်များထဲမှတစ်ခုဖြစ်ပြီး ထိပ်ဆုံးပိုင်နက်ငါးဆယ်ထဲ ဝင်၏၊ ဤပိုင်နက်၏ပိုင်ရှင်က အန္တိမအဆင့်စွမ်းအားရှင်တစ်ယောက်ဖြစ်သည်။

ကြီးမားသောကုန်းမြေဆယ့်ရှစ်ခုကို တစ်ခုနှင့်တစ်ခုကြား ကီလိုမီတာတစ်သန်း ခြားထား၏။ အင်မော်တယ်ဂိုဏ်းမရေမတွက်များစွာကို ထိုကုန်းမြေဆယ့်ရှစ်ခုတွင် တွေ့ရှိနိုင်သည်၊ အကောင်းအဆိုးဂိုဏ်းအမျိုးမျိုးရောနှောနေပြီး ခွန်အားက ဤနေရာတွင် အသက်ရှင်သန်နိုင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ဆယ့်ခြောက်ခုမြောက်ကုန်းမြေပေါ်တွင် အကျဉ်းသားပြိုင်ကွင်းအနည်းငယ်ရှိသည်၊ ၎င်းက ပတ်ဝန်းကျင်ပိုက်နက်များထဲတွင် အကြီးမားဆုံးဖြစ်ပြီး ကောင်းကင်ဘုံပိုက်ကွန်အင်မော်တယ်ပိုင်နက်တစ်ခုလုံးတွင် ဖရိုဖရဲအဖြစ်ဆုံးနေရာဖြစ်၏။ သန်မာသောပိုက်ဆံရနံ့က ကုန်းမြေကို စူးဝင်ပျံ့နှံ့ပြီး ကြွယ်ဝသောပတ်ဝန်းကျင်တစ်ခုကိုလည်း သယ်ဆောင်လာသည်။

တစ်စုံတစ်ယောက်တွင် အင်မော်တယ်ကျောက်တုံးများ၊ အင်မော်တယ်သလင်းကျောက်များ၊ သလင်းကျောက်အဆီအနှစ်များ သို့မဟုတ် အခြားအဖိုးတန်ရတနာများရှိသရွေ့ သူတို့က ဘဝကို ပျော်ရွှင်စွာ နှစ်သက်ခံစားနိုင်သည်။

ထန်ရှုက တိုက်ပွဲပမ်တို့ငါးယောက်ကို ခေါ်ကာ ဤကုန်းမြေသို့ ရောက်ရှိလာသည်၊ အင်မော်တယ်ကျောက်တုံးအနည်းငယ်အသုံးချကာ တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို အသုံးပြုပြီးနောက် သူတို့က ဤကုန်းမြေ၏ဗဟိုမြို့ထဲ၌ ထွက်ပေါ်လာ၏။

ဗဟိုမြို့ကို နှောင်းပိုင်းပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်က ပဲ့ကိုင်ထားပြီး စဉီးနှင့်အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်က ကူညီပေးသည်။ အဖြစ်အပျက်ကြီးတစ်ခု မဖြစ်လာသရွေ့ သူတို့က လူသူရှေ့သို့ ထွက်လာခဲသည်။

အင်မော်တယ်ဓားများပေါ်တွင် စီးနင်းရင်း ထန်ရှုတို့အဖွဲ့က အကျဉ်းသားပြိုင်ကွင်း၏ဧရိယာသို့ ရောက်ရှိလာသည်။ နေရာက ဧရာမအနက်ရောင်သားရဲတစ်ကောင်လဲလျောင်းနေသည်နှင့် တူပြီး ကျယ်ပြောသောဧရိယာတစ်ခုကို သိမ်းပိုက်ထားသည်။ သူ့အမြင်အာရုံနှင့်ပင် ထန်ရှုက မိုင်တစ်သိန်းထိသာ မြင်နိုင်၏။

“သခင်”

“အကျဉ်းသားပြိုင်ကွင်း”ဟုရေးသားထားသည့် မီတာတစ်ထောင်ရှည်ကာ မီတာနှစ်ရာကျယ်သော ဧရာမကျောက်ပြားတစ်ခုကို တိုက်ပွဲပမ်တို့ငါးယောက်က ကြည့်နေလေသည်။ သူတို့၏အမူအရာက ရှုပ်ထွေးနေလေ၏။ ဤနေရာက သူတို့အမုန်းဆုံးနေရာဖြစ်၏။ လုံးဝမလိုအပ်လျှင် သူတို့က ဘယ်တော့မှ ထပ်မလာချင်သောနေရာဖြစ်သည်။

ထန်ရှုက ဖြည်းဖြည်းချင်း လှည့်ကြည့်၏၊ ထိုငါးယောက်၏မျက်နှာများပေါ်ရှိ ရှုပ်ထွေးသောအကြည့်ကို မြင်သည်။ သူက စိတ်ထဲ၌ တိတ်တဆိတ် သက်ပြင်းချလျက် ဆိုလိုက်၏ “မင်းတို့ကောင်တွေက အကျဉ်းသားပြိုင်ကွင်းကနေ ထွက်လာပြီးပြီပဲ။ ငါ မသေသေးသရွေ့ မင်းတို့က ဒီနေရာကို ဘယ်တော့မှ ပြန်မရောက်စေရဘူး။ ဒါ့အပြင် လက်ရှိအချိန်မှာ မင်းတို့က ကြွယ်ဝမှုအများကြီးရှိတဲ့ဧည့်သည်တွေပဲ။ ပြီးတော့ မင်းတို့က အကျဉ်းသားပြိုင်ကွင်းမှာသာ အဲဒီလိုသေခြင်းရှင်ခြင်းအနေအထားတွေကို မဖြတ်သန်းခဲ့ရရင် အခုလိုကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိနိုင်မှာလား။ မှတ်ထားပါ၊ အရာတိုင်းမှာ နှစ်ဖက်ရှိတယ်၊ မင်းတို့ရဲ့ရှုမြင်တဲ့အပေါ်မှာပဲ မူတည်တယ်”

တိုက်ပွဲပမ်တို့ငါးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချက်ချင်း ခေါင်းညိတ်လိုက်ကြသည်။

ဒီလိုအတိတ်က ရှက်စရာကောင်းသည်ဟု သူတို့က တွေးခဲ့ကြသည်။ သို့သော် ထန်ရှု၏သတိပေးပြီးနောက် သူတို့က အကျဉ်းသားပြိုင်ကွင်းတွင် သေခြင်းရှင်ခြင်းအနေအထားများကို မဖြတ်ကျော်ခဲ့ရလျှင် သူတို့၏လက်ရှိရွှေအင်မော်တယ်ခွန်အားကို ပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်ပေ။

“ဒါဆို အထဲကို သွားကြရအောင်”

ထန်ရှုက ပြောပြီး အကျဉ်းသားပြိုင်ကွင်းဂိတ်ပေါက်သို့ ဝင်လိုက်သည်။

ကြီးမားကျယ်ပြန့်သောနေရာလပ်က သံမဏိကမ္ဘာတစ်ခုထဲသို့ ဝင်ရောက်သည်နှင့် တူ၏။ စင်္ကြလမ်း၏တစ်ဖက်တစ်ချက်တွင် ငှက်နှင့်သားရဲရုပ်တုများက တည်ရှိနေသည်မှာ ကြောက်စရာကောင်းလှ၏။

ရုပ်တု၏တစ်ဖက်တွင် လှပသောဝန်ထမ်းတစ်ယောက်က ရပ်နေသည်။ ဧည့်သည်တစ်ယောက်က ရောက်လာသည့်အခါတိုင်း သူမက ရှေ့ထွက်ကာ ကြိုဆို၏။

အမျိုးသမီးဝန်ထမ်းက ချင်ယုဟု အမည်ရသည်။ သူမက မိဘမဲ့ကလေးတစ်ယောက်ဖြစ်သည်။ သူမကိုယ်သူမရပ်တည်ရန်အတွက် သူမအချစ်ဆုံးသူငယ်ချင်း၏လမ်းညွှန်ပေးမှုအောက်တွင် ချင်ယုက အကျဉ်းသားပြိုင်ကွင်းနှင့် ပူးပေါင်းခဲ့ပြီး နောက်ဆုံးတွင် ကြိုဆိုရေးဝန်ထမ်းတစ်ယောက်ဖြစ်လာခဲ့သည်။ မောက်မာသောဧည့်သည်တစ်ယောက်ကို ဆန့်ကျင်မိသည့်အတွက် သူမ၏သူငယ်ချင်းက ဒဏ်ရာအပြင်းအထန်ရသွားပြီးနောက် ချင်ယု၏ဘဝက အလွန်ခက်ခဲလာသည်။ သူမသူငယ်ချင်းအတွက် ကုသဆေးများဝယ်ရန်အလို့ငှာ ဆယ်နှစ်ကျော်စုထားသမျှအင်မော်တယ်ကျောက်တုံးအားလုံးကို သုံးစွဲခဲ့ရုံသာမက အတိုးကြီးစားသူတို့ထံမှ အတိုးနှုန်းမြင့်မြင့်နှင့် ချေးယူခဲ့ရသည်။

နှစ်ဝက်ရှိပြီ၊ သူတို့ကို ပြန်ပေးရမည့်နေ့ရက်ရောက်ရန် နှစ်ဝက်သာ ကျန်တော့သည်။ ဤနှစ်ဝက်အတွင်း အင်မော်တယ်ကျောက်တုံး အလုံအလောက်မရခဲ့လျှင် သူတို့က သူမကို ဖမ်းဆီးကာ ကျွန်အဖြစ် ပြောင်းလဲပေလိမ့်မည်။ သို့ကြောင့် ရက်ရောသောဧည့်သည်များနှင့် တွေ့ရန် သူမက အကြိမ်တိုင်း စောင့်မျှော်နေခဲ့သည်။

“ဧည့်သည်တွေဝင်လာပြီ”

ချင်ယု၏အမူအရာက လျင်မြန်စွာ ပြောင်းလဲသွားပြီး အဝေးမှ ချဉ်းကပ်လာနေသော ဧည့်သည်ငါးယောက်ထံ လျင်မြန်စွာ အာရုံစိုက်လိုက်သည်။ နောက်ဆုံးတွင် သူမမျက်လုံးက ထန်ရှုအပေါ်သို့ ကျရောက်သွားပြီး သူမက ရုတ်တရက် မကျေမနပ်ဖြစ်သွား၏။ ဤနေရာတွင် ဆယ်နှစ်ကျော်အလုပ်အတွေ့အကြုံအပေါ် အခြေခံ၍ ဒီလိုချောမောခန့်ညားသောကျင့်ကြံသူတစ်ယောက်က ပုံမှန်အားဖြင့် မရက်ရောသည်ကို သူမက သိသည်။

သို့သော် ယခုက သူမ၏အလှည့်ဖြစ်သည်၊ ထို့ကြောင့် ချင်ယုက သူမ၏မကျေမနပ်ဖြစ်မှုကို မျိုချကာ သူတို့ကို နှုတ်ဆက်လိုက်သည်။ “ကြိုဆိုပါတယ်၊ ဧည့်သည်တော်တို့။ ကျွန်မက ဒီနေရာက ဝန်ထမ်းချင်ယုပါ။ အကျဉ်းသားပြိုင်ကွင်းထဲကို ဧည့်သည်တို့ လာရောက်နေစဉ်အတွင်း ကျွန်မက သင်တို့ရဲ့လမ်းညွှန်အဖြစ် လုပ်ဆောင်ပေးပါ့မယ်။ သင်တို့မှာ မေးခွန်းတစ်ခုခုရှိရင် ကျွန်မကို မေးမြန်းနိုင်ပါတယ်”

“ဒါဆို လမ်းပြပါ”ထန်ရှုက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

ချင်ယုက ခေါင်းညိတ်ပြလိုက်ပြီး လှည့်ကာ အထဲသို့ ဝင်သွား၏။ သို့သော် သူမက ပြန်လှည့်သည့်အခိုက်အတန့်တွင် သူမ၏မျက်လုံးများထဲတွင် မကျေမနပ်ဖြစ်မှုက ပြင်းထန်လာ၏။ ပထမဆုံးအကြိမ်တွေ့ဆုံသည့်အခါတွင် သာမန်ဧည့်သည်များက အင်မော်တယ်ကျောက်တုံးအချို့ကို အမြဲလိုလို ပစ်ပေးလေ့ရှိ၏၊ ဝန်ထမ်းက ဝန်ဆောင်မှုပေးရာ၌ ပိုအာရုံစိုက်စေရန်အတွက်ပင်။

များမကြာမီ လူအုပ်ကြီးက အရှေ့စင်္ကြန်လမ်းထဲသို့ ပျောက်ကွယ်သွားသောအခါ ချင်ယုယခင်ရပ်နေသောနေရာနှင့်အနီးကပ်ဆုံး စင်္ကြန်လမ်း၏တစ်ဖက်တစ်ချက်ရှိ အမျိုးသမီးဝန်ထမ်းအချို့က နှာခေါင်းရှုံ့လိုက်သည်။ ချင်ယုက ဘောက်ဆူးတစ်ခုမှ မရသည်ကို သူတို့က ရှင်းလင်းစွာ မြင်ရ၏။

အနီးနားတွင် ဧည့်သည်တစ်ယောက်မှ မရှိသည့်အချိန်တွင် သူတို့ထဲမှ တစ်ယောက်ဖြစ်သော ချင်ယုနှင့် ဆက်ဆံရေးကောင်းမရှိသည့်၊ ချင်ယုသူငယ်ချင်းနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ဖူးသည့် ဝမ်ဝမ်က နှာခေါင်းရှုံ့ကာ ပြော၏ “ဟမ့်၊ အဲဒီချင်ယုက သူမစုထားသမျှအကုန်လုံးကို အဲကောင်မအတွက် ဆေးဝယ်ဖို့ အသုံးပြုခဲ့တယ်။ သူမက အတိုးကြီးသူအချို့ဆီကနေတောင် ချေးငှားခဲ့တယ်။ နောက်ခြောက်လအတွင်း သူတို့ကို ပြန်ပေးဖို့ ပိုက်ဆံအလုံအလောက် မရှာနိုင်ရင် သူမရဲ့ဘဝက သနားစရာကောင်းလှအောင် အဆုံးသတ်ရလိမ့်မယ်”

နောက်ထပ်အမျိုးသမီးအလုပ်သမားတစ်ယောက်က ထပ်ပြော၏ “သူများကိစ္စမှာ ဝင်ပါဖို့ ဘယ်သူက သူမကို ပြောလဲ။ သူမရဲ့စွမ်းရည်အကန့်အသတ်ကို သူမ သိတာပဲလေ။ ဒါတောင် သူမက ကူညီလိုက်သေးတယ်။ ဟမ့်၊ စောင့်ကြည့်နေပါ။ သူမရဲ့ကံဆိုးနေပုံအရ နှစ်ဝက်မပြောနဲ့ နောက်တစ်နှစ်အချိန်ပေးရင်တောင် သူမက လုံလောက်တဲ့အင်မော်တယ်ကျောက်တုံးတွေကို ဘယ်တော့မှ ရမှာမဟုတ်ဘူး။ နောက်ခြောက်လကျရင် သူမကို ပြည့်တန်ဆာအိမ်ကို ရောင်းစားပြီး ထင်ရှားတဲ့မိသားစုတချို့အတွက် ကျွန်တစ်ယောက်ဖြစ်လာမလားဆိုတာကို ဘယ်သူက သိမှာလဲ”

“ကံကြမ္မာကောင်းက သူမကို ရှာတွေ့ပါစေလို့ ငါ မျှော်လင့်တယ်…”

“နင် သိလား၊ ချင်ယုကို ငါ နည်းနည်း ကိုယ်ချင်းစာတယ်။ ဒါပေမယ့် သူမရဲ့သူငယ်ချင်းကို ပြန်သတိရရရင် ဒါက သူမနဲ့ ထိုက်တန်တယ်လို့ ငါ ချက်ချင်း တွေးမိတယ်”

“စောင့်ကြည့်ကြတာပေါ့။ ချင်ယုပဲ ကံဆိုးရုံတင်မကဘူး၊ အဲကောင်မလဲ ကံကောင်းမှာ မဟုတ်ဘူး”

“အမ်၊ သူတို့တွေ အလွန်ကံဆိုးဖို့ ငါ မျှော်လင့်တယ်”

“…”

“…”

ဝမ်ဝမ်၏အပြုံးက ပိုထူထဲသွားပြီး ချင်ယုနှင့်သူမ၏သူငယ်ချင်းတို့ ကံဆိုးစေရန် သူမက ဆုတောင်းလိုက်၏။

ဧည့်သည်အချို့က လျင်မြန်စွာ ချဉ်းကပ်လာသောကြောင့် သူမ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ အုပ်စုခေါင်းဆောင်ဖြစ်သည့်သက်လတ်ပိုင်းအရွယ်ဖက်တီးက နောက်မှပေါက်သည့်ရွှေကြာလို ဝတ်ဆင်ထားသောကြောင့် သူမ၏မျက်လုံးများက လင်းလက်သွား၏။ ဒီလိုဧည့်သည်မျိုးက သူမတို့ကို ဘောက်ဆူးနှင့်ဆုလာဒ်များစွာ အမြဲလိုလို ပေးလေ့ရှိသည်။

“ငါတို့ကို လမ်းညွှန်ပေးပါ”

သူတို့ကို ကြိုဆိုရန် လာသည့် ဝမ်ဝမ်ကို မြင်သောအခါ သက်လတ်ပိုင်းဖက်တီးက သူမကို စကားပြောရန်ပင် အခွင့်အရေးတစ်ခုမပေးဘဲ အင်မော်တယ်သလင်းကျောက်တစ်ခုကို ပစ်ပေးကာ အထဲသို့ လျှောက်ဝင်သွား၏။

လျှပ်တစ်ပြက်အတွင်း စင်္ကြန်လမ်းထဲတွင် အာမေဋိတ်သံတစ်ခု ပေါက်ကွဲထွက်လာသည်၊ အင်မော်တယ်သလင်းကျောက်တစ်ခုကို ဘောက်ဆူးပေးသည့် ဒီလိုရက်ရောသောဧည့်သည်တစ်ယောက်ကို သူမတို့က တွေ့ရခဲသောကြောင့်ပင်။ နောက်ပိုင်းဝန်ဆောင်မှုက ပိုကောင်းပြီး သူတို့ကို ကျေနပ်စေလျှင် သူမက ဘောက်ဆူးများ ထပ်ရရန် များသည်။

အဆုံးမရှိဟု ထင်ရသော စင်္ကြန်လမ်းထဲတွင် ထန်ရှုက ရှေ့သို့ သွားနေလေ၏။ သူ့အရှိန်က အလွန်မြန်သည်။ ခြေတစ်လှမ်းက မီတာတစ်ရာရှိ၏။ သို့သော် ချင်ယုက အခြေတည်စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်၏၊ ထို့ကြောင့် ထန်ရှုဘေးနားမှ အမီလိုက်နိုင်စေရန် တိုက်ပွဲပမ်၏အင်မော်တယ်စွမ်းအားက သူမကို ရစ်ပတ်ကာ ခေါ်သွားပေးခဲ့ရသည်။

“မင်းနာမည်က ချင်ယုမလား”

“ဟုတ်ပါတယ်”ချင်ယုက ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

“ကောင်းကင်ဘုံပိုက်ကွန်အင်မော်တယ်ပိုက်နက်ရဲ့အကျဉ်းသားပြိုင်ကွင်းကို နောက်ဆုံးအကြိမ် ငါ လာခဲ့တာ နှစ်နှစ်ထောင်ရှိပြီ။ ဒီနေရာနဲ့ ငါ မရင်းနှီးတော့ဘူး၊ ဒါကြောင့် ဒီနေရာရဲ့လက်ရှိအနေအထားနဲ့ ပတ်သက်ပြီး ငါ့ကို ပြောပြ”ထန်ရှုက ပြောလိုက်သည်။

ထောင်စုနှစ်နှစ်ခုလား။

ချင်ယု၏မျက်လုံးများက မယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားသည်။ ထန်ရှုက ငယ်ရွယ်လွန်းသည်။ ဤလူထံမှ အသက်အားအရှိန်အဝါအပြည့်ကို သူမက အာရုံခံနိုင်၏၊ ထောင်စုနှစ်နှစ်ခုအထိ အသက်ရှင်လာခဲ့သည့် ထိုလူအိုကြီးများနှင့် မတူပေ။

သို့သော် အင်မော်တယ်များတွင် သူတို့၏အသွင်ပြင်ကို ပြောင်းလဲနိုင်သည့် စွမ်းရည်ရှိသည်ကို သူမလည်း သိသည်။ ထောင်စုနှစ်ဆယ်ခုအထိ အသက်ရှင်လာခဲ့သည့် မွန်းစတားအိုကြီးတစ်ယောက်ပင် ဆယ်ကျော်သက်တစ်ယောက်လို ဖြစ်နိုင်သည်။ ထို့ပြင် ဤဧည့်သည်က အလွန်မြင့်မားသောကျင့်ကြံခြင်းအဆင့်တစ်ခုရှိရန် များသည်ဟု ဉာဏ်ကောင်းသောချင်ယုက သဘောပေါက်၏။ အနည်းဆုံး သူက အင်မော်တယ်အဆင့်အထက် စွမ်းအားရှင်တစ်ယောက်ဖြစ်သည်။

ဒီလိုစွမ်းအားရှင်တစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ ချင်ယုက မျှော်လင့်ချက်အရိပ်အယောင်တစ်ခု ရှိလာခဲ့သည်၊ အင်မော်တယ်ကမ္ဘာရှိ ပုံရိပ်များစွာက ဘောက်ဆူးအနေဖြင့် ဆုလာဒ်အမြောက်အများ ပေးသောကြောင့်ပင်ဖြစ်၏။

All Chapters