ပြင်းထန်သောတိုက်ပွဲတစ်ခု
Vol. 008 Ch. 787
ဧည့်ကြည့်စင်မှ လူများက မြေရိုင်းပြည်နယ်မှ ခေါင်းဆောင်ကို ကြည့်ကြသည်။ ရီဖူရှင်းက ပြည်နယ်ကိုးခု ညီလာခံတွင် ဤမျှ ယုံကြည်မှုရှိရှိ ပြောဆိုခြင်းမှာ သည်တစ်ခါ ပထမဆုံးဖြစ်၏။
ကျောက်ယိုက အရှေ့ဘက် ပြည်နယ်မှ ဖြစ်သော်လည်း သူ့နာမည်အား လူအများအပြားက ကြားဖူးကြကာ သူ့အား ပြိုင်ပွဲအတွင်း ထိပ်သီးသုံးယောက် စာရင်းဝင် မည့်သူဟုပင် သတ်မှတ်ထားကြသည်။
ပြည်နယ်ကိုးခု ညီလာခံ ကျင်းပလာသည့် အချိန်ကြာလာ သည်နှင့်အမျှ ပရိသတ်များက တခြားပြည်နယ်မှ အတော်ဆုံးများကို မြင်လာရချိန်တွင် ကျောက်ယိုက ထိပ်သီးသုံး နေရာသို့ ဝင်ရောက်မည့် အခွင့်အရေးမှာ နည်းပါးသည်ကို နားလည်ခဲ့ကြ၏။ သို့တိုင်အောင် သူကား အလွန်အမင်း အားကောင်းသည်ဟူသော အချက်က မပြောင်းလဲပေ။ သို့သော်လည်း ရီဖူရှင်းက ကျောက်ယိုအား မျက်လုံးထဲ မထားသည့် ဟန်ပင်ဖြင့် စကားပြောခဲ့သည်။
ဤတွင် သူ၏ကျိုးနွံနှိမ့်ချ တတ်သော မျက်နှာအောက်တွင် မြင့်မားသော မာနတရားများ ရှိနေပေသည်။
ကျောက်ရာက ရယ်မောလိုက်ကာ ရီဖူရှင်းအား ကျယ်လောင်စွာ ပြောသည် ...
“မင်းက တကယ်ပဲ ယုံကြည်မှု ရှိတာပဲ … ဒါဆိုလည်း စောင့်ကြည့်ရအောင် … နန်းတော်သခင်ရီ…”
ကျောက်ယိုနှင့် ယူချင်းတို့ကလည်း ဧည့်ကြည့်စင်မှ စကားများကို ကြားရသည်သာ ...။ ကျောက်ယိုက လေထဲကို တဖြည်းဖြည်း မြောက်တက် လာပြီးနောက် သူ့ခန္ဓာကိုယ်အား ဖီးနစ်ငှက် တစ်ကောင်က ရွှေရောင်များ ဝင်းလက်စွာဖြင့် ဖုံးအုပ်သွားသည်။ ကျောက်ရာ ကိုယ်တိုင်က နတ်ငှက်ပုံစံသို့ ပြောင်းလဲသွားဟန် ရသည်။ သူ့အား ဗဟိုထား၍ ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းတစ်ခု ဖြစ်တည်လာသည်။
ရီဖူရှင်း … မင်းက ငါ့ကို မလုံလောက်လို့ ပြောရဲတာလား...။
ဘုန်း … အနက်ရောင် အလင်းတန်းများ ယူချင်း၏ ခန္ဓာကိုယ်တွင် အစင်းကြောင်းများပမာ ဖြစ်ပေါ်လာ၏။ ထောင်ကျန်းခန္ဓာ ဖြစ်တည်လာသည်တွင် သူ့အား ပြိုင်ဘက်ကင်းသော စွမ်းအင်များအား ပေးစွမ်းသည်။
ဖီးနစ်ငှက် အော်သံနှင့်အတူ ကျောက်ယိုက နတ်ငှက်အသွင်သို့ ချက်ချင်း ပြောင်းလဲသွား၏။ သူက ရွှေရောင်များ ဝင်းလက်စွာဖြင့်ပင် ကောင်းကင်မှနေ၍ ယူချင်းထံသို့ တိုက်ရိုက်ဆင်းသက် လာသည်။
ထိုမြင်ကွင်းအား ကြည့်ကာ လူအများအပြားက အံ့အားသင့် မှင်တက်ရသည်။ တိုက်ခိုက်လိုက်သူက ကျောက်ယိုဟု မထင်ရဘဲ နတ်ငှက်တစ်ကောင်အလား ခံစားကြရ၏။ သူက လေဟာနယ်ကို ခွင်းကာ ရွှေရောင်အလင်းများ ဖြာထွက်ရင်းနှင့် ဓားကဲ့သို့ ပုံသဏ္ဍာန် တစ်ခုက သူ၏လက်တွင် ဖြစ်တည်စေကာ တိုက်ခိုက်သည်။ ထိုအရာက အမှန်ပင် ဖီးနစ်၏ လက်သည်းများ ဖြစ်ကြကာ ထောင်ကျန်း ခန္ဓာကိုယ်သို့ ဆင်းသက်လာ၏။
ယူချင်း၏ ခန္ဓာကိုယ်ကို အနက်ရောင် အလင်းတန်းများ စီးဆင်းသွားသည်။
ကျောက်ယိုက ဖီးနစ်အသွင် ပြောင်းလဲသွား၏။ သူ၏မျက်လုံးများက အလွန်နီရဲသွားကာ ရုန့်ရင်းကြမ်းတမ်းသော ခန္ဓာကိုယ်ကလည်း လေအလျင်ကို ဆန့်ကျင်၍ ဆင်းသက်လာသည်။ သူက အပေါ်မှ ထပ်မံ၍ တိုက်ခိုက်သည်တွင် ရွှေရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ဘုန်း .. ဘုန်း … ဘုန်း …” ရိုက်ချက်များ တစ်ခုပြီးတစ်ခု ကျဆင်းလာကာ မရေမတွက်နိုင်သော ဖီးနစ်များ လေထဲ၌ ပေါ်လာပြီး ထောင်ကျန်း ခန္ဓာကိုယ်ကို တိုက်ခိုက်သည်တွင် အက်ကွဲကြောင်းများအား ရေးတေးတေး မြင်ကြရသည်။
“တကယ် အားကောင်းတဲ့ ခံနိုင်ရည်အားပဲ …” လူအများအပြားက မယုံကြည်နိုင်စွာ မှတ်ချက် ချကြသည်။ မြင်ကွင်းအား ထိတ်လန့်ဖွယ် ကောင်း၏။ ကျောက်ယို၏ တိုက်ခိုက်မှုဖြစ်စေ ယူချင်း၏ ခုခံမှုဖြစ်စေ နှစ်ခုလုံးက အလွန်အမင်း အားကောင်းကြသည်။
ထိုအခိုက်တွင် ပိုမိုတောက်ပသော အလင်းများ ယူချင်း၏ ခန္ဓာကိုယ်ကို စီးဆင်းသွားသည်။ သူ၏လက်များက ပြင်းထန်စွာ တုန်ခါသွားပြီး အလင်းတန်းများအား သူ၏ လက်များကို ပို့လွှတ်လိုက်သည်။ အလင်းတန်းများက သူ၏လက်များကို စီးဆင်းသွားကာ သွေးကြောမများအား ဖွင့်လှစ်ခဲ့ကြ၏။
ဝုန်း..
ယူချင်းက ရှေ့ကို တက်သွားသည်တွင် ဖီးနစ်ပုံရပ်က အောက်ကို ကျဆင်းလာသည်အား မြင်၏။ သူ၏ ရွှေရောင်လက်ကြီးက ရောက်လာသော တိုက်ခိုက်မှုအား ပြန်လည်၍ ရိုက်ထုတ်သည်။ ဧရာမတိုက်ခိုက်ရေး ပုံစံက သူ၏ ခန္ဓာကိုယ်နှင့်အတူ ရွေ့လျားကာ ကြီးမားသော လက်ဝါးပုံရိပ်ကြီး တစ်ခုအား ဖြစ်တည်စေသည်။ ဖီးနစ်က ရွှေလက်ဝါးနှင့် ရင်ဆိုင်မိ၏။ ကျောက်ယို၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ လက်ဝါးကလည်း အစိတ်စိတ် အမြွှာမြွှာ ကွဲကြေ ပျောက်ကွယ် သွား၏။
ထိုအခိုက်တွင် ယူချင်းက လေထဲကို ခုန်တက်သွားပြီး သူ၏လက်နှစ်ဖက်အား ဆန့်တန်းလိုက်သည်။ ဧရာမ ထောင်ကျန်း ခန္ဓာကလည်း မရေမတွက်နိုင်သော ရွှေရောင် လက်ဝါးများအား ရိုက်ထုတ်သည်တွင် ကောင်းကင် တစ်ခုလုံးကို အုပ်မိုးသွား၏။
ကျောက်ယို၏ မျက်လုံးများက လေးနက်သွားသည်။ သူက ဖီးနစ် အတောင်ပံများအား ခတ်သည်တွင် မမြင်ရသော ဓားသွားများက ရောက်လာသော လက်ဝါးများအား ဖြတ်တောက်စေသည်။
တစ်ချိန်တည်းမှာပင် ယူချင်းကလည်း လေထဲကို ခုတ်တက် လာသည်။ သူ၏လက်က ဧရာမ ဖီးနစ်ငှက်ကြီးအား လှမ်းရိုက်၏။
ကျောက်ယိုကလည်း မာန်သွင်းကာ ရှေ့ကို တက်လာသည်။ ဖီးနစ်က ထောင်ကျန်း ခန္ဓာကိုယ်နှင့် ရင်ဆိုင်တိုးသည်။ လက်သည်းနှင့် လက်ဝါးတို့ကလည်း ပြင်းထန်စွာ ရင်ဆိုင်မိကြ၏။
ဘုန်း … သူတို့၏ရှေ့မှ လေထုက တုန်ခါသွားသည်။ ဖီးနစ်ပုံရိပ်ကလည်း နောက်ကို အတောင်ပံများ ဖြန့်ကျက်လျက် လွင့်စဉ်သွားသည်။ သို့တိုင်အောင် ဖီးနစ်ငှက်ကား ခန့်ထည် လှပနေဆဲ ဖြစ်၏။
ဒုန်း … ယူချင်းက လေထဲကို တက်သွားကာ သူ၏လက်များက ပိုမို၍ လင်းလက်လာပြီး ဖီးနစ်ထံကို ဆင်းသက်လာကာ နောက်ထပ် လက်ဝါးရိုက်ချက် တစ်ချက်ထုတ်သည်။
ထို့နောက်တွင် အားလုံးက ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုအား မြင်ကြရသည်။ နှစ်ယောက်လုံးက တိုက်ခိုက်မှုကို တိုက်ခိုက်မှုဖြင့် ရင်ဆိုင်ကြသည်။ နှစ်ယောက်သား ပြင်းထန်စွာ ရင်ဆိုင်မိကြ၏။ ဖီးနစ်ပုံရိပ်ကား အဆက်မပြတ် အရိုက်ခံရကာ နောက်ကို တဝုန်းဝုန်း လွင့်စဉ် သွားသည်။
ဘုန်း… ဘုန်း.. ဘုန်း… ကျယ်လောင်သော အသံများ အဆက်မပြတ် မြည်လာကာ ပရိသတ်များအား အသည်းလှိုက် အူလှိုက် ဖြစ်စေသည်။ ရင်ဆိုင် တိုက်ခိုက်မှုတိုင်းက သူတို့၏ အသည်းစိုင်အား လှုပ်ယမ်းစေ၏။ ဖီးနစ်ပုံရိပ်ကား အဝေးကို လွင့်စဉ်သွားကာ မြေပြင်ပေါ်ကို ပြင်းထန်စွာ ကျ၏။
ဖူး …
ကျောက်ယိုက နောက်ထပ် တိုက်ခိုက်နိုင်ခြင်းလည်း မရှိတော့သလို ခုခံနိုင်စွမ်းလည်း ရှိတော့ဟန် မရတော့ဘဲ သွေးများအန်သည်။
ထိုအခိုက်တွင် ကောင်းကင်မှ ဧရာမ ခြေထောက်အစုံက ဖီးနစ်ပုံရိပ်ပေါ်ကို ကျဆင်းလာသည်။
ဘုန်း… နောက်ထပ် တုန်ခါသံကြီး တစ်ခုအား ကြိုက်လိုက် ကြရသည်။ ခြေထောက်အစုံက ကောင်းကင်မှ ကျဆင်းလာကာ ဖီးနစ်ပုံရိပ်အား နင်းခြေသည်တွင် ဖီးနစ်ကား မြေပြင်ပေါ်တွင် ပြားကပ်သွားကာ ပုံရိပ်ကလည်း ပျောက်ကွယ် သွားသည်။ ထိုနေရာတွင်ကား အလွန်အမင်း အားနည်းကာ သွေးများ အန်နေသော ကျောက်ယိုကို မြင်ကြရ၏။ ယူချင်းမူကား လေထဲတွင် စစ်နတ်ဘုရား တစ်ပါးအလား တည်ငြိမ်စွာ ရပ်နေဆဲပင်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။
ကျောက်ယိုကား ထိပ်သီးဆယ်နေရာကို သေချာပေါက် တက်ရောက်မည့်လူအဖြစ် သတ်မှတ် ထားကြသည်။ အချို့က သူ့အား ထိပ်သီး သုံးနေရာသို့ ဝင်မည်ဟုပင် ခန့်မှန်းကြသည်။ ယခု သူကား ယူချင်းနှင့် ရင်ဆိုင်ရကာ ဒဏ်ရာ အပြင်းအထန်ရပြီး ရှုံးနိမ့်သွားသည်။
ကျောက်ယို၏ မျက်နှာကား အလွန်အမင်း ပျက်ယွင်းနေကာ ယခင်လို မာနတရားများ မောက်မာခြင်းများ မြူမှုမျှ မကျန်ရစ်တော့ပေ။
ပြည်နယ်ကိုးခု ညီလာခံ၏ခက်ထန် ကြမ်းတမ်းမှုက ဤသို့သော ပုံစံလား။
သူကား ဘဝသက်တမ်း တစ်လျှောက်တွင် အဆိုးဝါးဆုံး ရှုံးပွဲကို ကြုံခဲ့ရသည်။
ရှီဟွာတောင်မှ ရှန့်ထိုများကလည်း ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အရသည်။
ကျောက်မဟာ ပြည်ထောင်ဘုရင် မင်းမြတ်ကား သူ၏ထိတ်လန့်မှုကို ဟန်ဆောင်နိုင်စွမ်းပင် မရှိပေ။ သူ၏မျက်လုံးများက အလွန်အမင်း ထက်ရှစွာဖြင့် တိုက်ပွဲကွင်းပြင်ကို ကြည့်နေသည်။
“သူ့ကို ခေါ်သွား…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ပြောသည်။ ကျောက်မဟာ ပြည်ထောင်မှ လူများက ဒဏ်ရာပြင်းထန်စွာ ရနေသော ကျောက်ယိုအား ခေါ်ဆောင်ကာ စင်မြင့်မှ ဆင်းသွားကြ၏။
ကောင်းကင်ရှန့်ထို၊ မှန်နန်းတော် သခင်မနှင့် တခြား ပုဂ္ဂိုလ်ကြီးများ အားလုံးက ယူချင်းကို စိုက်ကြည့် နေကြသည်။
သည်ကောင်လေးကား ထိပ်သီး ဆယ်နေရာ စာရင်းသို့ ဝင်ရန် အရည်အချင်း ရှိပေသည်။ သူက ကျောက်ယိုကို အရှန်အဝါကြီးစွာဖြင့် နင်းခြေခဲ့ခြင်းက သူနှင့်ကျောက်ယိုအကြား ကွာဟမှုကို မြင်နိုင်သည်။
ပြိုင်ပွဲမစတင်မီကပင် စင်မြင့်ပေါ်ကို တက်လာသော သူကား ယခု ရှန့်ထိုများပင် အမှတ်ရနေမည့်လူ ဖြစ်လာသည်။
လူအများအပြားက ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကို လှမ်းကြည့်ကြသည်။ တိုက်ပွဲ မစတင်မီက ကျောက်ယို အနိုင်ရမည်ဟု သူခန့်မှန်းခဲ့သည်။
ယခု ကျောက်မဟာ ပြည်ထောင်မှ မည်သူတစ်ဦး တစ်ယောက်ကမှ စင်မြင့်ပေါ်တွင် မကျန်ရစ်တော့ပေ။ အားလုံးက ပြိုင်ပွဲမှ ထွက်ခဲ့ကြရပြီ ဖြစ်သည်။
“အရမ်းမိုက်တယ်…” ကျောက်ရာက ရီဖူရှင်းအား ကြည့်ကာ ရုတ်တရက် ပြောသည်… “ယူချင်းရဲ့စွမ်းအားက ပြည်နယ်ကိုးခုမှာ ထိပ်သီးအဆင့် ရှိတယ်ဆိုတာ ခင်ဗျားက ကောင်းကောင်း သိဟန်ရတယ်… နန်းတော်သခင်ရီ…”
“အရင်က ကျုပ် သိပ်မသိဘူး… ဒါပေမဲ့ တိုက်ပွဲတွေ အများကြီး မြင်တွေ့ပြီးတော့ နည်းနည်း နားလည် လာတာတော့ အမှန်ပဲ…” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်။
“ဒီလိုဆိုရင် … တော်ဝင်ကျဲ နန်းတော်ရဲ့ ယူချင်းက ဒီပြိုင်ပွဲမှာ ဘယ်အဆင့်အထိ ရောက်မယ်လို့ ထင်ပါသလဲ… နန်းတော်သခင်ရီ…” ကျောက်ရာက ထက်ရှသော မျက်လုံးများဖြင့် မေးသည်။
“ယူချင်းက ထိပ်သီး ဆယ်ယောက်စာရင်းကို ဝင်ဖို့ ပြဿနာ မရှိနိုင်ဘူး.. အဆင့် အတိအကျကတော့ စောင့်ကြည့် ရဦးမယ်…” ရီဖူရှင်းက အတိုင်းသား ပြောသည်။
ကျောက်ရာက ရီဖူရှင်းအား စိုက်ကြည့်ကာ ပြုံးသည်… “ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ တော်ဝင်ကျဲ နန်းတော်သခင် ဖြစ်လာတဲ့ ခင်ဗျားကလည်း မြေရိုင်းပြည်နယ်ရဲ့ လူငယ်မျိုးဆက်မှာ နံပါတ်တစ်ဖြစ်မှာ သေချာတယ်… ယူချင်းရဲ့ ပါရမီကိုက အရမ်းကို ထူးချွန်နေပြီဖြစ်လို့ ခင်ဗျားက ဒီထက် ပိုထူးချွန်ဖို့ပဲ ရှိတယ်… အခွင့်အရေးရရင် ကျုပ်က ခင်ဗျားနဲ့ စမ်းကြည့်ချင်မိတယ်..”
“လက်ရှိ မြေရိုင်းပြည်နယ်ရဲ့ မျိုးဆက်တွေထဲမှာ ထိပ်သီးပါရမီရှင်တွေ အဖြစ် သတ်မှတ်နိုင်သူတွေ အများကြီးပဲ… တကယ်လို့ မင်း စမ်းကြည့်ချင်တယ် ဆိုရင် တစ်ယောက်ကတော့ သေချာပေါက် ရှိမှာပဲ…” ရီဖူရှင်း၏ဘေးတွင် ထိုင်နေသော ဂူတုံးလျိုက ဖြေဆိုသည်။
ကျောက်ရာက ဂူတုံးလျိုအား ကြည့်သည်။ သည်လူကား မည်သည့်အသံမှ မထွက်ဘဲတိတ်ဆိတ်စွာ ထိုင်နေခဲ့၏။ ထို့အဖြင် ကျောက်ရာ၏ မျက်လုံးထဲတွင် သူကား ထူးခြားခြင်း ဘာမှ မရှိသော စာပေသမား တစ်ယောက်သာ ဖြစ်သည်။
“ကျုပ် မျှော်လင့်နေပါ့မယ်…” ကျောက်ရာက ပြောသည်။
ပြည်နယ်ကိုးခု ညီလာခံက ကျောက်မဟာ ပြည်ထောင်နှင့် သက်ဆိုင်ခြင်း မရှိတော့ပေ။ ပြိုင်ပွဲဝင်များ မရှိတော့သည့်နောက် သူတို့ကား ပရိသတ်များ အနေဖြင့်သာ ဆက်ရှိတော့သည်။
ယူချင်းက ထိုနေရာမှ ထွက်သွားလိုခြင်း မရှိဘဲ ရပ်နေသည်။ လူအများအပြားက သူ့အား ကြည့်ကာ ရယ်ရွှင်ဖွယ် အမူအရာဖြင့် ကြည့်ကြသည်။ ယူချင်း၏ စွမ်းရည်ကား ခန့်မှန်းမရအောင် အားကောင်းရာ မည်သူကမှ သူနှင့်ဦးဆုံး ရင်ဆိုင်လိုခြင်း မရှိကြပေ။ သူကား ထိပ်သီး ဆယ်ယောက် စာရင်းကို သေချာပေါက် တက်ရောက်နိုင်သူ ဖြစ်၏။
“မင်း ဆက်ပြီး စိန်ခေါ်ချင်လား…” ပြိုင်ပွဲကြီးကြပ်သူ အကြီးအကဲက ယူချင်းကို မေးသည်။
“အမှန်ပဲ…” ယူချင်းက ခေါင်းညိတ်သည်။
“တကယ်လို့ သုံးစက္ကန့်အတွင်း ဘယ်သူမှ တက်ပြီး စိန်မခေါ်ခဲ့ရင် မင်းက ဆက်ပြီး စိန်ခေါ်ခွင့်ရှိတယ်…” အကြီးအကဲက ပြောသည်… “အခုစပြီ…”
အကြီးအကဲက ပြောသည်တွင် အများအပြားက တိတ်ဆိတ်စွာ ရေတွက်ကြသည်။
သုံးစက္ကန့်ကား တစ်ခဏသာ ကြာမြင့်၏။
စင်မြင့်ပေါ်မှ လူအများအပြားက ယူချင်းကို ကြည့်ကြသည်။ သူက မည်သူ့ကို ဆက်လက်၍စိန်ခေါ်မည်နည်း။
“တိုက်ပွဲဆက်မယ်…” အကြီးအကဲက ကြေညာသည်။ မည်သူမှ ရှေ့ကို မထွက်လာရာ စည်းမျဉ်းအရ ယူချင်းက ဆက်လက်၍ စိန်ခေါ်နိုင်ပေသည်။
“အရှေ့ဘက်ပြည်နယ်၊ ရှီဟွာတောင်က ဟွာယွန်ရှုကို စိန်ခေါ်တယ်…” ယူချင်းက အေးစက်စက် ပြောသည်။ ယူချင်းက အရှေ့ဘက်ပြည်နယ် တော်ဝင်မြေ၏ နောက်ဆုံးလက်ကျန် ပြိုင်ပွဲဝင်ဖြစ်သော ဟွာယွန်ရှုအား စိန်ခေါ်၏။
ရာရာက အရှေ့ဘက်ပြည်နယ်မှ ဖြစ်သော်လည်း သူမက တော်ဝင်မြေမှ မဟုတ်ပေ။
ပြိုင်ပွဲအား ကြီးကြပ် ကျင်းပနေသော အကြီးအကဲ၏ မျက်မှောင်များပင် ကုပ်သွားသည်။ သူကလည်း ရှီဟွာတောင်မှ ဖြစ်ပေ၏။
“ဟွာယွန်ရှု…” လူအများအပြားက စင်မြင့်ထက်မှ ထွားကျိုင်းသော လူငယ်အား ကြည့်ကြသည်။ ယူချင်းက ဆက်လက် စိန်မခေါ်သည့်တိုင် နောက်တစ်ဆင့်ကို အလိုအလျောက် တက်ရောက် နိုင်သော်လည်း သူက အရှေ့ဘက် ပြည်နယ်၏ စွမ်းရည် အမြင့်ဆုံးဖြစ်သော ဟွာယွန်ရှုအား စိန်ခေါ်သည်။ သူက တုံးအသည်လား ... တစ်ခုခုလား...။
ကောင်းကင်ရှန့်ထိုက သဘောကျစွာ ကြည့်သည်။ ရှီဟွာတောင်က ပြည်နယ်ကိုးခု ညီလာခံ၌ မြေရိုင်းပြည်နယ်အား မည်သို့ ဆက်ဆံသည်ကို အားလုံးက သိကြ၏။ သည်နှစ်၏ အိမ်ရှင်ဖြစ်သော ရှီဟွာတောင်ကား မြေရိုင်းပြည်နယ်ကို နိမ့်ကျသော နေရာ၌ နေရာ ချထားခဲ့ပေသည်။
ယူချင်းကား ထိုကိစ္စအပေါ်တွင် အလွန်အမင်း မကျေနပ်ဖြစ်ခဲ့၏။ သူက ထိပ်သီး ဆယ်ယောက် စာရင်းသို့ မဝင်မီတွင်ပင် ဟွာယွန်ရှုအား စိန်ခေါ်ခဲ့သည်။ အကယ်၍ ဟွာယွန်ရှုသာ ရှုံးနိမ့်ခဲ့ပါက ရှီဟွာတောင်ကား အလွန်မသက်မသာ ဖြစ်ကြရပေတော့မည်။
ရှီဟွာတောင်မှ လူတိုင်းက ယူချင်းအား ကြည့်ကာ သူ့အား အမှန်ပင် ရူးသွပ်သည်ဟု တွေးနေမိကြ၏။
ဟွာယွန်ရှုက ရှေ့ကို တက်လာကာ ယူချင်းအား မျက်နှာချင်း ဆိုင်သည်။ ယူချင်းက သူ့အား စိန်ခေါ်မည်ဟု မထင်ထားခဲ့ပေ။
မြေရိုင်းပြည်နယ်၏ ထူးဆန်း အံ့ဖွယ်ရာများက သည်တိုက်ပွဲတွင် အဆုံးသတ်ပေမည်။ သည်တိုက်ပွဲမှသည် သူက မြေရိုင်းပြည်နယ်မှ လူတိုင်းအား အနိုင်ယူကာ သူတို့အား နောက်တစ်ဆင့် တက်ခွင့်ကို လွဲချော်စေမည်။
“ပြည်နယ်ကိုးခု ညီလာခံမှာ မြေရိုင်းပြည်နယ်က နည်းလမ်းမျိုးစုံနဲ့ မလေးမစား ဆက်ဆံခံရတယ်… ကျုပ်တို့က တိုက်ခိုက်ပြီးတော့ တခြားပြည်နယ်ရဲ့ စွမ်းရည်တွေကို လေ့လာ သင်ယူခဲ့ကြတယ်… နောက်ဆုံး ကျုပ်က ကံကောင်း ထောက်မစွာနဲ့ ရှီဟွာတောင်ရဲ့ အတော်ဆုံး တပည့်ရှေ့မှာ ရပ်နေနိုင်ပြီ…” ယူချင်းက လေးနက် တည်ကြည်စွာ ပြောသည်။ သူက ထပ်ပြောသည်… “မြေရိုင်းပြည်နယ်ရဲ့ ယူချင်း.. တွေ့ရတာ ဝမ်းသာပါတယ်…”
လူအများအပြားက ယူချင်းကို ကြည့်ကြသည်။ ယူချင်း၏စကားတွင် အမှားအယွင်း မရှိပေ။ သို့သော်လည်း ယူချင်း၏ စကားလုံးထဲမှ ပြင်းထန်စွာ ခံစားချက်များအား သူတို့အားလုံးက ခံစားမိကြရ၏။
မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော်မှ ယူချင်းက ရှီဟွာတောင်၏ စွမ်းရည် အပြည့်ဝဆုံးသော တပည့်ဖြစ်သော ဟွာယွန်ရှုနှင့် နောက်ဆုံးတွင် ရင်ဆိုင်တွေ့ပြီ ဖြစ်သည်။
ဟွာယွန်ရှုက ယူချင်းကို ကြည့်ကာ ပြောသည်… “ရှီဟွာတောင်က ဟွာယွန်ရှု … တွေ့ရတာ ဝမ်းသာပါတယ်…” နှစ်ယောက်လုံးက အချင်းချင်း နှုတ်ဆက် လိုက်ကြသည်တွင် ပြင်းထန်သော တိုက်ပွဲ အငွေ့အသက်များ ထွက်ပေါ်လာသည်။
ဟွာယွန်ရှုလည်း ရှေ့ကို တက်လာသည်တွင် ချက်ချင်း သူတို့အနီး၌ ပြင်းထန်သော လှုပ်ခတ်မှုများ ဖြစ်ပေါ်လာ၏။ ယူချင်း၏ ခန္ဓာကိုယ်၌လည်း သိပ်သည်းသော အငွေ့အသက်များ လွှမ်းခြုံလာကာ သူ့အား ပိုမို၍ ဝင်းလက်စေသည်။
နက်ရွှေရောင် အလင်းများ ယူချင်း၏ ခန္ဓာကိုယ်ကို စီးဆင်းသွား၏။ သူ့ခန္ဓာကိုယ်ကို ဗဟိုပြု၍ စွမ်းအင်မုန်တိုင်းတစ်ခု ဖြစ်တည်လာကာ ပတ်ဝန်းကျင်မှ စွမ်းအင်များအား အရူးအမူး စုပ်ယူဝါးမျိုသည်။
“ဝါးမျိုခြင်း လောကဓာတ်…” ဟွာယွန်ရှုက လက်ဆန့်တန်း လိုက်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော ကျောက်သား မုန်တိုင်းတစ်ခုက လေထဲ၌ ဖြစ်ပေါ်လာသည်။ ကြီးကျယ် ခမ်းနားသော ကျောက်တောင်ကြီးများ ပေါ်လာကာ ယူချင်း၏ ခေါင်းထက်၌ ပေါလောပေါ် နေကြသည်။ ကျောက်တောင် တစ်ခုစီက အလွန်အမင်း လေးလံကြကာ မြေဆွဲအား လောကဓာတ်နှင့် ပေါင်းစပ်ထားကြရာ ကျယ်ပြန့်သော မြေနေရာ ဝန်းကျင်အား ဖိနှိပ် ဖြိုဖျက်နိုင်စွမ်း၏။ ပရိသတ်များပင် စင်မြင့်ထက်မှ ပျံ့လွင့်လာသော ဖိအားများကို ခံစားမိကြသည်။
ယူချင်းက သူ၏တိုက်ခိုက်ရေး ပုံစံကို အသက်သွင်း လိုက်သည်။ ကြောက်မက်ဖွယ် ရွှေရောင် အလင်းများက သူ၏ခန္ဓာကိုယ်ကို လှည့်ပတ်သွားကာ စစ်နတ်ဘုရား အလားသဏ္ဌာန် ရစေသည်။
လေထဲမှ ကျောက်တောင်များက သူ့ထံကို ပြင်းထန်စွာ ကျဆင်းလာကြ၏။ သို့သော် သူ၏ တိုက်ခိုက်ရေး ပုံစံကား ခိုင်ခံ့ မာကျောစွာဖြင့် တောင့်ခံနိုင်ပေသည်။
ဘုန်း … ဘုန်း … ဘုန်း…
တစ်တောင်ပြီး တစ်တောင် သူ့ထံကို လှည့်ပတ်လျက် ကျဆင်းလာသည်တွင် ယူချင်း၏ တိုက်ခိုက်ရေးပုံစံက အက်ကွဲလာ၏။ ထိုအခိုက်တွင် ဟွာယွန်ရှုက သူကိုယ်တောင် ကျောက်တောင်ကြီး တစ်လုံး အသွင်ဖြင့် ယူချင်း၏ ခန္ဓာကိုယ်ပေါ်ကို ဆင်းသက် လာသည်။
***