ဝိုင်းဆွနေကြရုံပဲ
Vol. 10 Ch. 19
နဂါးပြာစစ်သည်က လှံကိုအားပြုပြီး ပြန်ထလိုက်ပါတယ်။ အတောင်ပံတစ်ဖက်ပျက်စီးသွားခဲ့ပြီဖြစ်လို့ ပျံသန်းနိုင်စွမ်းမရှိတော့ပေမဲ့ မက်ဒါနာက ကျောင်းထဲက လူတွေကို အချိန်မီရွေ့ပြောင်းနိုင်ခဲ့တာကြောင့် ပြုံးလိုက်ပါတယ်။
“ဒီတိုင်းဆိုရင် ဒီကောင်ကို စိတ်ချလက်ချဗျင်းလို့ရပြီ။”
အဲဒီနောက်တော့ သူက ဒူးနှစ်ဖက်ကိုကွေးညွှတ်ပြီး လေပေါ်ခုန်တက်လိုက်တယ်။ နောက်တော့ ခြေတစ်ဖက်ကို ဆန့်ထုတ်ပြီး လေပေါ်ဝဲကန်ချက်နဲ့ ဆာဂီဖစ်ရဲ့မျက်နှာကို ချိန်ပြီးဆောင့်ကန်တယ်။ ဒါပေမဲ့ဆာဂီဖစ်ကတော့ သာသာလေးပဲ လက်တစ်ဖက်ကိုမြှောက်ကာလိုက်ပြီး ပြောလိုက်လေရဲ့။
“ဒီကလေးကလားကန်ချက်နဲ့ ငါ့ကိုထိခိုက်အောင်လုပ်နိုင်မယ်ထင်နေတာလား...” ဒါပေမဲ့ ခဏအကြာမှာပဲ အပြာရောင်အလင်းဒြပ်စင်တွေက နဂါးပြာစစ်သည်ကို ဖုံးလွှမ်းသွားပြီး နဂါးပြာစစ်သည်နောက်မှာ လေပွေတစ်ခုပေါ်လာတယ်။ အဲဒီလေပွေက ကန်ချက်ကို အင်အားတိုးလာစေပြီး ဆာဂီဖစ်ရဲ့ခန္ဓာကိုယ်ကို နောက်ကိုစတင်တွန်းပို့တယ်။ တစ်ပြိုင်နက်တည်းမှာပဲ နဂါးပြာစစ်သည်ရဲ့ခန္ဓာကိုယ်က လေထုထဲမှာ လွန်သွားတစ်ခုလိုစလည်ပြီး ဆာဂီဖစ်ကို စတင်ဖိအားပေးတယ်။
ဂျွတ်...
“ဘာ....” နောက်ဆုံးတော့ ကန်ချက်ကို တိုက်ရိုက်ခုခံထားတဲ့ ဆာဂီဖစ်ရဲ့ညာလက်က ကွေးကောက်သွားပြီး ကန်ချက်က သူ့ရင်ဘတ်ကို တည့်တည့်လာမှန်ပါတယ်။ ဆာဂီဖစ်က သူ့ရင်ဘတ်သူဆုတ်ကိုင်ပြီး ပြန်ဆုတ်သွားရတဲ့အချိန်မှာပဲ နဂါးပြာစစ်သည်က လှံကိုအားကုန်လွှဲပြီး ဆာဂီဖစ်ဆီ ပစ်ပေါက်ပြီးပြီ။
ဘုန်း....
လှံက ဆာဂီဖစ်ရဲ့ရင်ဘတ်ထဲကို ထိုးစိုက်သွားပြီး အလင်းဒြပ်စင်တန်းကြီးက ဆာဂီဖစ်ရဲ့ကျောနောက်ကနေ ပြန်ထွက်ပေါ်လာတယ်။ ပထမနှစ်တွေရှိနေခဲ့တဲ့ သစ်တောကြီးက အလင်းတန်းကြီးရဲ့ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုးပျောက်ကွယ်သွားလေရဲ့။
“မင်းရဲ့တိုက်ကွက်တွေက ပိုပြီးအင်အားပြင်းထန်လာတာပဲ။ ကျောင်းထဲက ကျောင်းသားတွေကို နေရာရွှေ့ထားပြီးလို့လား။ ဒါပေမဲ့ အဝေးကြီးတော့မရောက်သေးဘူးမဟုတ်လား။”
ဆာဂီဖစ်က ဘာမှမဖြစ်တဲ့ပုံစံနဲ့ လှံကိုရင်ဘတ်ကနေဆွဲနှုတ်ပြီး ပြန်ပစ်ပေးလိုက်တယ်။ သူ့ရင်ဘတ်က နဂိုအတိုင်းပြန်ကောင်းသွားပြီး အနာကျက်သွားတာ စက္ကန့်ပိုင်းတောင်မခြားဘူး။
“ငါ့တပည့်တွေက သူတို့နဲ့တိုက်လို့မဝသေးဘူးပဲ။” ဆာဂီဖစ်က လက်ဖျောက်တီးလိုက်တယ်။ ကျောင်းထဲက ပိုးကောင်တွေ မိုးကောင်းကင်ပေါ်ကို စတင်ပျံသန်းပြီး ကျောင်းသားတွေနောက်လိုက်ဖို့ကြံပေမဲ့ နဂါးပြာစစ်သည်က လှံကိုမြှောက်လိုက်တာနဲ့ ကျောင်းဝင်းတစ်ခုလုံးက မုန်တိုင်းမျက်လုံးဖြစ်သွားပြီး ကျောင်းပတ်ပတ်လည်နေရာတွေမှာတော့ တိုက်ဖုန်းမုန်တိုင်းတစ်ခုစာလောက်ပြင်းထန်တဲ့ လေပြင်းတွေက စတင်တိုက်ခတ်လာတယ်။ ပိုးကောင်တွေလည်း မုန်တိုင်းအတွင်းမှာ ပိတ်လှောင်ခံရပြီး တဖြည်းဖြည်းအသက်ပါကုန်တယ်။
“ငါ့ကိုနိုင်အောင်မတိုက်နိုင်မချင်း ဒီကျောင်းထဲကနေ ဘယ်သူမှထွက်သွားလို့မရစေရဘူး။”
နဂါးပြာစစ်သည်က လှံကိုအလျားလိုက်ကိုင်ထားပြီးသူ့ခန္ဓာကိုယ်ကို လေပွေတစ်ခုက ရစ်ပတ်သွားတယ်။
အတောင်ပံတွေမရှိတော့တာကြောင့် အတောင်တွေကိုအားကိုးပြီး ပျံလို့မရတော့ဘူးဆိုပေမဲ့ နဂါးပြာရဲ့စွမ်းအားကတော့ ရှိနေတုန်းပဲလေ။
“အတည်တိုက်တော့မယ်ပေါ့...” ဆာဂီဖစ်ကလည်း ပြုံးလိုက်ပြီး လူတစ်ရပ်စာလောက်ပဲရှိတဲ့ ပိုးဟပ်အပြည့်ပုံစံကိုပြောင်းလိုက်တယ်။
“မင်းကို ခန္ဓာကိုယ်အကြီးကြီးနဲ့တိုက်တာ ခွန်အားကိုဖြုန်းတီးတာနဲ့အတူတူပဲ။ အမြန်နှုန်းချင်းပြိုင်ကြတာပေါ့။”
အဲဒီနောက်တော့ အသံမြန်နှုန်းကိုချိုးဖျက်ပြီးတော့ စတင်တိုက်ခိုက်ကြတယ်။ လှံနဲ့လက်တံတွေ ထိခတ်မိတိုင်းမှာ လေပွေတွေနဲ့အသံလှိုင်းပေါက်ကွဲမှုတွေ ထွက်ပေါ်လာတယ်။ တစ်ကြိမ်ဆိုရင် နဂါးပြာရဲ့လှံကိုပိုးဟပ်က ရိုက်ထုတ်လိုက်နိုင်ပြီး အစွန်းထွက်လှိုင်းတွေက ဓားတစ်စင်းလိုမျိုး လေထုကိုဖြတ်သန်းပြီး တိုက်ပွဲကွင်းပြင်အဆောက်အဦးကို သွားထိမိတယ်။ တိုက်ပွဲကွင်းပြင်က ချက်ချင်းပြိုကျသွားပြီး အုတ်ပုံအဖြစ်ပြောင်းလဲသွားပေမဲ့ သူတို့က ဂရုမစိုက်ဘဲဆက်ပြီးတိုက်နေဆဲပါ။
“သေစမ်း... သေစမ်း... သေစမ်း....” ပိုးဟပ်က နဂါးပြာထက် သိသိသာသာမြန်နေတယ်။ နဂါးပြာက သတိထားပြီးတိုက်နေပေမဲ့ ဆက်တိုက်လက်သီးတွေနဲ့ထိုးနှက်နေတဲ့ ပိုးဟပ်ကို မကာနိုင်တော့ဘဲ ဝမ်းဗိုက်ကိုအထိုးခံလိုက်ရတယ်။
“ဝေါ့....” ဝတ်စုံထဲက မက်ဒါနာမျက်လုံးပြူးသွားပြီး သွေးတွေအန်ထုတ်လိုက်ရတယ်။ သူသတိထားမိတဲ့အချိန်မှာတော့ သူ့ခန္ဓာကိုယ်က လေထုထဲမှာ လွှင့်ပျံနေပြီး ကျောင်းဝင်းအပြင်က အထပ်မြင့်တိုက်တစ်တိုက်ကို ဝင်ဆောင့်မိတယ်။
ဘုန်း...
ရုတ်တရက်ဖြစ်လာတာဖြစ်ပြီး ရွှေ့ပြောင်းမိန့်ထုတ်တာ မကြာသေးတဲ့အတွက် ကျောင်းအနားဝင်းကျင်မှာ လူတချို့ရှိနေဆဲပဲ။ တိုက်ပြိုကျရာကနေပြီး လမ်းပေါ်မှာရှိနေတဲ့ သားအမိကို နဂါးပြာက ကျန်နေသေးတဲ့ အတောင်ပံနဲ့ခတ်ပြီး လေနဲ့ပင့်ထုတ်ပေးလိုက်ပေမဲ့...
“ကိုယ့်အသက်ကိုယ်တောင် အာမမခံနိုင်တော့တာကို မင်းက မျိုးတူတွေကို ကယ်ချင်နေတုန်းပဲလား။”
ပိုးဟပ်က ရှေ့ပေါ်ပေါ်လာပြီး နဂါးပြာကို ပိတ်ထိုးလိုက်တယ်။ နဂါးပြာကလည်း ညာလက်သီးကို ဘယ်လက်ဖျံနဲ့တားပြီး နောက်ကအမြီးနဲ့ရိုက်ချလိုက်ပေမဲ့ ပိုးဟပ်က အမြီးကိုဖမ်းဆွဲပြီး ဘယ်ညာဝေ့ယမ်းကာလမ်းကြမ်းပြင်ပေါ်ကို အကြိမ်ကြိမ်ရိုက်ချတယ်။
ဘုန်း... ဘုန်း... ဘုန်း....
နောက်ဆုံးတော့ ဝတ်စုံရဲ့ခေါင်းစွပ်က မခံနိုင်တော့ဘဲ ပျက်စီးသွားပြီး မက်ဒါနာရဲ့မျက်နှာထွက်ပေါ်လာတယ်။ ခေါင်းစွပ်ပျက်စီးရာကနေ သတ္တုစတချို့က သူ့မျက်နှာမှာလာစိုက်နေပြီး သွေးတွေလည်းစီးကျနေသေးတယ်။ ပိုးဟပ်က နဂါးပြာစစ်သည်ရဲ့ကျောပေါ်ကို ခြေနဲ့နင်းထားလိုက်ပြီး ကျန်နေသေးတဲ့ အတောင်ပံကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ဆွဲနှုတ်ပစ်လိုက်တယ်။ ပိုးဟပ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက သန်မာလွန်းတဲ့ကြွက်သားတွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ လေးလံလွန်းပြီး ခါးရိုးအဆစ်တွေ အက်ကွဲတဲ့အသံတောင် ကြားနေရပါပြီ။
“အား....” မက်ဒါနာက ငယ်သံပါအောင်တစ်ချက်အော်လိုက်ပြီးတဲ့နောက် လေပွေတစ်ခုကိုဖန်တီးကာနဂါးပြာကို နှောင့်ယှက်ပြီး ချုပ်နှောင်ခံထားရတဲ့ အခြေအနေကနေ ရုန်းထွက်လိုက်တယ်။ ဒါပေမဲ့ ခါးကနေ စူးရှလွန်းတဲ့ နာကျင်မှုကို ခံစားနေရပြီးတော့ မတ်မတ်မရပ်နိုင်တော့တာကြောင့် လှံကိုအားပြုနေရတယ်။
“စစ်သည်တော်တစ်ယောက်က တိုက်ခိုက်နေတဲ့အချိန်မှာ အာရုံမများရဘူး။ ဒါက စစ်သည်တိုင်း သိထားရမယ့်အခြေခံပဲ။”
ပိုးဟပ်က လက်ထဲဆုပ်ကိုင်ထားတဲ့ အတောင်ပံကို လွှင့်ပစ်လိုက်ပြီး ပြောလိုက်တယ်။ မက်ဒါနာကတော့မျက်မှောင်ကြုတ်လိုက်ပြီး လှံကို ဒဏ္ဍာရီလာဓားအဖြစ်ပြန်ပြောင်းကာ အဖြူရောင်ကျောက်ကိုထိလိုက်တယ်။
“ဆိုးကျိုးကြောင့် အသိစိတ်ပျောက်နိုင်တယ်ဆိုပေမဲ့ မတတ်နိုင်တော့ဘူး။”
[Booster Form: Bai hu]
နဂါးပြာစစ်သည်က ကျားဖြူစစ်သည်အဖြစ် စက္ကန့်ပိုင်းအတွင်းပြောင်းပြီးတဲ့နောက်တော့ ကျားဖြူလက်သီးတွေကိုအားပြုပြီး မြန်ဆန်ပြီးခွန်အားပြည့်တဲ့ လက်သီးချက်တွေကို စတင်ထုတ်ဖော်ပါတယ်။ နဂါးပြာထက်စာရင် ကျားဖြူက နည်းနည်းပိုမြန်တယ်။ ပိုးဟပ်ကလည်း မျက်ခုံးပင့်လိုက်ပြီးတော့
ပုံမှန်အတိုင်း လက်သီးတွေကိုဖယ်ရှားဖို့လုပ်ပေမဲ့ လက်သီးတစ်ချက်က သူ့မျက်နှာပေါ်ကိုကျရောက်ပြီးတဲ့နောက် နောက်ထပ်လက်သီးတစ်ဒါဇင်လောက်က ထပ်မံလိုက်ပါလာတယ်။ ပြီးတော့ လက်သီးချက်တိုင်းက အဖြူရောင်လျှပ်စီးနဲ့ဖြည့်ထားတာပါ။
“မင်းကို ဒီမှာပဲပွဲသိမ်းမယ်...” မက်ဒါနာက ရှိသမျှအားတွေကို စုစည်းပြီးတော့ ပိုးဟပ်ရဲ့ဝမ်းဗိုက်ကို ထိုးချလိုက်နိုင်တယ်။ လက်သီးက ပိုးဟပ်ရဲ့အခွံကိုဖောက်သွားနိုင်တဲ့အတွက် ပိုးဟပ်ကို သတ်နိုင်ပြီလို့ ထင်မိခဲ့ပေမဲ့ သူ့လက်သီးကို ပြန်ဆွဲထုတ်လို့မရတော့တဲ့အတွက် မျက်လုံးပြူးသွားတယ်။
“ဒီအကွက်နဲ့သေခဲ့တဲ့ ဖက်ဒရေးရှင်းကောင်စီဝင်တွေရေတွက်လို့မရတော့ဘူး ကလေးမလေး။”
ပိုးဟပ်က ရုတ်တရက်ပြုံးလိုက်ပြီး သူ့ခြေထောက်ကို မြောက်လိုက်တယ်။ မက်ဒါနာက မျက်နှာကို နောက်ကိုမော့လိုက်လို့ ခေါင်းကိုတည့်တည့်မထိသွားပေမဲ့ ရင်ဘတ်ကို ရှပ်ကန်မိပြီးသားဖြစ်သွားပြီး ချပ်ဝတ်ရဲ့အရေးအကြီးဆုံးအပိုင်းလို့ဆိုရမယ့် ရင်ကာက ပြုတ်ထွက်သွားတယ်။ စွမ်းအင်ဗဟိုချက်နဲ့ Void Streamတွေကို ဒီအတိုင်းမြင်နေရပြီ။
“ကြည့်ရတာ မင်းဆက်မတိုက်နိုင်တော့ဘူးထင်တယ်။”
သတိတွေဝေဝါးလာပြီဖြစ်တဲ့ ကျားဖြူစစ်သည်ကို ပိုးဟပ်က လည်ပင်းကနေကိုင်ပြီး ဆွဲမြှောက်လိုက်တယ်။ ဒါပေမဲ့ သူက ချက်ချင်းသတ်ဖို့ စိတ်ဝင်စားတဲ့ပုံမပေါ်ဘူး။
“ယင်ကောင်က ငါ့လက်ရွေးစင်တွေ မင်းကြောင့်သေကုန်တာသိရင် ငါ့ကိုအပြစ်တင်လိမ့်မယ်။ ဒီတော့ သူ့ကိုပြောပြလို့ရအောင် မင်းတပည့်တွေကို မင်းရှေ့မှာ သတ်ပြရလိမ့်မယ်။”
အဲဒီနောက်တော့ သူက ချပ်ဝတ်ရဲ့စွမ်းအင်ဗဟိုချက်ကို ဆွဲဖြုတ်လိုက်တယ်။ ဒဏ္ဍာရီလာဓားကလည်းက ဝတ်စုံနဲ့အဆက်အသွယ်ပြတ်သွားပြီး ကျားဖြူပုံစံပျောက်သွားတယ်။ ဒါပေမဲ့ မက်ဒါနာက ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတုန်းပဲ။ သူ့အကြည့်တွေက မျှော်လင့်ချက်ကင်းမဲ့သလို ဖြစ်နေတယ်ဆိုပေမဲ့ပေါ့။
“ဂိုင်ယာ...” မျှော်လင့်ချက်မဲ့လုနီးပါးဖြစ်နေတဲ့ မက်ဒါနာက လက်ကိုမြှောက်လိုက်တယ်။ မိုးကောင်းကင်ပေါ်ကနေ အလင်းတန်းကြီးတစ်ခု ကျဆင်းလာပေမဲ့ ပိုးဟပ်က မိုးကောင်းကင်ကိုမော့ကြည့်လိုက်ပြီး လက်သီးကိုကောင်းကင်ပေါ်ထိုးကာ တုံ့ပြန်လိုက်တယ်။
ဘုန်း....
ဂြိုဟ်တုဂိုင်ယာကနေ ပစ်လွှတ်လိုက်တဲ့ ဒြပ်စင်တန်းကြီးက ပိုးဟပ်ရဲ့ခွန်အားအပြည့်ပါတဲ့ လက်သီးချက်ကနေဖြစ်လာတဲ့ အားအဟုန်ကြောင့် ပျက်ပြယ်သွားတယ်။ သက်ရောက်လှိုင်းတွေကတော့ မြို့ထဲမှာရှိနေတဲ့ တိုက်ကြီးတော်တော်များများကို ဖြိုချလိုက်ပြီးသား။ လူဘယ်လောက် သေသွားပြီလဲဆိုတာကိုတော့ ဘုရားမှပဲသိပါလိမ့်မယ်။
“ဘာရွန်ကို အနိုင်ယူခဲ့တဲ့ မင်းတို့မဟာမိတ်ရဲ့လျှို့ဝှက်လက်နက်လား။ ဒီလက်နက်က သတိမဲ့လောက်အောင် စိတ်ကြီးဝင်နေတဲ့ကောင်မျိုးကိုပဲ ထိအောင်ပစ်နိုင်မှာ။ ဒီလက်နက်အကြောင်း ငါကသိပြီးသားမလို့ ငါ့အတွက်အသုံးမဝင်ဘူး။”
မက်ဒါနာက ထောင်ထားတဲ့လက်ကို ချလိုက်တယ်။ “ခုခံနေရင် လူတွေထပ်သေတာပဲ ရှိတော့မယ်။ ဒီလူကို နိုင်ဖို့နည်းလမ်းမရှိဘူး။” မက်ဒါနာရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေစီးကျလာတယ်။
တကယ်တော့ သူ့မှာဝှက်ဖဲတစ်ချပ်ရှိနေသေးတယ်။ ဖီးနစ်ရဲ့ကုသနိုင်စွမ်းကိုသုံးပြီး တခြားပုံစံတွေရဲ့တိုက်ပွဲစွမ်းအားကို အစွမ်းကုန်မြှင့်တင်ဖို့။ သူ့ရဲ့သက်တမ်းကို စတေးရမှာဆိုပေမဲ့ Magnificent Skill တစ်ခုခုကိုသာ အနာခံပြီးသုံးမယ်ဆိုရင် သူဆာဂီဖစ်ကို နိုင်လောက်တယ်။ ဘာရွန်နီးပါးစွမ်းတဲ့ ရေဂင်ကို သတ်နိုင်ခဲ့တာမလို့ ဆာဂီဖစ်ကို မသတ်နိုင်ရင်တောင် ထိခိုက်အောင်တော့လုပ်နိုင်ဦးမှာ။ ပြဿနာက ဖီးနစ်ကိုသုံးမယ်ကြံတိုင်း အဲဒီမိန်းကလေးရဲ့မျက်နှာကို သူမြင်ယောင်လာတာပဲ။
‘ကတိနော်... ဖီးနစ်ကို ထပ်မသုံးနဲ့တော့...’ ဟုတ်တယ်၊ သူသာ တခြားသူတွေရဲ့ခံစားချက်ကို တန်ဖိုးထားတယ်ဆိုရင် အဲဒီနည်းလမ်းကိုမသုံးဘဲ တခြားတစ်ခုခုနဲ့ နိုင်အောင်လုပ်ရမယ်။ ဒါပေမဲ့ တခြားနည်းလမ်းရော သူ့မှာရှိရဲ့လား။
“မင်းတပည့်တွေကို ငါရှာတွေ့ပြီထင်တယ်။ သွားကြတာပေါ့။”
ပိုးဟပ်က မက်ဒါနာကို အရုပ်တစ်ရုပ်လိုမျိုးကိုင်ပြီး ကောင်းကင်ပေါ်ပျံတက်သွားတယ်။ အကာအကွယ်မဲ့နေတဲ့ မက်ဒါနာမသေအောင် မြန်နှုန်းကိုလျှော့ပြီးပျံခဲ့ပေမဲ့ မြန်နေသေးတာကြောင့် မက်ဒါနာနားတွေအူနေတယ်။ နည်းပညာဝတ်စုံသာမပါရင် သူက သာမန်မိန်းကလေးပဲလေ။
“ရောက်ပြီ...” ဆာဂီဖစ်က အထပ်မြင့်တိုက်ကြီးတွေကြားမှာ ကျွန်းလေးတစ်ခုလိုမျိုး ရှင်းလင်းနေတဲ့ မြေကွက်လပ်မှာ ဆင်းသက်လိုက်တယ်။ လယ်တောအိမ်လေးနဲ့ ကွန်တိန်နာတိုက်ခန်းတွေကို မက်ဒါနာမြင်နေရပြီး ဒီနေရာမှာ ရင်းနှီးတဲ့သူတွေရဲ့မျက်နှာတွေကို စတင်မြင်ရတယ်။
ဖလေရာ၊ လင်ဒါနဲ့ နယူးယောက်ဟီးရိုးကျောင်းသားတွေက ဒီနေရာမှာရှိနေတာ။ ပထမဆုံးစတင်တုံ့ပြန်တဲ့သူက နတ်သူငယ်ဖြစ်တဲ့ အီဂိုပါ။ သူက ဝိညာဥ်နှုတ်ဓားကိုထုတ်ပြီး ခုတ်ပိုင်းဖို့လုပ်ပေမဲ့ ဆာဂီဖစ်က ဓားအိမ်ထဲက ဓားမထွက်သေးခင်မှာပဲ ရှေ့ကိုရောက်လာပြီး ရင်ဘတ်ကို လက်တံနဲ့ထိုးဖောက်ခြင်းခံလိုက်ရတယ်။
“ရူးသွပ်နေတဲ့ ပိုးကောင်....” အီဂိုက နောက်ဆုံးအနေနဲ့ ဒီစကားကိုပြောလိုက်ပြီး မျက်ဖြူစိုက်သွားတယ်။ ဆာဂီဖစ်က သူ့ကိုဂရုမစိုက်တော့ဘဲ ဒီအတိုင်းလက်ကို ပြန်ထုတ်လိုက်တယ်။ အီဂိုရဲ့ခန္ဓာကိုယ်ကတော့ မြေပေါ်ကို ပုံခနဲကျသွားတယ်။
“နင် မက်ဒါနာကိုဘာလုပ်လိုက်တာလဲ။” ဖလေရာက တင်းပုတ်ကိုဝေ့ယမ်းပြီး ဒေါသတကြီးနဲ့ရှေ့ထွက်လာတယ်။ ဆာဂီဖစ်က ခြေထောက်နဲ့စီးကန်ပေမဲ့ ဖလေရာက တင်းပုတ်နဲ့ကာလိုက်နိုင်တယ်။ တင်းပုတ်က ဆယ်ဆင့်အထိလင်းသွားပြီး ချက်ချင်းပေါက်ကွဲသွားတာကြောင့် ဆာဂီဖစ်ဘာမှမလုပ်ရသေးခင်မှာပဲ ဖလေရာက နောက်ကိုလွင့်သွားပြီး Sheriffဝတ်စုံနဲ့ လင်ဒါက သူဒဏ်ရာမရအောင် ဖမ်းထားပေးလိုက်ရတယ်။
“တော်ကြတော့... သူ့ကို နင်တို့မနိုင်နိုင်ဘူး။ ဒီကနေပြေးကြ...”
မြေပေါ်မှာလဲကျနေတဲ့ မက်ဒါနာက အားလုံးကိုအော်ပြောပေမဲ့ ဆာဂီဖစ်က သတိပေးလိုက်တယ်။ “ငါက ဒီနေရာမှာ အမြန်ဆုံးပဲ။ ငါသာစိတ်ရှိရင် ဒီတစ်မြို့လုံးကို မြေပုံပေါ်ကနေ မိနစ်ပိုင်းအတွင်း ဖျောက်ပေးလို့ရတယ်။ မင်းသူငယ်ချင်းတွေ ပြေးချင်ရင်တောင် ပြေးလို့မရဘူး။”
မက်ဒါနာက ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ဟီးရိုးအစည်းအရုံးက ဟယ်ရီနဲ့ဖားလေးတို့လည်း ဒီနေရာကို ရောက်လာပြီဆိုပေမဲ့ အယ်ဖာအဆင့်တစ်ယောက်လုံး အမှောက်သိပ်ခံထားရတာမြင်တာကြောင့် အရမ်းမတက်ရဲကြဘူး။
ဒိန်း... ဒိန်း...
ဒါပေမဲ့ အားလုံးငြိမ်နေတဲ့အချိန်မှာပဲ ဘရီစာက ဒိုင်းကိုမြေပြင်နဲ့ဆောင့်ချပြီး အားလုံးကြားနိုင်တဲ့အသံနဲ့ပြောလိုက်တယ်။
“ရှုံးမှာကြောက်ပြီးတော့ အသတ်ခံရမယ့်အချိန်ကို ထိုင်စောင့်နေတာ ဟီးရိုးတွေရဲ့လုပ်ရပ်မဟုတ်ဘူး။ ငါတို့တတ်နိုင်သမျှလုပ်မယ်။ အထူးတန်းကသူတွေ ရှေ့တက်၊ ကျန်တဲ့ကျောင်းသားတွေက တိုက်နေတဲ့သူတွေ အနှောင့်အယှက်မဖြစ်အောင် နောက်ဆုတ်ကြ။ တိုက်နိုင်တဲ့သူမှန်သမျှ တိုက်ပွဲမှာဝင်တိုက်ကြ။”
ဘရီစာက သွေးစွန်းတိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့တဲ့သူပါ။ ဒါကြောင့် အခုလိုအခြေအနေမှာ ဘာလုပ်ရမလဲဆိုတာသိတယ်။ ဘရီစာဆီက အမိန့်ရတာနဲ့ သူပျိုးထောင်ပေးခဲ့တဲ့ အထူးတန်းက စပြီးလှုပ်ရှားတယ်။
“မေမေမက်ဒါနာကို ထိခိုက်အောင်လုပ်တဲ့သူမှန်သမျှကို ခွင့်မလွှတ်နိုင်ဘူး။ ယုဆနဲ့မိရိုင်၊ ငါ့ကိုနောက်ကနေ ပံပိုးပေး။”
လီဆာက နဂါးတစ်ဝက်ပုံစံပြောင်းပြီး ပြေးဝင်တိုက်တယ်။ ပိုးဟပ်က အထင်သေးတဲ့ပုံစံနဲ့ လက်ပြန်ရိုက်ချပေမဲ့ လီဆာက သာသာလေးရှောင်လိုက်ပြီးတော့ သူ့ရင်ဘတ်ကို နဂါးလက်သည်းနဲ့ကုပ်ချလိုက်တယ်။ ဒဏ်ရာမရဘဲ အခွံမာပေါ်မှာ အစင်းရာတွေထင်သွားရုံပဲဆိုပေမဲ့ လီဆာတို့က လက်မလျှော့ပါဘူး။ ပိုးဟပ်က လီဆာကို ပြန်တိုက်မယ်လုပ်တော့ မီးကြယ်တစ်ခု သူ့မျက်နှာတည့်တည့်ကိုလာမှန်ပြီး သူ့အမြင်ကိုတားဆီးပေးလိုက်တယ်။
“ငါ့မီးတောက်တွေက သူ့ကိုပြာဖြစ်တဲ့အထိမလုပ်နိုင်သေးဘူး။ ဒါပေမဲ့ အမြင်အာရုံကိုတော့ နှောင့်ယှက်လို့ရသေးတယ်။” မိရိုင်က ပြောလိုက်ပြီး နောက်ထပ်မီးတောက် တစ်ဒါဇင်လောက်နဲ့ ဆက်ပစ်တယ်။
“သောက်ကလေးတွေ...” ဆာဂီဖစ်က ဒေါသထွက်လာပြီ။ ဒါပေမဲ့ သူဘာမှမလုပ်ရသေးခင် စက္ကူနဂါးကြီးတစ်ကောင်က သူ့တစ်ကိုယ်လုံးကို ရစ်ပတ်ချုပ်နှောင်လိုက်ကာ တရားခံကတော့ ယုဆပါ။
“သွေးစုပ်ဖုတ်ကောင်၊ အစွမ်းပြလိုက်တော့။”
“အေး...” ယုဆက လှမ်းအော်တာနဲ့ အီဗန်က အီဂိုရဲ့ဓားကိုဆွဲကောက်ပြီး ပိုးဟပ်ပခုံးပေါ်ကိုခုန်တက်ပြီး လည်ပင်းကို ဓားနဲ့စိုက်ချလိုက်တယ်။ အီဂိုလိုမျိုး ဓားရဲ့စွမ်းအားကို သူသုံးမရပေမဲ့ ကြယ်သေတစ်ခုနဲ့လုပ်ထားတဲ့ဓားက ကမ္ဘာ့အမာကြောဆုံးနဲ့အချွန်ထက်ဆုံးအရာဖြစ်နေဆဲပါ။
“မလောက်လေးမလောက်စားတွေကများ။” အီဗန်ကို ပိုးဟပ်က ရိုက်ထုတ်လိုက်ပြီး ဓားကိုလည်ပင်းကနေ ဆွဲနှုတ်တယ်။ သွေးရည်ကြည်တွေအများကြီးကျလာပေမဲ့ ဒဏ်ရာက ချက်ချင်းပြန်စေ့သွားတယ်။ သူတစ်ချက်ပြန်ရုန်းရုံနဲ့ စက္ကူနဂါးလည်းပျက်စီးသွားပြီး အီဗန်အသတ်ခံရလုနီးနီးဖြစ်သွားတယ်ဆိုပေမဲ့...
အုံ... ဂွမ်....
အားကောင်းတဲ့ ဖားအော်သံတစ်ခုက ပိုးဟပ်ရဲ့အကြားအာရုံကို နှောင့်ယှက်ပစ်လိုက်တာကြောင့် ပိုးဟပ်ဟာ သူ့နားကိုသူပိတ်ပြီး ဘေးလွတ်ရာခုန်ဆုတ်လိုက်ရတယ်။
“သူနဲ့ငါတို့နဲ့က အဆင့်ကွာခြားတာအမှန်ပဲ။ ဒါပေမဲ့ ဒီမှာရှိနေတဲ့ လူတွေအားလုံးပေါင်းလုပ်ရင် မနိုင်နိုင်တာတော့မဟုတ်ဘူး။ လုပ်ကြတာပေါ့၊ စီနီယာဟယ်ရီ။”
နယူးယောက်ဟီးရိုးဌာနရဲ့ဌာနမှူးနဲ့ဒုဌာနမှူးကလည်း ကျောင်းသားတွေနဲ့အတူ တိုက်ပွဲမှာဝင်ပါလာကြပြီ။ သူတို့က အားနည်းကြပေမဲ့ ပိုးဟပ်ကိုတော့ ပြဿနာပေါင်းစုံပေးနိုင်နေတုန်းပဲ။ နောက်ဆုံး ကျောင်းသားတွေကို သီချင်းနဲ့ဧည့်ခံခဲ့တဲ့ အန်တီလေးအိုလီဗာတောင်မှ သူ့အသံစွမ်းအားကိုသုံးပြီး ကူညီနေပြီ။
ဖားလေး၊ အီဗန်၊ လီဆာတို့သုံးယောက်က ပိုးဟပ်ကိုယှဥ်တိုက်ကြပြီး ဖီးလစ်၊ ယုဆ၊ မိရိုင်၊ ဟယ်ရီတို့က နောက်ကနေ ကူညီပေးကြသူတွေဖြစ်လာတယ်။ ခဏနေတော့ လင်ဒါလည်း ဒဏ်ရာရသွားတဲ့ ဖလေရာကို ဘရီစာဆီမှာအပ်ပြီး တိုက်ပွဲထဲဝင်ပါလာပြန်တယ်။
ကျောင်းကနေ ဆုတ်ခွာစဥ်ကတည်းက အထူးတန်းကလူတချို့ ဒဏ်ရာရခဲ့တဲ့ဆိုပေမဲ့ ဆက်တိုက်နိုင်သေးတဲ့ Aနဲ့S အဆင့်မှန်သမျှ ဝင်ကူညီတိုက်နေကြပြီး တကယ်လည်းပိုးဟပ်ကို ထိန်းချုပ်ထားနိုင်ဟန်ပေါ်နေပါတယ်။
“ဘယ်သူ့မီးတောက်က ပိုကြီးသလဲ ကြည့်ကြသေးတာပေါ့။” ဖီးလစ်က သူ့လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး ထူးခြားမှုမရှိတဲ့ မီးတောက်စွမ်းအင်တန်းကြီးနဲ့ ပိုးဟပ်ကိုရင်း မိရိုင်ကို လိုက်ယှဥ်တယ်။ မိရိုင်ကတော့ ကြယ်တာရာမီးတောက်တွေကို ကြယ်မိုးရွာသလိုမျိုး ဆက်တိုက်ပစ်ခတ်နေပါတယ်။
လီဆာက ပိုးဟပ်ရဲ့ဦးမှင်နှစ်ခုကို လက်သည်းနဲ့ဖမ်းဆွဲကာ ဆွဲဖြုတ်နိုင်ခဲ့ပြီး ဟယ်ရီက ရှေ့တန်းသမားတွေ လုံလုံခြုံခြုံပြန်ဆုတ်နိုင်ဖို့အတွက် အက်တမ်တွေနဲ့ ဒိုင်းတွေကို ဖန်တီးကာ ကာကွယ်ပေးနေပါတယ်။ လင်ဒါကတော့ မနီးမဝေးမှာလှုပ်ရှားနေပြီး Viper Oneနဲ့ ပိုးဟပ်ရဲ့အားနည်းချက်တွေကို စောင့်ကြည့်ကာ ချက်ကောင်းထိအောင်ပစ်နိုင်ဖို့ ကြိုးစားနေတယ်။
“ဒီအတိုင်းသာဆိုရင် အင်အားကွာခြားနေရင်တောင်မှ အယ်ဖာတစ်ယောက်ကို သတ်နိုင်လောက်တယ်။”
တိုက်ပွဲကိုကြည့်နေတဲ့ ကျောင်းသားတချို့က မျှော်လင့်ချက်အပြည့်နဲ့ ပြောလိုက်တယ်။ တိုက်ပွဲဖြစ်ရာမှာ ရှိနေသေးတဲ့သူမှန်သမျှရဲ့စိတ်ဓာတ်အခြေအနေက ဒီအတိုင်းပါပဲ။ မက်ဒါနာကတော့ ခြွင်းချက်ပေါ့။
“ရပ်လိုက်တော့... ခုခံမနေဘဲ ပြေးကြတော့။ နင်တို့လုပ်နေတာမှန်သမျှက သူဒေါသပိုထွက်လာအောင်ဆွပေးနေရုံပဲ။” မက်ဒါနာက အော်ဟစ်နေတယ်။ အမှန်လည်း ဟီးရိုးကျောင်းအဖွဲ့က ဆာဂီဖစ်ကို တကယ်ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ကြဘူး။
“တော်လောက်ပြီ...” နောက်ဆုံးတော့ တိတ်ဆိတ်နေတဲ့ ဆာဂီဖစ်ဆီကနေ စကားသံထွက်လာပြီး ခြေဆောင့်နင်းလိုက်တယ်။ တစ်ပြိုင်နက်တည်း သူ့ခန္ဓာကိုယ်က နှစ်ဆလောက်ကြီးလာပြီး နယူးယောက်တစ်မြို့လုံး မြေငလျှင်ကြီးတစ်ခုရဲ့ဒဏ်ကို ခံစားလိုက်ရတယ်။ ဒါပေမဲ့ တကယ့်ငလျှင်မဟုတ်ဘဲ ဆာဂီဖစ်ခြေဆောင့်တာကြောင့် ဖြစ်လာတာပါ။