လူစုဆောင်းခြင်း
Vol. 106 Ch. 4.1102
"တစ်ယောက်ယောက် လိုက်လာနေတာလား?"
ရွှေချင်းလင် မျက်မှောင်ကြုတ်ပြီး "ကျွန်မတို့??"
"စိတ်မပူနဲ့ အဒီအကြီးအကဲ မဟုတ်ဘူး... ဘယ်သူက ဒီလောက်ထိ သတ္တိကောင်းနေလဲ ဆိုတာ ကြည့်ချင်ပါသေးရဲ့!"
အဝေးမှ ငှက်ကြီးတစ်ကောင်သည် တဖြည်းဖြည်း ချဉ်းကပ်လာပြီး လုရွှမ်တို့ အနားရောက်တော့ အရှိန်လျှော့လာသည်။
"အဲဒါက နတ်ဆိုးမီးတွေ ဖုံးလွှမ်းနေတဲ့ လင်းယုန်နီပဲ!"
ရွှေချင်းလင် လုရွှမ်ကို အမြန်သတိပေးလိုက်သည်။ ငှက်ကြီးက ချဉ်းကပ်လာပြီ။ မီးတောက်တွေလို နီလုနီးပါးရှိသော အတောင်လေးခုသည် အနီရောင် တိမ်တိုက်တစ်ခုလို လွင့်ပျံလာနေသည်။ အပူလှိုင်းတစ်ခုက ရှေ့သို့ တိုးလာကာ မနီးကပ်လာမီတွင်ပင် လေထုက မီးတောက်လောင်သလို ပူနေချေပြီ။
ရွှေချင်းလင် ခန္ဓာကိုယ်ပေါ်တွင် ရေအခင်းအကျင်း ပုံစံတစ်ခု ပေါ်လာကာ သူမခန္ဓာကိုယ်ကို ကာကွယ်ပေးထားလိုက်သည်။ လုရွှမ်ကတော့ မလှုပ်မယှက်ဘဲ သူ့လက်တွေက ခါးနောက်ပစ်လျက် လေထဲမှာ ဆိုင်းငံ့ထားပြီး လင်းယုန်နီကို စီးနင်းနေသူကို ဘာမှမထူးခြားသလို ကြည့်နေသည်။
လင်းယုန်နီပေါ်မှာက ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ပင်။ သူတို့နှစ်ယောက်လုံးက ငယ်ရွယ်ပေမယ့် မျက်လုံးနှစ်လုံးစလုံးက ဆန်းပြားသော စွမ်းအင်များဖြင့် ပြည့်နှက်နေ၏။ နှစ်တွေကြာအောင် စုဆောင်း ပြုစုထားခဲ့တဲ့ မျက်လုံးအစုံပါပဲ။
သူတို့နှစ်ဦးစလုံးသည် မျှော်စင် နယ်ပယ်တွင် ရှိကြသော်လည်း တိကျတဲ့ အဆင့်ကိုတော့ လုရွှမ် မပြောနိုင်ပေ။ ဒါပေမဲ့ အငွေ့အသက်ကတော့ အစောတုန်းက အဘိုးကြီးထက် ပိုဆိုးနေသည်။
"မီးနီလင်းယုန်က အရမ်း လွှမ်းမိုးကြီးစိုးတတ်တဲ့ သားရဲပဲ....သူတို့ အကြိုက်ဆုံး အစာက ကျင့်ကြံသူတွေရဲ့ ဦးနှောက်ပဲ သူတို့က သတ္တိရှိရှိ တိုက်ခိုက်သလို တုံ့ပြန်မှုကလည်း ပြင်းထန်တယ်... ဒါကြောင့် ထူးကဲတဲ့ မိသားစုတစ်စု ဆိုရင်တောင် မီးနီလင်းယုန်ကို ကျွန်သားရဲအဖြစ် မမွေးရဲကြဘူး!"
ရွှေချင်းလင်သည် လုရွှမ်ကို ဂရုတစိုက် သတိပေးရင်း အသံတစ်သံ ထပ်ပို့လိုက်သည်။ လုရွှမ် ခေါင်းညိတ်ပြပြီး ကျေးဇူးတင်စကားဆိုကာ ခံစစ်အမူအရာ မပြသေးဘဲ သူတို့နှစ်ယောက်ကို ဂရုမစိုက်ဟန် ကြည့်နေသည်။ လုရွှမ် သိသိသာသာ ငြိမ်သက်သွားသလို ခံစားလိုက်ရတာကြောင့် သူမ၏ စိုးရိမ်စိတ်များလည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။
"ဒီကနှစ်ယောက်က သခင်လေးလုရွှမ်နဲ့ နတ်သမီးချင်းလင်ပဲ ဖြစ်မယ် ဟုတ်တယ်မဟုတ်လား....ကျွန်တော်က သွမ်းယန်ရင်း ဒါက ကျွန်တော့်ညီမ သွမ်းယန်ချီ ဒီကနှစ်ယောက်ကို နှုတ်ဆက်ပါတယ် "
မီးနီလင်းယုန်ပေါ်မှ လူနှစ်ယောက် ဆင်းလာပြီး တစ်ချိန်တည်းမှာပင် သူတို့ကို နှုတ်ဆက်ကာ ပြုံးပြလိုက်သည်။ သူတို့နှစ်ယောက်က တူညီတဲ့ လှုပ်ရှားမှုတွေ လုပ်ကာ တူညီတဲ့ စကားလုံးတွေ ပြောကြပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေက တစ်ထပ်တည်း ဖြစ်နေတာကြောင့် လူတွေကို ထူးခြားတယ်လို့ ခံစားရစေသည်။
လုရွှမ် ရွှေချင်းလင်ကို တစ်ချက် ကြည့်လိုက်သည်။ ရွှေချင်းလင်က သူမခေါင်းကို ခါလိုက်ပြီး ဤလူနှစ်ယောက် အကြောင်း ဘာမှမသိကြောင်း ဖော်ပြသည်။
"သွမ်းယန် ဆိုတဲ့ မျိုးရိုးနာမည်ကို ကျွန်မ တစ်ခါမှ မကြားဖူးဘူး!"
"မင်းတို့နှစ်ယောက်မှာ အကြံဉာဏ်တွေ ပေးစရာများ ရှိလို့လား?"
မောင်နှမနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရယ်လိုက်ကြလေသည်။
"ခင်ဗျားတို့နှစ်ယောက်ကို ကျွန်တော်တို့ရဲ့ စွန့်စားခန်းထဲဝင်ဖို့ ဖိတ်ခေါ်ချင်တာကြောင့် ဒီကိုရောက်လာခဲ့တာပါ"
သွမ်းယန်ရင်းက ပြောလေသည်။
"ကျွန်မတို့က စန်းချိုင်ကျောင်းတော်ကပါ...အစောတုန်းက အစ်ကိုလုနဲ့ ဝမ့်လီယွင်တို့ရဲ့ တိုက်ပွဲကို တွေ့လိုက်ပါတယ် အစ်ကိုလုက အရမ်းကို သန်မာပြီး အနိုင်ရဖို့ ထိုက်တန်ပါတယ်" သွမ်းယန်ချီကလည်း ဆို၏။
"ကျွန်တော်တို့နဲ့အတူတူ လက်တွဲလိုက်ပါလား...ဒီလိုဆို ခင်ဗျားရဲ့လုံခြုံရေး အရမ်းတိုးလာမယ်... အခွင့်အရေးတွေရဖို့ မျှော်လင့်ချက်တွေလည်း အများကြီး တိုးလာလိမ့်မယ်"
သွမ်းယန်ရင်းက စကားလုံးတချို့ ထပ်မံ ပေါင်းထည့်လိုက်သည်။ လူနှစ်ယောက်၏ စကားလုံးများ၏ လေယူလေသိမ်းဟာ အချင်းချင်း လိုက်လျောညီထွေရှိသကဲ့သို့ လိုက်ဖက်လဗသည်။
"သြော် အခွင့်အရေးလား... ဘာအခွင့်အရေးပါလိမ့်"
"ဟာဟား... ကျွန်တော် ဒါကိုတော့ အစ်ကိုလုဆီ မပြောနိုင်သေးပေမယ့် ခင်ဗျား သွားလိုက်ရင်တော့ နောင်တမရမှာ သေချာပါတယ်"
သွမ်းယန်ရင်းက စူးစမ်းလိုစိတ်နဲ့ ပြောလိုက်သည်။
"ဝမ့်လီယွင်က ပါရမီရှင်တွေကို အဆက်မပြတ် စုဆောင်းနေတယ်... ပြိီးရင် သူတို့အားလုံး အဲဒီကို သွားကြမှာ အဲဒါက စန်းချိုင်ကျောင်းတော်ရဲ့ ဝင်ခွင့်အတွက် မဖြစ်မနေ စမ်းသပ်မှုတစ်ခုပါ"
လုရွှမ်သည် သူ့မျက်လုံးများက အလင်း တစ်ချက်နဲ့အတူ အရိပ်အမြွက် ပြထားသည့် ရွှေချင်းလင်ကို ကြည့်လိုက်သည်။ စန်းချိုင်ကျောင်းတော်ကို ဝင်ခွင့်ရဖို့ ဂိုဏ်းထဲမှာ ရှိကတည်းက မျှော်လင့်ထားခဲ့ပေမယ့် အခုအခွင့်အရေးက နောက်ဆုံးတော့ ရောက်လာပြီ။
"ခင်ဗျားတို့နှစ်ယောက် ဆွေးနွေးပြီး ရက်ပိုင်းအတွင်း အဖြေပေးလို့ရတယ်..."
"အစ်ကိုလုက ကျွန်တော်တို့ကို တကယ် မယုံရဘူးလို့ ထင်လို့များလား? သူမက နတ်သမီးချင်းလင်နော်... အစ်ကိုလုရဲ့ နာမည်က သိပ်မကောင်းဘူး သူခိုးသုံးယောက် အဖွဲ့ထဲက စတုတ္ထမြောက် ပန်းသူခိုးအဖြစ် အတည်ပြုခံထားရတယ်...."
သွမ်းယန်ရင်းက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပေမယ့် သူ့မျက်နှာပေါ်က အပြုံးက ပျော့ပျောင်းသယောင်ဖြင့် မပြုံးနေသလိုပင် ခံစားရသည်။
သွမ်းယန်ချီ: "အစ်ကိုလုလက်ထဲမှာ နတ်လက်နက်တစ်ခု ရှိတယ်လို့ ကျွန်မ ကြားမိတယ်... အဲဒါက အဘိုးကြီးလော့ယန်ရဲ့ မှော်ဓားကိုတောင် ဖြတ်နိုင်ခဲ့တယ် အဘိုးကြီး ချန်ထားတဲ့ ရတနာကို ရခဲ့တယ်တဲ့... အစ်ကိုလု ဒါကို ခြိမ်းခြောက်မှုလို့ ယူဆတာပဲဖြစ်ဖြစ် တွေးကြည့်ပြီး စန်းချိုင်ကျောင်းတော်ကို ဝင်လိုက်ပါလား... ဒါက ရှင့်ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုပဲနော်”
သူတို့စကားကို ထောက်ခံနေသလို သူတို့ဘေးမှာ ရပ်နေတဲ့ လင်းယုန်နီကြီးက ဟစ်အော်ပြီး တောက်ပတဲ့ အနီရောင် မီးတောက်တွေကို ဖြန့်ချလိုက်သည်။
"လုရွှမ်?"
ရွှေချင်းလင် လုရွှမ်ပုခုံးကို ညင်သာစွာ ကိုင်လိုက်ပြီး သူမမှာ အပြစ်ရှိကြောင်း အရိပ်အမြွက်ပြကာ အကြည့်များဖြင့် တောင်းပန်လိုက်သည်။ ဒီသတင်းက ဒီလောက်မြန်မြန် ပျံ့သွားလိမ့်မယ်လို့ သူမ မမျှော်လင့်ထားသလို စန်းချိုင်ကျောင်းတော်က လူတွေလည်း အဲဒီအကြောင်းကို သိလာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပါဘူး။
"အိုး ငါ မင်းတို့ရဲ့ စန်းချိုင်ကျောင်းတော်မှာ မပါဝင်ဘူးဆိုရင် မင်တို့မောင်နှမနှစ်ယောက် အခု ငါ့ရန်သူ ဖြစ်လာမှာ မဟုတ်ဘူးလား"
"ဟား ဟား ဟား!"
မောင်နှမနှစ်ယောက်က တစ်ချိန်တည်းမှာ ရယ်မောကြပြီး သွမ်းယန်ချီက ဆိုလိုက်သည်။
"ကျွန်တော်တို့ လှုပ်ရှားဖို့ မလိုပါဘူး အခုတင်ခင်ဗျားကို သတ်ချင်တဲ့သူတွေ အရမ်းများနေပြီ.... ကျွန်တော်တို့က ဘာလို့ ကိုယ့်ကိုကိုယ် ဓားတွေအဖြစ် သုံးရမှာလဲ...တိုက်ပွဲကြားမှာလည်း အကျိုးကျေးဇူးတွေ ရနိုင်တယ်မလား?"
သွမ်းယန်ရင်းက ဖိတ်စာတစ်စောင်ကို ဝှေ့ယမ်းပြီး ပေးလိုက်သည်။
"သေချာစဉ်းစားကြည့်ပါ.... ကျွန်တော်တို့ လူအင်အား စုဆောင်းတာက ပြည့်လုနီးပါး ဖြစ်နေပြီ... ဆယ်ရက်အတွင်း အဲဒီနေရာကို အားလုံး လာကြမှာ...ခင်ဗျား လာမယ်လို့ ကျွန်တော်တို့ တကယ်မျှော်လင့်ပါတယ်"
မောင်နှမနှစ်ယောက်သည် မီးနီလင်းယုန်ပေါ်သို့ ပြန်လည် ခုန်တက်ကာ ထွက်သွားကြသည်။
"သြော် ခင်ဗျားကို လိုက်ဖမ်းနေတဲ့သူတွေ အများကြီးရှိနေပြီ.... ခင်ဗျား ပြေးချင်ရင် နှစ်ယောက်လုံး ဝေးဝေးကို ပြေးသင့်တယ်"
လုရွှမ် တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ သေချာတာပေါ့။ လူတော်တော်များများက သူ့ကို လိုက်ဖမ်းဖို့ ပြေးလာနေကြပြီ။
"ငါတို့ ထွက်သွားလို့ မရတော့ဘူး... အဲဒီမောင်နှမတွေက ငါတို့ကို လှည့်စားခဲ့တာ"
လုရွှမ် ဆိုရင်း နတ်ဓားကို သူနောက်ကျောဘက်က ဆွဲထုတ်လိုက်ပြီး ဓားစွမ်းအင်တွေကို အရပ်ရပ်ကို ဗုံးကြဲပစ်လိုက်သည်။
ပေါက်ကွဲသံနှင့်အတူ အခင်းအကျင်း တစ်ခု ပျက်စီးသွားသလို လေထုက အက်ကွဲသွားသည်။ လောင်ကျွမ်းနေသော မီးတောက်အောက်၌ ပတ်ဝန်းကျင် နေရာက ပြောင်းလဲသွားသည်။ လေထုက ပုံမှန်ပြန်ဖြစ်လာတဲ့အခါ လူဆယ့်သုံးယောက်က သူတို့နှစ်ယောက်ကို ဝိုင်းထားပြီ။
"သူတို့ကို လျှော့မတွက်နဲ့... ဒီဆယ့်သုံးယောက်ရဲ့ အနေအထားက အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုပဲ"
လုရွှမ်က အသံတိုးတိုးဖြင့် သတိပေးသည်။
လူ၁၃ယောက်၏ ခွန်အားက တူညီသည်။ ကွာခြားချက်မှာ လူဆယ့်သုံးယောက်၏ ယွမ်စွမ်းအားကြား နီးကပ်စွာ ဆက်စပ်မှုကို ခံစားရသည်။ ဤလူများသည် ငယ်စဉ်ကတည်းက အတူတကွ လေ့ကျင့်ခဲ့ကြပြီး ဤအခင်းအကျင်း ဖွဲ့စည်းမှုကိုလည်း အတူတကွ လေ့ကျင့်ခဲ့တာ ဖြစ်ပေမည်။
ထို့ကြောင့် ဤအခင်းအကျင်း ဖွဲ့စည်းပုံသည် ဘယ်လောက် အစွမ်းထက်လိုက်မလဲ တွေးကြည့်နိုင်သည်။
"ကောင်းလိုက်တဲ့ ဓား! တကယ့် မှော်လက်နက်တစ်ခုပ ကောင်လေး၊ နတ်ဓားနဲ့ အဘိုးကြီးလော့ယန်ရဲ့ ရတနာကို လွှဲ...."
ထိုသူစကားမဆုံးခင် လုရွှမ်က သူ့ကို ဓားစွမ်းအင်နဲ့ ခုတ်ချလိုက်လေပြီ။ စကားပြောသော လူက အေးစက်စွာ ပြုံးကာ သူ့ဓားထက် ထက်မြက်သော ဓားစွမ်းအင်ကို လွှတ်ထုတ်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်း လုရွှမ် အံ့အားသင့်သွားသည်။
ဝေဟင်မှာ ချီဓားနှစ်လက် ပေါက်ကွဲသွားသည်။ ဓားစွမ်းအင် ပေါက်ကွဲသွားပြီးနောက် ဓားပုံရိပ်တစ်ခုက လုရွှမ်ဆီကို ဆက်လာနေသည်။ လုရွှမ် ဘေးသို့ ရှောင်ထွက်သွားပြီး သူ့နောက်မှ လူက သူ့ဓားရှည်ကို ထပ်မံ ဝေ့လမ်းလိုက်ရာ ဓားစွမ်းအင်က ရုတ်တရက် လှည့်၍ သူ့ထံ ဝင်ရောက်လာခဲ့ပြန်သည်။
လုရွှမ် အနည်းငယ် ထိတ်လန့်သွားသည်။ သူ တစ်ခါမှ ဒီလိုပုံစံမျိုး မမြင်ဖူးပေ။ ထို့နောက်တွင် ထိုလူသည် ယခင်ဓားထက် အနည်းဆုံး 30% ပိုမိုအားကောင်းသည့် သူ့ဓားစွမ်းအင်ကို ပစ်ထုတ်လိုက်ပေသည်။