တစ်ချိန်တုန်းက ဘုရင်ဟောင်း၊ အနာဂတ်ရဲ့ဘုရင်လောင်း
Vol. 10 Ch. 20
ပြိုကျပျက်စီးမှုတွေနဲ့အတူ လိုက်ပါလာတာကတော့ လူသားတွေရဲ့အသက် သေဆုံးခြင်းကပါပဲ။ ပျက်စီးနေတဲ့ တိုက်တာအဆောက်အအုံတွေထဲက ဓာတ်ငွေ့ပိုက်လိုင်းတွေ ပွင့်ထွက်ကုန်ပြီး နယူးယောက်မြို့ကြီးက မီးပင်လယ်ထဲကို စက္ကန့်မခြားဘဲရောက်သွားပါတယ်။ လူသားထောင်သောင်းများစွာဟာ မီးတောက်တွေရဲ့ဝါးမျိုခြင်းကို ခံကြရတယ်။
မီးတောက်တွေရဲ့အလယ်မှာတော့ မီတာငါးဆယ်အထိအရွယ်အစားရှိတဲ့ ပိုးဟပ်ကြီးတစ်ကောင်ရှိနေပြီး ကျောင်းသားတွေကို လက်ကဂလင်းအမြောက်နဲ့ချိန်ထားလိုက်ပါပြီ။
“ငါ့ကိုတော်တော်အနှောင့်အယှက်ပေးတာပဲ၊ ပမွှားလေးတွေ။ သေလိုက်တော့...”
ကျောင်းသားတွေက သူတို့ကိုယ်သူတို့ကာကွယ်ဖို့လုပ်နေကြပေမဲ့ အယ်ဖာအဆင့်တစ်ယောက်ရှေ့မှာတော့ အကူအညီမဲ့နေကြပါတယ်။ ဒါပေမဲ့ ပိုးဟပ်က သူ့ခြေဖနောင့်ကနေ ရုတ်တရက် စူးခနဲနာကျင်မှုကို ခံစားလိုက်ရတဲ့အတွက် ငုံကြည့်လိုက်တော့ လက်ထဲမှာ ဒဏ္ဍာရီလာဓားကိုကိုင်ထားတဲ့ ငွေရောင်ဆံပင်နဲ့မိန်းကလေးကို တွေ့လိုက်ရတယ်။ ဓားကတော့ ပိုးဟပ်ရဲ့ခြေဖနောင့်ထဲကို နစ်ဝင်နေလေရဲ့။
“မင်းပါလား... စိတ်ဓာတ်ပျက်ပြားပြီး မိန်းမငယ်လေးတစ်ယောက်လိုပဲ ဆက်ပြီးငိုယိုနေမယ်လို့ ထင်ထားတာ။”
မက်ဒါနာကလည်း ပိုးဟပ်ကို မော့ကြည့်ပြီးပြောပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဓားကို ပိုနက်နက်ထိုးစိုက်လိုက်တယ်။
“ကာကွယ်ပေးရမယ့်သူတွေက ငါ့ရှေ့မှာလေ။ ကလေးတစ်ယောက်လို ငိုယိုနေလို့ရမလား။”
“မင်းသာ ပိုးကောင်မျိုးနွယ်မှာမွေးဖွားခဲ့မယ်ဆိုရင် ဘုရင်မတစ်ပါးအဖြစ် ငါခစားမိမှာပဲ။ ကံဆိုးတာက မင်းက လူသားမျိုးနွယ်ကပဲ။ ဘေးဖယ်၊ ငါ့ကို မတိုက်ခိုက်နိုင်ရင် လာအာရုံနောက်မနေနဲ့။ သူတို့ကိုသတ်ပြီးမှ မင်းအလှည့်လာမယ်။”
ဆာဂီဖစ်က သူ့ခန္ဓာကိုယ်က ကြွက်သားတွေကို ညှစ်လိုက်တယ်။ ဒဏ္ဍာရီလာဓားလည်း ဖိအားကြောင့်အပြင်ကို ပြန်ကန်ထွက်လာတယ်။ မက်ဒါနာကိုယ်တိုင်လည်း သက်ရောက်အားကြောင့် လွင့်ထွက်သွားပြီး ဖလေရာနဲ့လင်ဒါက သူ့ကိုဖမ်းထားလိုက်ရတယ်။
“မက်ဒါနာ၊ ငါတို့ သူ့ကိုတိုက်တာရပ်ပြီးတော့ ဒီကနေထွက်သွားရအောင်...” သတိပြန်ရလာကာစ ဖလေရာက မက်ဒါနာကိုပြန်ဆုတ်ဖို့အတွက် ပြောလိုက်ပါတယ်။ ဒါပေမဲ့ မက်ဒါနာက ခေါင်းခါပြလိုက်တယ်။
“နင်တို့က ထွက်သွားလို့ရတယ်၊ ငါက ဘယ်နေရာကိုမှ ထွက်သွားလို့မရဘူး။ သူ့ရဲ့နဂိုပစ်မှတ်က ငါပဲ။ နင်တို့က ငါ့ကြောင့် ပစ်မှတ်ဖြစ်သွားတာ။”
နောက်တော့ မက်ဒါနာက ထရပ်လိုက်ပြီးတော့ သူ့ရဲ့နည်းပညာဝတ်စုံကို ချွတ်လိုက်တယ်။ ပင်မစွမ်းအင်ဗဟိုချက် အဖြုတ်ခံလိုက်ရပြီးတဲ့နောက်တော့ ဒီဝတ်စုံက အသုံးမဝင်တော့ပါဘူး။ သူ့ကိုယ်ပေါ်မှာ အိမ်နေရင်းဝတ်စုံပဲကျန်နေရစ်ပြီး ဒဏ်ရာတွေကြောင့် မတ်တပ်တောင်သေချာမရပ်နိုင်တော့တဲ့သူက ဒဏ္ဍာရီလာဓားနဲ့ ပိုးဟပ်ကြီးကို ရွယ်လိုက်တယ်။
“တကယ်လို့၊ ငါက နင့်ရဲ့ပြိုင်ဖက် ဆက်ဖြစ်နိုင်သေးတယ်ဆိုရင် သူတို့ကိုလွှတ်ပေးမလား။”
မက်ဒါနာက မေးလိုက်တော့ ပိုးဟပ်ကြီးကလည်း ငုံကြည့်လိုက်ပြီး “ဒီလိုဆိုရင်တော့ မင်းကိုအရင်သတ်ပြီးမှ သူတို့ကိုလိုက်သတ်မယ်လေ။”
မက်ဒါနာရဲ့မျက်နှာက တည်ကြည်သွားတယ်။ ဖလေရာနဲ့လင်ဒါတို့ကတော့ မျက်နှာမကောင်းကြဘူး။လင်ဒါက မက်ဒါနာရဲ့ပခုံးပေါ်ကို လက်တင်လိုက်ပြီးတော့ မယုံနိုင်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။
“မက်ဒါနာ၊ မဟုတ်မှလွဲရော နင်ဖီးနစ်ကို ထပ်သုံးတော့မလို့မဟုတ်လား။ ဒီတစ်ခါဆိုရင် နင့်အသက်တစ်ခါတည်းပါသွားမှာနော်။”
မက်ဒါနာကတော့ သူ့ပခုံးပေါ်ကိုရောက်နေတဲ့ လင်ဒါရဲ့လက်ကိုပုတ်ချလိုက်တယ်။ ပါးပြင်ပေါ်မျက်ရည်စတွေရှိနေပေမဲ့ တုန်ခါနေတဲ့ သူ့လေသံကိုထိန်းရင်း ပြောလိုက်ပါပြီ။
“ဒီဓားက ငါ့ကိုရွေးလိုက်ကတည်းက ငါ့မှာဝိညာဥ်လေးခုရဲ့စွမ်းအားတွေကိုသုံးပြီး ကမ္ဘာကြီးကိုကာကွယ်ဖို့တာဝန်ရှိသွားပြီ။ အသက်ကို စတေးရမယ်ဆိုရင်တောင်ပေါ့။”
အဲဒီနောက်တော့ မက်ဒါနာက ဓားရဲ့ကျောက်မျက်နီကို ထိလိုက်တယ်။ မီးတောက်စွမ်းအားတွေက သူ့ခန္ဓာကိုယ်ထဲကို တိုက်ရိုက်ဝင်သွားပြီး သွေးကြောတွေထဲမှာ ချော်ရည်တွေနဲ့ပြည့်လာတယ်။ ဆံပင်လည်းအနီရောင်ဖြစ်သွားပြီး အာကိုင်းဂါမီမိန်းမပုံစံလို့ပြောလို့ရလောက်တဲ့အထိ ပုံစံချင်းတူလာပြီ။ နောက်တော့ ဒဏ်ရာတွေအားလုံးပြန်ကောင်းသွားပြီး ကျောမှာဖီးနစ်ရဲ့အတောင်ပွင့်လာတယ်။
“ဝတ်စုံကို ကြားခံအဖြစ်မသုံးဘဲ ခန္ဓာကိုယ်နဲ့ပထမဆုံးအကြိမ် တိုက်ရိုက်သုံးဖူးတာ။ တော်တော်နာတာပဲ။” မက်ဒါနာက ပုံပြောင်းနေတဲ့အချိန်မှာဖြစ်လာတဲ့ နာကျင်မှုကို တောင့်ခံရင်းနဲ့ပြောလိုက်တယ်။ အဲဒီနောက်တော့ ဓားကိုသူ့မျက်နှာရှေ့မှာ ကန့်လန့်ဖြတ်ထောင်လိုက်ပြီး
“ငါက ဒီကမ္ဘာရဲ့သူရဲကောင်းဖြစ်ခဲ့ပြီးပြီ၊ အနာဂတ်မှာလည်း သူရဲကောင်းအဖြစ် ပြန်လာနိုင်လိမ့်မယ်။”
မက်ဒါနာက သူ့ခေါင်းထဲမှာပေါ်လာတဲ့ စကားတစ်ခွန်းကို ပြောလိုက်တယ်။ ဖလေရာက အဲဒီစကားကိုကြားတာနဲ့ မျက်လုံးပြူးသွားပြီး တစ်ကိုယ်လုံးစတင်တုန်ခါလာတယ်။ နောက်တော့ မျက်ရည်တွေစီးကျလာတာတယ်။
“ဘာကြောင့်လဲ၊ ပြောစရာစကားတွေအများကြီးရှိရဲ့နဲ့မှ သေအံ့ဆဲဆဲဘုရင်အာသာရဲ့စကားကို ပုံတူကူးပြောရတာလဲ။”
မက်ဒါနာက သူ့ခန္ဓာကိုယ်ထဲမှာ စွမ်းအားတွေတိုးပွားလာတာကို ခံစားမိတယ်။ ဒါပေမဲ့ တစ်ပြိုင်နက်တည်းဆိုသလိုပဲ ပင်ပန်းနွမ်းနယ်မှုကို ခံစားလာရတယ်။ ပြီးတော့ သူ့ခေါင်းထဲမှာ ထူးဆန်းတဲ့လူတချို့ရဲ့စကားသံတွေကို စကြားလာရပါတယ်။
[ဒီကောင်မလေးက သူ့ကတိကိုသူ ချိုးဖျက်လိုက်ပြီပဲ။ ဒါပေမဲ့ ငါသူ့ကို သဘောကျတယ်။ သူက ငါ့တုန်းကလိုပဲ ချစ်ရတဲ့သူတွေ ကာကွယ်ပေးနိုင်ဖို့အတွက် ကြိုးစားနေတာ။ ဒီတော့ နဂါးတစ်ကောင်ရဲ့ခွန်အားကို သုံးခွင့်ပေးလိုက်မယ်။ ဒါပေါ့... ပွဲပြီးလို့မှ မသေသေးရင် စစ်ဆေးမှုဖြေရမယ်နော်။]
အဲဒီနောက်တော့ မက်ဒါနာရဲ့ခန္ဓာကိုယ်မှာ ကျစ်လစ်ပြီးကြည့်ကောင်းတဲ့ ကြွက်သားတွေပေါ်လာတယ်။ လီဆာလိုပဲ နဂါးကြေးခွံတွေနဲ့နဂါးအမြီးလည်းပေါက်လာတယ်။
[ပြောခါမှ နဂါးပြာ၊ ရှင်က ဟိုအနီရောင်အရူးမတိုင်ခင်က ငါ့ရဲ့ဝိညာဥ်သယ်ဆောင်သူကို ကယ်ပေးဖို့ကြိုးစားခဲ့သေးတာပဲ။ ရှင်ပါပြီဆိုတော့ သူ့ကိုသွေးတစ်စက်ကျန်ရင်တောင် ငါးခါပြန်ကောင်းနိုင်တဲ့စွမ်းအားကို ပေးသုံးလိုက်မယ်။] အဖွားကြီးတစ်ယောက်ရဲ့အသံကိုလည်း မက်ဒါနာက နောက်ဆက်တွဲအနေနဲ့ စကြားရပါတယ်။
နောက်တော့ မက်ဒါနာရဲ့နဖူးပေါ်မှာ ဖီးနစ်တစ်ကောင်ရဲ့အမှတ်အသားပေါ်လာတယ်။ ပြီးတဲ့နောက်တော့ နောက်ဆုံးသားရဲဝိညာဥ်ရဲ့အသံကိုစကြားရတယ်။
[ဟိုအဖိုးကြီးနဲ့အဖွားကြီးတွေ၊ သားရဲတွေပူးပေါင်းပြီး စွမ်းအားသုံးခွင့်ပေးတယ်ဆိုတာ လေးယောက်စုံလို့ လောကဧကရာဇ်ဖြစ်မှပေးရတဲ့ အခွင့်အရေးမျိုးနော်။ ငါတို့သုံးယောက်တည်းဖြစ်ပါ့မလား။]
[ကျားဖြူ၊ အခုက အရေးပေါ်အခြေအနေနော်။ နှစ်မဲတစ်မဲဆိုတော့ ငါတို့ဆန္ဒကိုလိုက်နာပြီး သူ့ကိုမင်းစွမ်းအားတွေပေးလိုက်။]
[ကောင်းပြီလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်မလေးမှာ လိပ်နက်မရှိတော့ လိပ်နက်ရဲ့ခုခံခြင်းနဲ့ ငါတို့ပေးတဲ့စွမ်းအားတွေရဲ့တန်ပြန်အားကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ သူသေသွားပြီးရင် နောက်သခင်က သူ့ထက်ပိုတော်ပါစေဆုတောင်းကြ။ အခုကတော့ ငါ့ရဲ့လျင်မြန်ခြင်းကို သူ့ကိုပေးသုံးလိုက်ပြီ။]
နောက်ဆုံးစက္ကန့်မှာပဲ မက်ဒါနာရဲ့သွားတွေရှည်ထွက်လာပြီး မျက်ဆန်က ဒေါင်လိုက်ဖြစ်သွားတယ်။ အဲဒီနောက်တော့ အကြီးအကျယ်မာန်ဖီလိုက်ပြီး နေရာကနေ ချက်ချင်းပျောက်သွားတယ်။
ရွှမ်း....
မျက်စိတစ်မှိတ်အတွင်းမှာပဲ မက်ဒါနာက ကျားဖြူရဲ့နောက်မှာပေါ်လာပြီး လေထုပေါက်ကွဲမှုကြီးတစ်ခုကြောင့် အနီးအနားကမီးတောက်တွေ ချက်ချင်းငြိမ်းသွားတယ်။ ကျောင်းသားတချို့နားတွေကနေ သွေးတွေစီးကျလာတယ်။ လင်ဒါက ဝတ်စုံစနစ်နဲ့စစ်ဆေးလိုက်ပြီး
“အသံမြန်နှုန်းရဲ့ရှစ်ဆပဲ။ ဒါက တိုက်ပွဲစရုံပဲရှိသေးတယ်။ ကျောင်းသားတွေကို ဒီကနေခေါ်ထုတ်ကြစို့။ မဟုတ်ရင် အကုန်သေကုန်လိမ့်မယ်။” လင်ဒါက ပြောလိုက်ပြီးနောက်မှာတော့ ပေါ်တယ်တစ်ခုနောက်မှာပေါ်လာတယ်။
မက်ဒါနာကတော့ ဓားကိုင်ထားတဲ့ သူ့လက်မောင်းတွေကို ကြည့်လိုက်တယ်။ တစ်ကိုယ်လုံးနာကျင်ပြီး အသိစိတ်မဲ့တော့မလိုခံစားနေရပေမဲ့ ရှုံးရင်ချစ်ရသူအားလုံး သေရလိမ့်မယ်ဆိုတဲ့စိတ်က သူ့ကိုမောင်းနှင်နေတယ်။
“ငါ့တံတောင်ဆစ်နှစ်ဖက်လုံး လိမ်ကောက်ကုန်ပြီ။ သုံးတဲ့ခွန်အားနဲ့မြန်နှုန်းက တအားမြင့်လွန်းနေတာပဲ။ ဝတ်စုံမပါတော့ ပိုဆိုးတယ်။”
မက်ဒါနာက ဒီလိုတွေးလိုက်တယ်ရှိသေး၊ ပိုးဟပ်ရဲ့ဂလင်းအမြောက်ပါတဲ့လက်ကြီးက တအိအိပြိုကျလာပြီး မြေပေါ်ကို အတိအတိုင်းကျလာတယ်။
“မဖြစ်နိုင်တာ... တုံ့ပြန်ချိန်တောင်မရလိုက်ဘူး။” ပိုးဟပ်က အခြေအနေမဟန်မှန်းသတိထားမိပြီး သူ့ကိုယ်သူ လူတစ်ရပ်စာအထိပြန်သေးလိုက်တယ်။ ကိုယ်ကိုသေးလိုက်တာနဲ့ သူ့အမြန်နှုန်းကလည်း မြင့်တက်သွားပြီး မက်ဒါနာကို တန်းတူလိုက်တိုက်နိုင်တယ်။ ဒါပေမဲ့ သူ့လက်မောင်း ပြန်ကောင်းခါနီးမှာပဲ မက်ဒါနာရဲ့မြန်နှုန်းက ထက်မြင့်သွားပြန်ပြီး သူ့ဘေးနားမှာပေါ်လာတယ်။
“ဒီတစ်ခါတော့ ပခုံးကနေဖြတ်မယ်။” မက်ဒါနာက အဲဒီအတွေးနဲ့အတူ ဖီးနစ်ရဲ့မီးတွေတောက်လောင်နေတဲ့ ဒဏ္ဍာရီလာဓားနဲ့ပိုးဟပ်ရဲ့ပခုံးကို ပိုင်းချလိုက်တယ်။ ပိုးဟပ်က နာကျင်စွာအော်ဟစ်လိုက်ပြီး မြေပေါ်ကို ဆင်းလိုက်သလို မက်ဒါနာကလည်း ကြမ်းပြင်ပေါ်ကို ပြန်ဆင်းကာ သွေးတွေကိုအန်ထုတ်လိုက်တယ်။
“ဒီအမြန်နှုန်းကိုတောင် ရှင်က လိုက်မီသေးတာပဲ။” မက်ဒါနာက သွေးတွေစိုရွဲနေတဲ့ သူ့ဝမ်းဗိုက်ကိုကြည့်လိုက်တယ်။ အဲဒီမှာ လက်သည်းကုပ်ရာကြီးထင်းလို့။
“မင်းက ဝတ်စုံမပါပဲ အဲဒီဓားကို သုံးနိုင်မယ်ထင်မထားဘူး။” ပိုးဟပ်က စကားစလိုက်ပြီး ပြန်ခုန်ဝင်လာတယ်။ အမြန်နှုန်းဆယ့်နှစ်ဆဖြစ်ပြီး မက်ဒါနာကလည်း အလားတူမြန်နှုန်းနဲ့ပြန်ခံတ်ိုက်တယ်။ ခဏနေတော့ မက်ဒါနာက ပိုမြန်လာပြီး ပိုးဟပ်က မခံနိုင်တဲ့အတွက်ပြန်ဆုတ်လာတယ်။ လည်ပင်းမှာတော့ ဓားရာတစ်ခုရှိနေပြီး ပြန်ကျက်မလာတော့ပါဘူး။ ပြောရရင် ဖီးနစ်မီးနဲ့ပြည့်နေတဲ့ ဓားနဲ့အခုတ်ခံရတဲ့နေရာတိုင်းက အနာပြန်ကျက်တာကြာနေတယ်။
“ဒဏ္ဍာရီလာဓားက ငါ့ကိုရွေးချယ်ခဲ့တာ။ ငါ့ဝတ်စုံကိုမဟုတ်ဘူး။ ဒဏ္ဍာရီလာဓားသက်သက်နဲ့ဟီးရိုးလုပ်ရင်ရပေမဲ့ အမြဲတမ်းဓားရဲ့စွမ်းအားကို အားကိုးနေရမှာလေ။”
မက်ဒါနာက ကိုယ်ဟန်ကိုပြင်လိုက်ရင်း တည့်ပြေးပြီးတိုက်တယ်။ သူခြေချတဲ့နေရာတိုင်းက မြေပြင်တွေ ပေါက်ကွဲပျက်စီးသွားပြီး အမြန်နှုန်းကလည်း အသံမြန်နှုန်းရဲ့အဆနှစ်ဆယ်အထိဖြစ်နေပြီး ပိုးဟပ်က သူ့ကိုယ်သူနှေးတယ်လို့ စခံစားလာရတယ်။
ဘုန်း....
ပိုးဟပ်ခန္ဓာကိုယ်က ခါးကနေထပ်ပိုင်းပြတ်သွားပြီး အဝေးကိုလွှင့်ပစ်ခံရတယ်။ စက္ကန့်မခြားပြန်ဆက်ပေမဲ့ သေချာပြန်မဆက်ဘဲ ပြန်ကွဲတော့မလိုဖြစ်နေတာကြောင့် ပိုးဟပ်ကြောင်သွားတယ်။ မက်ဒါနာကတော့ပြုံးလိုက်ပြီး တိုက်ခိုက်နေတာကို ရပ်လိုက်ပါတယ်။
“မီးအပူက ဆဲလ်နံရံတွေကို ပိတ်နိုင်စွမ်းရှိတယ်။ လူသားတွေက ခွဲစိတ်မှုလုပ်တဲ့အခါမှာ သွေးကြောကို အပူနဲ့ကပ်ပြီးပိတ်တဲ့နည်းကို သုံးနေတာကြာပြီ။ ကြည့်ရတာ အလွန်အမင်းဗီဇပြောင်းလဲခံထားရတဲ့ အင်းဆက်တွေအပေါ်မှာလည်းအလုပ်ဖြစ်တဲ့ပုံပဲ။ ဆဲလ်နံရံတွေပြန်စေ့သွားရင် ကိုယ်ခံအားစနစ်က ဒဏ်ရာပြန်ကောင်းသွားပြီလို့မြင်ပြီး ရှင့်အနေနဲ့ကိုယ်အင်္ဂါအသစ်တွေကို ပြန်မဖန်တီးနိုင်တော့ဘူးလေ။”
မက်ဒါနာက ပြောလိုက်တော့ ပိုးဟပ်ကလည်း ဒေါသတကြီးနဲ့သူ့ခါးက မီးလောင်ဒဏ်ရာတွေကို ဆွဲခွာလိုက်တယ်။ ဒီတော့မှာ ခန္ဓာကိုယ်နှစ်ပိုင်းက သေချာပြန်ဆက်သွားတယ်။ သူက မက်ဒါနာကို တည်ကြည်စွာကြည့်လိုက်ပြီး
“ကြည့်ရတာ မင်းဒဏ်ရာတွေလည်း ပြန်ကျက်သွားတဲ့ပုံပဲ။ ငါ့လက်သည်းကုပ်ချက်က မင်းရဲ့ကိုယ်တွင်းအင်္ဂါတိုင်းကို ဖျက်ဆီးခဲ့တာတောင်မှပေါ့။”
မက်ဒါနာကတော့ ပြုံးရုံသာဆက်ပြုံးနေပြီး ဓားရဲ့ပြောင်လက်နေတဲ့ မျက်နှာပြင်မှာ ပုံရိပ်ထင်နေတဲ့ နဖူးပေါ်က ဖီးနစ်ပုံရိပ်ကိုကြည့်လိုက်တယ်။ ပုံရိပ်က ငါးပုံတစ်ပုံပျောက်သွားပြီ။
“အေး၊ ဖီးနစ်တစ်ကောင်ကို လွယ်လွယ်နဲ့သတ်လို့မရဘူးလေ။” မက်ဒါနာက စကားပြောနေတာကိုရပ်လိုက်ပြီး လက်ဖဝါးကိုရှေ့ဆန့်လိုက်တယ်။ ပြီးတဲ့နောက် သူ့ခန္ဓာကိုယ်က လျှပ်စီးတန်းတစ်ခုလိုပြောင်းသွားပြီး ပိုးဟပ်ရှေ့ပေါ်လာတယ်။
“မြန်နှုန်းအဆသုံးဆယ်။” မက်ဒါနာက ပိုးဟပ်ရဲ့လည်ကို ဖမ်းဆွဲတယ်။ ပိုးဟပ်က တူညီတဲ့မြန်နှုန်းနဲ့ရှောင်ထွက်ဖို့လုပ်ပေမဲ့ မက်ဒါနာက သူ့လည်ပင်းအစား ရင်ဘတ်ကိုရိုက်နိုင်သွားပြီး မိုးကောင်းကင်ပေါ်ကို တွန်းထုတ်လိုက်နိုင်တယ်။ နောက်မှာတော့ မက်ဒါနာက ဒုံးကျည်တစ်လုံးလိုမျိုး ကပ်ပါလာတယ်။ လေထုဖိအားကြောင့် သူ့ခန္ဓာကိုယ်ကကြေမွသွားပေမဲ့ ဖီးနစ်ပုံစံက ထပ်မှိန်သွားပြီး ခန္ဓာကိုယ်က ပြန်ကောင်းလာတယ်။
တဖြည်းဖြည်းနဲ့သူတို့က လေထုအလွှာများစွာကို ဖြတ်ကျော်လာပြီး မိုးကောင်းကင်ပြီးမှောင်မိုက်လာကာ သာမန်လူတွေ အသက်ရှုလို့မရတော့တဲ့အမြင့်ကိုရောက်မှ မက်ဒါနာက ရပ်လိုက်ပြီး ဓားကိုဆွဲကိုင်လိုက်တယ်။
“ဒီနေရာရဲ့အထက်မှာ အာကာသစခန်းနဲ့ဂြိုဟ်တုတွေပဲရှိတော့တယ်။ ဒီမှာဆိုရင် ငါတို့မှာရှိသမျှအကုန်ထုတ်လို့ရပြီ။”
အရေးမသာဖြစ်နေတဲ့ ပိုးဟပ်က အရင်ဆုံးစတိုက်တယ်။ သူ့အမြန်နှုန်းက မက်ဒါနာလေထုအလွှာတွေကို ဖောက်ထွက်ဖို့သုံးတဲ့နှုန်းထက် ပိုမြန်တယ်။ ဒါပေမဲ့မက်ဒါနာက သူ့တိုက်ကွက်တွေကို အေးဆေးစွာရှောင်လိုက်ပြီး ပိုမြန်တဲ့နှုန်းနဲ့ပြန်တိုက်စစ်ဆင်တယ်။
“သုံးဆယ့်ငါးဆ... လေးဆယ်... လေးဆယ့်ငါး..... ခြောက်ဆယ့်လေးဆ...” နောက်တစ်ခါ ခန္ဓာကိုယ်က စွမ်းအားဒဏ်ကိုမခံနိုင်တော့ဘဲ ကျိုးကြေသွားပေမဲ့ တတိယအကြိမ်မြောက် ပြန်ဖွဲ့စည်းပြီး ဆက်တိုက်ပွဲဝင်တယ်။
အခုဆိုရင် သူတို့က မြန်လွန်းလို့ သာမန်လူတွေအဖို့ အလင်းတန်းလေးတွေအဖြစ်ပဲ မြင်နေရပါတော့တယ်။ ကမ္ဘာပေါ်က လူသားတွေအဖို့ အနောက်ဘက်ကောင်းကင်ကြီးကို ကြည့်မိမယ်ဆိုရင် အလင်းတန်းနှစ်ခုက ကောင်းကင်ပေါ်မှာ ချာချာအကကနေသလိုမျိုး လှည့်ပတ်နေတာကိုသာ တွေ့မြင်နိုင်တော့မှာဖြစ်ပါတယ်။ တစ်ခါတော့ ဆာဂီဖစ်က သူ့မျက်နှာကိုလက်နဲ့ဖမ်းဆုပ်နိုင်ပြီး သူ့ကိုသတ်လိုက်နိုင်တယ်။
ဂျွတ်... ဒီအချိန်အတွင်းမှာ လေးကြိမ်မြောက်ထပ်သေသွားပြန်ပေမဲ့ သွေးတစ်စက်ကနေ ပြန်ရှင်လာပြန်တယ်။
“တစ်ရာနှစ်ဆယ့်ရှစ်ဆ...” မက်ဒါနာက စိတ်ထဲမှာ ရေတွက်နေတာကို ရပ်တန့်လိုက်တယ်။ တကယ်တော့ အခုလိုမြန်နှုန်းမျိုးမှာ သူ့တို့ကိုယ်သူတို့ ဘယ်လိုတိုက်ခိုက်နေမှန်းတောင် သတိမထားမိနိုင်တော့ဘူး။ အမြန်နှုန်းက လူသားတွေရဲ့စိတ်နဲ့မှန်ဆနိုင်တာထက် ကျော်လွန်သွားပြီး နှစ်ယောက်လုံးက တိုက်ကွက်တွေကို စဥ်းစားနေတာထက် တစ်ယောက်ကိုတစ်ယောက် ထိပ်တိုက်တွေ့နိုင်ဖို့သာ ကြိုးစားနေကြတော့တာ။
ဒါပေမဲ့ မက်ဒါနာက ရေတွက်နေတာကို ရပ်လိုက်တဲ့အချိန်မှာပဲ ကမ္ဘာကြီးတစ်ခုလုံးက သူတို့နှစ်ယောက်အတွက် ရပ်တန့်နေရာကနေ တဖြည်းဖြည်းချင်းစီ ပြန်လည်ပတ်လာတယ်။ တစ်ပြိုင်နက်တည်းမှာပဲ မက်ဒါနာက ပြာမှုန်တွေအဖြစ် တစ်စစီကွဲထွက်သွားတဲ့ ပိုးဟပ်ကို မြင်လိုက်ရပါတော့တယ်။
“သူသေသွားပြီလား... ဒါပေမဲ့... ဒီလိုဆိုရင် သူ့ကိုနတ်ဘုရားတစ်ပါးလောက်နီးပါး အစွမ်းထက်မှသတ်နိုင်တယ်လို့ ဆိုလိုတာလား....”
မက်ဒါနာက တွေးလိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဓားဆီကနေ အသံတစ်သံကို ကြားလိုက်ရပါတယ်။ နဂါးပြာရဲ့အသံပါ။
[ဟုတ်တယ်၊ မင်းက အိုမီဂါတစ်ပိုင်းအဆင့်စွမ်းအားကို ထုတ်သုံးခဲ့ရတာ။ မင်းက နတ်ဘုရားစွမ်းအားကို လူသားခန္ဓာကိုယ်နဲ့ထုတ်သုံးခဲ့တာ။ နှုတ်ဆက်ပါတယ်... သတ္တိရှိတဲ့မိန်းကလေး....]
ဟုတ်ပါတယ်၊ အဲဒီဓားချက်အပြီးမှာ နောက်ဆုံးအကြိမ်အဖြစ် ခန္ဓာကိုယ်က ပျက်စီးသွားခဲ့ပြီ။ ပြန်လည်းဖွဲ့စည်းလာခဲ့ပေမဲ့ နဖူးက ဖီးနစ်ပုံမရှိတော့ဘူး။ခွန်အားကုန်ဆုံးသွားတဲ့ မက်ဒါနာရဲ့မျက်လုံးက မှေးဆင်းလာတယ်။ သူမြင်နေရတဲ့မြင်ကွင်းက တကယ့်ကိုမယုံနိုင်စရာကောင်းတယ်။ ကမ္ဘာကြီးတစ်ခြမ်းလုံးမှာ တိမ်တွေကင်းစင်နေပြီး အဲဒါက သူတို့နှစ်ယောက်ရဲ့တိုက်ပွဲဖြစ်ခဲ့တဲ့လေထုအပိုင်းမှာပါ။ ကမ္ဘာကြီးရဲ့မျက်နှာပြင်ပေါ်မှာ နက်ရှိုင်းတဲ့ ခုတ်ခြစ်ရာတွေရှိနေခဲ့ပြီး အဲဒါတွေက သူ့ရဲ့ဓားနဲ့ဆာဂီဖစ်ရဲ့လက်သည်းတွေရဲ့အရာပါ။ တချို့နေရာတွေမှာတော့ ပင်လယ်ပြင်တွေက လှိုင်းထန်နေပြီး သူတို့ကြောင့် ဟာရီကိန်းမုန်တိုင်းကြီးတစ်ခုပျက်ပြယ်သွားတာကိုလည်း မြင်လိုက်ရတယ်။
“ဒါက နတ်ဘုရားတစ်ပါးရဲ့စွမ်းအားလား.....”
နောက်တော့ သူ့ခန္ဓာကိုယ်က ကမ္ဘာမြေပေါ်ကို ပြန်ပြုတ်ကျနေပြီဆိုတာ သတိထားမိတယ်။ သားရဲသုံးကောင်ရဲ့စွမ်းအားတွေလည်း ရှိမနေတော့ပါဘူး။ ဒီအတိုင်းဆိုရင် သူက ဥက္ကာခဲတစ်ခုလိုပဲ ကမ္ဘာ့လေထုရဲ့ပွတ်တိုက်မှုကြောင့် သေဆုံးသွားတော့မှာ။ ဒါပေမဲ့သူ အဲဒီလိုတွေးနေတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့ကိုပွေ့ချီလိုက်တာကို သတိထားမိလိုက်တယ်။ နောကိဆုံးသတိထားမိလိုက်တာကတော့ မိန်းမငယ်လေးတစ်ယောက်ရဲ့စကားသံပါ။
“ဒီအရူးမကတော့လေ...”
...
ယင်ကောင်နဲ့တိုက်နေတဲ့ လိပ်နက်က ကောင်းကင်ပေါ်ကို ကြည့်လိုက်တယ်။ သူ့ဘေးမှာတော့ ခုထိအရှိန်မသေသေးတဲ့ လေဝဲတစ်ခုရှိနေပါတယ်။ အခုဆိုရင် မိုးကောင်းကင်ကြီးတစ်ခုလုံးက တိမ်လေကင်းစင်နေပြီး ပုံမှန်အတိုင်းအပြာရောင်မဖြစ်တော့ဘဲ အာကာသရဲ့အရောင်ဖြစ်တဲ့ အနက်ရောင်ကို နေ့ခင်းဘက်ကြီးမှာမြင်နေရတယ်။ အားလုံးက အစောပိုင်းမှာဖြစ်ခဲ့တဲ့ အလင်းတန်းနှစ်ခုရဲ့တိုက်ပွဲကျေးဇူးပါပဲ။
“ဟိုကောင်မလေးက ငါတို့ကို စစ်ပွဲမှာထားခဲ့ပြီး ဘယ်ထွက်သွားတာလဲ။”
လိပ်နက်က မိုးပေါ်ထောင်တက်နေပြီး အနီရောင်အလင်းတန်းနဲ့ဆုံတွေ့ဖို့ကြိုးစားနေတဲ့ အစိမ်းရောင်အလင်းတန်းကိုကြည့်ရင်း ခေါင်းခါလိုက်ပါတယ်။
...
အိုလီက သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေကို ပြန်ငုံကြည့်ရင်း ဖရာလီတာအနားကနေပြီး တတ်နိုင်သမျှဝေးအောင်နေတယ်။ ပြီးတော့ ပါးစပ်ကနေ ညည်းညူနေလိုက်သေးတယ်။
“ဒီအရူးမသာ အလင်းတန်းတွေကြောင့် တိုက်တာမရပ်ခဲ့ရင် ငါသေလောက်တယ်။”
ဖရာလီတာရဲ့ဝါးဖရိန်ကြီးကတော့ မိုးကောင်းကင်ကိုမော့ကြည့်နေပါတယ်။ အထဲမှာရှိနေတဲ့ ဖရာလီတာကတော့ အဆင်ပြေနေတဲ့ပုံမပေါ်ဘူး။ မျက်ရည်တွေက ပါးပြင်ပေါ်ကို တလိမ့်လိမ့်စီးကျနေပြီး...
“လူလိမ်မ...”လို့ တီးတိုးပြောလိုက်တယ်။
...
“ဆာဂီဖစ်ရဲ့တည်ရှိမှုကို အာရုံခံလို့မရတော့ဘူး။ စစ်ဆင်ရေးကိုဖျက်သိမ်းမယ်။ ပိုးကောင်တပ်ဖွဲ့အားလုံးပြန်ဆုတ်။”
ဥစာကီက အမိန့်ပေးလိုက်တာကြောင့် ပိုးဖလံက သေဘေးကနေလွတ်လာတယ်။ အေမီက သူ့ကို တံစဥ်နဲ့ခေါင်းဖြတ်နိုင်ဖို့ သာသာလေးပဲလိုတော့တဲ့အချိန် အလင်းတန်းကိစ္စပေါ်လာတာလေ။
“ရှင်တို့က မမလေးကိုထိခိုက်အောင်လုပ်ပြီး သွားတော့မှာလား။” အေမီက ဥစာကီကို မျက်နှာသေနဲ့မေးလိုက်တယ်။
“အစကတည်းက ဒီစစ်ဆင်ရေးရဲ့ရည်မှန်းချက်က ဒါပါပဲ။ ပြီးတော့ နောက်ဆုံးကျန်တဲ့ ပိုးကောင်ဗိုလ်ချုပ်တွေက နန်းတော်ကိုရောက်နေပြီ။ ဒါပေမဲ့ မက်ဒါနာသာ ဒါပြီးလို့ အသက်ရှိနေသေးတယ်ဆိုရင် ကျွန်မက စာချုပ်ကို ဆက်စောင့်ထိန်းပေးနေဖို့အသင့်ပါ။”
“မမလေးမရှိတော့ရင် ရှင်က လာတိုက်မယ်ပေါ့။” အေမီက မေးတော့ ဥစာကီက အတည်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ပါတယ်။